ဘောလိဝုဒ်သရုပ်ဆောင် ပရီယန်ကာချိုပရာနှင့် အမေရိကန်အဆိုတော် နစ်ဂျိုနက်စ်တို့က စေ့စပ်လိုက်ပြီဟု အတည်ပြု

Photo: AFP

ဘောလိဝုဒ်သရုပ်ဆောင် ပရီယန်ကာချိုပရာနှင့် အမေရိကန်အဆိုတော် နစ်ဂျိုနက်စ်တို့က မွမ်ဘိုင်း၌ ရိုးရာဓလေ့ စေ့စပ်ပွဲတစ်ခုကို သြဂုတ် ၁၈ ရက်တွင် ပြုလုပ်ခဲ့ပြီး ၎င်းတို့ စေ့စပ်လိုက်ကြောင်းကို အတည်ပြုခဲ့သည်။

ဂျိုနက်စ်က ချိုပရာနှင့် တွဲရိုက်ထားသည့်ဓာတ်ပုံကို Instagram တွင် ဖော်ပြခဲ့ပြီး “အနာဂတ်ရဲ့ မစ္စ ဂျိုနက်စ်။ ကျွန်တော့်ရဲ့ အသည်းနှလုံး၊ ကျွန်တော့်ရဲ့ အချစ်” ဟု ရေးသားခဲ့သည်။ ချိုပရာနှင့် ဂျိုနက်စ်သည် ယင်းစေ့စပ်ပွဲတွင် အိန္ဒိယရိုးရာဝတ်စုံများကို ၀တ်ဆင်ခဲ့ကြသည်။ ဂျိုနက်စ်၏ မိဘများသည်လည်း အိန္ဒိယ၀တ်စုံများကိုပင် ၀တ်ဆင်ခဲ့သည်။

ချိုပရာကလည်း ယင်းပုံကို ၎င်း၏ Instagram တွင် ပြန်လည်ဖော်ပြခဲ့ပြီး “Taken… with all my heart and soul” ဟု ရေးသားခဲ့သည်။

နစ်ဂျိုနက်စ်က ၎င်းထက် အသက် ၁၀ နှစ်ကျော်ကြီးသည့် ချိုပရာနှင့်တွဲပြီး နှစ်လအကြာတွင် လက်ထပ်ခွင့်တောင်းခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဂျိုနက်စ်နှင့်အသက် ၃၆ နှစ်အရွယ်ရှိ ချိုပရာတို့က မင်္ဂလာပွဲကျင်းပမည့် အချိန်ကိုမူ မထုတ်ပြန်ခဲ့ပေ။

၂၀၀၀ ပြည့်နှစ်တွင် မယ်ကမ္ဘာသရဖူ ဆွတ်ခူးခဲ့သည့် ချိုပရာသည် ဘောလိဝုဒ်၏၀င်ငွေအများဆုံးရ အမျိုးသမီးသရုပ်ဆောင်များထဲမှ တစ်ဦးဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းတွင်လည်း ပါဝင်ခဲ့သည်။

ချိုပရာသည် ABC က ထုတ်လွှင့်သည့် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ Quantico ဖြင့် အမေရိကန်ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့ပြီးနောက် Baywatch နှင့် A Kid like Jake ဇာတ်ကားတို့တွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။ ၎င်းသည် အဆိုတော်တစ်ဦးအဖြစ်လည်း အောင်မြင်ခဲ့ပြီး Pitbull နှင့် The Chainsmokers တို့နှင့် တွဲဖက်သီဆိုထားသည့် သီချင်းများသည် အမေရိကန်သီချင်းရောင်းချမှု စာရင်း၏ ထိပ်တန်းနေရာတွင် ဖော်ပြခံခဲ့ရသည်။

ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကသို့ ၀င်ရောက်ခဲ့သည့် နစ်ဂျိုနက်စ်သည် အစ်ကိုများဖြစ်သည့် ဂျိုး၊ ကီဗင်တို့နှင့် ပူးပေါင်းဖွဲ့စည်းထားသည့် The Jonas Brothers အဖွဲ့၏ခေါင်းဆောင် အဆိုတော်အဖြစ် အောင်မြင်မှုရရှိခဲ့သည်။ ဂျိုနက်စ်သည် မိုင်လေဆိုင်းရပ်စ်နှင့် ဆလီနာဂိုမက်ဇ် အပါအ၀င် ထင်ရှားသည့် အမျိုးသမီးများနှင့် တွဲခဲ့ဖူးသည်။