သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ပုဂံမြို့သစ်ရှိ ဟိုတယ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပုဂံမြို့သစ်၊ အနော်ရထာနယ်မြေ၊ ခမ်းလောင်းရပ်ကွက် ရှိရွှေဗဟို ဟိုတယ်တွင် ဧပြီလ ၁၄ ရက်နေ့ (သင်္ကြန်အကျနေ့) နံနက်လေးနာရီ ဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဟိုတယ် အိတ်ဆောင်များမှတစ်ဆင့် အနီးတွင်ရှိသော ဈေးဆိုင်ခန်းများကိုပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဟိုတယ်ဧည့်ကြို အဆောက်အဦး၏ အပေါ်ထပ်တွင် ခြင်ဆေးခွေ ထားရှိရာမှ စတင်လောင်ခဲ့သည်ဟု ယူဆရကြောင်းနှင့် မီးလောင်မှုကြောင့် ဧည့်ကြိုဆောင် အာစီနှစ်ထပ် အဆောက်အဦ အပါအဝင် ဧည့်သည်များ တည်းခိုနေသည့် အိပ်ခန်းဆောင်များနှင့် အနောက်ဘက်တွင်ရှိသည့် ဈေးဆိုင်ခန်းများကိုပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“မနေ့ညနေကမှ မိသားစုစတည်းတာ။ ဗူးဘုရားပဲ ဖူးရသေးတယ်။ အော်သံကြားလို့ ငလျင်လှုပ်တယ်ထင်ပြီး ထွက်ကြည့်တာ မီးတောက်မြင်မှ မီးလောင်တာဆိုပြီး ဖိနပ်တောင်မပါဘူး တွေ့ရာဆွဲ ထွက်ပြေးရတယ်” ဟု ဟိုတယ်တွင် တည်းခိုနေသည့် ဧည့်သည်မိသားစုဝင် တစ်ဦးက ပြောကြားသည်။

တည်းခိုနေသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်မှူး ဦးသက်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံမြို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်ဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခလရ ၄၁၅ မှစစ်သည်များ၊ ဒေသခံများ ဝိုင်းဝန်းငြိမ်းသတ်ရာ နံနက် ၅ နာရီ၂၀ မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူ၊ တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အဆိုပါ ဟိုတယ်သည် ပြည်တွင်းပြည်ပ ခရီးသွားများ နှစ်သက်သဘောကျသည့် ဟိုတယ်ဖြစ်ပြီး ပုဂံမြို့သစ် မြို့လယ် လမ်းမနံဘေးတွင် တည်ရှိသည်။

မီးလောင်မှုကြောင့် ဟိုတယ်တာဝန်ခံဖြစ်သူအား ပုဂံနယ်မြေရဲစခန်းမှ (ပ)၃၈ /၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်ထားရှိကြောင်း သတင်းရရှိပါသည်။

 

လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသော ပုဂံရှေးဟောင်းဇုန်ရှိ ဟိုတယ်လုပ်ငန်းခွင်မှာ ကြိုတင်ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရှေးဟောင်းသုတေသနမှ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် တားမြစ်ချက်ထုတ်ပြန်ထား

ပုဂံဒေသဖွံ့ဖြိုးရေးအလှူငွေအဖြစ် အခန်းတစ်ခန်းလျှင် ၅၀၀၀၀ ကျပ်နှုန်း အလှူငွေ ပေးသွင်းကာ ဆောက်လုပ်နေသည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသော ပုဂံရှေးဟောင်းဇုန်ရှိ ဟိုတယ်လုပ်ငန်းခွင်မှာ ကြိုတင်ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရှေးဟောင်းသုတေသနမှ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် တားမြစ်ချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်၊ ရွှေတွင်းရပ်ကွက်ရှိ မြေဧရိယာ ၂၄ ဒသမ ၂၅ ဧကပေါ်တွင် ကြယ်သုံးပွင့်အဆင့်ရှိ အခန်း ၂၄၂ ခန်းပါ နှစ်ထပ်အဆောက်အအုံနှင့် ကြယ်လေးပွင့်အဆင့်ရှိ ဘန်ဂလိုအမျိုးအစား ၁၀၆ ခန်းတို့ကို မြတ်မင်းကုမ္ပဏီလီမိတက်မှ ဆောက်လုပ်နေခြင်းဖြစ်ပြီး ယင်းသို့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေမှုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ မတ် ၂၄ ရက်က ကွင်း ဆင်းစစ်ဆေးခဲ့ရာ အဆိုပါမြေဧကပေါ်တွင် အဆောက်အအုံ လေးလုံးအား ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းအဆောက်အအုံ လေးလုံးမှာ ၂၀၁၆ ခုနှစ် ဧပြီ ၁၀ ရက် ရက်စွဲဖြင့် ရပ်ဆိုင်းထားရန် ညွှန်ကြားထားခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၈ ခုနှစ် မတ် ၁၄ ရက်တွင် ထပ်မံတားမြစ်ထားသည့်လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေသည်ကို စစ်ဆေး တွေ့ရှိရသည်ဟု ထုတ်ပြန်တားမြစ်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ခွင့်ပြုချက်မရှိ လုပ်ဆောင်နေမှုနှင့်ပတ်သက်၍ “ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ လုပ်မယ်ဆို ကြိုတင်ခွင့်ပြုချက်ယူရပါတယ်။ ပထမတစ်ချက်အနေနဲ့ ကြိုတင် ခွင့်ပြုချက် ယူမထားပါဘူး။ လူနေထိုင်တဲ့မြို့ပြဧရိယာထဲမှာ မဟုတ်တာက ဒုတိယအချက်ပေါ့။ နောက်တစ်ချက်က ဒါဟာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဇုန်ထဲမှာ ပါရှိနေတာကလည်း အချက်တစ်ခုပေါ့။ နောက်တစ်ခုက ခုလို ဟိုတယ်ကြီးတွေကို ခွင့်ပြုလို့မရသေးဘဲ ကမ္ဘာ့အမွေအနှစ် တင်ထားတဲ့အချိန်မှာ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ့်အခါမျိုး ဖြစ်နေတာပေါ့။ အဲ့ဒီအချက်တွေကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ လောလောဆယ်မှာ ဘာမှဆက်မလုပ်ဖို့ စာထုတ်တားမြစ်ထားတာပါ။တရားစွဲတာမျိုးတော့ ဘာမှမလုပ်သေးပါဘူး။ အထက်အဆင့်ဆင့်ကို တင်ပြဖို့ရှိပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားခဲ့သည်။

“တိုင်းဒေသကြီးခွင့်ပြုထားတာကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ရန်အတွက် ကန့်ကွက်ရန်မရှိကြောင်းလို့ ရေးထားတာပါ။ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဖို့ရာအတွက် ညွှန်ကြားထားပြီးသားပဲ။ အဲဒီတော့ ကာယကံရှင်တွေအနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဖို့ရာတော့ လိုတာပေါ့။ အဲဒီလို မလုပ်တဲ့အတွက် ကျွန်တော်တို့က တားမြစ်ရတာပါ။ ဌာနအနေနဲ့တော့ ၂၀၁၂ ခုနှစ်က တည်းက ခွင့်မပြုထားဘူး။ မနှစ်ကတော့ သူတို့လုပ်ငန်းခွင်စတင်ပြီး အဆောက်အအုံတွေ စလုပ်ဆောင်ဖို့ ကြိုးစားလာလို့ တားမြစ်ထားခဲ့ပါတယ်” ဟု ဦးအောင်အောင်ကျော်က ဆက်လက်ပြောကြားသည်။

“ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားပြီး အခုချိန်မှာက အစစ်ဆေးခံကာလဖြစ်နေပါတယ်။ အဲဒီလိုကာလမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဖို့ရာလိုတာပေါ့။ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ကို အနှောင့်အယှက်မဖြစ်စေဘဲ ဆောင်ရွက်သင့်ပါတယ်။ အဲဒါတွေကို ၀ိုင်းဝန်း ကူညီပေးကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်”ဟု ဦးအောင်အောင်ကျော်က ဆိုသည်။

အဆိုပါဆောက်လုပ်နေသော ဟိုတယ် လုပ်ငန်းခွင်နှင့်ပတ်သက်၍ ဆောက်လုပ်ခွင့်အား ရှေးဟောင်း သုတေသနဌာနသို့ ၂၀၁၂ ခုနှစ်က ခွင့်ပြုချက်လာရောက် တောင်းခံတင်ပြခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက ခွင့်ပြုမထားခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေသည့် ဟိုတယ်လုပ်ငန်းခွင်များနှင့် စေတီပုထိုးများပေါ်သို့ တက်ရောက်ခွင့်ပိတ်ပင်ကာ နေ၀င်ချိန်ကြည့်ရှုရန် ပြုလုပ်ထားသည့် လူ လုပ် ကုန်းမြင့်များအပေါ် ဝေဖန်မှုများ မြင့်တက်လျက်သည်။

ပုဂံညောင်ဦးဒေသတွင် ဆင်အခြေပြု ခရီးသွားလုပ်ငန်းအတွက် ပထမဆုံး ဆင်စခန်းကို မတ် ၂၈ ရက်တွင် ဖွင့်လှစ်မည်ဟု သိရ

ဆင်စခန်းဖွင့်လှစ်မည့် ပလင်းသစ်ဆိပ်အား တွေ့ရစဉ်

ပုဂံညောင်ဦးဒေသတွင် ဆင်အခြေပြု ခရီးသွားလုပ်ငန်းအတွက် ခရီးသွားပြည်သူများနှင့် နိုင်ငံခြားသား လာရောက်လေ့လာ အပန်းဖြေနိုင်ရန် ပထမဆုံး ပလင်းကမ်းသာ ယာဆင်စခန်းကို မတ် ၂၈ ရက်တွင် ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာ ဦးသန်းစိုးဦးက ပြောကြားသည်။

အဆိုပါဆင်စခန်းကို ညောင်ဦးမြို့မှ ငါးမိုင်အကွာ မြင်းခြံ-ညောင်ဦးကားလမ်းမကြီး၏ မြောက်ဘက် နှစ်ဖာလုံအကွာ ဧရာဝတီမြစ်ဘေးရှိ ယခင်က ညောင်ဦးဖောင်ဖွဲ့ရေး၏ ပလင်းသစ်ဆိပ်နေရာတွင် ဖွင့်လှစ်မည်ဖြစ်သည်။ ယခုအခါ သစ်ထုတ်လုပ်ငန်းများ လျှော့ချထားမှုကြောင့် လုပ်ငန်းမလုပ်ဆောင်ဘဲ ပိုလျှံနေသည့် မြေနေရာပေါ်တွင် စီမံကိန်းများ လျှော့ချထားမှုကြောင့် ပိုလျှံနေသည့်ဆင်များနှင့် အသက်ကြီးသွားသည့်ဆင်များ၊ လက်ရှိမွေးထားသည့် ဆင်များအား ပြုစုစောင့်ရှောက်ပုံ၊ ဆင်များ၏ နေထိုင်မှုပုံစံကို အများ ပြည်သူနှင့် နိုင်ငံခြားများ လာရောက်လည်ပတ် အပန်းဖြေနိုင်ရန်အတွက် ညောင်ဦးဒေသတွင် ပထမဆုံးဖွင့်လှစ်ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေထွေ မန်နေဂျာ ဦးသန်းစိုးဦးက ပြောကြားသည်။

“ကျွန်တော်တို့ ၂၀၁၈ မတ် ၂၈ ရက်ပေါ့၊ ဖွင့်ဖို့စီစဉ်ထားတယ်။ အခုလောလောဆယ်က ဆင်လေးကောင် ရောက်ပြီး ဖွင့်ဖို့အတွက် ဆင်အထီးစွယ်စုံတစ်ကောင်၊ အမိနောက်လိုက်တစ်ကောင်၊ ဆင်အမေတစ်ကောင်၊ ဆင်မကြီးတစ်ကောင် အားလုံးပေါင်း လေးကောင် နောက်ပြီး ဆင်ပြကွက်တွေ ရေပေါ်စားသောက်ဆိုင်မျိုး လုပ်ထားတာရှိတယ်။ ၂၈ ရက်နေ့ ဖွင့်နိုင်အောင် အမီလုပ်နေတယ်” ဟု ဦးသန်းစိုးဦးက ပြောကြားသည်။

ပလင်းကမ်းသာယာဆင်စခန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ဆင်အခြေပြု ခရီးသွားလုပ်ငန်းကို အမှီပြုပြီး အနီးဝန်းကျင်ရှိ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ဆင်များနှင့် ပတ်သက်ပြီး ဗဟုသုတရရှိပြီး ဆင်များကို ချစ်ခင်မြတ်နိုးတတ်လာစေရန်၊ ဌာနေ၀န်ထမ်းများ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး သာမက ခရီးသွားဝန်ဆောင်မှု၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများပါ ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ ပြည်တွင်း ပြည်ပ ခရီးသွားများ အပန်းဖြေနေရာတစ်ခု ပေါ်ပေါက်စေရန်ဖြစ်ကြောင်း သိရသည်။

“မတ် ၂၈ ရက်နေ့ဖွင့်ဖို့ ရည်မှန်းပြီး လုပ်ဆောင်နေတယ်။ ဧရာဝတီမြစ်ဘေးမှာတည်ရှိပြီး ညောင်ဦးမြို့နဲ့ ငါးမိုင်အကွာတည်ရှိပြီး ဆင်စခန်း အကျယ်အ၀န်းက ၄ ဒသမ ၁၈ ဧကကျယ်ဝန်းပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်အပန်းဖြေ လေ့လာလည်ပတ်စရာ နေရာတစ်ခုဖြစ်ဖို့ရည်ရွယ်ပြီး လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ခု ဒီဆင်စခန်းမှာ ဆင်ခုနစ်ကောင်ကနေ ၁၀ ကောင်အထိထားဖို့ ရည်ရွယ်ပေမယ့် နွေရာသီမှာ အစာရှားပါးပြီး အခက်အခဲရှိလို့ လောလောဆယ် လေးကောင်ပဲ ရွှေ့ထားပါတယ်။ အခုလက်ရှိမှာ ဆင်ပြတိုက် တည်ဆောက်နေတယ်။ ဖွင့်ပွဲအချိန်မှာ ပြီးစီးအောင် ဆောင်ရွက်မပေးနိုင်ဘူး။ ဆင်အရိုးစုတွေလည်းပြဖို့ ဆောင်ရွက်နေတယ်။ အခုလောလောဆယ် မရောက်ရှိသေးဘူး” ဟု ချင်းတွင်းဖောင်ဖွဲ့ရေးဒေသ တာဝန်ခံ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးက ပြောကြားသည်။

အဆိုပါဆင်စခန်းတွင် အရွယ်ရောက် ထီး/စုံတစ်ကောင်၊ အရွယ်ရောက် ဆင်မတစ်ကောင်၊ မိခင်ဆင်မကြီးနှင့် အမိနောက်လိုက် ဆင်တစ်ကောင် စုစုပေါင်း ဆင်လေးကောင် ပါရှိမည်ဟု သိရသည်။ ဆင်စခန်းတွင် ဆင်များစီးပြီး နံနက်ခင်း ဧရာဝတီမြစ်အလှ၊ ညနေခင်း ဧရာဝတီမြစ် ရှုခင်းများ ကြည့်ရှုနိုင်ခြင်း ဆင်များ သရုပ်ဖော်ပြသခြင်း၊ ဧရာဝတီမြစ် တစ်လျှောက်တွင် ဌာနပိုင် ဇေယျာမော်တော်ဖြင့် မြစ်အလှနှင့် ညနေခင်းရှုခင်းများကို ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၀င်ကြေးအနေဖြင့် နိုင်ငံသားတစ်ယောက်လျှင် ကျပ် ၁၀၀၀၊ ဆင်စီးမည်ဆိုပါက ကျပ် ၅၀၀၀ နိုင်ငံခြားသားဆိုပါက ဆင်စီးမှု အပါအ၀င် ကျပ် ၂၀၀၀၀ ကောက်ခံမည်ဟု သိရသည်။ ဆင်စခန်းတွင် ဆင်များကို အစာကျွေးခြင်း၊ ကိုယ်တိုင်ရေချိုး ပေးနိုင်ကြောင်း သိရသည်။ မြန်မာ့သစ်လုပ်ငန်း စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းဖောင်ဖွဲ့ရေး အနေဖြင့် စစ်ကိုင်းတိုင်းတွင် ကသာနှင့် မော်လိုက်တို့တွင်လည်း ဆင်စခန်း ဖွင့်လှစ်ထားပြီး ယခုပလင်းကမ်းသာယာ ဆင်စခန်း အပါအ၀င် ဆင်စခန်းကို သုံးခု ဖွင့်လှစ်ထားသည်။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ကြိုးပမ်းနေမှု ဂုဏ်ပြုကြိုဆိုပွဲများ ပြုလုပ်

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်မှုကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ‘ပုဂံအမွေအနှစ် ကမ္ဘာသိစေဖို့ ၀ိုင်းဝန်းကူညီကြပါစို့’ Let us bring Bagan’s Wonders to the Heart of the World ဆောင်ပုဒ်နှင့် Bagan, A Different World ဓာတ်ပုံပြပွဲ ကြော်ငြာ Billboard စိုက်ထူသည့်အခမ်းအနားကို မတ် ၆ ရက်နံနက် ၈ နာရီက ညောင်ဦးမြို့ ရွှေစည်းခုံဘုရား အရှေ့ဘက်စောင်းတန်း အ၀င်လမ်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အထက်မြန်မာပြည် ဓာတ်ပုံအသင်းနာယက ဒေါက်တာမောင်မောင်ကြီးနှင့် ဒေသခံအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်ရေး ကြိုးပမ်းမှုကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဂံကို ချစ်မြတ်နိုးသော ဓာတ်ပုံပညာရှင်များ၏ Bagan, A Different World ဓာတ်ပုံပြပွဲကို ရွှေစည်းခုံဘုရား၊ တောင်ဘက်စောင်းတန်းတွင် မတ် ၂၃ ရက်မှ ၂၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် နှလုံးသားထဲကပုဂံအမည်ဖြင့် ဓာတ်ပုံပညာရှင်များ၏ ဓာတ်ပုံပြပွဲကို မတ် ၂ ရက်မှ ၄ ရက်အထိ ပုဂံ၊ မင်းနန်သူကျေးရွာ၊ လေးမျက်နှာဘုရားတွင် ပြုလုပ်ခဲ့သည်။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် တည်ရှိနေဆဲဖြစ်သော သို့မဟုတ် ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့၊ သို့မဟုတ် မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု သို့မဟုတ် ပြယုဂ်တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊ လူ့သမိုင်းတွင် သိသာထင်ရှားရသော အဆင့်အတန်း သို့မဟုတ် ထို့ထက်ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊ လူသားအားလုံး အသိအမှတ်ပြု လက်ခံနိုင်သော အရေးပါထင်ရှားမှုများ၊ ရှင်သန်နေဆဲ ထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ စသည့်သတ်မှတ်စံနှုန်းများ Criteria ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးအတွက် တင်ပြချက်စာတွဲ Nomination Dossier ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင်လည်းကောင်း၊ စီမံခန့်ခွဲမှုအစီအစဉ် Management Plan တို့ကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလတွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ တင်သွင်းခဲ့သည်။ ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းရာတွင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုသည် လွန်စွာအရေးကြီးကြောင်း သိရသည်။

ငလျင်ဒဏ်ခံစားခဲ့ရသည့် ပုဂံရှေးဟောင်းဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံအစိုးရနှင့် ဂျာမနီအစိုးရတို့အကြား စာချွန်လွှာရေးထိုး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံအစိုးရတို့အကြား ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အသိသက်သေအဖြစ် တက်ရောက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံကိုယ်စား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံကလည်းကောင်း၊ ဂျာမနီနိုင်ငံကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E.Mrs Dorothee Jantgke Wergel ကလည်းကောင်း လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က ပြင်းအား (၆ ဒသမ ၈) အဆင့်ရှိ လှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ဘုရားပေါင်း ၃၈၉ ဆူ ပျက်စီးခဲ့သည့်အနက် ဂျာမနီနိုင်ငံက နန်းဘုရားကာကွယ်ထိန်းသိမ်းခြင်း (စီမံကိန်း ၁)နှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသမှ နရသီဟပတေ့ (တရုတ်ပြေး) ဘုရားရှိ နံရံဆေးရေးပန်းချီများအား ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းရေးသင်တန်း (စီမံကိန်း ၂) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နည်းပညာအကူအညီများ ထောက်ပံ့ပေးခြင်းဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ် အနုလက်ရာများအား မူလပုံစံအတိုင်း ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပုဂံဘုရားများပေါ် တက်ရောက်ခြင်းကို ရှေးဟောင်းသုတေသန ဦးစီးဌာနက ပညာပေး တားမြစ်ဆောင်ရွက်မည်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှုခင်းကြည့် တောင်ကုန်းငယ်ပေါ်မှ ခရီးသွားများ နေထွက်ချိန် ကြည့်ရှုနေစဉ် (ဓာတ်ပုံ-ကိုနော်)

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်းပြည်ပ ခရီးသွားများ အနေဖြင့် နေ၀င်နေထွက်ရှုခင်း ကြည့်ရှုရန် ဘုရားများပေါ် တက်ရောက်နေခြင်းများကို ရှေးဟောင်းသုတေသန ဦးစီးဌာန အနေဖြင့် အတင်းအကျပ် တားမြစ်ဆောင်ရွက်သည်မျိုး မလုပ်ဘဲ ပညာပေး တားမြစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“နေ၀င်ချိန်ကြည့်ဖို့ View mt. တွေ လုပ်ပေးထားတာ ရှိပါတယ်။ ဘုရားပေါ်တက်ဖို့ ခွင့်ပြုတာ မရှိပါဘူး။ နောင်လည်း ခွင့်ပြုမှာ မဟုတ်ဘူး။ လက်ရှိဘုရားပေါ် တက်နေကြတာကိုလည်း အတင်းအကျပ် ဆွဲချတာမျိုး မလုပ်ဘဲ ပညာပေးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်။ ရေရှည်လုပ်သွားရမယ့်သဘော ရှိပါတယ်” ဟု ရှေးဟောင်း သုတေသနဌာနနှင့် အမျိုးသားပြတိုက် ညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

“မနေ့က အစည်းအဝေးမှာ ရှုခင်းကြည့် တောင်ကုန်းငယ်တွေအတွက် နေရာသစ်တွေ ထပ်ရှာဖို့ သူတို့က ပြောပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ဆောင်ရွက်နေချိန်မှာ ခုလိုကိစ္စမျိုးတွေ အမွေအနှစ်ဇုန်အတွင်း မလုပ်သင့်တဲ့အကြောင်း၊ မဖြစ်သာလို့ လုပ်ရင်တောင် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ HIA စိစစ်ဆောင်ရွက်တာမျိုး လုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်” ဟု ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည့် ရှုခင်းကြည့် တောင်ကုန်းငယ်များ အသစ်ထပ်မံ တည်ဆောက်ရေး အစည်းအဝေး တက်ရောက်ခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဖော်ဆောင်ရေး ဆောင်ရွက်နေသူ တစ်ဦးဖြစ်သော ဧည့်လမ်းညွှန် ကိုနိုင်ထွန်းက ပြောကြားသည်။

ဘုရားပေါ် တက်ရောက်ခွင့် တားမြစ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် ကြံ့ခိုင်မှုရှိသော ဘုရားများကို စိစစ်၍ အလှည့်ကျဖွင့်ကာ အရေအတွက် အကန့်အသတ်ဖြင့် တက်ရောက်ခွင့် ပြုစေချင်ကြောင်း၊ ယခုနှစ် ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုသည် ယခင်နှစ်ထက် လျော့နည်းလျက်ရှိရာ ခရီးသွားများ စိတ်ငြိုငြင်မှုဖြစ်မည့် ဆောင်ရွက်မှုများ အထူးရှောင်ရှား စေချင်ကြောင်း ကိုနိုင်ထွန်းက ပြောကြားသည်။

ပုဂံတွင် ရှေးဟောင်းစေတီပုထိုးများပေါ် တက်ရောက်ကြည့်ရှုခြင်းမှ ကာကွယ်နိုင်ရန် ရှုခင်းကြည့် တောင်ကုန်းငယ်များ ဆောင်ရွက်ထားရှိပြီး ဘုရားများပေါ် တက်ရောက်ခြင်းမပြုရန် သတိပေးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၂၀၁၇ ခုနှစ်အတွင်း ပုဂံဒေသသို့ ပြည်တွင်းခရီးသွား အစုအပြုံလိုက် ၀င်ရောက်ခဲ့သော်လည်း ပြည်ပခရီးသွားလျော့နည်း

ယခုနှစ်အတွင်း ပြည်ပခရီးသွားများအား ပုဂံမြို့ ဓမ္မရံကြီးဘုရားအနီး တွေ့ရစဉ်

၂၀၁၇ ခုနှစ်အတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသို့ ပြည်တွင်းခရီးသွားများ အစုအပြုံလိုက်ဝင်ရောက်ခဲ့သော်လည်း ပြည်ပခရီးသွားလျော့နည်းသွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ခရစ္စမတ်ရုံးပိတ်ရက်အပါအ၀င် ရုံးနှင့် စာသင်ကျောင်းများပိတ်သည့် အားလပ်ရက်များတွင် ပုဂံဒေသသို့ ပြည်တွင်းခရီးသွားများ အစုအပြုံလိုက် ၀င်ရောက်လာရာ ဟိုတယ်၊ တည်းခိုခန်းများပြည့်လျှံသွားသည်အထိ အစုအပြုံလိုက် ၀င်ရောက်ခဲ့သော်လည်း ပြည်ပခရီးသွားများမှာ ယခုနှစ်အစောပိုင်း ကာလများအ၀င်များသည့်တိုင် စက်တင်ဘာလ နောက်ပိုင်းမှစတင်၍ ပြည်ပခရီးသွား ၀င်ရောက်မှုသည် သိသာစွာလျော့နည်းလာကြောင်း သိရသည်။

“စက်တင်ဘာလက နည်းနည်းလျော့တာထက် ဒီဇင်ဘာက ပိုလျော့သွားတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ပုဂံဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းများအရ ပုဂံဒေသသို့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာ ၂၅ ရက်အထိ ပြည်ပခရီးသွား နှစ်သိန်းကိုးသောင်းဝန်းကျင် ၀င်ရောက်ခဲ့ရာ ဒီဇင်ဘာလအတွင်း ၀င်ရောက်မှုသည် ယခင်နှစ်ထိုကာလနှင့် နှိုင်းယှဉ်လျှင် သိသာစွာလျော့နည်းလာရာ လာမည့် ၂၀၁၈ ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလသည်ပင် အားရဖွယ်မရှိကြောင်း ပြည်ပခရီးသွားလုပ်ကိုင်သူများထံမှ သိရသည်။

“Package tour တွေရဲ့ သဘောကတော့ မလာတော့ဘူးဆို မလာတော့ဘူး။ ကြိုစီစဉ် လာကြသူတွေကိုး။ FIT တက်ရင်တက်ဖို့ပဲ။ ကုမ္ပဏီ Tour က ရထားတဲ့စာရင်းထက် ပိုမကွာနိုင်ဘူး။ ချက်ချင်းကြီး တက်မလာနိုင်ဘူး။ ဒီနှစ်အဖို့ကတော့ ခုလာကြတာတောင်ပြီးခဲ့နှစ်က ၀ယ်ထားပြီးဖြစ်တဲ့အတွက် လာတာလို့ပြောတယ်” ဟု ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

ယခုနှစ် ပုဂံဒေသကမ္ဘာလှည့်ခရီးသွား လျော့နည်းသွားခြင်းသည် ရခိုင်အရေးကြောင့်ဟု ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများ သုံးသပ်ကြသည်။   ကိုနော်(ပုဂံ)

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ရောက်ရေးနှင့် ဒေသခံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ရောက်ရေးနှင့် ဒေသခံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပစဉ်

ပုဂံဒေသကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်ရေး၊ ဒေသခံများဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆောက်အအုံများ ဆောက်လုပ်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပွဲကို ပုဂံမြို့၊ ရှေးဟောင်းသုတေသနပြတိုက်၊ အစည်းအဝေး ခန်းမတွင် နိုဝင်ဘာ ၂၇ ရက်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းမှ ဗိသုကာပညာရှင် ဒေါက်တာကျော်လတ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေး မှူး ဦးအောင်အောင်ကျော်၊ ယူနက်စကိုနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံအချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က အမှာစကားပြောကြားပြီး ဗိသုကာပညာရှင် ဒေါက်တာ ကျော်လတ်က ပုဂံဒေသ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ကျန်ရှိစေရန် Master Plan ရေးဆွဲရာတွင် ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးသည်။

“မကွေးတိုင်းမှာပါတဲ့ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ချောက်၊ ဆိပ်ဖြူ၊ အဲဒါတွေကို ကျွန်တော်က လွှမ်းမိုးသောဇုန် Influence Zone လို့ ခေါ်ချင်တယ်။ အကြမ်းဖျင်း ၁၁ မြို့နယ်ရှိတယ်။ ဒီဘက်ကိုကြည့်လည်း မြင်းခြံ၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ ပုဂံညောင်ဦး၊ ငါ့သရောက် အဲဒါတွေပေါင်းလိုက်ရင် ပုဂံညောင်ဦးနဲ့ပတ်သက်နေတဲ့လွှမ်းမိုးဇုန် Influence Zone ထဲမှာ နှစ်သန်းလောက်ရှိတယ်။ အဲဒီအထဲမှာ ဟိုတယ်နဲ့ပတ်သက်ပြီး လာလုပ်နေသူက စောစောက ၁၁ မြို့နယ်ထဲက တောင်သာတို့ မြိုင်တို့လိုကနေ ရာခိုင်နှုန်း ၆၀ လောက် ရှိပါတယ်။ ပုဂံညောင်ဦးကပဲ လာလုပ်တာက ရာခိုင်နှုန်း၂၀ ပါတယ်။ အခြားဆိုတာ ရန်ကုန်တို့ မန္တလေးတို့လိုနေရာက ရာခိုင်နှုန်း၂၀ ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ မန္တလေးတိုင်းနဲ့တင် ပတ်သက်တာ မဟုတ်ပါဘူး။ မကွေးတိုင်းနဲ့လည်း ပတ်သက်တယ်ဆိုတာ ပြောချင်တာပါ။ နောက်တစ်ခါ ပုဂံကိုလာတဲ့ Tourist စာရင်းအရ ပုဂံမှာ လေးရက်လောက်နေရင် တစ်ရက်နှစ်ရက်လောက်က ပုပ္ပားသွားလည်ကြတယ်။ ပခန်းကြီးကိုသွားကြတယ်။ စလေကိုသွားလည်ကြတယ်” ဟု ဒေါက်တာကျော်လတ်က သူ့၏ဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားသည်။

ပုဂံတွင် လက်ရှိပြည်တွင်း ပြည်ပခရီးသွားများအတွက် ဟိုတယ်အခန်း ၂၂၀၀ ခန့် ရှိရာ ၂၀၄၀ ပြည့်နှစ်ခန့်တွင် တိုးတက်များပြားလာမည့် ပြည်တွင်းပြည်ပခရီးသွားများအတွက် ဟိုတယ်အခန်း လိုအပ်ချက်သည် လက်ရှိအခြေအနေထက် လေးငါးဆလိုအပ်လာမည်ဖြစ်ကြောင်းနှင့် ရှေးဟောင်း အမွေအနှစ်ဒေသအား ထိခိုက်မှုမရှိစေဘဲ ကြိုတင်တိုးချဲ့စီမံဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံများကလည်း ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဖြစ်ရေး ကန့်ကွက်ရန် မရှိသော်လည်း သတ်မှတ်ပြဋ္ဌာန်းသည့် ဇုန်နယ်နိမိတ်၊ အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်၊ သတ်မှတ်ပြဋ္ဌာန်းမည့် ဥပဒေမူဘောင်များနှင့် ပတ်သက်၍ ဒေသခံများ ထိခိုက်နစ်နာမှုမရှိစေရေး ပြင်ဆင်ဆောင်ရွက်သင့်သည်များ ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

 

ပုဂံတွင် အမေရိကန်နိုင်ငံသူတစ်ဦး ဘုရားပေါ်မှ လိမ့်ကျသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိ

ဒဏ်ရာရရှိသူအား မန္တလေးဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် နိုဝင်ဘာ ၇ ရက်ညနေပိုင်းက ကမ္ဘာလှည့်ခရီးသည် အမေရိကန်နိုင်ငံသူတစ်ဦး နေ၀င်ဆည်းဆာအလှ ကြည့်ရှုရန် ဘုရားတစ်ဆူပေါ် တက်ရောက်ရာမှ မတော်တဆ လိမ့်ကျပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အသက် ၂၁ နှစ်အရွယ် အမေရိကန်နိုင်ငံသူ Ms Braun Kassanbra သည် ည နေ ၅ နာရီခန့်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ၀တ္ထနတော ဘုရားအစုအတွင်းရှိ ဘုရားအမှတ် ၃၅၂ ပေါ်သို့ တက်ရောက်ခဲ့ရာ အမြင့်ပေ ၂၀ ခန့်မှ မတော်တဆ လိမ့်ကျခဲ့သဖြင့် မျက်ကွင်းနှစ်ဖက်ဖူး ရောင်ညိုမဲဒဏ်ရာ၊ နားနှစ်ဖက်သွေးထွက် ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများ ရရှိကာ သတိမရကြောင်း၊ ဒဏ်ရာ ပြင်းထန်သဖြင့် ညောင်ဦးဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် နေ၀င်နေထွက် ကြည့်ရှုရန် ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် ရှုခင်းကြည့်ကုန်းများ စီစဉ်ဆောင်ရွက် ထားသော်လည်း ကမ္ဘာလှည့်ခရီးသွား အချို့သည် တက်ရောက်ခွင့် မရှိသော ရှေးဟောင်းဘုရား အဆောက်အအုံများပေါ်သို့ တက်ရောက်ကြသဖြင့် မတော်တဆ လိမ့်ကျကာ ဒဏ်ရာရှိမှုများ၊ အသက်အန္တရာယ် ဆုံးရှုံးရသည်များ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။