နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ရှိ ကျေးရွာများတွင် ၀မ်းရောဂါနှင့်ဖျားနာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူထပ်မံတိုးလာပြီး ခုနစ်ဦးအထိ ရှိလာ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၀မ်းရောဂါနှင့် ဖျားနာရောဂါများ ဖြစ်ပွားမှုကြောင့် ကျေးရွာသုံးရွာမှ ကလေးငယ် သေဆုံးမှု ခုနစ် ဦးအထိရှိလာပြီဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်၏ ပြောကြားချက်အရ သိရသည် ။

“မနေ့က ညနေ ၅ နာရီ ၊ ၆နာရီလောက် သတင်း ၊ (ရွာကလူတွေ ပြောပြချက်အရ ပေါ့ ) ဟိုတစ်ခေါက် ဖြစ်သွားတဲ့ ရွာလိုပဲ တစ်ရွာလုံးလိုလို ဖြစ်တယ် ကြားတယ် ။ အဲဒီရွာက ရှန်ဟဲပေါ်ကွန်ကျေးရွာပါ။ ဆေးကုသမှု အခြေအနေကတော့ ခုမနက် ၉ နာရီလောက် ဆက်သွယ်ချက်အရ ဆေးဝါးကုသတဲ့ အဖွဲ့ တွေက မရောက်သေးဘူးပြောတယ်။ အဲဒီ ရွာက ဒုံဟီးမြို့ကနေ မိုင် ၄၀ လောက်ဝေး တယ်။ ဟိုတစ်ခါဖြစ်တဲ့ ရွာ (လန်းပန်းကျေးရွာ)  ရဲ့ တစ်လမ်းထဲပဲ။ ဒုံဟီး-လဟယ်လမ်းရဲ့ မြောက်ဘက်အရပ်မှာ ၅ မိုင်လောက် အထဲကို ၀င်ရပါတယ်။ ရွာက အရင် ရွာထက်ပိုကြီး တယ်။ အိမ်ခြေ ၉၀ ကျော်လောက်ရှိမယ်။ တပ်မတော်က ဆေးကုတဲ့အဖွဲ့က ပထမဖြစ်နေတဲ့ လမ်းပန်းရွာမှာပဲ အခြေချနေပါတယ်။ သူတို့ သွားဖို့လာဖို့က သူတို့အထက်လူကြီးတွေ ညွှန်ကြားမှ သွားမယ်ထင်တယ်။ လမ်းပန်းရွာနဲ့ အဲဒီရွာနဲ့ ၆ မိုင်၊ ၇ မိုင်လောက်ဝေး ပါတယ်။ ဒီမနက် ၇ နာရီမှာ ဖုန်းခေါ်တော့ တော်တော်လေး စိုးရိမ်ရတဲ့ ကလေး ၃၊ ၄ ယောက်လောက်ရှိတယ် ပြောတယ်။ မနက် ၉ နာရီ သတင်းကြတော့ ကလေးတစ်ယောက် ဆုံးသွားတယ်ပြောတယ်။ ရွာက ရာအိမ်မှူးရဲ့ ကလေးပါ။ ကျွန်တော်ကတော့ မြို့နယ် ကျန်းမာရေးနဲ့ တိုက်နယ်ကျန်းမာရေးတို့ကတော့ မနေ့ကတည်းက အသိပေးထားပါတယ်။ သူတို့ ဘယ်လို စီစဉ်မလဲဆိုတာ သူတို့ကဏ္ဍပါ။ ကျွန်တော်ကိုယ်တိုင် သွားကြည့်ဖို့ မနက်ဖြန် သို့မဟုတ် ဒီနေ့ ရောက်အောင်သွားမှာပါ။ အခုဆိုရင် ဒုံဟီးနယ်နန်းယွန်းနယ်မှာ စာရင်းအရတော့ လမ်းပန်းရွာမှာက လေးယောက် သေပါတယ်။ ဟချွန်းဆာကျေးရွာမှာက ၀မ်းရောဂါဖြစ်လို့သေတာ ကလေးနှစ်ဦး၊ အခု ပေါ်ကွန်ရွာမှာ တစ်ယောက်ဆိုတော့ အားလုံး ခုနစ်ယောက် သေဆုံးခဲ့ပါပြီ။ လောလောဆယ်တော့ မြေပြင်ကို အရင်သွားပြီးမှ သာ ဆွေးနွေးတိုင်ပင်ပြီးမှ ဘယ်လိုဆိုတာ ထပ်ပြောလို့ရမှာပါ” ဟု နန်းယွန်းမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည် ။

အဆိုပါ ရောဂါများဖြစ်ပွားမှုမှာ သြဂုတ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် လမ်းပန်းကျေးရွာမှ အစပြု၍ ဖြစ်ပွားခဲ့ပြီး ယခုအခါ ရှန်ဟဲပေါ်ကွန်ကျေးရွာတွင် ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရောဂါ လက္ခဏာများမှာ ချောင်းဆိုးလျှင် သွေးပါခြင်း၊ နှာခေါင်းသွေးယိုခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားသူ အများစုနှင့် သေဆုံးသူများမှာ နာဂတိုင်းရင်းသား ကလေးငယ်များဖြစ်ကြသည်ဟု သိရသည် ။

“ရှန်ဟိုင်းပေါ်ကွန်က ဒီကနေ့ပဲ တစ်လသားအရွယ် တစ်ယောက်ဆုံးသွားပြီ။ ကျန်းမာရေး စောင့်ရှောက်မှုက ဒီကနေ့တော့ ရောက်လာမယ်။ အဲဒီရွာက အိမ်ခြေ ၉၀ ကျော် လူဦး ရေ ၆၃၅ ယောက်ရှိတယ်။ ရောဂါလက္ခဏာပဲ ပြောရမယ်။ ဒေသခံတွေက ဘာရောဂါဆိုတာ ကိုတော့မပြောတတ်ဘူး။ နှာစေးချောင်းဆိုးတယ်။ နှာခေါင်းသွေးယိုတယ်။ ချောင်းဆိုးရင် သွေးပါတယ်။ ကိုယ်ပူတယ်။ ဖြစ်တာကတော့ တစ်ရွာလုံးနီးပါးဖြစ်တာ။ အဲဒီရွာက နန်းယွန်းကနေဆို ဒုံဟီးမြို့ ဒုံဟီးကနေ ရောင်ကွန်ရွာ၊ တုံကီရွာအထိကတော့ လဟယ်သွားတဲ့ လမ်းကြောင်းအတိုင်းပါ။ တုံကီကနေ အဲဒီ ရှန်ဟဲပေါ်ကွန်ကို ပြန်သွားရမယ်။ လမ်းပန်း ဆက်သွယ်ရေးက ခက်တယ်။ တစ်ကြောင်းထိုး လမ်းတွေပါ။ ဆိုင်ကယ်လမ်းမပေါက်တဲ့ ရွာတွေထက်စာရင်တော့ အခုရွာက ဆိုင်ကယ်လမ်းပေါက်တော့ လမ်းကောင်းတယ် ပြောရမှာပေါ့။ ကျွန်တော်တို့ဒေသမှာ ဒီရောဂါတွေ တော်တော်များများဖြစ်နေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်။ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ အဆင့်ကို ရောက်နေတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကွင်းဆင်းပြီး ကူညီမှုတွေ ပေးစေချင်တယ်။ နာဂဦးစီးအဖွဲ့တွေလည်း လာစေချင်တယ်” ဟု ဒုံဟီးမြို့ခံ ကိုလော်တိုးက ပြောကြားသည်။

 

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နိုင်ငံတော်က ဘတ်ဂျက်ခွဲဝေမှုနည်းသောကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ထင်သလောက် အကောင်အထည်မဖော်နိုင်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်နေရာကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နိုင်ငံတော်က ဘတ်ချက်ခွဲဝေပေးမှုနည်းပါးသောကြောင့် ထင်သလောက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည် မဖော်ပေးနိုင်သေးကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာဂရိုးရာပွဲတော်သာဝန်ကြီးများ လာရောက်ကြကြောင်း အခြားအချိန်များတွင် ၀န်ကြီးများ မလာကြကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့သည်လည်း နယ်မြေကွင်း ဆင်းတာမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များသာ နယ်မြေအားကွင်းဆင်းတာရှိကြောင်း လဟယ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ဆိုသည်။

“ကျွန်တော်တို့ဒေသမှာ ဖွံ့ဖြိုးရေးတွေ လုပ်တယ်။ လမ်းတံတားတွေလုပ်တယ်ဆိုတဲ့ဟာက ဘတ်ဂျက်က အဓိကရှိပါတယ်။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ် ရှိပါတယ်။ အဲဒီထဲကမှ အရွယ်အစား ချင်းလည်း မတူပါဘူး။ ဖွံ့ဖြိုးမှုတိုးတက်မှု အဆင့်အတန်းချင်းလည်း မတူပါဘူး။ အဲဒီတော့ ဖွံ့ဖြိုးမှုနည်းနေတဲ့နေရာမှာ ဘတ်ချက်က ပိုပြီးတော့ထည့်ရမှာ။ အဲဒီလိုကြမှ စီမံကိန်းရဲ့ မူဝါဒအကောင်အထည်ဖော်နိုင်မှာ။ အခုတော့ အဲဒီလိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့ဒေသကို ဘတ်ဂျက်ပိုပြီးတော့ ပေးရမယ့်နေရာမှာ ပိုပြီးတော့ လျော့ပြီးပေးနေတယ်လို့မြင်တယ်။ ဌာန ၁၀ ခုရဲ့ဘတ်ဂျက်တွေကို ကျွန်တော်ကြည့်လိုက်တဲ့အခါမှာ ဘီလျံပေါင်း ၉၀ လောက်ရှိတယ်။ ကျွန်တော်တို့ဒေသမှာကျတော့ တစ်ဘီလျံတောင် မရှိတဲ့အနေအထားမှာ ရှိတယ်။ ဒေသခံတွေရဲ့ တောင်းဆိုချက်အရ ဘတ်ဂျက် ထည့်သွင်းရေးဆွဲရန်အတွက် အစီရင်ခံစာ တင်ပြခဲ့တယ်။ ဘတ်ချက်ထဲမှာထည့်ထားတဲ့ ဘတ်ဂျက်တွေလည်း ဖြတ်ချလိုက်တယ်။ ဆိုတော့ လုပ်ငန်းတွေကို ထက်သရာမလုပ်ပေးနိုင်ဘူး။ ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည် မဖော်ပေးနိုင်သေးဘူး” ဟု ဦးကယ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပညာရေးနှင့်ပတ်သက်၍ ၀န်ထမ်းဖွဲ့စည်းပုံအား အပြည့်အ၀ချပေးနိုင်ခြင်း မရှိသေးကြောင်း၊ ယင်းဒေသတွင် ၂၀၁၇-၂၀၁၈ ပညာရေးနှစ်က ပညာရေးသည် ကျဆင်းသွားကြောင်း၊ နာဂဒေသအတွင်းနေထိုင်ကြသည့် ကလေးငယ်များသည်လည်း ပညာမသင်ကြားရဘဲ ကျောင်းပိတ်ခဲ့ရသည့် ရက်အများအပြားရှိခဲ့ကြောင်း နန်းယွန်းမြို့နယ်မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။

“နိုင်ငံတော်က ဘတ်ချခွဲဝေးမှုမှာလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် မမျှတဘူး။ အရေးကြီးတဲ့လုပ်ငန်းတွေကို ကျွန်တော်တို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လွှတ်တော်ကိုယ်စားလှယ်အနေနဲ့က မလုပ်ပေးနိုင်သေးဘူး။ ကျန်းမာရေးမှာလည်းဘဲ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်တယ်။ ဆေးဝါးတွေလိုရင်လည်း ကျွန်တော်တို့ကိုယ်တိုင် တိုင်းကျန်းမာရေးဌာနကို သွားပြီးတောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ကျန်းမာရေး ကတိုးတက်မှုကို ပြန်ပြီးသုံးသပ်ကြည့်တဲ့အခါမှာ အတော်လေးအားနည်းနေသေးတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း သူတို့တာ ၀န်ကျတဲ့နေရာကို မသွားကြဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးများလည်း ဖွံ့ဖြိုးတိုးတက်မှု အဆမတန် နည်းနေသေးကြောင်း၊ ထိုဒေသတွင် မြို့နယ်ပေါင်းသုံးမြို့နယ်ရှိကြောင်း ယင်းမြို့ နယ်သုံးမြို့နယ်သည် လဟယ်မြို့နယ် လေရှီး မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ဖြစ်ကြောင်း ၎င်းမြို့နယ်သုံးမြို့နယ်တွင် စုစုပေါင်း လူဦးရေ ၁၂၉၀၀၄ ဦးအထိ နေထိုင်ကြကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ စာရာမေရိတောင်အား ကြိုးပြင်ကာကွယ် ပြုလုပ်ရေး ကိစ္စနှင့် ပတ်သက်၍ နာဂအမျိုးသားရေး ကောင်စီက အချက်ကိုးချက်ပါ စာနှစ်စောင် ထုတ်ပြန်ကာ ကန့်ကွက်

စာရာမေရိတောင်ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ စာရာမေရိတောင်အား ကြိုးပြင်ကာကွယ် ပြုလုပ်ရေး ကိစ္စနှင့် ပတ်သက်၍ နာဂအမျိုးသားရေး ကောင်စီက အချက်ကိုးရက်ပါ စာနှစ်စောင်အား ဖေဖော် ၀ါရီ ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကာ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်သည့် စာနှစ်စောင်တွင် နံပါတ် (၅) အချက်တွင်၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ပြုလုပ်ခဲ့သော နာဂအမျိုးသား ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးရာ ကဏ္ဍ၊ အမှတ် (၂) မြေယာစီမံခန့်ခွဲမှုများပါ အချက်များနှင့်လည်း လုံးဝသွေဖည်နေသည်ဟု ရေးသားဖော်ပြ ထားကြောင်း သိရသည်။

“ကျွန်တော်တို့ နာဂဒေသမှာ အစိုးရကနေပြီးတော့ ကြိုးပြင်ကာကွယ်တောအဖြစ် လုပ်ချင်တယ်မျိုးပေါ့နော်။ ပြီးတော့ လုပ်တဲ့နေရာမှာလည်း သူတို့ဘက်က လုပ်ထုံးလုပ်နည်းနဲ့ မတူဘူး။ ပြီးတော့ သူတို့က အစိုးရ ချမှတ်ထားတဲ့ ဥပဒေတွေကိုလည်း သူတို့က မလိုက်နာဘူး။ ဒီအတွက် ကျွန်တော်တို့က ကန့်ကွက်တာပါ။ ပြီးတော့ ဒီကိစ္စကို ဒေသခံတွေနဲ့လည်း ဆွေးနွေးတာမျိုး မရှိဘူး။ နောက်ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နာဂ တိုင်းရင်းသားတွေအပေါ်မှာ နိုင်ငံရေးအရ မရိုးသားတာလားဆိုတာ အများကြီးပြောစရာ ရှိလာတယ်။ သံသယတွေနဲ့ ဖြစ်လာတယ်” ဟု နာဂအမျိုးသားရေး ကောင်စီဥက္ကဋ္ဌ ဦးအထောင်မကူရီက ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး သစ်တောရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ စာရာမေရိတောင်အား လေ့လာရေးခရီးစဉ် သွားရောက်သည့်အခါတွင် နာဂတိုင်းရင်းသားတို့၏ ကန့်ကွက်မှုကြောင့် စာရာမေရိတောင်အား လေ့လာခွင့်မရရှိဘဲ နောက်ကြောင်း ပြန်လှည့်ခဲ့ရသည့် အခြေအနေတစ်ခု ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကဒီလို။ ဒေသခံတွေအနေနဲ့ သဘောတူညီမယ်ဆိုရင် ဒီစာရာမေရိတောင်ကို ကြိုးပြင် ကာကွယ်တောဖွဲ့မှာပါ။ ဒါပဲ။ အခုအချိန်အထိတော့ ညှိနှိုင်းဆဲပဲ။ ကျွန်တော်တို့နဲ့ ဒေသခံတွေကြား ညှိနှိုင်းလို့ရတဲ့အထိ ဆက်လက်ပြီး ညှိနှိုင်းသွားမှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ စာရာမေရိတောင်၏ ပတ်ဝန်းကျင်သည် ၅၅၇၈၇ ဧကရှိကြောင်း၊ မြန်မာနိုင်ငံသည် ဌာနေတိုင်းရင်းသား အခွင့်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ ကြေညာစာတမ်းပါ UNDRIP အား လိုက်နာရန် လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင်၂၀၁၅ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၄ (ဆ) နှင့် ပုဒ်မ ၅ တို့အား အစိုးရ အဖွဲ့အနေဖြင့် တိုက်ရိုက်ချိုးဖောက်နေသည်ဟု ထုတ်ပြန်သည့် စာနှစ်စောင်တွင် ရေးသားပါရှိသည်။

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ရှိ နောင်ယန်းအင်းသို့ အိန္ဒိယနိုင်ငံဘက်မှ ပြည်သူများ ပိုမိုစိတ်ဝင်စားပြီး လာရောက်လည်ပတ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ရှိ နောင်ယန်းအင်းသို့ အိန္ဒိယနိုင်ငံဘက်မှ ပြည်သူများ လာရောက်လည်ပတ်နေသည်ကို တွေ့ရစဉ်

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ပေါ်ရှိ နောင်ယန်းအင်းသို့ အိန္ဒိယနိုင်ငံဘက်မှ ဒေသခံများက ပိုမိုစိတ်ဝင်စားပြီး လာရောက် လည်ပတ်လေ့ရှိသည်ဟု သိရသည်

“နောင်ယန်းအင်းကို အိန္ဒိယနိုင်ငံဘက်က နာဂတွေများပါတယ်။ အိန္ဒိယနိုင်ငံဘက်က ပြည်နယ်ပေါင်းစုံက လာကြတယ်။ နောင်ယန်းအင်းကို အိန္ဒိယဘက်က ပိုပြီးစိတ်ဝင်စားတယ်။ လာတဲ့သူတွေက ဓာတ်ခွဲဖို့ဆိုပြီး ရေယူသွားတယ်။ ဘယ်လို အဖြေထွက်သလဲဆိုတာကိုတော့ မသိရဘူး။ အခု နောက်ပိုင်းတော့ အင်းကိုဓာတ်ပုံ၊ ဗွီဒီယိုကို ကင်မရာအကြီးကြီးတွေနဲ့ ရိုက်ခွင့်မပြုတော့ဘူး။ ဘာကြောင့်လာတယ်ဆိုတာ မသိပေမယ့် အဲဒီအင်းကို လူတိုင်းလာချင်ကြပါတယ်။ ဒီအင်းက သမိုင်းအနေနဲ့ အတိုချုပ်ဆို ဒီအင်းနေရာက အရင်က ကျေးရွာတစ်ရွာပေါ့။ သူတို့က နဂါးသတ်လိုက်လို့ ဒီရွာကိုဖြိုပြီး အင်းလုပ်လိုက်တယ်ဆိုတဲ့ သမိုင်းရှိတယ်။ ဒီအင်းက ဒဏ္ဍာရီဆန်တယ်။ ဒီအင်းလာတဲ့သူတွေကို ဗီဇာနဲ့တော့မဟုတ်ဘူး။ ယာယီလည်ပတ်ခွင့်ဆိုပြီးတော့ အချိန်အကန့်အသတ်နဲ့ လည်ပတ်ခိုင်းတယ်။ အိန္ဒိယဘက်က ဒီအင်းကိုလာဖို့ဆိုပြီး လက်မှတ်ယူလာပါတယ်။ အဲဒါကို မြန်မာဘက်ပြတယ်။ အဲဒါကို ဘယ်နေရာအထိဆိုပြီး ခွင့်ပြုပါတယ်။ ဇန်န၀ါရီ ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်တွေမှာ ကျင်းပတဲ့ အိန္ဒိယနိုင်ငံ နန်ပေါင်ဘက်မှာလုပ်တဲ့ ဆောင်းရာသီပွဲတော်မှာဆိုရင် အိန္ဒိယနိုင်ငံဘက်က ဧည့်သည်တွေ အလာပိုများတယ်။ ကျွန်တော်တို့ ပန်ဆောင်မှာ ၁၀ ရက် တစ်ဈေးဖွင့်တယ်လေ။ အဲဒီလို ဈေးဖွင့်တဲ့ အချိန်ကျရင်လည်း ဈေးလာကြရင်းနဲ့ နောင်ယန်းအင်းကို လာကြတာပဲလေ။ ဒါကတော့ ပုံမှန်လာကြတာပေါ့။ တစ်နှစ် တစ်နှစ်ဆိုရင် ဧည့်သည် ထောင်ဂဏန်းလောက်တော့ လာကြတယ်။ အိန္ဒိယနိုင်ငံ ပြည်တွင်းကလည်း လာကြတာတွေလည်းရှိနေပြီ။ နောင်ယန်းအင်းကို တိမ်ကော မသွားအောင် သဘာဝပတ်ဝန်းကျင် မပျက်သွားအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အင်းထဲမှာ ရေတွေ မခန်းခြောက်အောင် အဆိပ်ငွေ့တွေ မသန်းအောင် ဓာတုဆေးတွေမကျအောင် လုပ်ဖို့လိုတယ်။ အမှိုက်တွေ ပလတ်စတစ်တွေ မကျဖို့လိုတယ်။ ဒါကတော့ ဒေသခံတွေက လုပ်ရမှာပါ ထိန်းသိမ်းရမှာပါ။ မထိန်းသိမ်းဘူးဆိုရင် မိုးတွင်ကာလ အတွင်းရေရှိပြီး နွေရာသီ၊ ဆောင်းရာသီဆိုရင် ရေမရှိဘဲ ဖြစ်သွားမှာပါ။ နောင်ယန်းအင်း ထိန်းသိမ်းဖို့အတွက် အစိုးရကိုတင်ပြတာ မရှိသေးပါဘူး။ အဓိက လိုအပ်တာကဒေသခံတွေကို နားလည်သဘောပေါက်မှု ရှိလာအောင် အရင်လုပ်ရမှာ။ ဒေသခံတွေက နားလည်သဘော ပေါက်တယ်ဆိုရင် နောင်ယန်းအင်းကို သူတို့ဘာသာသူတို့ ထိန်းသိမ်းသွားလိမ့်မယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အိန္ဒိယ – မြန်မာနယ်စပ် ပန်ဆောင်မြို့ပေါ်ရှိ နောင်ယန်းအင်း အကျယ်သည် အရှေ့နှင့် အနောက် သုံးမိုင်ခန့်၊ တောင်နှင့် မြောက်တစ်မိုင်ခန့် ကျယ်ဝန်းသည်ဟု သိရပြီး တောင်ပေါ်ဒေသတွင် တည်ရှိသော အင်းဖြစ်သည်။

“နောင်ယန်းအင်းကို ဒဏ္ဍာရီဆန်တဲ့ ပုံပြင်တွေ အများကြီးရှိတယ်။ သူတို့က ပြန်လမ်းမဲ့အင်း (Lake of No Return) ဆိုပြီးတော့ အိန္ဒိယဘက်က ပိုပြီး စိတ်ဝင်စားတယ်။ အရင်နှစ်တွေက ကားအစီး ၇၀၀ လောက်လာတယ်။ ဒီနှစ်တော့ တစ်ရက်ကို ကားအစီး ၄၀၀ လောက်လာတယ်” ဟု ပန်ဆောင်မြို့ခံတစ်ဦးက ပြောကြားသည်။