သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ကျစေရန် လက်ရှိသုံးစွဲနေသည့် ဒီဇယ် ၅၀၀ PPM အစား ၁၀ PPM ပြောင်းပြီးအသုံးပြုရန် စီစဉ်နေပြီး ယင်းသို့ပြောင်းလဲပါက လက်ရှိဈေးနှုန်းထက် ဒီဇယ်တစ်လီတာ သုံးကျပ် မြင့်တက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသည့် စက်သုံးဆီ လက်လီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ရန်အတွက် လက်ရှိသုံးစွဲနေသော ဒီဇယ် ၅၀၀ PPM အစား ၁၀ PPM ကိုသာ ပြောင်းလဲအသုံးပြုရန် စီစဉ်ဆောင်ရွက်နေပြီး ယင်းကဲ့သို့ ပြောင်းလဲအသုံးပြုမည်ဆိုပါက လက်ရှိ ဈေးနှုန်းထက် ဒီဇယ်တစ်လီတာကို သုံးကျပ် မြင့်တက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း၌ ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သည့် အစည်းအဝေးမှ သိရသည်။

“ကျွန်တော်တို့ အခုသုံးနေတဲ့ ၅၀၀ PPM ပေါ့။ တစ်သန်းမှာ ၅၀၀ ပါတဲ့ဆီနဲ့ ဒီ ၁၀ ပဲ ပါတဲ့ ဆီဈေးနှုန်း ကွာဟချက်က ဆီတစ်လီတာကို မြန်မာငွေသုံးကျပ်လောက်ပဲ ကွာတယ်။ အဲဒီလောက်ကတော့ ပြောင်းသင့်တဲ့ ပမာဏပါ။ ဆီသုံးတဲ့ သူတွေကတော့ ပိုက်ဆံနည်းနည်း ပိုပေးလိုက်ရမယ်။ သို့သော်လည်းပဲ ကျန်တဲ့ပြည်သူတွေ အားလုံးကတော့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရရှိမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ဒီဇယ် ၁၀ PPM ကိုပြောင်းလဲအသုံးပြုခြင်း၊ ရောင်းချခြင်းများအတွက် စက်သုံးဆီ ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

“Proposal တင်ထားတာပဲရှိသေးတာ ခွင့်ပြုချက်ကျဖို့က သုံးလေးလ လိုသေးတယ်။ ဒီကြားထဲမှာ ပြည်သူများကို နားလည်အောင် ပညာပေးတွေလုပ်ပြီးမှ ပြောင်းလဲသင့်တယ်” ဟု အစည်းအဝေးသို့ တက်ရောက်လာသော စက်သုံးဆီလုပ်ငန်းရှင် ကိုစိုင်းက ဆွေးနွေးတင်ပြသည်။

ယင်းကဲ့သို့ ဒီဇယ် ၁၀ PPM ကိုသာ ပြောင်းလဲအသုံးပြုမည် ဆိုပါက အခြားချက်ဆီများဖြင့် ရောနှောမရောင်းချရန် တားဆီးပေးရမည်ဖြစ်ပြီး မတားဆီးနိုင်ပါက စားသုံးသူများအနေဖြင့် ဈေးနှုန်းပိုပေးရပြီး ယခင်အရည်အသွေးများ အတိုင်းသာ သုံးစွဲနေရမည်ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြသည်။

“အခုပြောင်းမယ့်ဟာသည် စားသုံးသူအတွက် အကျိုးရှိမှုကနည်းတယ်။ ဒါပေမဲ့ တိုင်းပြည်အတွက်တော့ အင်မတန် အရေးကြီးတယ်။ တိုင်းပြည်မှာနေတဲ့ ပြည်သူတွေရဲ့ အဆုတ်တွေ အသက်ရှူ လမ်းကြောင်းတွေ ဒါတွေက Sulphur ပါဝင်မှုအပေါ် မူတည်တယ်” ဟု အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒီဇယ် ၅၀၀၀ PPM ကိုသုံးစွဲခြင်းမှ လက်ရှိတွင် ဒီဇယ် ၅၀၀ PPM ကို ပြောင်းလဲ အသုံးပြုထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြောင်းလဲသုံးစွဲမှုသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ကျစေခြင်းကြောင့် ကောင်းမွန်သည့်လုပ်ရပ် ဖြစ်သော်လည်း ပြည်သူလူထု၏ အခြေခံဝင်ငွေများကိုပါ တွက်ချက်၍ ပြောင်းလဲသုံးစွဲမှုကို အချိန်ယူ စဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက အဆိုပါ အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက် ပြည်တွင်း၌ လက်လီရောင်းချမှုတွင် ဒီဇယ်တစ်လီတာကို ကျပ် ၈၀၀ မှ ၈၂၀ ကြားရှိပြီး Premium ဒီဇယ် တစ်လီတာကို ကျပ် ၈၁၀ မှ ၈၄၀ ကြားရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေး အသင်းမှ သိရသည်။