တပ်မတော်မှ ပုဒ်မ (၅၀၀) ဖြင့် တရားစွဲဆိုထားသည့် ကျောင်းသားကိုးဦးအနက် ရှစ်ဦးအား ငွေဒဏ်အသီးသီး အမိန့်ချမှတ်ခဲ့

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တပ်မတော်မှ ပုဒ်မ(၅၀၀)ဖြင့် ကျောင်းသားကိုးဦးကို တရားစွဲဆိုထားသည့်အမှုတွင် ကျောင်းသားရှစ်ဦးအား ဧပြီ ၄ ရက်က ပုသိမ်မြို့နယ်တရားရုံးမှ ငွေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုတွင် တပ်မတော်ကိုယ်စား ဒုဗိုလ်မှူးကြီး အောင်မျိုးနိုင်က ပုဒ်မ ၅၀၀၊ ၅၀၀/ ၃၄ ဖြင့် ကျောင်းသားကိုးဦးအား တရားစွဲဆိုခဲ့ရာ တစ်ဦးမှာ အမှုစတင်စွဲဆိုပြီး မကြာခင်မှာပင် ထွက်ပြေးသွားခဲ့သောကြောင့် ရှစ်ဦးကိုသာ အမိန့်ချမှတ်ခဲ့ကြောင်း၊ အောင်ခန့်ဇော်အပါအ၀င် နှစ်ဦးအား ပုဒ်မ (၅၀၀)ဖြင့်အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ဒဏ်ငွေကျပ် ၅၀၀၀၀ နှင့် ဒဏ်ငွေမပေးဆောင်ပါက ထောင်ဒဏ်ခြောက်လ ကျခံရမည်ဟုလည်းကောင်း၊ ကျောင်းသားခြောက်ဦးအား ပုဒ်မ ၅၀၀/၃၄ အရ အပြစ်ရှိကြောင်းဆုံးဖြတ်ကာ ဒဏ်ငွေကျပ် ၃၀၀၀၀ ဖြင့် ဒဏ်ငွေမပေးဆောင်ပါက ထောင်ဒဏ်သုံးလ ကျခံရမည်ဟု အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်း ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်ထံမှ သိရသည်။

“စစ်သားတွေရဲ့ မိန်းမတွေကိုစွပ်စွဲတဲ့အတွက် ဟုတ်လည်းမဟုတ်တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၄၉၉ အရ ကင်းလွတ်ခွင့်မရတဲ့အတွက် အပြစ်ပေးခဲ့ရတာပါ” ဟု တရားသူကြီး ဦးဝင်းအောင်က သုံးသပ်ပြောကြားခဲ့သည်။

အဆိုပါအမှုမှာ ဇန်န၀ါရီ ၉ ရက်က ပုသိမ်ဟိုတယ်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးထောက်ခံသည့် အလုပ်ရုံဆွေးနွေးပွဲတွင် သရုပ်ဖော်ပြသခဲ့သည့် ပြဇာတ်တွင် တပ်မတော်၏ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် သရုပ်ဖော်မှုပါဝင်သည်ဟုဆိုကာ သရုပ်ဖော်ကပြခဲ့သည့် ကျောင်းသားကိုးဦးအား တပ်မတော်က ပုဒ်မ(၅၀၀)ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ပုသိမ်မြို့နယ်တရားရုံးမှ ဇန်န၀ါရီ ၂၅ ရက်က လက်ခံစစ်ဆေးခဲ့သည့်အမှုဖြစ်ပြီး ထွက်ပြေးခဲ့သည့် ကျောင်းသားတစ်ဦးအား ရာဇ၀တ်ကျင့်ထုံး ၅၂၁ အရ တရားခံပြေးအမှုဖွင့်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ရေကျော်လမ်းပိုင်းများကို ကျပ်သန်း ၂၅၆၀ ကျော် အသုံးပြုကာ ပြင်ဆင်မည်

ဟင်္သာတ-မြို့ကွင်း-ကွင်းကောက်လမ်း ကွန်ကရစ်ရေကျော် တည်ဆောက်မှု မြင်ကွင်း

ဧရာဝတီတိုင်းဒေသကြီးရှိ ရေကျော်လမ်းပိုင်းများအား ကျပ်သန်း၂၅၆၀ ကျော် အသုံးပြု ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကျော်လမ်းပိုင်းများ ပြင်ဆင်မှုကို ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်နှင့် ဟင်္သာတခရိုင်ရှိ လမ်းပိုင်းကိုးခု၌ ဆောင်ရွက်လျက်ရှိပြီး မိုးတွင်းကာလ မတိုင်ခင် အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနအနေနဲ့ လာမယ့် မိုးရာသီမှာ ရေကြီးမှု သဘာဝဘေးအန္တရာယ်ကြောင့် လမ်းပိုင်းပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ၂၅၆၇ ဒသမ ၇၀ သန်းနဲ့ ရေကျော်လမ်းပိုင်းတွေကို ပြုပြင်ဆောင်ရွက်ထားပါတယ်။ လုပ်ငန်း စတင်ချိန်ကတော့ ၂၀၁၇ အောက်တိုဘာလမှာ စတင်တာ ဖြစ်ပါတယ်။ ပြီးတဲ့ လမ်းပိုင်းတွေလည်း ပြီးနေပါပြီ။ ကျန်တဲ့ လမ်းပိုင်းအားလုံးကိုလည်း အခုမတ်လကုန်မှာ အပြီး ဆောင်ရွက်သွားမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဆွမ်းက ပြောကြားသည်။

ကျောင်းကုန်း-သုံးခွလမ်း ပြင်ဆင်မှုကို လမ်းအထူးအဖွဲ့ (၂၁) မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ကျန်လမ်းပိုင်း အားလုံးကို သက်ဆိုင်ရာ ခရိုင်လမ်းဦးစီးဌာနမှ တာဝန်ယူ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“မိုးတွင်းကာလ ရေတိုက်စားတာကြောင့် လမ်းပိုင်း ပျက်စီးမှုတွေ ဖြစ်ပေါ်ပါတယ်။ အဓိကအားဖြင့် မြေသားတာဘောင် ပျက်စီးတာ၊ ယာဉ်သွားလမ်း မျက်နှာပြင်ပျက်စီးတာတွေ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ပျက်စီးသွားတဲ့ လမ်းပိုင်းတွေ ပြင်ဆင်နိုင်ဖို့နဲ့ လာမယ့်ကာလ ရေဘေးဒဏ် ခံနိုင်ဖို့အတွက် မြေသားတာပေါင်ကို ထိန်းဖို့ ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ ယာဉ်သွားလမ်း မျက်နှာပြင်ပျက်စီးမှု မရှိဖို့အတွက် ကတ္တရာလမ်းအစား ကွန်ကရစ်လမ်း မျက်နှာပြင်အဖြစ် ပြောင်းလဲဆောင်ရွက်ခြင်း၊ လပွတ္တာခရိုင်ဘက်က မြစ်နဲ့နီးတဲ့ လပွတ္တာ-သင်္ကန်းကြီး-ပြင်စလူလမ်းမှာဆိုရင် မြေသားတာဘောင် ကြံ့ခိုင်မှုရှိဖို့အတွက် မျောခရစ်ကွက်ရိုက်ပြီး သစ်ကိုင်းသစ်ပင်တွေ ထည့်တာ၊ မြေကာတုတ်ရိုက် ကျောက်ကြီးဖြည့်တာ၊ ဘိုးပိုင် အခြေပြု ကျောက်စီနံရံ တည်ဆောက်တာတွေ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဆွမ်းက ဆက်လက်ပြောကြားသည်။

ရေကျော်လမ်းပိုင်းများ ပြင်ဆင်မှုကို လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော်လမ်း၊ ကျောင်းကုန်း-ပန်းတနော်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ကျောင်းကုန်း-သုံးခွလမ်း၊ လပွတ္တာ-သင်္ကန်းကြီး-ပြင်စလူလမ်း၊ ဟင်္သာတ-မြို့ကွင်း-ကွင်းကောက် လမ်း၊ ဟင်္သာတ – ဆုံကုန်း – မြန်အောင်လမ်း၊ အင်ပင် – လက်ပံကွင်း – ညောင်ခြေထောက်လမ်းနှင့် ကြံခင်း – ဆိပ်သာ – အကောက်တောင်လမ်းတို့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့ ခုတင် ၅၀၀ဆံ့ဆေးရုံကြီး ကိုးထပ်ဆောင်အသစ် ဆောက်လုပ်နေမှုတွင် စာချုပ်ပါစည်းကမ်းများနှင့် ကွဲလွဲနေခြင်း၊ ဘတ်ဂျက်ငွေ ပိုမိုတိုးတောင်းခြင်းများ ရှိသည်ဟုဆိုကာ ဆောက်လုပ်ခွင့် ရပ်နားထား

ဆောက်လုပ်ခွင့်ရပ်နားထားသည့် ပုသိမ်မြို့ ခုတင် ၅၀၀ ဆံ့ဆေးရုံကြီး ကိုးထပ်ဆောင်အသစ်ကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် တိုးချဲ့ဆောင်အဖြစ် ကိုးထပ်အမြင့်ပါ အဆောက်အအုံသစ်တစ်ခုကို ဆောက်လုပ်နေမှုမှာ စာချုပ်ပါ စည်းကမ်းချက်များနှင့် ကွဲလွဲစွာဆောက်လုပ်နေခြင်း၊ သတ်မှတ်ထားသည့် ဘတ်ဂျက်ငွေများထက် ပိုမိုတိုးတောင်းနေခြင်းရှိသည်ဟုဆိုကာ ဆက်လက်ဆောက်လုပ်ခွင့်ကို ရပ်ဆိုင်း၍ ကော်မတီဖွဲ့စစ်ဆေးရန် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ရေးစီမံကိန်းအား Royal Lotus Construction မှ တင်ဒါအောင်မြင် ဆောက်လုပ်နေခြင်းဖြစ်ပြီး ဆောက်လုပ်နေစဉ် ကာလအတွင်းမှာပင် ဘတ်ဂျက်လိုအပ်ချက်များ၊ စာချုပ်ပါ စည်းကမ်းချက်များနှင့် ကွဲလွဲမှုအချို့ရှိနေသောကြောင့် ၂၀၁၇ ခုနှစ်အတွင်းမှာပင် တည်ဆောက်မှု လုပ်ငန်းများကို ခေတ္တရပ်နားထားကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖေဖော်ဝါရီ ၄ ရက်တွင် ပုသိမ်မြို့သို့ လာရောက်ခဲ့သည့် ခရီးစဉ်၌ ပုသိမ်ခုတင် ၅၀၀ ဆံ့ဆေးရုံစီမံကိန်း တိုးချဲ့ဆောင်အသစ် ဆောက်လုပ်နေမှုကို စစ်ဆေးပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့အား အဆောက်အအုံ ဆောက်လုပ်နေမှုများ နှင့်ပတ်သက်၍ စာချုပ်ပါ စည်းကမ်းချက်များနှင့် ညီညွတ်မှုရှိမရှိ၊ စာချုပ်ပါ စည်းကမ်းချက်များနှင့် လက်တွေ့ဆောင်ရွက်နေမှု ကွာခြားချက်များကို ကော်မတီတစ်ရပ် ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်ရန်၊ စစ်ဆေးဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းများလုပ်ဆောင်မှုကို ရပ်နားထားခိုင်းရန်အတွက် ညွှန်ကြားမှုများပေးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ တင်ဒါစခေါ်ကတည်းကနေပြီးတော့ ဘယ်လိုတင်ဒါခေါ်သွားသလဲ။ စာချုပ်ကို ဘယ်လိုချုပ်သွားသလဲ။ စာချုပ်ထဲမှာ ဘယ်လို အချက်အလက်တွေပါသလဲ။ စာချုပ်ထဲက အချက်အလက်နဲ့ အခုကျွန်မတို့ လက်ရှိဆောက်လုပ်နေတဲ့ ဆောက်လုပ်ရေးမှာရှိတဲ့ အချက်အလက်တွေ ဘယ်လောက်ကွာခြားသလဲဆိုတဲ့ ကိစ္စကို ကျွန်မတို့ ဒီတိုင်းဒေသကြီးနဲ့ ပြည်ထောင်စုကနေပြီးတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုအဖွဲ့နဲ့ ကျွန်မတို့ တိုင်းဒေသကြီးနဲ့ အဖွဲ့ဖွဲ့ပြီးတော့ စိစစ်ပြီးတော့ အစီရင်ခံစာတင်ပေးဖို့ လမ်းညွှန်ခဲ့တာရှိပါတယ်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဒီစီမံကိန်းက ရတယ်။ တင်ဒါခေါ် သွားတာကတော့ နှစ်ပတ်နဲ့ တင်ဒါခေါ်သွား တယ်လို့ ကျွန်မတို့သိရတယ်။ ဒီဆောက်လုပ်တဲ့ကိစ္စ စာချုပ်ချုပ်တဲ့ကိစ္စကတော့ ၂၀၁၅ ခုနှစ် ကိုးလပိုင်းမှာ စာချုပ်ချုပ်တယ်။ စာချုပ်မချုပ်ခင် လေးလလောက်အလိုထဲကနေပြီးတော့ ဒီဟာတွေကို စတီးလ်စထရက်ချာနဲ့ စဆောက်ပေးတယ်ဆိုတာကို ကျွန်မတို့က လေ့လာတွေ့ရှိရတယ်။ ၂၀၁၅ ခုနှစ် ကိုးလပိုင်းမှာ စာချုပ်ချုပ်ပြီးတော့ ၂၀၁၆ ခုနှစ် သုံးလပိုင်းမှာ စာချုပ်အသစ်ထပ်ချုပ်တယ်။ အဲဒီစာချုပ်ထဲမှာ အရင်တုန်းကတော့ ဒီအာစီနဲ့သွားမယ်ဆိုတဲ့ စာချုပ်ရှိတယ်။ ဒါအကြမ်း ဖျဉ်းအားဖြင့်ပေါ့။ သို့သော်လည်းပဲအခု ဆောက်လုပ်နေတာက စတီးလ်စထရက်ချာနဲ့ တက်နေတဲ့အခါမို့လို့ နောက်ပြီးတော့ ဘတ်ဂျက်ကိုလည်း ဘတ်ဂျက်နှစ် တစ်နှစ်ပြီးတစ်နှစ် ထပ်ပြီးတော့ တိုးတောင်းလာတဲ့အတွက်ကြောင့်မို့ ကျွန်မတို့ ပြန်လည်စိစစ်ပြီးတော့ လုပ်ဆောင်ဖို့ ၀န်ကြီးက ကျွန်မတို့ကို ညွှန်ကြားချက်ပေးသွားပါတယ်။ သူ့ရဲ့ အခုတည်ဆောက်နေတဲ့အပိုင်းက ဘေးနံရံတွေ တက်ပြီးတော့ အဆင့်ထပ်တက်ထားတာတွေ ရှိပါတယ်။ နံရံတွေမှာ အုတ်တွေစီပြီး တက်နေတာကို တွေ့ရှိရတယ်။ ပြီးတော့ ဒီလုပ်ငန်းဟာ ရပ်နေတာကြာပါပြီရှင်။ ၂၀၁၇ ခုနှစ်ကတည်းက ရပ်နေတာပါ။ ရပ်ထားခိုင်းတာပါရှင့်၊ သူက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာရတယ် ၂၀၁၆-၂၀၁၇ မှာ ဆောက်တယ် လုပ်ငန်းကို အထောက်အထည်ဖော်တယ်။ ၂၀၁၇-၂၀၁၈ မှာ ရပ်ထားတဲ့  အနေအထားရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောကြားသည်။

စစ်ဆေးရေးကော်မတီမှ စစ်ဆေးတွေ့ရှိချက် လေ့လာအကြံပြုချက်များကို ရက်ပိုင်းအတွင်းမှာပင် ပြည်ထောင်စုအစိုးရ အဖွဲ့ထံသို့ ပြန်လည်တင်ပြသွားမည်ဖြစ်ပြီး လက်ရှိလုပ်ဆောင်နေသည့် တင်ဒါအောင် ကုမ္ပဏီအား ဆက်လက်လုပ်ဆောင်ခွင့်ပြုမည် မပြုမည်ကို ပြည်ထောင်စုမှသာ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။