ဝါးခယ်မမြို့နယ်တွင် ပယောဂကုရာမှ အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသေဆုံး

ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ်ရှိ ပိုက်တန်းကျေးရွာအုပ်စု ငါးမြင်းချောင်းကျေးရွာတွင် ဇူလိုင်  ၉ ရက် ညနေ ၄ နာရီခန့်တွင် ပယောဂကုသရာမှ အသက် ၂၄ နှစ်အရွယ်ရှိ ကိုဝေမင်းဦး (ခ) ဟာဆင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သေဆုံးသူ ကိုဝေမင်းဦး (ခ) ဟာဆင်မှာ လွန်ခဲ့သော ၁၀ နှစ်ခန့်မှ စတင်ကာ နေ့နှင့် ညအိပ်ချိန်များတွင် ယောင်၍ အော်ဟစ်ရုန်းကန်တတ်သည့်ရောဂါ စတင်ဖြစ်ပွားခဲ့ရာ ဆေးမြီးတိုများဖြင့် ကုသခဲ့သော်လည်း  မသက်သာခဲ့ကြောင်း၊ တစ်ရွာတည်းနေ ဦးဝင်းရွှေ၏ ဆက်သွယ်ပေးမှုဖြင့် လပွတ္တာမြို့နယ်မှ ပယောဂကုဆရာ အောင်အောင်ထွန်း (ခ) အီဗရာဟင် (၃၀ နှစ်) ဆိုသူမှ လာရောက်ကုသခဲ့ရာ သေဆုံးသူနေအိမ်တွင် သေဆုံးသူအား သုံးရက်ခန့် လက်၊ ဖိနပ် စသည်တို့ဖြင့် ရိုက်ပုတ်ကုသခဲ့ကြောင်း၊ ထို့နောက် ဆက်သွယ်ပေးသူ ဦးဝင်းရွှေ နေအိမ်သို့ ပြောင်းရွှေ့ခေါ်ဆောင်သွားကာ ရှစ်ရက်ခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ ၀ဲဘက်ရင်အုံ၊ နဖူး၊ လည်ပင်း၊ ယာပါး၊ ယာနားထင်၊ ယာဘက်နံဘေး၊ ရင်ညွန့်အောက်၊ ယာပခုံးတို့တွင် အရေပြား စုတ်ပြဲဒဏ်ရာနှင့် ယာလက်ပြင်တို့တွင် ညိုမည်းဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါအမှုတွင် တရားခံအောင်အောင်ထွန်း (ခ) အီဗရာဟင် (၃၀ နှစ်) အား ကျုံမငေးနယ်မြေရဲစခန်းတွင် အမှုအမှတ် ၂၅၉/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၃ ဖြင့် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။