မြန်မာရွှေ့ပြောင်း အလုပ်သမားများ စီးနင်းလာသည့် ယာဉ်တစ်စီး မဲဆောက် – ဘန်ကောက်လမ်း ကီလိုမီတာ ၆၆-၆၇ ကြား တောင်အဆင်းလမ်းတွင် အရှိန်လွန် တိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရ

တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော မြန်မာရွှေ့ပြောင်း အလုပ်သမားများ စီးနင်းလာသည့်ယာဉ်အား တွေ့ရစဉ်

ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စီးနင်းလာသည့်ယာဉ်သည် မဲဆောက်-ဘန်ကောက်လမ်း ကီလိုမီတာ ၆၆ -၆၇ ကြား တောင်အဆင်းလမ်း နေရာတွင် စက်တင်ဘာ ၁ ရက် နံနက် ၀၀း၃၀ အချိန် တိမ်းမှောက်ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာ့ခ်မြိုနယ် မဲဆောက်-ဘန်ကောက်လမ်းအတိုင်း မောင်းနှင်လာသည့် ထိုင်း ၁၂ ဘီးယာဉ်အမှတ် ၃၀-၀၄၂၇ တွင် New Three Diamond Co.,Ltd မှ MoU စနစ်ဖြင့် စေလွှတ်သူ အလုပ်သမား ကျား ၁၀ ဦး၊မ ၃၈ ဦး၊ ပြင်ပခရီးသည် ၁၂ ဦး၊ စုစုပေါင်း ၆၀ တို့ လိုက်ပါလာပြီး ကီလိုမီတာ ၆၆-၆၇ ကြား အရောက်တွင် အရှိန်လွန် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် အဆိုပါ ကုမ္ပဏီက စေလွှတ်သူ မြန်မာလုပ်သား မောင်ကျော်ဇောဟိန်း (ဘ) ဦးစံမောင်၊ PP.No.MD.014456၊ မဲခေါင်ကျေးရွာ၊ အောင်လံမြို့နယ်၊ မကွေးတိုင်းဒေသကြီးနေသူမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အလုပ်သမား မခင်အေး မွန်(ဘ)ဦးသန်းဌေး၊ မော်လမြိုင်နေသူသည် ၀ဲ၊ ယာ ခြေနှစ်ချောင်းကျိုး (စိုးရိမ်ရ) ဒဏ်ရာ၊ အခြားသုံးဦး (စိစစ်ဆဲဖြစ်သလို ပွန်းပဲ့ဒဏ်ရာရသူများ အပါအ၀င် မြန်မာလုပ်သား အများအပြား ဒဏ်ရာရရှိခဲ့သည်။

အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သူ ဖိဂျိုးက “ဒဏ်ရာရသူ ၁၂ ဦးမှာ တစ်ယောက် သေဆုံးခဲ့ပါတယ်။ လေးယောက်ကတော့ ပြင်းထန်တယ်၊ ကျန်တဲ့သူတွေကတော့ နည်းနည်းပါပါးပဲ ဒဏ်ရာရတယ်” ဟုဆိုသည်။

ဖြစ်စဉ်ကြောင့် တာ့ခရိုင်ရဲတပ်ဖွဲ့ မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့၊ တာ့ခ်နှင့် မဲဆောက် ဆေးရုံကြီး၊ Rescue လူမှုကယ်ဆယ်ရေး တာဝန်ရှိသူများသည် စက်တင်ဘာ ၁ ရက် နံနက် ၁ နာရီက ရောက်ရှိလာပြီး သေဆုံး၊ ဒဏ်ရာရရှိသူများအား တာခ်ဆေးရုံသို့ လည်းကောင်း၊ ကျန်အလုပ်သမားအား တာ့ခ်ရဲစခန်းရိပ်သာသို့ လည်းကောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့ထံ တာ့ခရိုင်အုပ်ချုပ်ရေးမှူး ကျလိန်လစ်စခွန်စ၀်ပါ နယ်ဘက်၊ စစ်ဘက်တာဝန်ရှိသူများ၊ New Three Diamond Co.,Ltd မှ M.D ဦးအေးကိုပါ တာဝန်ရှိသူအချို့ သွားရောက်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့် လုပ်အားခ ပိုမိုရရှိသည့် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ နေ့စဉ် ၅၀၀ ခန့် ထွက်ခွာလျက်ရှိပြီး မဲဆောက်-ဘန်ကောက် လမ်းတွင် ကားမီးလောင်ခြင်း၊ ယာဉ်တိမ်းမှောက်ခြင်းတို့ကြောင့် မြန်မာလုပ်သားများ သေဆုံး၊ ဒဏ်ရာရသူ အများအပြား ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများလုပ်ကိုင်နိုင်မည့် အလုပ်အမျိုးအစား ၁၂ မျိုးအထိ တိုးမြှင့်ရန် စီစဉ်လျက်ရှိဟုဆို

ထိုင်းနိုင်ငံတွင် လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ရစဉ်

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်နိုင်မည့် အလုပ်အမျိုးအစား ၁၂ မျိုးအထိ တိုးမြှင့်ရန် စီစဉ်လျက်ရှိသည်။

ထိုင်းနိုင်ငံဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်ကိုင်နိုင်မည့် အလုပ်အမျိုးအစား ကန့်သတ်မှုအဖြစ်အလုပ် ခြောက်မျိုးသာ ခွင့်ပြုခဲ့သော်လည်း ယခုအခါ နောက်ထပ်ခြောက်မျိုး တိုးမြှင့်ကာ အလုပ်အမျိုး အစား ၁၂ မျိုးအထိ လုပ်ကိုင်ခွင့်ပေးရန် အလုပ်သမားဝန်ကြီးထံသို့ တင်ပြထားကြောင်း သိရသည်။

မြန်မာအပါအ၀င် နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားများသည် လက်ရှိခွင့်ပြု ထားသည့် (၁) အထွေထွေလုပ်သား၊ (၂) ပန်းရန်အလုပ်၊ (၃) လက်သမားနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ (၄) စိုက်ပျိုးရေး၊ (၅) တိရစ္ဆာန်မွေးမြူရေး၊ (၆) သစ်ထုတ်လုပ်ရေးနှင့် ငါးလုပ်ငန်းများတွင် (ပညာရှင်ဆိုင်ရာ လုပ်ငန်းများမှလွဲ၍) ၀င်ရောက်လုပ်ကိုင်လျက်ရှိကြသည်။

ထို့အပြင်လုပ်ငန်းရှင်များ လိုအပ်ချက်အရထပ်မံ၍ လုပ်ငန်းခြောက်မျိုးတွင် ရွှေ့ ပြောင်းလုပ်သားများ ၀င်ရောက်လုပ်ကိုင်နိုင်ရန်အတွက် (၇) စာရင်းအင်းဆိုင်ရာလုပ်ငန်းများ (စစ်ဆေးရေးမှလွဲ၍)၊ (၈) မွေ့ရာနှင့် ပရိဘောဂဆိုင်ရာ လုပ်ငန်းများ၊ (၉) ဓားလုပ်ငန်း၊ (၁၀) မြို့ပြအင်ဂျင်နီယာလုပ်ငန်းနှင့် ဗိသုကာပညာရှင်၊ (၁၁) စက်ချုပ်လုပ်ငန်းနှင့် (၁၂) ရွံ့အိုးနှင့် မြေအိုးလုပ်ငန်းများအား ထိုင်းအလုပ်သမား ၀န်ကြီးဌာနသို့ တင်သွင်းထား ရာဝန်ကြီးမှ အတည်ပြုပြီးပါက ရွှေ့ပြောင်း အလုပ်သမားများ လုပ်နိုင်မည် ဖြစ်သည်။

“အခုလိုမူလကခွင့်ပြုထားတဲ့အလုပ် ခြောက်မျိုးရယ်၊ နောက်တိုးခြောက်မျိုးရယ်ကို ခွင့်ပြုလိုက်တာနဲ့ အညီရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်အကိုင်ရွေးချယ်စရာ အခွင့်အလမ်း ပိုများလာမှာဖြစ်သလို အလုပ်ရှင်တွေကလည်း ကျွမ်းကျင်လုပ်သားတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ထိုင်းဥပဒေပါ အခွင့်အရေးတွေအတိုင်း ဆောင်ရွက်ပေးလာကြရမှာပါ။ အလုပ်ရှင်တွေအကြိုက် ဖော်ဆောင်ပေးတဲ့အစိုးရရဲ့ မူဒါဒအသစ်ပါပဲဗျာ” ဟု မြန်မာပြည်သားများအရေးပူးတွဲ လှုပ်းရှားမှကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးက ပြောကြားသည်။

ထိုင်းလူမျိုးများ၏ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများကိုဝင်ရောက်လုပ်ကိုင်ခြင်းများကို ဥပဒေအရ တားမြစ်ထားသည်။ တခြားတားမြစ်ထားသော အလုပ်အမျိုးအစားများတွင် ရွှေ့ပြောင်းလုပ်သားများ ၀င်ရောက်လုပ်ကိုင်ခွင့် မရသေးကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများမှာ သစ်သားဖြင့် ပြုလုပ်သော ပန်းပွတ်၊ ပန်းပုဆိုင်ရာ လက်မှုလုပ်ငန်းများ၊ ယာဉ်မောင်းလုပ်ငန်း၊ ဈေးရောင်းလုပ်ငန်း၊ ကျောက်မျက်ရတနာ ထုဆစ်လုပ်ငန်း၊ ဆံပင်ညှပ်ခြင်း ဆံပင်အလှဆင်ခြင်းနှင့် အလှအပလုပ်ငန်းများ ခရီးသွားလမ်းညွှန်၊ ဈေးဗန်းရွက်ပြီး ကုန်ပစ္စည်းရာင်းဝယ်ခြင်း၊ ထိုင်းရိုးရာအနှိပ်ပညာတို့ဖြစ်ကြောင်း သိရသည်။