သထုံမြို့တွင် လေပြင်းတိုက်၍ သစ်ပင်သစ်ကိုင်းများ လဲပြိုကျပြီး လျှပ်စစ်မီးကြိုး ပြတ်ကျသဖြင့် ၁၃ နှစ်အရွယ် သတ္တမတန်း ကျောင်းသူတစ်ဦး ဓာတ်လိုက်သေဆုံး

လေပြင်းတိုက်၍ သစ်ပင်သစ်ကိုင်းများ လဲပြိုကျပြီး လျှပ်စစ်မီးကြိုး ပြတ်ကျခဲ့သည့် သထုံမြို့ နန်းခဲရပ်ကွက် ကွက်သစ်(၁)လမ်းရှိ အခင်းဖြစ်နေရာ

မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက် ကွက်သစ် (၁) လမ်းတွင် ဇူလိုင် ၂၀ ရက် ည ၈ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး သစ်ပင်၊ သစ်ကိုင်းများ လဲပြိုကျ၍ လျှပ်စစ်မီးကြိုး ပြတ်ကျသဖြင့် ၁၃ နှစ်အရွယ် သတ္တမတန်း ကျောင်းသူတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့ (ဇူလိုင် ၂၀ ရက်) ညက လေဆင်နှာမောင်း တိုက်တဲ့အချိန်၊ ကလေးတွေက ကျူရှင်က ပြန်တဲ့အချိန်မှာ သစ်ကိုင်းတစ်ကိုင်းက ကျိုးကျပြီးတော့ လျှပ်စစ်မီးကြိုးပေါ် ပြုတ်ကျတဲ့အချိန်မှာ လေကလည်း တိုက်နေတော့ ကလေးကို သွားပတ်မိသလို ဖြစ်သွားတာ။  ဖြစ်စဉ်ကတော့ အဲဒီလောက်ပါပဲ။ ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ကလေးက မဇွန်ဖူးဝေပါ။ အသက်က ၁၂ နှစ်ပါ။ ခုနစ်တန်းကျောင်းသူ ဖြစ်ပါတယ်။ အ.ထ.က (၃) ကျောင်းမှာ ကျောင်းတက်နေသူပါ” ဟု နန်းခဲရပ်ကွက် (၁) လမ်းနှင့် (၂) လမ်း ရာအိမ်မှူး ဦးစောလွင်က ပြောကြားသည်။

“ကျွန်တော်တို့ အပိုင်းမှာက ဓာတ်တိုင်တွေ ဟောင်းနေတာ။ မီးကြိုးတွေ ဆွေးနေတာတွေ ရှိနေပါတယ်။ တခြားလမ်းမှာ ဆိုရင်လည်း ဓာတ်တိုင် ခြောက်တိုင်လောက် လိုအပ်နေတာတွေ ရှိနေပါတယ်။ တချို့နေရာတွေမှာ သစ်သားတိုင်တွေနဲ့ ထူထားတာတွေလည်း ရှိနေပါတယ်။ ဓာတ်တိုင်အသစ်တွေ လဲပေးမယ်။ မီးကြိုးအသစ်တွေ ဆွဲပေးမယ် ဆိုရင်တော့ အဆင်ပြေလောက်ပါတယ်” ဟု ဦးစောလွင်က ဆက်လက်ပြောကြားသည်။

“သူတို့သူငယ်ချင်းသုံးယောက် ကျူရှင်က ပြန်လာတယ်။ အဲဒီအချိန်မှာ လေကတိုက်နေတယ်။ သစ်ကိုင်းတစ်ကိုင်းက ဓာတ်မီးကြိုးပေါ် ကန့်လန့်ကျတော့ ရှော့ခ်ဖြစ်ပြီး မီးကပွင့်နေတယ်။ ပြီးမှ မီးလောင်ပြီး ပြတ်ကျတဲ့ သဘောပါ။ အဲဒီမှာ ကလေးသုံးယောက်မှာ တစ်ယောက်က သူ့အိမ်ရှေ့ ရောက်နေပြီဆိုတော့ အိမ်ထဲကို ၀င်ပြေးတယ်။ တစ်ယောက်က လမ်းမအတိုင်း ပြေးလာတယ်။ မဇွန်ဖူးဝေက ဘေးကို ပြေးရှောင်တာ၊ သူရှောင်တဲ့ဘက်ကိုမှ မီးကြိုးက ပြတ်ကျတာ ဖြစ်ပါတယ်။ မီးကြိုးက ကြေးကြိုးဆိုတော့ ပြတ်ကျတဲ့အခါမှာ အတန်းလိုက်မကျဘဲ ကွေးပြီးကျတော့ ကလေးကို ပတ်မိသလို ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ကလေးက ကြောက်လန့်ပြီး ဘယ်ဘက်လက်နဲ့ ဆုပ်ကိုင်ထားတော့ ကျွန်တော် သွားခွာတဲ့ အထိကို ဆုပ်ကိုင်လျက်သား ဖြစ်နေတယ်” ဟု ဓာတ်လိုက်သေဆုံးသူ မဇွန်ဖူးဝေ၏ အဘိုးလေး တော်စပ်သူ ဦးလှဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဓာတ်ကလိုက်နေတော့ ချက်ချင်းလည်း ၀င်လို့မရဘူး။ ကျန်တဲ့လူတွေလည်း ဘယ်သူမှ မ၀င်ရအောင် တားထားပြီးတော့မှ လျှပ်စစ်ဌာနလိုင်းမင်းက ထရန်စဖော်မာ မိန်းသွားချပြီးမှ ကိုင်လို့ရပြီ ဆိုတော့မှ ကျွန်တော်ကိုယ်တိုင်ပဲ ကလေးကို ပွေ့ပြီးတော့ သုံးဘီးဆိုင်ကယ်နဲ့ ဆေးရုံကို တင်ခဲ့ပါတယ်။ အားလုံးကြာချိန်က ၁၇ မိနစ်လောက်ပဲရှိမယ်။ ကလေးကတော့ ပျော့နေပြီ။ ဆေးရုံရောက်သွားတော့ ကလေးကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးပါတယ်” ဟု ပြောကြားသည်။

“အဆောက်အအုံတွေ ပျက်သွားတယ် ဆိုတာက ပြန်လည်ပြုပြင်လို့ ရပါတယ်။ လူတစ်ယောက်ရဲ့အသက် ဆိုတာက ပြန်လည် အစားထိုးလို့မှ မရတာ။ နောက်တစ်ခုက ဒီရပ်ကွက်တွေထဲမှာ ရှိနေတဲ့ မီးကြိုးတွေက ကာဗာမရှိဘူး။ မီးကြိုးပြတ်ကျတော့ ကလေးပေါ်ကိုကျပြီး ပတ်မိသလို ဖြစ်သွားတယ်လို့ သိရပါတယ်။ ဒါက ကံတရားကြောင့်လို့ ပြောလို့ရပေမဲ့ ဘာပဲဖြစ်ဖြစ် အစိုးရမှာ တာဝန်ရှိပါတယ်။ ပြည်သူတစ်ယောက် ဒီလိုမျိုး သေဆုံးသွားတယ် ဆိုကတည်းက တာဝန်အရှိဆုံးက အစိုးရပါပဲ။ ကိုယ်စားတစ်ယောက် အနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ်။ မနက်က ကလေးမလေးရဲ့ အိမ်ကိုသွားပြီး အားပေးနှစ်သိမ့်တာတွေ လုပ်ပေးခဲ့ပါတယ်” ဟု သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“ဒီဖြစ်စဉ်က နောက်နောင်ဒါမျိုး မဖြစ်ရလေအောင် အစိုးရကို သတိပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါမျိုးဖြစ်စဉ်တွေ ရှိနေတယ်။ ဒီလိုမျိုး ဟောင်းနွမ်းနေတဲ့ မီးတိုင်တွေ၊ ဒီလိုမျိုး ဆွေးမြည့်နေတဲ့ မီးကြိုးတွေ ရှိနေတယ်။ အသက်အန္တရာယ် ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေတယ် ဆိုတာကို အစိုးရကို သတိပေးလိုက်တာနဲ့ တူပါတယ်။ အစိုးရ အနေနဲ့လည်း ဒါတွေကို အထူးဂရုပြု အလေးထားဖို့ ပိုပြီးလိုအပ်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆက်လက်ပြောကြားသည်။

မဇွန်ဖူးဝေ သေဆုံးသွားမှုနှင့် ပတ်သက်၍ သထုံမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၁/၂၀၁၈) ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၂၀ ရက် ညပိုင်းက လေပြင်း တိုက်ခိုက်မှုများကြောင့် သထုံမြို့ နန်းခဲရပ်ကွက်အတွင်း လူနေအိမ် လေးလုံး၊ မြေနီကုန်းကျေးရွာတွင် နေအိမ်သုံးလုံး အမိုးလန်ပျက်စီးခြင်း၊ လိပ်အင်းရပ်ကွက်၊ နွားထောင်လမ်းရှိ စိန်ကုန်းကျောင်း အ.မ.က ကျောင်းတွင် အခန်း ငါးခန်းပါ စာသင်ဆောင် တစ်ဆောင်၌ အခန်း လေးခန်းမှာ သွပ်၊ ဒိုင်း၊ မြားများ ပျက်စီးခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်တွင် အမျိုးသားတစ်ဦး မယ်ဇလီပင်ပေါ်တက်၍ မယ်ဇလီဖူးခူးရာမှ ဓာတ်လိုက်သေဆုံး

လှိုင်သာယာမြို့နယ်တွင် အမျိုးသားတစ်ဦး မယ်ဇလီပင်ပေါ်တက်၍ မယ်ဇလီဖူးခူးရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဓာတ်လိုက်သေဆုံးသည့် အမျိုးသားမှာ လှိုင်သာယာမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သည့် ကို…. (၃၄ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီခွဲခန့်က လှိုင်သာယာမြို့နယ် (၇) ရပ်ကွက် ရန်ကုန်-ပုသိမ် ချဉ်းကပ်လမ်းဘေးရှိ မယ်ဇလီပင်ပေါ်သို့တက်၍ မယ်ဇလီဖူးခူးရာမှ ၎င်းလက်ဖြင့် ကိုင်ထားသည့် သစ်ကိုင်းနှင့် လျှပ်စစ်ကြိုးတို့ထိမိပြီး ဓာတ်လိုက်ကာ သစ်ပင်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဓာတ်လိုက်ကာ ပြုတ်ကျခဲ့သဖြင့် ကို…. မှာ လက်အရေပြား စုတ်ပြဲဒဏ်ရာ ရရှိခဲ့ကာ လှိုင်သာယာ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို လှိုင်သာယာမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၅၆/၂၀၁၈) ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ ဓာတ်လိုက်သေဆုံးခဲ့သည့် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်း၏ ဈာပနအား ရေဝေးသုသာန်တွင် ပြုလုပ်

ဓာတ်လိုက်သေဆုံးခဲ့သည့် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်း၏ ဈာပနကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ချယ်ရီဥယျာဉ်အိမ်ရာအနီး သံသုမာလမ်းမပေါ်၌ ဓာတ်လိုက်သေဆုံးခဲ့သည့် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်း၏ ဈာပနအား ဇူလိုင် ၁၅ ရက်က ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဈာပနာကို မောင်မျိုးမင်းထွန်း၏ မိဘဆွေမျိုးများသာမက သူငယ်ချင်း ကျောင်းသား ကလေးငယ်များ၊ ဆရာ/ဆရာမများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ လာရောက်ခဲ့ကြပြီး လူဦးရေ ရာဂဏန်းခန့် ရှိခဲ့ကြောင်း သိရသည်။

အဋ္ဌမတန်း ကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုတွင် ဓာတ်ကြိုးပြတ်ကျနေသည်ဟု ပြည်သူတစ်ဦးက ဖုန်းဆက်အကြောင်းကြားစဉ် ရုံးဖုန်းလိုင်းမအားခြင်း ဖြစ်ဖွယ်ရှိကြောင်း ဇူလိုင် ၁၄ ရက်က မြို့နယ်လျှပ်စစ်ရုံး တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မောင်မျိုးမင်းထွန်းသည် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီခန့်က ကျူရှင်၌ စာသင်နေစဉ် ဗိုက်ဆာသဖြင့် မုန့်ထွက်စားပြီး အပြန်တွင် သံသုမာလမ်းမပေါ် ပြတ်ကျနေသာ ဓာတ်ကြိုးနှင့် ထိမိ၍ ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဓာတ်လိုက်သေဆုံးခဲ့သော မောင်မျိုးမင်းထွန်း၏ မိသားစုအတွက် တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးက ကူညီငွေကျပ် ၁၇ သိန်းထောက်ပံ့ခဲ့ပြီး Eleven Media Group က ကျပ်သုံးသိန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သည့် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းသည် တောင်ဥက္ကလာပမြို့နယ် အလက(၂)တွင် ပညာသင်ယူနေသူဖြစ်ပြီး ကျောင်းစာတော်၍ လိမ္မာရေးခြားရှိသူဖြစ်ကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးခဲ့သော အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းသည် တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက် ရှင်သိဒ္ဓိ ၁၁ လမ်း (ခ)တွင် နေထိုင်သူဖြစ်ပြီး ဖခင် ဦးဆန်းငွေနှင့် မိခင် ဒေါ်အေးမြင့်တို့၏ မွေးချင်းခြောက်ဦး ရှိသည့်အနက် ငါးဦးမြောက်ကလေး ဖြစ်ကြောင်း သိရသည်။

စည်သူ

အိမ်သာကျင်းရွှေ့ရာမှ အမျိုးသားလေးဦး ဓာတ်လိုက်ခံရပြီး နှစ်ဦးသေကာ နှစ်ဦးဒဏ်ရာရရှိမှု တောင်ငူတွင် ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇွန် ၂၉ ရက် နံနက်ပိုင်းက အမျိုးသားလေးဦးက သံဖရိန်ဖြင့် လုပ်ထားသောအိမ်သာအား ကျင်းဟောင်းမှ ကျင်းသစ်နေရာသို့ ရွှေ့ပြောင်းစဉ် ကေဘယ်ကြိုးဖြင့် တိုက်မိ၍ဓာတ်လိုက်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက် ဒဏ်ရာရရှိသွားခဲ့ကြောင်း တောင်ငူအမှတ် (၂)နယ်မြေရဲစခန်းမှ သိရသည်။

လူနှစ်ဦးဓာတ်လိုက်သေဆုံးမှုဖြစ်စဉ် နှင့်ပတ်သက်ပြီး တောင်ငူအမှတ်(၂)နယ် မြေရဲစခန်းမှူး ရဲအုပ်အောင်ကိုကိုက “သံဖရိန်က လျှပ်စစ်စီးပြီးတော့မှ သူတို့လေးယောက်လုံးကိုလိုက်တာ၊ အဲဒီတော့ နှစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့လူ တွေအခြေအနေကတော့ အခြေအနေကောင်းတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်က တောင်ငူမြို့၁၁ ရပ်ကွက် ကန်တော်လမ်းရှိ ဆန်စက်တစ်ခုတွင် ဆန်စက်မှ အလုပ်သမားများဖြစ်ကြသည့် ကိုကျော်သူ ၃၀ နှစ် (ဘ)ဦးတင်ရွှေ၊ ကံပေါက်ကြီးရွာ၊ ကိုငြိမ်းထိုက် ၃၀ နှစ်(ဘ)ဦးအောင်ငွေ၊ ဟင်းရည်များကျေးရွာ၊ ကိုဂျစ်တူး ၂၈ နှစ်(ဘ)ဦးကျော်စိုးကံ ပေါက်ကြီးကျေးရွာနှင့်ကိုသက်နိုင်၂၅ နှစ်(ဘ)ဦးမြင့် သိန်းဟင်းရည်များကျေးရွာ တောင်ငူမြို့နယ် နေသူတို့လေးဦးမှာ ဆန်စက်တွင်ရှိသောအမြင့် ခုနစ်ပေရှိသည့် သံဖရိန်ဖြင့် လုပ်ထားသော အိမ်သာအား ကျင်းဟောင်းနေရာမှကျင်း သစ်နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းသယ်ဆောင်ရာတွင် သံဖရိန်အိမ်သာအား ဆန်စက်အတွင်းရှိ စပါးခွံပုံပေါ်အားဖြတ်၍ မရွှေ့ရာမှ စပါးခွံပုံအထက် အမြင့်ခုနစ်ပေခန့်တွင် သွယ်တန်းထားသော 11kv ဓာတ်အားကြိုးနှင့် အိမ်သာသံဖရိန်တို့ထိမိပြီး အလုပ်သမားလေး ဦးစလုံးအား ဓာတ်လိုက်ခံရခြင်း ဖြစ်သည်။

ဓာတ်လိုက်ခံရသူလေးဦးအနက်ကို ကျော်သူနှင့်ကိုငြိမ်းထိုက်တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကိုဂျစ်တူးနှင့် ကိုသက်နိုင်တို့တွင် ဒဏ်ရာ (မစိုးရိမ်ရ) တို့ရရှိသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှတ် (၂) နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၈)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ထားဝယ်မြို့တွင် အုန်းလက်တက်ခုတ်သူတစ်ဦး ဓာတ်လိုက်သေဆုံး

ဓာတ်ပုံ – ဖိုးဇော်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက် မျှော်အင်းလမ်းပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းတွင် ဇွန် ၁ ရက် မနက်ပိုင်းက အုန်းလက်တက်ခုတ်သူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန် ၁ ရက် နံနက် ၉ နာရီခန့်တွင် ၎င်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း လမ်းနံဘေးရှိ အုန်းပင်ပေါ်သို့တက်၍ ဦးချစ်မောင်က အုန်းလက်တက်ခုတ်ရာ အနီးရှိ 33KV (ထားဝယ်-သရက်ချောင်း) ဓါတ်အားလိုင်းပေါ်သို့ အုန်းလက်ပြုတ်ကျသဖြင့် ယင်းအုန်းလက်အား ဆွဲယူရာမှ ဓာတ်လိုက်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာသို့ ထားဝယ်ခရိုင် မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးယာဉ်များနှင့် ဇမ္ဗူသီရိ အရေးပေါ် လူနာတင်ယာဉ်အဖွဲ့များက သွားရောက်ကူညီခဲ့ပြီး အုန်းပင်ပေါ်ရှိ ကြိုးတန်းလန်းဖြင့် ဓာတ်လိုက်ကာ သေဆုံးနေသူကို ကရိန်းယာဉ်ဖြင့် သယ်ယူခဲ့ရကြောင်း သိရသည်။

“မနက်က ခရစ်ယာန်ကျောင်းနားမှာ လူစည်နေတော့ ပထမယာဉ်တိုက်မှု ဖြစ်တယ်ပဲထင်တာ။ နောက်မှ အုန်းပင်ပေါ်မှာ ဓာတ်လိုက်ပြီး ကြိုးတန်းလန်းနဲ့ သေနေတာကို တွေ့တာ။ သူကအုန်းပင်ပေါ် အုန်းလက်တက်ခုတ်တော့ အုန်းလက်က ဓာတ်ကြိုးပေါ် ကျတယ်ထင်တယ်။ အဲဒါကိုဖယ်ဖို့ လက်နဲ့ ဆွဲလိုက်တုန်း အခုလို ဓာတ်လိုက်သွားတယ်လို့ ယူဆတယ်။ ဓာတ်ကြိုးတွေကလည်းကာ ဗာကြိုးတွေ မဟုတ်တော့ အခုလိုဖြစ်သွားတာ” ဟု အခင်းဖြစ်ပွားရာ နေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဓာတ်လိုက်မှုကြောင့် ထားဝယ်မြို့ ၀ဲကျွန်းညောင်ရမ်းရပ်ကွက်နေ ဦးချစ်မောင် (၅၀ နှစ်) မှာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား ထားဝယ်ပြည်သူ့ဆေးရုံထံ တင်ပို့ကာ စစ်ဆေးနေကြောင်း၊ ၎င်းမှာ အုန်းလက်များ တက်ခုတ်ရာ လျှပ်စစ်မီးကြိုးပေါ်သို့ အုန်းလက်ပြုတ်ကျ၍ အုန်းလက်အား လက်ဖြင့်ဆွဲယူရာမှတစ်ဆင့် ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ယင်းသေဆုံးမှုအား ထားဝယ်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁၈/၂၀၁၈) ဖြင့် ဖွင့်လှစ်၍ စစ်ဆေးနေသည်ဟု ထားဝယ်မြို့မရဲစခန်းမှ သိရသည်။

ထားဝယ်ဒေသအတွင်း သွယ်တန်းထားသော ဓာတ်အားလိုင်း အများစုမှာ ကာဗာကြိုးများ မဟုတ်သည့်အပြင် နေအိမ်များ၊ သစ်ပင်များနှင့် နီးကပ်စွာ သွယ်တန်းထားသောကြောင့် မိုးရာသီ၌ လျှပ်စစ်အန္တရာယ် ကျရောက်နိုင်မှုအပေါ် ဒေသခံများ အနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း၊ သက်ဆိုင်ရာ လျှပ်စစ်တာဝန်ရှိသူများမှ ဓာတ်အားလိုင်းများ အနီးရှိ သစ်ပင်များကို ရှင်းလင်းနေသော်လည်း ယခုလပိုင်းအတွင်း မြို့ပေါ်ရပ်ကွက်များအတွင်း သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းများပေါ်၌ မကြာခဏရှော့ဖြစ်၍ မီးလောင်မှုများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်ဟု သိရသည်။

 

ရွှေပြည်သာမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်သမား ငါးဦး ဓာတ်လိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိ

ရွှေပြည်သာမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်သမားငါးဦး ဓာတ်လိုက်သဖြင့် တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

မေ ၁ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် ရွှေပြည်သာမြို့နယ် (၄) ရပ်ကွက်ရှိ အထည် ချုပ်စက်ရုံဝင်းအတွင်းတွင် အလုပ်သမား ၁၅ ဦးသည် စက္ကူများတင်ရာတွင် အသုံးပြုသည့် သံစင်များအား နေရာရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

ထိုသို့ နေရာရွှေ့နေစဉ် ၎င်းတို့မှာ သံစင်များအား မနိုင်သဖြင့် အောက်သို့ချစဉ် အင်္ဂတေကြမ်းခင်းတွင် ရှိနေသည့် လျှပ်စစ်ဓာတ်အား စီးဆင်းနေသည့် မီးကြိုးပေါ်သို့ ချမိခဲ့ကြောင်း သိရသည်။

ယင်းနောက် သံစင်၏ အလေးချိန် ကြောင့် မီးကြိုးမှာ ပေါက်ပြဲပြီး လျှပ်စစ်စီးဆင်းကာ ဓာတ်လိုက်ခဲ့သဖြင့် ကို…. (၁၈)နှစ်မှာ သေဆုံးခဲ့ပြီး အခြားအလုပ်သမားလေးဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား လှော်ကားနယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၄/ ၂၀၁၈) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။