ဒါကိုတာဂျွန်ဆင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသည့် သဘာဝနယ်လွန် သည်းထိတ်ရင်ဖိုဇာတ်ကား Suspiria ကို ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသ

အော်စကာဆုရ ဒါရိုက်တာ Luca Guadagnino ရိုက်ကူးပြီး ဒါကိုတာဂျွန်ဆင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသည့် သဘာဝနယ်လွန် သည်းထိတ်ရင်ဖိုဇာတ်ကား Suspiria ကို စက်တင်ဘာ ၁ ရက်တွင် ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက် ပြသခဲ့သည်။

သည်းထိတ်ရင်ဖို ဒါရိုက်တာ Dario Argento ၏ ၁၉၇၇ ခုနှစ်က ဇာတ်ကားကို ပြန်လည်ဆန်းသစ် ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် အဓိကဇာတ်ကောင် Susie Bannion အဖြစ်ပါဝင်ခဲ့ပြီးနောက် စိတ်ရောဂါကုထုံးဆရာဝန်ထံ သွားရောက်ခဲ့ရသည်ဟု သရုပ်ဆောင် ဒါကိုတာဂျွန်ဆင်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

“သဘာဝနယ်လွန် အကြောင်းအရာတွေကို ရိုက်တဲ့အချိန်မှာ သင့်အနားမှာလည်း ရှိနေနိုင်တယ်။ ကျွန်မ စိတ်ရောဂါကုထုံးဆရာဝန်နဲ့ ပြခဲ့ရပေမယ့် စိတ်စိစစ်ကုသမှု မခံယူခဲ့ရပါဘူး” ဟု ဂျွန်ဆင်က ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ပြောကြားခဲ့သည်။ သရုပ်ဆောင် Melanie Griffiths နှင့် ဒွန်ဂျွန်ဆင်တို့၏ သမီးဖြစ်သည့် ဒါကိုတာဂျွန်ဆင်သည် ၁၉၉၉ ခုနှစ်တွင် ဇာတ်မြူးဇာတ်ကား Crazy in Alabama ဖြင့် အနုပညာလောကသို့ ၀င်ရောက်ခဲ့ပြီးနောက် Fifty Shades ဇာတ်ကားများဖြင့် အောင်မြင်မှု ရရှိခဲ့သည်။

ဘာလင်ရှိ အကသင်တန်းကျောင်းတစ်ခုတွင် အမေရိကန် အမျိုးသမီးတစ်ဦး တက်ရောက်ခဲ့ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့သည့်အကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ဒါကိုတာဂျွန်ဆင်၊ တယ်ဒါဆွမ်တင်၊ မီယာဂေါ့သ်၊ ဂျက်စီကာဟာပါ၊ Lutz Ebersdorf နှင့် Chloë Grace Moretz တို့ ပါဝင် သရုပ်ဆောင်ထားသည်။ ဂျက်စီကာ ဟာပါသည် မူရင်းဇာတ်ကားတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသော်လည်း ယခုဇာတ်ကားတွင်မူ ကွဲပြားသည့်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားသည်။

Suspiria ဇာတ်ကား၏ အဓိက ဇာတ်ဝင်သီချင်းကို Radiohead အဖွဲ့၏ခေါင်းဆောင် အဆိုတော် Thom Yorke က ရေးစပ်သီဆိုခဲ့သည်။ ယင်းဇာတ်ကားကို စက်တင်ဘာ ၁ ရက်တွင် ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက် ပြသခဲ့သည်။ ယင်းဇာတ်ကားသည် ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ အဓိကပြိုင်ပွဲကဏ္ဍတွင် ယှဉ်ပြိုင်မည့် ဇာတ်ကား ၂၁ ကားထဲတွင် ပါဝင်သည်။ ယင်းဇာတ်ကားကို နိုဝင်ဘာ ၂ ရက်တွင် ဖြန့်ချိရန် စီစဉ်ထားသည်။