မြန်မာ့သဘာဝရေပြင်မှ ဖမ်းယူရရှိသော ပုစွန်များ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခွင့်ရရှိပြီဖြစ်ကြောင်း အမေရိကန်သံရုံး အကြောင်းကြား

မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းယူရရှိသော ပုစွန်များ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခွင့် ရရှိပြီ ဖြစ်ကြောင်းနှင့် ပုစွန်နှင့် ပုစွန်ထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် တင်ပို့မှုတိုင်းအတွက် လက်မှတ်ရေးထိုးရမည့် ‘ပုစွန် တင်ပို့/တင်သွင်းသူ ကြေညာလွှာ’ (DS – 2031 form) ပုံစံပူးတွဲကို ပေးပို့ရမည်ဟု အမေရိကန်သံရုံးက အကြောင်းကြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အမေရိကန်သံရုံးမှ ပေးပို့လာသော ‘ပုစွန်တင်ပို့/တင်သွင်းသူ ကြေညာလွှာ’ ပုံစံ ဖြည့်စွက်ရန်အတွက် လမ်းညွှန်ချက်မှာ အဆိုပါပုံစံကို အမေရိကန် ပြည်ထောင်စုသို့ ပုစွန်နှင့် ပုစွန်ထွက်ကုန်ပစ္စည်းများ တင်ပို့မှု အားလုံးအတွက် ဖြည့်စွက်တင်ပြရန် လိုအပ်မည် ဖြစ်သည်။ ထို့ပြင် တင်ပို့မှု တစ်ခုချင်းစီတိုင်းအတွက်  လက်မှတ်အကွက်များ အားလုံးတွင် မူရင်းလက်မှတ်များ ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပုံစံသည် အမေရိကန် အစိုးရ အရာရှိများက လိုအပ်၍ တောင်းဆိုသည့်အခါ ပြသနိုင်ရန်အတွက် အမေရိကန် တင်သွင်းသူအနေဖြင့် တင်သွင်းသည့်နေ့မှစ၍ သုံးနှစ်ကြာ ထိန်းသိမ်းထားရမည် ဖြစ်သည်။

ထို့ပြင် ပုံစံတွင်ပါရှိသောသတင်း အချက်အလက်၊ လက်မှတ်၊ လိပ်စာ အစရှိသော ဖြည့်စွက်ရန် လိုအပ်သည့် အချက်အလက်များကို မဖြစ်မနေ ဖြည့်စွက်ရမည်ဖြစ်ပြီး ပြည့်စုံမှုမရှိသော ပုံစံများကို လက်ခံမည် မဟုတ်ကြောင်းနှင့် ပုံစံတွင် ပါဝင်သည့် အချက်အလက်များအားလုံးကို လွယ်ကူရှင်းလင်း ပြတ်သားစွာ ဖော်ပြရမည်ဖြစ်သည်။ ထို့ပြင် ပုံစံများကို ဒေသအလိုက် ထုတ်ပေးနိုင်သော်လည်း  ပြန်လည်ထုတ်ပေးထားသော မည်သည့်ပုံစံမဆို ရှင်းလင်းပြတ်သားမှုရှိရန်မှာ တင်ပို့သူ၏ တာဝန်ဖြစ်သည်။

ထို့ပြင် အဆိုပါပုံစံတွင်ဖြည့် စွက်ရမည့် အကွက်ပေါင်း ကိုးကွက်ပါရှိပြီး ၎င်းအကွက်များအတွက် ညွှန်ကြားချက်များမှာ အကွက် အမှတ် (၁) တွင် ပါရှိသော ဖမ်းယူသည့်နိုင်ငံ ဆိုသည်မှာ (၁) အဆိုပါ နိုင်ငံအတွင်းကန်ဖြင့် မွေးမြူထားသော ပုစွန် (သို့မဟုတ်) (၂) အဆိုပါ နိုင်ငံ၏ ရေပိုင်နက်အတွင်း ဖမ်းယူရရှိသော ပုစွန်ဟု ဆိုလိုခြင်းဖြစ်သည်။

အကွက် (၂) တွင် (အကယ်၍ အဆင်ပြေပါက) တင်ပို့မည့် ပုစွန်၏ မွေးမြူရာကန်နှင့် မည်သည့်နေရာ မှဖမ်းယူခဲ့ကြောင်း အမည်နှင့်လိပ်စာ ဖြည့်စွက်ပေးရန် လိုအပ်ပြီး အကွက်အမှတ် (၃) ပါ တင်ပို့သူ ဆိုသည်မှာ နိုင်ငံခြားရှိ ၀ယ်ယူသူ (ဥပမာ-အမေရိကန် (သို့မဟုတ်) တတိယနိုင်ငံမှ ၀ယ်ယူသူ) ထံသို့ တင်ပို့ ရောင်းချမည့် ဖမ်းယူသည့်နိုင်ငံမှ တစ်ဦးချင်း (သို့မဟုတ်) ကုမ္ပဏီ ဖြစ်သည်။

အကွက်အမှတ် (၄) တွင် အမေရိကန်မှ တင်သွင်းသူ (သို့မဟုတ်) မူရင်းကုန်စည် လက်ခံသူ၏ အမည်နှင့် လိပ်စာတို့ကို ထည့်သွင်းရေးသား ရမည်ဖြစ်ကာ အကွက်အမှတ် (၅)ပါ တင်ပို့မည့်ရက် ဆိုသည်မှာ တင်ပို့မည့် ကိစ္စအတွက် ဖမ်းယူရရှိသည့် နိုင်ငံ၏ နောက်ဆုံးဆိပ်ကမ်းမှ သင်္ဘောတင် ထွက်ခွာသည့်နေ့ကို ဆိုလိုခြင်းဖြစ်ပြီး အကွက်အမှတ် (၆) တွင် အမေရိကန်ပြည်ထောင်စု၏ စည်းဝါးညီ အကောက်ခွန်ဇယား နံပါတ် (HTS) အလိုက် ကုန်သေတ္တာများ/အမှုတွဲများအလိုက် (သို့မဟုတ်) အခြားသော သီးခြား သတ်မှတ်ထားသည့် သင်္ဘောလိုင်းများ အလိုက်နှင့် ကီလိုဂရမ်နှင့် ဖော်ပြထားသော  အသားတင် အလေးချိန်အလိုက် သက်ဆိုင်ရာ အကွက်တွင် ဖြည့်စွက်ပေးရမည်ဖြစ်သည်။

အကွက်အမှတ်(၇) တွင်မူ ရေးသားထားသည်များကို သေချာစွာ လေ့လာဖတ်ရှုပြီး သင့်လျော်သော အကွက်တွင် အမှတ်အသား ပြုလုပ်ပေးရမည်ဖြစ်ကာ ၎င်းအကွက်တွင် ရွေးချယ်ရန်အတွက် ရေးသားထားသည်မှာ ပုစွန်သည် (က) ပင်လယ်လိပ်များအား ဆိုးရွားစွာ အကျိုးသက်ရောက်မှု မရှိစေမည့် နည်းလမ်းများဖြင့် ဖမ်းဆီးထားခြင်းဖြစ်ရမည်။ သို့မဟုတ် (ခ) နိုင်ငံတစ်နိုင်ငံ၏ ရေပြင်အတွင်း  ဖမ်းဆီးခြင်းသည် အခန်း ၆၀၉ ၏ P.L. 101 – 162 နှင့်အညီ ဖမ်းဆီးသည့် နိုင်ငံ၏ တင်ပို့သည့်ရက်စွဲအရ  အသိအမှတ်ပြုပြီး ဖြစ်ရမည်ဖြစ်သည်။

အကွက်အမှတ်( ၇ )၏ အမှတ် စဉ် (က) ကို ရွေးချယ်မည် ဆိုပါက (၁) ဖမ်းဆီးခြင်းမပြုမီ ကန်များဖြင့် အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင် မွေးမြူထားသော ပုစွန်ဖြစ်ရန်၊ (၂) ဖမ်းယူရာတွင် လိပ်များ ပါရှိနိုင်သည့်အတွက် ၎င်းတို့ကို ဖယ်ထုတ်ပေးသော ကိရိယာကို အသုံးပြုခြင်းကဲ့သို့သော စီးပွားဖြစ် ဆွဲပိုက်ချ သင်္ဘောများဖြင့် ဖမ်းယူထားသော ပုစွန်ဖြစ်ရန်၊ (၃) စက်ကိရိယာများကို အသုံးပြု၍ ငါးဖမ်းပိုက်များဖြင့် ဖမ်းယူခြင်း (သို့မဟုတ်) လျှပ်စစ်လှိုင်းတန်း ဆူးချိတ်များ ပါဝင်သော ငါးဖမ်းသင်္ဘောများနှင့် ဒလက်များ ပါဝင်သော ငါးဖမ်းသင်္ဘောများဖြင့် ဖမ်းယူထားခြင်း မဟုတ်သော အထူးသီးသန့် ဖမ်းယူထားသော ပုစွန်ဖြစ်ရန်နှင့် (၄) ပုစွန်ဖမ်းယူခြင်းဆိုင်ရာ အခြေအနေများအား ပင်လယ်လိပ်များ ပြန့်ပွားမှုကို မထိခိုက်စေရန် အမေရိကန် Department of State  က စစ်ဆေးဆုံးဖြတ်မည်ဖြစ်သည်။

အကွက်အမှတ်(၈) ၌ အကွက် အမှတ် (၇) အား  စစ်ဆေးပြီးပါက ယခုအပိုင်းတွင် ကုန်ပို့နိုင်ငံ၏ အစိုးရ အသိအမှတ်ပြု တာဝန်ရှိသူ လက်မှတ်ရေးထိုးရမည် ဖြစ်ကြောင်းနှင့် တာဝန်ရှိသူ ဆိုသည်မှာ ကုန်ပို့နိုင်ငံ အစိုးရက အချိန်ပြည့် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ထားသော မည်သည့်အရာရှိမဆို ဖြစ်နိုင်သော်လည်း ပုဂ္ဂလိကကဏ္ဍ (သို့မဟုတ်) အစိုးရထံတွင် အချိန်ပိုင်း အလုပ်လုပ်ကိုင်သူများ မဖြစ်စေရန် လိုအပ်မည်ဖြစ်သည်။

အကွက်အမှတ်(၉)တွင် အမေရိကန် ပြည်ထောင်စု၏ သွင်းကုန်တင်သွင်းသူ (သို့မဟုတ်) အကောက်ခွန် ကိစ္စရပ်များ ကိုယ်စားရှင်းလင်းသူသည် ဤပုံစံကို လက်ဝယ်ရရှိပြီးချိန်မှစ၍ ကုန်ပစ္စည်းများ သင်္ဘောတင်မည့် ကိစ္စနှင့် သက်ဆိုင်သော အချက်အလက်များဖြစ်သည့် ၀င်ရောက်သည့် နေ့စွဲ၊ ၀င်ရောက်သည့် ဆိပ်ကမ်း၊ ၀င်ရောက်သည့် နံပါတ်နှင့် လက်မှတ်တို့အား  ဖြည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။

အဆိုပါ အချက်များမှာ မြန်မာနိုင်ငံမှ အမေရိကန် ပြည်ထောင်စုသို့ ပုစွန်နှင့် ပုစွန်ထွက်ကုန်ပစ္စည်းများ  တင်ပို့လိုသူ ကုန်သည်လုပ်ငန်းရှင်များ မဖြစ်မနေ လိုက်နာကျင့်သုံးရမည့် စည်းကမ်းဖြစ်သည့်အတွက် သတိပြု ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါ (DS – 2031 form) သည် ၂၀၁၉ ခုနှစ်ဧပြီ ၃၀ ရက်အထိ ထပ်မံအကြောင်းကြားမှု မပြုမချင်း အကျိုးသက်ရောက်မည် ဖြစ်သည်။

တိုင်းနှင့် ပြည်နယ်ခုနစ်ခုတွင် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ လုပ်ဆောင်ရန်စီစဉ်နေဟုဆို

ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်စီမံကိန်းများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

“ငါး၊ ပုစွန်မွေးမြူရေးတိုးချဲ့မှု ဦးတည်တာက ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံသားတွေ စားသုံးမှုအတွက် အခက်အခဲမရှိ စားသုံးနိုင်ဖို့။ နောက်တစ်ခုက နိုင်ငံတကာဈေးကွက်ဝင်တဲ့ ငါး၊ ပုစွန်တွေကို မွေးမြူထုတ်လုပ်နိုင်ရင် နိုင်ငံတကာ ဈေးကွက်မှာ တင်ပို့နိုင်တဲ့အတွက်ကြောင့် နိုင်ငံခြားဝင်ငွေတွေရမယ်။ ဒီလုပ်ငန်းတွေ ကျယ်ပြန့်လာတဲ့အတွက်ကြောင့် အလုပ်အကိုင်အခွင့်အလမ်းလည်း ဒီနိုင်ငံသားတွေအတွက် အများကြီးဖန်တီးပေး  နိုင်မယ်။ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းက အလားအလာကောင်းတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် အားပေးဖို့မူဝါဒတွေ၊ တိုးချဲ့ဆောင်ရွက်ဖို့မူဝါဒတွေ နိုင်ငံတော်အစိုးရကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တောက်လျှောက်တင်ပြတယ်။ အခု အစိုးရအနေနဲ့လည်း ဒါကို အားပေးမယ့် အရိပ်ပြတယ်။ ထင်ထင်ရှားရှားဆိုရင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆိုရင် ရန်ကုန်တိုင်းထဲမှာ ဧက ၁၀၀၀၀ ငါးမွေးမြူရေးဇုန်တစ် ခုဖော်ထုတ်ဖို့ စီစဉ်နေတယ်။ ဒီစီမံကိန်း အစီအစဉ်ကို ပြည်ထောင်စုအစိုးရဆီ တင်ပြထားတယ်။ ပြည်ထောင်စုအစိုးရသာ ဒီမြေတွေကို မွေးမြူရေးလုပ်ငန်းမှာ သုံးခွင့်ပြုလိုက်ပြီဆိုရင် မွေးမြူရေးဇုန်တွေ ပေါ်လာတော့မယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။

အဆိုပါစီမံကိန်းများကို ဆောင်ရွက်ရန် စီမံကိန်းနှင့် ဘဏ္ဍာအခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မတ် ၈ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို တင်ပြထားလျက်ရှိပြီး ငါးလုပ်ငန်းအဖွဲ့ချုပ်က ဆိုင်ရာဒေသများကို ကွင်းဆင်းလေ့လာ ထားချက်များရှိသည်ဟု သိရသည်။