စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် လုံခြုံရေးတာဝန်ကျ ရဲတပ်သားတစ်ဦး ဓားထိုးခံရမှု ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်တွင် ဖေဖော်ဝါရီ  ၁၀ ရက်က တိုင်းဒေသကြီးလွှတ်တော်၌ လုံခြုံရေးတာဝန်ကျ ရဲတပ်သားတစ်ဦး ဓားထိုးခံရမှုဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

လွှတ်တော်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား တန်ဆွေသည် ကင်းတာဝန်ပြီးဆုံးပြီး ရည်းစားဖြစ်သူ မ—-နှင့်အတူ  ၁၂၅ အနက်ရောင်အား စီးနင်းလာပြီး လွှတ်တော်ရုံးနှင့်ရဲသင်တန်းအကြား ကမ်းနားလမ်း တာပေါင်ဘေးတွင်ထိုင်၍ စကားပြောနေစဉ် အမည်မသိ အမျိုးသားနှစ်ဦးရောက်ရှိ လာကြောင်း၊ ထို့နောက် အမည်မသိအမျိုးသားနှစ်ဦးက ရဲတပ်သား တန်ဆွေထံ ဆိုင်ကယ်သော့တောင်းရာ ရဲတပ်သားက ၎င်းတို့ နှစ်ဦးတောင်းသည့် သော့အားပေးပြီး ထိုင်ရာမှထ၍ မတ်တတ်ရပ်စဉ် အဆိုပါ အမျိုးသားနှစ်ဦးက ရဲတပ်သားနှင့် မ—-တို့ နှစ်ဦး၏  လည်ပင်းမှ သိုင်းဖက်ပါးစပ်ပိတ်ပြီး လုံးထွေးစဉ် ဓားဖြင့်ထိုးခံခဲ့ရကြောင်း သိရသည်။

ဓားထိုးခံခဲ့ရသည့် ရဲတပ်သားတန်ဆွေ၏ ယာမျက်ခုံး ပေါက်ပြဲ၊ ၀ဲဘက်နားထင် ပေါက်ပြဲ၊ ယာဘက်မျက်ခုံးပေါက်ပြဲ၊ ၀ဲဘက်ပေါင် ပေါက်ပြဲ၊ ၀ဲဘက်လက်မောင်းပေါက်ပြဲ။ နောက်ကျောယာဘက် ထိုးသွင်းဒဏ်ရာ၊ ယာဘက်ပခုံးပြတ်ရှ၊ ယာတံတောင်ဆစ်ပြတ်ရှ၊ ခါးအထက် ၀ဲဘက် ထိုးသွင်းဒဏ်ရာများ နှင့် ၀ဲဘက်ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ယင်းလူနာသည် စိုးရိမ်ရသည့်အနေအထားတွင်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထို့နောက် မ—-မှာ နဖူးပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်သားနှင့် ၎င်း၏ ရည်းစားအား ဓားဖြင့်ထိုးသွားခဲ့သည့် အမည်မသိ အမျိုးသားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ထပ်မံသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့မ ရဲစခန်းမှ ဓားဖြင့်ထိုးပြီး ထွက်ပြေးသူ နှစ်ဦးအား (ပ) ၁၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြ၀တီမြို့တွင် နေအိမ်၌ တစ်ဦးတည်း နေထိုင်သူတစ်ဦး ဓားထိုးခံရပြီး သေဆုံးလျက်တွေ့ရှိ

မြ၀တီမြို့ အမှတ် ၄ ရပ်ကွက် ၊ အောင်ဒီပါလမ်းတွင် တစ်ဦးတည်နေသူ တစ်ဦးဓားထိုးခံရပြီး သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ဇန်နာရီ ၁၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး လူသတ်တရားခံမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။ မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်၊ အောင်ဒီပါလမ်းရှိ နေအိမ်ခြံဝင်းတစ်ခုတွင် ဇန်န၀ါရီ ၁၂ ရက် ညနေ ၄ နာရီခန့်က အမျိုးသားတစ်ဦးသွေးအိုင်ထဲ၌လဲပြီး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် မြ၀တီမြို့မ ရဲစခန်းမှူး ဒုရဲမှူးမင်းကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများဖြစ်သော အမှတ် ၄ ရပ်ကွက်မှ ရာအိမ်မှူး ဦးဌေးဝင်း၊ ဦးသန်းထိုက်တို့သည် အခင်းဖြစ်ရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့မရဲစခန်းမှူးနှင့်အဖွဲ့က စစ်ဆေးရာ သေဆုံးသူမှာ အမှတ် ၄ ရပ်ကွက်၊ အောင်ဒီပါလမ်းတွင် တစ်ဦးတည်းနေထိုင်သော နေစိုး (၄၀)နှစ်ဖြစ်ပြီး ၎င်း၏ နေအိမ်ခြံဝင်းအတွင်း ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း တွေ့ရှိပြီး အလောင်းအား စစ်ဆေးရာ ယာဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာသုံးချက်ဖြင့် သေဆုံးနေကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အခင်းဖြစ်နေရာ ပတ်ဝန်းကျင်အားစစ်ဆေးရာ သေဆုံးသူနှင့် တစ်ပေခန့်အကွာ လက်ယာဘက်တွင် အရိုးအသွားတစ်ပေခန့်ရှိ အနက်ရောင် ကော်ရိုးတပ်သွေးစွန်းနေသည့် ဓားဦးချွန်တစ်ချောင်း၊ ၀ဲဘက်ခြမ်းတွင် သွေးစွန်းနေသည့်အရှည် ငါးလက်မခန့်ရှိ အရိုးမပါ စတီးဓားဦးချွန်တစ်ချောင်း၊ နေအိမ်အတွင်း သွေးစွန်းနေသော သစ်သားပက်လက် ကုလားထိုင်တစ်လုံးနှင့် အိမ်အတွင်းနှင့် မီးဖိုချောင်ဘက်၌ သွေးစက်လမ်းကြောင်းများအား စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့ ၏စစ်ဆေးချက်အရ သေဆုံးသူအလောင်းမှာ လွန်ခဲ့သည့် ရှစ်နာရီခန့်က သေဆုံးကြောင်း ခန့်မှန်းသိရှိရပြီး သေဆုံးသူအား ရဲဆေးစာဖြင့် မြ၀တီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။