ပို့ဆောင်ရေး ၀န်ကြီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရငွေကျပ်၂၀၁၂ ဘီလျံကျော်ရရှိရန် လျာထားပြီး သုံးငွေကျပ် ၁၇၂၅ ဘီလျံကျော် လျာထားသည့်အတွက် ပိုငွေကျပ် ၂၈၆ ဘီလျံကျော် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့တင်ပြ

ဇူလိုင် ၂၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

ပို့ဆောင်ရေးဝန်ကြီးဌာန အနေဖြင့် ရငွေကျပ် ၂၀၁၂ ဒသမ ၂၀၄ ဘီလျံ ရရှိရန် လျာထားပြီး သုံးငွေကျပ် ၁၇၂၅ ဒသမ ၅၅၉ ဘီလျံ လျာထားသည့်အတွက် အသားတင်ပိုငွေ ကျပ် ၂၈၆ ဒသမ ၆၄၅ ဘီလျံ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။

၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်းပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနတစ်ခုလုံး အနေဖြင့် ရငွေကျပ် ၂၀၁၂ ဒသမ ၂၀၄ ဘီလျံ ရရှိရန် လျာထားပြီး သုံး ငွေကျပ် ၁၇၂၅ ဒသမ ၅၅၉ ဘီလျံ လျာထားသည့်အတွက် အသားတင်ပိုငွေ ကျပ် ၂၈၆ ဒသမ ၆၄၅ ဘီလျံဖြစ်သည်ကို အဆင့်ဆင့်စိစစ်ပြီး ဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်က ဆွေးနွေးအတည်ပြုပေးနိုင်ရန် တင်ပြခြင်းဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန အနေဖြင့် လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများကိုသာ ဦးစားပေး လျာထားကြောင်း၊ ရငွေများကိုလည်း ရနိုင်သမျှ အစွမ်းကုန် ကြိုးစားရှာဖွေမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနရှိ ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ အနေဖြင့် ရငွေအပိုင်းတွင် သာမန်ရငွေ ကျပ် ၉၈၀ ဒသမ ၇၅၂ ဘီလျံ၊ ပြည်ပအကူအညီရငွေ ၆၅ ဒသမ ၁၂၅ ဘီလျံ၊ ပြည်ပချေးယူရငွေ ကျပ် ၅၇၆ ဒသမ ၃၃၂ ဘီလျံ၊ စုစုပေါင်း ကျပ် ၁၆၂၂ ဒသမ ၂၀၉ ဘီလျံ လျာထားကြောင်း၊ သုံးငွေအပိုင်းတွင် သာမန်သုံးငွေ ကျပ် ၃၁၀ ဒသမ ၈၄၈ ဘီလျံ၊ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၉၈၄ ဒသမ ၁၄၄ ဘီလျံ၊ ကြွေးမြီသုံးငွေ ကျပ် ၃၈ ဒသမ ၆၂၂ ဘီလျံ၊ စုစုပေါင်း ကျပ် ၁၃၃၃ ဒသမ ၆၁၄ ဘီလျံ လျာထားသည့်အတွက် အသားတင်ပိုငွေ ကျပ် ၂၈၈ ဒသမ ၅၉၅ ဘီလျံဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့သည်။

ထို့အပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်နေသည့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ အနေဖြင့် ရငွေပိုင်းတွင် သာမန်ရငွေကျပ် ၂၅၄ ဒသမ ၇၄၁ ဘီလျံ၊ ပြည်ပချေးယူရငွေ ကျပ် ၁၃၅ ဒသမ ၂၅၄ ဘီလျံ၊ စုစုပေါင်း ကျပ် ၃၈၅ ဒသမ ၉၉၅ ဘီလျံ လျာထားကြောင်း၊ သုံး ငွေပိုင်းတွင် သာမန်သုံးငွေ ကျပ် ၂၀၇ ဒသမ ၄၉၇ ဘီလျံ၊ ငွေလုံးငွေရင်း သုံးငွေမှာ ကျပ် ၁၇၁ ဒသမ ၉၈၀ ဘီလျံ၊ေ<ကးမြီသုံးငွေ ကျပ် ၁၂ ဒသမ ၄၆၈ ဘီလျံ၊ စုစုပေါင်း ကျပ် ၃၉၁ ဒသမ ၉၄၅ ဘီလျံ လျာထားသည့်အတွက် အသားတင်လိုငွေ ကျပ် ၁ ဒသမ ၉၅၀ ဘီလျံ ဖြစ်ကြောင်း၊ သာမန်ရငွေတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ အခွန်အကောက်ရငွေ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လေယာဉ်ဖြတ်ကျော် ဖြတ်သန်းခရငွေ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဆက်သွယ်ရေး ၀န်ဆောင်ခရငွေနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆိပ်ကမ်းအခွန်အခ ရငွေတို့သည် အဓိက ရငွေများဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ငွေလုံးငွေရင်း ရငွေများတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းနှင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ ၀မ်ပုံဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်းအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်း၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် လေဆိပ်များတွင် အဆင့်မြင့် ရေဒါစနစ်များ တပ်ဆင်ခြင်း လုပ်ငန်းအတွက် အတိုင်ပင်ခံ ငှားရမ်းခ ပေးချေခြင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေယာဉ်အသစ်များ တည်ဆောက်ခြင်းလုပ်ငန်း၊ ဒလသင်္ဘောကျင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မြန်မာ့မီးရထား၏ ရထားပြေးဆွဲမှုကို ဗဟိုဌာနမှ ထိန်းချုပ်သည့် စနစ်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိရိယာပစ္စည်းများ တပ်ဆင်ရေး စီမံကိန်းတို့အတွက် ရရှိမည့် ပြည်ပအကူအညီ ရငွေများဖြစ်ပြီး ငွေလုံးငွေရင်း အသုံးစရိတ်တွင် ပြန်လည်သုံးစွဲမည် ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းမှလွဲ၍ ကျန်သည့်လုပ်ငန်း စီမံကိန်းများအားလုံး ဂျပန်နိုင်ငံ အကူအညီ အထောက်အပံ့ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ငွေလုံးငွေရင်း အသုံးစရိတ်တွင် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း၊ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၊ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်း၊ စက်ခေါင်းသစ် သံလမ်းပြုပြင်ရေးစက်များ၊ စက်ခေါင်းသစ် ဆောက်လုပ်ရေးစက်ရုံ၊ လူစီးတွဲ၊ ကုန်တွဲသစ်များ ဆောက်လုပ်ရေးစက်ရုံ တည်ထောင်ခြင်းများ ပါဝင်ကြောင်း ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများမှာ ဖလမ်းလေဆိပ်သစ် တည်ဆောက်ရေးလုပ်ငန်း၊ သတင်းအချက်အလက်၊ နည်းပညာနှင့် Cyber လုံခြုံရေး ဦးစီးဌာန၏ မြန်မာဂြိုလ်တုစနစ် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ခြင်း၊ Microsoft လိုင်စင်ခများ ပေးချေခြင်း၊ သက်တမ်းလွန်ရေယာဉ်များ အစားထိုး ဆောင်ရွက်ရန် ရေယာဉ်သစ် တည်ဆောက်ခြင်း၊ ၁၅၀၀ တန် ကုန်တွဲရေယာဉ် တည်ဆောက်ခြင်းများကို အဓိက လျာထားကြောင်း၊ ပြည်ပအကူအညီနှင့် ပြည်ပချေးငွေတို့ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများမှာ နိုင်ငံတော်အပိုင်းမှ ဆက်စပ်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် မဖြစ်မနေ ကျခံရမည့် အသုံးစရိတ်များကို လျာထားခဲ့ကြောင်း ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

 

ပြည်တွင်းသို့ မိုဘိုင်းဟန်းဆက် တင်သွင်းရောင်းချသူများကို ယူနီကုတ်စနစ် အသုံးပြုနိုင်သည့် ဟန်းဆက်များကိုသာ တင်သွင်းရောင်းချရန် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွန်ကြား

မြန်မာအင်ဖိုတက်အတွင်း ပြုလုပ်သည့် ဘားကမ့်ပွဲတွင် မိုဘိုင်းဖုန်း အသုံးပြုသည့် လူငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)

မိုဘိုင်းဟန်းဆက်များ တင်သွင်းရောင်းချသူများကို ယူနီကုတ်စနစ်သုံး မြန်မာစာစနစ် အသုံးပြုနိုင်သည့် မိုဘိုင်းဟန်းဆက်များကိုသာ တင်သွင်းရောင်းချရန် ညွှန်ကြားထားကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားသည်။

ပြည်တွင်း၌ ဟန်းဆက်တင်သွင်း ရောင်းချသည့် ကုမ္ပဏီများနှင့် ကိုယ်စားလှယ်များ အနေဖြင့်  ဟန်းဆက်များ တင်သွင်းရောင်းချရာတွင် ယူနီကုတ်စနစ်ကိုသာ အသုံးပြုနိုင်မည့် မိုဘိုင်းဟန်းဆက်များကိုသာ တင်သွင်းရမည်ဟု ညွှန်ကြားထားပြီး လက်ရှိတွင် ပြည်တွင်း၌ အသုံးပြုနေကြသည့် မိုဘိုင်းဟန်းဆက် အများစုတွင် ဇော်ဂျီစနစ်ကိုသာ အသုံးပြုနေကြပြီး ဇော်ဂျီစနစ်သည် အသုံးပြုသူများအတွက် များစွာအဆင်ပြေကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ပြည်တွင်းမှာ ဟန်းဆက်တင်သွင်း ရောင်းချသူတွေကို ယူနီကုတ် စနစ်ကိုသာ အထောက်အပံ့ ပေးနိုင်မယ့် ဟန်းဆက်တွေကိုပဲ တင်သွင်းရမယ်။ ပြီးတော့ ယူနီကုတ်စနစ် ပါကိုပါရမယ်။ ယူနီကုတ်ဆိုတာ နိုင်ငံတကာမှာ အသုံးပြုနေကြတဲ့ စံနှုန်းတစ်ခုပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အသုံးပြုနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံတစ်ခုပဲ ဇော်ဂျီနဲ့ ယူနီကုတ်ဆိုပြီး နှစ်မျိုးဖြစ်နေတာပါ။ နိုင်ငံတကာမှာတော့ ယူနီကုတ်တစ်မျိုးပဲရှိတယ်။ ပြည်တွင်းမှာကျတော့ အသုံးပြုတဲ့ သူတွေက အလွယ်လိုက်တဲ့ သဘောပါ။ ဇော်ဂျီကျတော့ အများစုက အဆင်ပြေတဲ့အတွက် ဒီဟာကို အသုံးများနေတာပါ။ ဒါကြောင့် နောက်ပိုင်းမှာ ယူနီကုတ်စနစ်ကိုပဲ အသုံးပြုမှာ ဖြစ်တဲ့အတွက် ဒီလိုမျိုး ညွှန်ကြားထားတာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားသည်။

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် e-Government စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အစိုးရဌာနများ၏ နည်းစနစ်များ လိုက်လျောညီထွေ ဖြစ်စေရန် နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ယူနီကုတ်စနစ်သုံး မြန်မာစာစနစ် အသုံးပြုနိုင်ရေး မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိသည်။

ယင်းကြောင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ရောင်းဝယ်ခွင့်၊ စမ်းသပ်ပြသခွင့်လိုင်စင် ရရှိထားသော ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံသို့ ဟန်းဆက်များ တင်သွင်းရာတွင် ယူနီကုတ်စနစ်ကိုပါ အသုံးပြုနိုင်မည့် မိုဘိုင်းဟန်းဆက်များကိုသာ တင်သွင်းရမည်ဖြစ်သည်။

အဆိုပါယူနီကုတ်စနစ် အသုံးပြုနိုင်ရေး နှင့်ပက်သက်ပြီး ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဇွန်လအတွင်း နေပြည်တော်ရှိ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးအမှတ် (၂) တွင် ဆွေး နွေးခဲ့ကြပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများလည်း တက်ရောက် ခဲ့ကြောင်းသိရသည်။

 

Mytel ၏ “ရှိတ်” ပရိုမိုးရှင်း အစီအစဉ်တွင် ဖုန်းဘေလ်များ လက်ဆောင်ပေးခြင်းသည် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတ်မှတ်ချက်များနှင့် မကိုက်ညီခြင်းကြောင့် ဆုကြေးများ ပြောင်းလဲမည်

Mytel ၏ “ရှိတ်” ပရိုမိုးရှင်း အစီအစဉ်တွင် အင်တာနက်အသုံးပြုရန်နှင့် SMS ပေးပို့ခြင်းအတွက် ဖုန်းဘေလ်များ လက်ဆောင်ပေးခြင်းသည် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း အချက်အလက်များနှင့် မကိုက်ညီခြင်းကြောင့် ဆုကြေးများ ပြောင်းလဲပေးအပ် သွားမည်ဖြစ်ကြောင်း Mytel မြန်မာကုမ္ပဏီမှ သိရသည်။

Mytel အနေဖြင့် ဆင်းကတ်များ စတင်ရောင်းချသည့်အချိန်မှ စတင်ကာ “ရှိတ်” ပရိုမိုးရှင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ပရိုမိုးရှင်းကာလမှာ သြဂုတ် ၉ ရက်အထိဖြစ်သည်။ Mytel အသုံးပြုသူများအနေဖြင့် “ရှိတ်” အစီအစဉ်ကို အသုံးပြုပြီး နေ့စဉ်ဖုန်းဘေလ်များ ရရှိသည့်အတွက် အသုံးပြုသူများ စိတ်ဝင်စားသည့် ပရိုမိုးရှင်း အစီအစဉ်တစ်ခု ဖြစ်သည်။ ပရိုမိုးရှင်း လက်ဆောင်အနေဖြင့် ဖုန်းဘေလ်နေရာတွင် မော်တော်ကား၊ တီဗွီ၊ စမတ်ဖုန်း၊ ပညာတော်သင် အစီအစဉ်များကို ပြန်လည် အစားထိုးပေးထားပြီး တနင်္လာနေ့တိုင်း ကံစမ်းမဲ ပေါက်သူများကို ကြေညာပေးသွားမည် ဖြစ်သည်။

“အစ်မတို့ကို ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ထပ်မလုပ်ဖို့အတွက် အစ်မတို့ကို ပြောထားတယ်။ ဒါပေမဲ့ အစ်မတို့ ‘ရှိတ်’ အစီအစဉ်ကတော့ရှိတယ်။ ဆုကြေးတွေပဲ ပြောင်းလဲသွားမယ်။ အစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အစ်မတို့က လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိုမိုးရှင်း အစီအစဉ်ကတော့ ရှိနေပါသေးတယ်။ ဆုကြေးတွေကိုပဲ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဒီပရိုမိုးရှင်း အစီအစဉ်ပြီးရင် နောက်ထပ် ဒီထက်ပိုကောင်းတဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို ပြုလုပ်ဖို့ ရှိပါတယ်” ဟု Mytel မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပရိုမိုးရှင်း အစီအစဉ်ကို ပြီးခဲ့သည့် ဇွန် ၂၇ ရက်တွင် ဆက်လက်ဝန်ဆောင်မှု ပေးအပ်ခြင်းမပြုရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက တားမြစ်ခဲ့ပြီး ဇူလိုင် ၁ ရက်တွင် ပရိုမိုးရှင်း အစီအစဉ်ကို ပြောင်းလဲဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်သည်။

Mytel အနေဖြင့် လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်းကတ်ပေါင်း သုံးသန်းကျော် ဖြန့်ချိထားပြီး လာမည့် ၂၀၂၀ တွင် အသုံးပြုသူပေါင်း ငါးသန်းကျော်ထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိတွင် တာဝါတိုင်ပေါင်း ၅၀၀၀ ကျော် တည်ဆောက်ထားပြီး၂၀၁၈ နှစ်ကုန်အထိ တာဝါတိုင် ၆၀၀၀ ကျော် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

Mytel အနေဖြင့် ပထမဆုံး ဖုန်းခေါ်ဆိုမှု စမ်းသပ်ခြင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ် ၁၅ ရက်က နေပြည်တော်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့တွင် ဆင်းကတ်များကို စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်အပါအ၀င် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်းကတ်မိတ်ဆက် အသုံးပြုခြင်းကို ဇွန် ၉ ရက်တွင် ပြုလုပ်ခဲ့ပြီး လက်ရှိတွင် အသုံးပြုသူပေါင်း ၁ ဒသမ ၅ သန်းကျော်ရှိကြောင်း သိရသည်။

ဝေးလံခေါင်သီသောဒေသများတွင် Universal Service Fund ဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းများကို ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်အတွင်း စတင်နိုင်

ကျေးလက်ဒေသရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)

ဝေးလံခေါင်သီသောဒေသများတွင် Universal Service Fund ဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်သွယ်ရေးအော်ပရေတာများသို့ တင်ဒါခေါ်ပြီးနောက် ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်အတွင်း လုပ်ငန်းများစတင်နိုင်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ စုံစမ်းသိရသည်။

စီးပွားရေးအရ တွက်ခြေမကိုက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဝေးလံခေါင်သီမှုကြောင့် ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံ တည်ဆောက်ရန် ကျန်ရစ်နေသော ဝေးလံခေါင်သီသည့် ကျေးလက်ဒေသများအတွက် ဆက်သွယ်ရေးအော်ပရေတာများထံမှပင် ကောက်ခံရရှိသော ရန်ပုံငွေတစ်ရပ်ဖြင့် ဖြည့်စွက်ထောက်ပံ့ကာ ၀န်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အဆိုပါဒေသများအတွက် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရန် စီစဉ်ပေးခြင်းဖြစ်သည်။

ထိုသို့လုပ်ဆောင်ပေးရန် လက်ရှိတွင် ပရောဂျက်ဒီဇိုင်း ရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုများအတွက် အသေးစိတ်အစီအစဉ်များကို ရေးဆွဲနေကြောင်း သိရသည်။

“ကမ္ဘာ့ဘဏ်ရဲ့အကူအညီနဲ့ Universal Service Fund အတွက် Consultant ခေါ်ခဲ့တာက လွန်ခဲ့တဲ့တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ကတည်းကပါ။ ဒီရန်ပုံငွေတွေကို ဘယ်ဒေသတွေအတွက် ဘယ်လိုသုံးစွဲမလဲဆိုတာ လုပ်ငန်းစဉ် စနစ်တကျဖြစ်အောင် ရေးဆွဲနေရတာတွေရှိတယ်။ ဒါမှလည်း အော်ပရေတာတွေက ရန်ပုံငွေထည့်ဝင်မှာပေါ့။ ပြီးရင် တင်ဒါခေါ်မယ်။ ဆက်သွယ်ရေးအော်ပရေတာထဲကပဲပေါ့။ ဒီလိုမျိုး USF ရန်ပုံငွေနဲ့ လုပ်ဆောင်ပေးရတာက ဆက်သွယ်ရေးအော်ပရေတာတွေအနေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့အခါ ၁၀၀ ရင်းပြီး ၁၀၀ ပြန်ရမလား၊ ၁၀၀ ရင်းပြီး ၅၀ ပဲ ပြန်ရမလား အကျိုးအမြတ်ကိုကြည့်တဲ့အခါ ၅၀ ပဲပြန်ရနိုင်မယ့် ဒေသမျိုးမှာ ကျန်တဲ့ ၅၀ အတွက် ဒီရန်ပုံငွေနဲ့ ဖြည့်စွက်ဆောင်ရွက်ပေးရတာမျိုးပေါ့။ ဒါက တာဝါဆောက်ပြီးရုံနဲ့မပြီးပါဘူး။ ပြုပြင်ထိန်းသိမ်းလည်ပတ်ရတဲ့ စရိတ်တွေရှိပါသေးတယ်။ လျှပ်စစ်မီးမရှိတဲ့ဒေသတွေဆိုရင် မီးစက်မောင်းရတဲ့စရိတ်တွေရှိတယ်။ အဲဒါတွေအတွက်ပါ ငါးနှစ်စာဆိုရင် ဘယ်လောက်ကုန်မလဲဆိုတာ တွက်ချက်ပြီး သုံးစွဲသူဆီက ပြန်ရငွေအနေနဲ့ ဘယ်လောက်ရှိနိုင်မလဲ၊ ဒီရန်ပုံငွေထဲကနေ ဘယ်လောက်သုံးစွဲမလဲဆိုတာ ညှိနှိုင်းဆွေးနွေးရတာတွေ ရှိပါတယ်။ လိုတဲ့ငွေအတွက် ဒီရန်ပုံငွေကနေ စိုက်ထုတ်သုံးစွဲရတာမျိုးပေါ့” ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

ဆက်သွယ်ရေးအော်ပရေတာများအနက် လိုင်စင်သက်တမ်းသုံးနှစ်နှင့် အထက်ရှိသူများသာ Universal Service Fund ထည့်ဝင်လေ့ရှိပြီး တင်ဒါခေါ်ပြီးပါက လုပ်ငန်းများစတင်ခြင်းကို ယခု ၂၀၁၈ နှစ်ကုန် သို့မဟုတ် လာမည့် ၂၀၁၉ ခုနှစ်အတွင်း စတင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ၉၀ သို့ ကွန်ရက်လွှမ်းခြုံထားနိုင်ပြီးဖြစ်ကြောင်း ထုတ်ပြန်မှုများ ရှိနေသော်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုများ မရရှိသေးသောဒေသများအနေဖြင့် မည်သည့်အချိန်တွင် ရရှိနိုင်မည်ကို လွှတ်တော်အတွင်း မေးမြန်းမှုများ မကြာခဏရှိနေကြောင်း သိရသည်။

Cyber Law ရေးဆွဲနိုင်ရန် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဥပဒေမူကြမ်းရရှိရန် လျာထား

Cyber Legal and Policy Framework (Cyber Law) ကို ရေးဆွဲသွားနိုင်ရန် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဥပဒေမူကြမ်းရရှိစေရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

eGovernment အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် eGovernment အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

eGovernment လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် သုံးခုရှိကြောင်း၊ ပထမလုပ်ငန်းစဉ် အနေဖြင့် ဥပဒေမူဘောင် ချမှတ်သွားရမည်ဖြစ်ကြောင်း၊ ဒုတိယလုပ်ငန်းစဉ်မှာ အိုင်စီတီ အခြေခံ အဆောက်အအုံပိုင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်မှာ လူဦးရေ၏ ရာခိုင်နှုန်း ၉၀ ခန့်ကို လွှမ်းခြုံပြီး ဖြစ်သည့်အတွက် အဆိုပါ အခြေအနေကောင်းများကို အသုံးချသွားရန် လိုအပ်ကြောင်း စသည်ဖြင့် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

တယ်လီနော ဒီဂျစ်တယ်မြန်မာ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ အွန်လိုင်းရာဇ၀တ်မှုဆိုင်ရာ ဥပဒေ မရှိခြင်းကြောင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှု ၁၀ ခုရှိကြောင်း သိရသည်။

ယင်းတို့မှာ ဒီဂျစ်တယ်စီးပွားရေးနှင့် ဆက်စပ်သည့် အမှုအခင်းများနှင့် ပတ်သက်သော အစိုးရအမှုထမ်းများ၊ ဥပဒေပြု အဖွဲ့အစည်းများနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများ အကြား၌ နားလည်မှု နည်းပါးစေခြင်း၊ ဂေဟစနစ်တွင် အားနည်းသည့် လုံခြုံရေးကြောင့် နိုင်ငံတကာမှ ဆိုက်ဘာပြစ်မှု ကျူးလွန်သူများ မြန်မာနိုင်ငံသို့ ၀င်ရောက်လာရန် ဆွဲဆောင်သကဲ့သို့ ဖြစ်နိုင်ခြင်း၊ အရေးကြီးသော အစိုးရနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းစနစ်များကို နိုင်ငံခြားမှ ဟက်ကာများ နှောင့်ယှက်လာနိုင်ခြင်း၊ အကာအကွယ်ပေးခြင်း မရှိသောကြောင့် နည်းပညာကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးဖြစ်နိုင်ခြင်း၊ ဒီဂျစ်တယ် ၀န်ဆောင်မှုများအပေါ် ယုံကြည်မှု မရှိသောကြောင့် ငွေရေး ကြေးရေး လက်လှမ်းမီမှုနှင့် ဒီဂျစ်တယ် လွှမ်းခြုံမှု နည်းပါးစေခြင်း စသည်ဖြင့် ဖော်ပြထားသည်။

နံပါတ်ခြောက်အနေဖြင့် မူးယစ်ဆေးဝါး ကုန်ကူးခြင်း ကဲ့သို့သော တရားမ၀င် eCommerce ၀က်ဘ်ဆိုက်များ မြန်မာနိုင်ငံတွင် ထူထောင်လာနိုင်ခြင်း၊ ထိခိုက်လွယ်သော နိုင်ငံသားများ (ဥပမာ-ကလေးလူငယ်များ) အား ညစ်ညမ်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်လွှင့်တင်ခြင်း၊ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ အွန်လိုင်းခြေရာခံ လိုက်ခြင်းတို့ဖြင့် လူမှုရေးကဏ္ဍတွင် မတရား အမြတ်ထုတ်နိုင်ခြင်း၊ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်နှင့် အွန်လိုင်းပေါ်မှ ပြစ်မှုချိုးဖောက်ခြင်းအကြား မသဲကွဲခြင်း၊ အမုန်းပွားသည့် စကားများ၊ အတုအလိမ် သတင်းများကို ရည်ရွယ်ချက်ရှိရှိနှင့် ဖြန့်ဝေခြင်းကြောင့် တည်ငြိမ်မှုပျက်ပြားကာ ဆူပူမှု ဖြစ်ပွားနိုင်ခြင်း၊ အစိုးရနှင့် စီးပွားရေး လုပ်ငန်းများ၏ အိုင်စီတီ လုံခြုံရေးအတွက် စရိတ်ပိုမို ကုန်ကျခြင်း စသည်တို့မှာ ဆိုက်ဘာဥပဒေ မရှိခြင်းကြောင့် ရင်ဆိုင်ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။