မိတ္ထီလာခရိုင်တွင် လေးရက်အတွင်း ဓားထိုးမှုသုံးမှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိ

မိတ္ထီလာခရိုင် သာစည်မြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့တွင် လေးရက်အတွင်း ဓားထိုးမှုနှစ်မှု၊ ဓားခုတ်မှုတစ်မှု စုစုပေါင်း သုံးမှုဖြစ်ပွားပြီး အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ကာ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး ဖမ်းဆီး ထိန်းသိမ်းထားခဲ့ရကြောင်း မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

သြဂုတ် ၂၉ ရက် ညနေပိုင်းက သာစည်မြို့ ရှင်ရဲတစ်ထောင်ဘုရားမုဒ်ဦးအနီးတွင် မိတ္ထီလာမြို့ ညောင်ကန်ကျေးရွာနေ မဆုရည်နှင်း အသက် (၂၅ နှစ်) နှင့် မိတ္ထီလာမြို့ မကျီးကုန်းရပ်ကွက်နေ မလင်းလင်းအောင် အသက် (၂၃ နှစ်) တို့ ကားရပ်ပြီးဆုကြေးကိစ္စ ပြောဆိုစဉ် စကားများရန်ဖြစ်ရာမှ အရိုးအသွားအရှည် တစ်ပေခန့်ရှိ ကော်ရိုးတပ်ဓားဖြင့်ထိုးသဖြင့် မဆုရည်နှင်း သေဆုံးခဲ့ပြီး မလင်းလင်းအောင်အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

သြဂုတ် ၂၉ ရက် ညနေပိုင်းက မိတ္ထီလာမြို့၊ ချည်စက်ရပ်ကွက်အတွင်းတွင် ကျော်ဇင်ဝင်း အသက် (၃၀ နှစ်) နှင့် ကျော်သိန်းထွန်း အသက် (၃၄ နှစ်) တို့ စကားများရန်ဖြစ်ပြီး အရိုးခြောက်လက်မ၊ အသွား ၁၄ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ထိုးခုတ်မှု ဖြစ်ပွားခဲ့ရာမှ ကျော်ဇင်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံတက်ရောက် ကုသနေရပြီး ကျော်သိန်းထွန်းအား ဖမ်းဆီးထိန်းသိမ်းထားခဲ့ရကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာ ၁ ရက်က မိတ္ထီလာဈေးကြီးအတွင်း ဒေါ်သန်းဌေးအသက် (၄၅ နှစ်) နှင့် ဦးအောင်လှ အသက် (၄၇ နှစ်) တို့ လင်မယားချင်း စကားများရန်ဖြစ်စဉ် မိန်းမဖြစ်သူက ကော်ရိုးတပ်ဓားဖြင့်ထိုးသဖြင့် ခင်ပွန်းဖြစ်သူ ဦးအောင်လှမှာ ဒဏ်ရာများရရှိခဲ့ပြီး အတွင်းလူနာ စိုးရိမ်ရဖြင့် ဆေးရုံတက်ရောက် ကုသနေခဲ့ရပြီး ဒေါ်သန်းဌေးအား ဖမ်းဆီး ထိန်းသိမ်းထားခဲ့ရကြောင်း သိရှိရသည်။

“သာစည်က အမှုကတော့ ဆုကြေးကိစ္စနဲ့ မိတ္ထီလာကနှစ်ယောက် လာစကားပြောရင်း ဓားနဲ့ထိုးတာ ကောင်မလေးတစ်ယောက် သေသွားတယ်။ ကောင်မလေးတစ်ယောက် အဖမ်းခံရတယ်။ ချည်စက်နားက အမှုကတော့ ဆိုင်ကယ်ချင်း ပွတ်တိုက်မိတာကနေ စကားများပြီး ဓားခုတ်မှုဖြစ်တာ လက်တွေ ဒဏ်ရာရသွားတယ်။ နောက်အမှုကတော့ လင်မယားချင်းဖြစ်တာ မိန်းမက ယောက်ျားကို ကြက်သွန်လှီးတဲ့ ဓားမျိုးနဲ့ ထိုးလိုက်တာ ဆေးရုံရောက်သွားတယ်” ဟု မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုများအား သာစည်မြို့မ ရဲစခန်းမှ (ပ)၂၀၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ မိတ္တီလာမြို့ မြို့မရဲစခန်းမှ (ပ) ၃၇၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၂၉၄ နှင့် မိတ္တီလာမြို့ အမှတ်(၂)နယ်မြေ ရဲစခန်းမှ (ပ) ၃၁၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၂၄/၂၉၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။