ထိုင်းဂူမှ ကယ်ထုတ်ခံရသောကလေးများ အိမ်တွင် ပထမဆုံးည ကုန်ဆုံးခဲ့ပြီးနောက် ဘုန်းကြီးကျောင်း၌ ဆုတောင်းခဲ့

ထိုင်းဂူထဲမှ ကယ်ထုတ်ခံရသော ကလေးအချို့အား ဇူလိုင် ၁၉ ရက်တွင် ချင်းရိုင်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ပြုလုပ်သော အခမ်းအနားတစ်ခုတွင် တွေ့ရစဉ် (Photo: AFP)

ထိုင်းမြောက်ပိုင်းတွင် ရေလွှမ်းနေသော ဂူထဲမှ ကယ်ထုတ်ခံခဲ့ရသော Wild Boars ဘောလုံးအသင်းမှ ကလေးများသည် ဇူလိုင် ၁၈ ရက်တွင် ၎င်းတို့၏နေအိမ်များ၌ မိသားစုဝင်များနှင့်အတူ ပထမဆုံးည ကုန်ဆုံးခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ကံကောင်းရန်အတွက် ဆုတောင်းခဲ့ကြသည်။

ထိုလူငယ်များနှင့် ၎င်းတို့၏နည်းပြတို့သည် မြန်မာနယ်စပ်အနီး မယ်ဆိုင်တွင် Wat Pha That Doi Wao ဘုန်းကြီးကျောင်း၌ အခမ်းအနားတစ်ခုသို့ တက်ရောက်ခဲ့ပြီး အသက်ရှည်ရန်နှင့် ကောင်းမွန်သောဘ၀ ရရှိနိုင်ရန် ဆုတောင်းခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အား ကယ်ထုတ်မည့်ဂူထဲတွင် ကျဉ်းမြောင်းသောလမ်းကြောင်းများတစ်လျှောက် အောက်ဆီဂျင်ပိုက်လိုင်းများ သွယ်တန်းရန် ကူညီပေးနေစဉ် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့ရသည့် ထိုင်း Navy SEAL ရေငုပ်သမားဟောင်း ဆာမန်ကူနန်ကိုလည်း ထိုလူငယ်များက ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

Mission Impossible ဟု အမည်ပေးခဲ့ကြသော ထိုကယ်ဆယ်ရေး အစီအစဉ်တွင် ထိုရေငုပ်သမားသည်သာ သေဆုံးခဲ့ရသည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက တရားစာများ ရွတ်ဖတ်နေသည့်အခန်းတွင် ထိုကလေးများက လက်ကောက်ဝတ်များ၌ အဖြူရောင် အဆောင်ကြိုးများကို ချည်ခဲ့ကြပြီး လက်များကို အတူတွဲထားကြကာ ဆုတောင်းခဲ့ကြသည်။

ထိုကလေးများသည် ပုံမှန်ဘ၀သို့ အခြေကျသွားနိုင်ရန်အတွက် ၎င်းတို့၏မိသားစုဝင်များသည် မီဒီယာများနှင့် အင်တာဗျူး ပြုလုပ်ခြင်းများကို တစ်လကြာ ရှောင်ရှားကြရန် တာဝန်ရှိသူများက အကြံပြုခဲ့သည်။ ထို ကလေးများသည် ၎င်းတို့၏မိသားစုများနှင့်အတူ ဦးစွာ နေထိုင်ကြမည်ဖြစ်ကြောင်း၊ ကျောင်းစာလေ့လာမှုများကိုလည်း ချက်ချင်းပြုလုပ်ဦးမည် မဟုတ်သေးကြောင်း ထိုဒေသရှိ ကျောင်းတစ်ကျောင်းမှ ဒါရိုက်တာပန်နာ ၀က်သက်ဆူရင်က ပြောကြားခဲ့သည်။

ဇွန် ၂၃ ရက်တွင် ဘောလုံးကန် လေ့ကျင့်ခဲ့ပြီးနောက် Tham Luang ဂူထဲသို့ သွားရောက်ခဲ့သည့် ထိုကလေးများနှင့် နည်းပြတို့သည် မိုးသည်းထန်စွာ ရွာသွန်းပြီး ဂူဝင်ပေါက်ပိတ်သွားခဲ့ပြီးနောက် ရက်များစွာ ပိတ်မိသွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၈ ရက်တွင် ဆေးရုံမှဆင်းပြီးနောက် မီဒီယာများနှင့် ပထမဆုံးတွေ့ဆုံပွဲ၌ ထိုကလေးများက ဂူထဲတွင် နေထိုင်ရသည့် ထိတ်လန့်ဖွယ် အကြောင်းအရာများကို ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းတို့သည် ကယ်ဆယ်သူများ မရောက်လာမီ ဂူထဲ၌ ကိုးရက်ကြာ နေထိုင်ခဲ့ရစဉ်အတွင်း ကျောက်ဆောင်များပေါ်မှ တစ်စက်တစ်စက်ကျသော ရေများကိုသောက်၍ အသက်ဆက်ခဲ့ရပြီး ထွက်ပေါက်များကို ကိုယ့်ကိုယ်ကိုယ်ရှာဖွေနိုင်ရန် ကြိုးပမ်းခဲ့ကြောင်းကို ပြန်ပြောင်း ပြောကြားခဲ့ကြသည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်ရှိ ထိုလူငယ်များအား ဂူထဲမှ အန္တရာယ်ကြီးမားသော ကယ်ဆယ်မှုအတွင်း မျက်နှာအပြည့်ဖုံး အောက်ဆီဂျင် မျက်နှာဖုံးများ ၀တ်ဆင်ပေးပြီး ထိတ်လန့်မှုမဖြစ်စေရန် စိတ်ငြိမ်ဆေးများလည်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။ သုံးရက်ကြာမြင့်ခဲ့သော ထိုကယ်ဆယ်မှုတွင် မည်သည့်မှားယွင်းမှုမျှ မဖြစ်ပေါ်ခဲ့ဘဲ ဇူလိုင် ၁၀ ရက်တွင် ကျန်ရှိသူငါးဦးကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

Ref: AFP

ထိုင်းဂူထဲမှ ကယ်ထုတ်ခံရသော ကလေးများ ဆေးရုံမှ ဆင်း

ထိုင်းဂူထဲမှ ကယ်ထုတ်ခဲ့သည့်လူငယ် ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့က ဇူလိုင် ၁၈ ရက်တွင် ချင်ရိုင်းပြည်နယ်၌ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့စဉ် (Photo: AFP)

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရေလွှမ်းနေသည့်ဂူထဲမှ အလွန်အမင်းအန္တရာယ်များသော ကယ်ဆယ်မှုပြုလုပ်ပြီးနောက် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည့် လူငယ်ဘောလုံးသမားများသည် ဇူလိုင် ၁၈ ရက်တွင် ဆေးရုံမှဆင်းခဲ့ပြီး မီဒီယာများသို့ ပထမဆုံးအကြိမ် စကားပြောမည်ဖြစ်သည်။ Wild Boars ဘောလုံးအသင်းမှ ထိုကလေးများသည် ယခင်ကြေညာထားသည့်ရက်ထက် တစ်ရက်စောပြီး ဆေးရုံမှဆင်းခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှင့် မီဒီယာများအကြား အမေး၊ အဖြေကဏ္ဍသည် အနည်းဆုံးအားဖြင့် အန္တရာယ်များသော ထိုမြေအောက် ကယ်ဆယ်ရေးအတွက် မီဒီယာများ၏ အဆက်မပြတ် ခန့်မှန်းနေမှုများကို စိတ်ကျေနပ်စေမည်ဟု အာဏာပိုင်များက မျှော်လင့်ထားသည်။ ထိုကလေးများသည် ဇူလိုင် ၁၈ ရက်နှောင်းပိုင်းတွင် ၎င်းတို့၏နေအိမ်များသို့ ပြန်ကြမည်ဖြစ်သည်။

မီဒီယာများနှင့် တွေ့ဆုံခွင့်ပေးရသည့် အကြောင်းရင်းမှာ မီဒီယာများက ၎င်းတို့အား သိလိုသည်များ မေးမြန်းနိုင်ပြီး ယင်းနောက် ကလေးများသည် မီဒီယာများ၏ ထပ်မံနှောင့်ယှက်မှုများ မကြုံရဘဲ နေအိမ်များသို့ ပြန်နိုင်ရန်ဖြစ်ကြောင်း ထိုင်းစစ်အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် Sunsern Kaewkumnerd က ပြောကြားခဲ့သည်။ Sending The Wild Boars Home ဟု ခေါင်းစဉ်တပ်ပြီး အဓိကရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသမည့် ထိုအစီအစဉ်သည် ၄၅ မိနစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ ကြားခံတစ်ဦးထားပြီး အလွတ်သဘော ပြောဆိုကြမည်ဖြစ်ကြောင်း Sunsern က ပြောကြားခဲ့သည်။

ထိုင်းမြောက်ပိုင်းတွင် ကျဉ်းမြောင်းပြီး ရေလွှမ်းနေသော Tham Luang ဂူထဲ၌ သီတင်းပတ်နှစ်ပတ်ကျော်ကြာ နေထိုင်ခဲ့ရမှုကြောင့် ထိုကလေးများသည် ရေရှည် စိတ်ဖိစီးမှုများ ခံစားရနိုင်မှုအတွက် ကျွမ်းကျင်သူများက သတိပေးထားစဉ် ထိုသတင်းစာ ရှင်းလင်းပွဲသည် အနီးကပ် စောင့်ကြည့်ခံရမည် ဖြစ်သည်။ မသေချာသော ထိခိုက်နာကျင်စေမှု ဖြစ်စေနိုင်သည့် အရေးမပါသော မေးခွန်းများအတွက် သတိထားကြရန် စစ်အစိုးရခေါင်းဆောင် ၀န်ကြီးချုပ်ပရာယွတ် ချန်အိုချာကလည်း ဇူလိုင် ၁၈ ရက်တွင် မီဒီယာကို တိုက်တွန်းခဲ့သည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြားရှိ ထိုကလေးများသည် ဆေးရုံမှဆင်းပြီးနောက် ၎င်းတို့၏မိသားစုဝင်များသည် ဂျာနယ်လစ်များနှင့် တွေ့ဆုံမှုအား တစ်လထက်မနည်း ရှောင်ထားသင့်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။ ထိုကလေးများနှင့် ၎င်းတို့၏ နည်းပြဖြစ်သူတို့သည် ရုပ်ပိုင်းရော စိတ်ပိုင်းပါ ကောင်းမွန်နေသည်ဟုဆိုသော်လည်း ၎င်းတို့တွင် စွဲကျန်နေသော စိတ်ဒဏ်ရာများကို သိရှိနိုင်ရန် စိတ်ကျန်းမာရေး စောင့်ကြည်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ထိုလူငယ်များ၏ မိသားစုဝင်များကမူ ၎င်းတို့၏ အိမ်အပြန်ခရီးအတွက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြပြီဖြစ်သည်။

သို့သော် ထိုအံ့အားသင့်ဖွယ် ကယ်ဆယ်နိုင်မှုဖြစ်စဉ်အား စိတ်ဝင်စားမှုသည် လျော့ကျသွားဖွယ်မရှိဘဲ ဟောလိဝုဒ်က ထိုကယ်ဆယ်ရေးအကြောင်းကို ဇာတ်ကားများ ရိုက်ကူးရန် ပြင်ဆင်နေကြပြီဖြစ်သည်။

Ref: AFP

ထိုင်းဂူထဲမှ ပိတ်မိနေသူများအား စောင့်ရှောက်ခဲ့သည့် သြစတြေးလျဆရာဝန် ဂူအပြင်သို့အရောက်တွင် ဖခင်၏နာရေးသတင်း ကြုံခဲ့ရ

ထိုင်းဂူထဲတွင် ပိတ်မိနေသူများ၏ ကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးပေးခဲ့သည့် သြစတြေးလျဆရာဝန် ရစ်ချက်ဟာရစ် (Photo: ABC News)

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဂူထဲ၌ ပိတ်မိနေသည့်အဖွဲ့အား စောင့်ရှောက်ခဲ့သည့် သြစတြေးလျဆရာဝန်တစ်ဦးသည် ထိုပိတ်မိအဖွဲ့အား ကယ်ထုတ်မှုပြီးစီးချိန်တွင် ဂူပြင်သို့ ထွက်လာချိန်၌ ၎င်းင်း၏ဖခင် နာရေးသတင်းကို ကြားခဲ့ရသည်။ လူငယ်ဘောလုံးအဖွဲ့အား အံ့အားသင့်ဖွယ် ကယ်ထုတ်နိုင်မှုတွင် ကူညီပေးရန် ကျွမ်းကျင်ပညာရှင်များက အထူးအကူအညီ တောင်းခံခဲ့ကြသည့် ကမ္ဘာတွင် ထင်ရှားသောဆရာဝန်နှင့် ရေငုပ်သမားလည်းဖြစ်သည့် ရစ်ချက်ဟာရစ်သည် ရေလွှမ်းနေသောဂူထဲမှ ကလေးများအား ကယ်တင်မှုတွင် ဇူလိုင် ၁၀ ရက်၌ ဂူပြင်သို့ နောက်ဆုံးထွက်လာခဲ့သူလည်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်း လိုဏ်ဂူထဲ၌ ရေငုပ်သူ အသိုင်းအ၀ိုင်းတွင် ဟာရီဟုလည်း လူသိများသော ဟာရစ်သည် အားလပ်ရက်ခရီးစဉ်အား ဖျက်သိမ်းပြီး Tham Luang ဂူထဲမှ ပိတ်မိနေသူများအား ကယ်ဆယ်ရန် နိုင်ငံတကာအဖွဲ့က ကူညီမှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ရန် ထိုင်းမြောက်ပိုင်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုပိတ်မိနေသူများအား ဂူထဲ၌ အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ၎င်းတို့၏ကျန်းမာရေး အခြေအနေကို စောင့်ကြည့်စစ်ဆေးပေးရန် ဟာရစ်သည် ရေလွှမ်းနေသောဂူထဲသို့ လေးကီလိုမီတာ (၂ ဒသမ ၂ မိုင်) အထိ အန္တရာယ်ကို ရင်ဆိုင်လျက် နေ့စဉ်သွားရောက်ခဲ့ကြောင်း၊ ထိုပိတ်မိနေသူများအား ကယ်ထုတ်ရန်အတွက် လုံလောက်သော ကြံ့ခိုင်မှု ရှိ မရှိကိုလည်း ဟာရစ်က နောက်ဆုံး အတည်ပြုပေးခဲ့ကြောင်း သြစတြေးလျမီဒီယာက ဖော်ပြခဲ့သည်။

ဂူထဲတွင် ၁၈ ရက်ကြာ ပိတ်မိနေခဲ့ပြီးနောက် ဇူလိုင် ၁၀ ရက်၌ ပိတ်မိနေသူအားလုံးကို ထိုင်းရေတပ်ရေငုပ်သမားများနှင့် အပြည်ပြည်ဆိုင်ရာ ရေငုပ်သမားများအဖွဲ့က ဘေးကင်းစွာ ကယ်ထုတ်သွားနိုင်ရန်အတွက် အစီအစဉ်ကို ဆုံးဖြတ်ခဲ့သူမှာလည်း ဟာရစ်ဖြစ်သည်ဟု သြစတြေးလျရုပ်သံ ABC က ဖော်ပြခဲ့သည်။ ကယ်ထုတ်လာခဲ့သူများအား ဆေးရုံသို့ပို့ဆောင်နေစဉ် ဇူလိုင် ၁၀ ရက်တွင် ချင်းရိုင်ပြည်နယ်ရှိ ထိုဂူထဲမှ နောက်ဆုံးထွက်လာသူသည် အဖွဲ့ဝင် ၂၀ ပါသော သြစတြေးလျကယ်ဆယ်ရေးအဖွဲ့မှ ဟာရစ်ဖြစ်ကြောင်းကို သိရှိခဲ့ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောကြားခဲ့သည်။

ပိတ်မိနေသူအားလုံးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်မှုသည် ပျော်ရွှင်မှုဖြင့် အဆုံးသတ်ခဲ့သော်လည်း Adelaide အခြေစိုက် မေ့ဆေးဆရာဝန် ဟာရစ်အတွက်မူ ဖခင်ဖြစ်သူ ကွယ်လွန်ကြောင်း ကြားသိခဲ့ရသည့်အတွက် ၀မ်းနည်းစရာသတင်းဖြစ်ခဲ့သည်။ ထိုင်းတွင် ကယ်ဆယ်ရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ခဏအကြာတွင် ဟာရီ၏ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ကြောင်း ဟာရစ် လုပ်ကိုင်နေသော SAAS MedSTAR မှ တာဝန်ရှိသူ အင်ဒရူးပီးယားက အတည်ပြုခဲ့သည်။ ဟာရစ်၏ဖခင် ကွယ်လွန်ရသည့် အကြောင်းရင်းအား ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ၎င်းသည် သားဖြစ်သူက ကယ်ဆယ်ရေးအတွက် ထွက်ခွာသွားချိန်တွင်မူ နေကောင်းနေခဲ့ကြောင်း ပီးယားက ပြောကြားခဲ့သည်။ ဂူထဲတွင် ပိတ်မိနေသူများအား စောင့်ရှောက်မှုပေးခဲ့သည့် ဟာရစ်နှင့် ထိုင်းရေတပ် ရေငုပ်သမားလေးဦးတို့သည် ကြီးကျယ်သော သူရဲကောင်းများဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် မယ်ကွန်တန်ဘူးက ဇူလိုင် ၁၁ ရက်တွင် ဂုဏ်ပြုခဲ့သည်။

Ref: AFP

ထိုင်းဂူထဲမှ ကယ်ထုတ်ခံခဲ့ရသည့်ကလေးများ ကိုယ်အလေးချိန် ကျသွားသော်လည်း ကျန်းမာရေးကောင်းမွန်

ထိုင်းဂူထဲမှ ကယ်ထုတ်ခဲ့သည့် ကလေးများအား ကုသပေးနေသည့် ချင်းရိုင်ဆေးရုံတွင် ဇူလိုင် ၁၁ ရက်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (Photo: AFP)

ထိုင်းဂူထဲတွင် ၁၈ ရက်ကြာ နေထိုင်ခဲ့ရပြီး ဇူလိုင် ၁၀ ရက်၌ ကယ်ထုတ်ခံခဲ့ရသော ကလေးများသည် ကိုယ်အလေးချိန် ကျဆင်းခဲ့သော်လည်း ကျန်းမာရေးကောင်းမွန်နေကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ရေလွှမ်းနေသောဂူထဲတွင် ပိတ်မိနေစဉ်အတွင်း ထိုကလေး ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့သည် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခဲ့ကြကြောင်း ထိုကလေးများအဖွဲ့အား ကုသပေးနေသည့် ချင်းရိုင်ပြည်နယ်ဆေးရုံတွင် သတင်းစာရှင်းလင်းပွဲ၌ အများပြည်သူဆိုင်ရာ ကျန်းမာရေးစစ်ဆေးသူ တုံချိုင်းလာ့တ်ဝီလားရာတာနာပေါင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဇူလိုင် ၈ ရက်တွင် ပထမဆုံး ကယ်တင်ခဲ့သော ကလေးလေးဦးသည် အစာများကို ပုံမှန်အတိုင်းစားနိုင်ပြီး လမ်းလျှောက်နိုင်ကာ ဇူလိုင် ၉ ရက်တွင် ထပ်မံကယ်ထုတ်ခဲ့သည့် ကလေးလေးဦးသည် အစာပျော့များကို စားနိုင်ခဲ့သည်။ ဇူလိုင် ၁၀ ရက် ညနေတွင် နောက်ဆုံးကယ်တင်ခဲ့သည့် ကလေးလေးဦးနှင့် နည်းပြတို့အနက် တစ်ဦးတွင် အဆုတ်၌ ကူးစက်မှု အနည်းငယ်ဖြစ်ထားကြောင်း တုံချိုင်းက ပြောကြားခဲ့သည်။ ပထမဆုံး ကယ်တင်ခံရသည့်လေးဦးအနက် နှစ်ဦးတွင် အဆုတ်ရောင်ရောဂါလက္ခဏာများ တွေ့ခဲ့ရပြီး ၎င်းတို့သည် ဆေးခုနစ်ရက်သောက်ရမည်ဖြစ်ကြောင်း တုံချိုင်းက ပြောကြားခဲ့သည်။

ထိုကလေးများ၏ ပျမ်းမျှကိုယ်အလေးချိန် ကျဆင်းမှုသည် နှစ်ကီလိုဂရမ် (၄ ဒသမ ၄ ပေါင်) ဖြစ်ကြောင်း၊ ၎င်းတို့သည် ဂူထဲ၌ တစ်စက်တစ်စက်ကျနေသည့်ရေများကို သောက်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုကလေးများအား ပြင်ပမှရောဂါ ကူးစက်မှုများမှ ကြိုတင်ကာကွယ်နိုင်ရန် ဆေးရုံတွင် သီးခြားခွဲထားမည်ဖြစ်သည်။

သို့သော် ကလေးအချို့၏ မိသားစုဝင်များသည် မှန်ကာထားသည့်နေရာမှတစ်ဆင့် ကြည့်ရှုနိုင်မည်ဖြစ်ပြီး မည်သည့်ပြဿနာမျှ မဖြစ်ခဲ့ပါက ကာလတစ်ခုလွန်လျှင် မိသားစုဝင်များအား ပိုးသတ်ထားသည့်ဝတ်စုံများ ၀တ်ဆင်စေပြီး ကလေးများနှင့် အနီးကပ် တွေ့ဆုံခွင့်ပေးမည်ဖြစ်သည်။

မှောင်မည်းပြီး ကျဉ်းမြောင်းသော ထိုဂူထဲတွင် ထိတ်လန့်ဖွယ် အတွေ့အကြုံများ ကြုံခဲ့ရသော ထိုကလေးများအား စိတ်ဓာတ်ရေးရာ ကျန်းမာရေးအတွက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားထားသည်။

Ref: AFP

ထိုင်းလိုဏ်ဂူအတွင်းမှ ကလေးများကယ်ဆယ်ရေး ဒုတိယမြောက်နေ့တွင် နောက်ထပ်လေးဦးအား ကယ်ထုတ်နိုင်ခဲ့

ဇူလိုင် ၉ ရက်တွင် လူငယ်များပိတ်မိနေသည့် ဂူ၏အပြင်ဘက်တွင် အရေးပေါ်ပို့ဆောင်ရန်အတွက် ရဟတ်ယာဉ်တစ်စင်းက စောင့်ဆိုင်းနေစဉ် (Photo – AFP)

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေကြီးနေသော လိုဏ်ဂူအတွင်းတွင် ပိတ်မိနေသော ဘောလုံးအသင်းမှ ကျန်ရှိနေသည့် အဖွဲ့ဝင် ကိုးဦးကိုကယ်ထုတ်ရန်အတွက် ဒုတိယအဆင့် ကယ်ဆယ်ရေးအား ဇူလိုင် ၉ ရက် တွင် ပြုလုပ်ခဲ့ရာ နောက်ထပ်ကလေး လေးဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာမှ ကျွမ်းကျင်သူများ ဦးဆောင်သော ရေငုပ်အဖွဲ့သည် ဇူလိုင် ၉ ရက် နေ့လယ်ပိုင်းက လိုဏ်ဂူအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး မူလစီစဉ်ထားသည့် အချိန်ထက်စော၍ ကယ်ဆယ်ရေးလုပ်ငန်း ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

ဇွန် ၂၃ ရက်က Tham Luang ဂူအတွင်း ပိတ်မိသွားခဲ့သော ကလေးဘောလုံး အသင်းသား ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့ကို ပြန်လည်ကယ်ထုတ်ရန်အတွက် ဇူလိုင် ၈ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရာ နောက်ထပ်လေးဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကယ်ထုတ်ခဲ့သူများအား အာဏာပိုင်များက အသေးစိတ်ကြေညာခြင်း မရှိသေးဘဲ ၎င်းတို့၏ အခြေအနေနှင့်ပတ်သက်၍လည်း အနည်းအကျဉ်းသာ သိရသေးသည်။

ဇူလိုင် ၉ ရက် ညနေတွင် ထိုင်းနိုင်ငံမြောက်ပိုင်းချန်ရိုင်း ပြည်နယ်မှ Tham Luang ဂူထဲရှိ နောက်ထပ် ကလေးလေးဦးကို ဂူအပြင်ဘက်တွင် အသင့်စောင့်ဆိုင်းနေသော ရဟတ်ယာဉ်နှင့် လူနာတင်ယာဉ်များပေါ်သို့ ဆေးဘက်ဝန်ထမ်းများက သယ်ယူသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း ထိုဂူအနီး သတင်းယူနေသည့် ရိုက်တာသတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

ဂူထဲမှ ကလေးများအား ကယ်ထုတ်မှုကို ဇူလိုင် ၈ ရက်တွင် စတင်ခဲ့ပြီး ထိုနေ့၌ ကလေးလေးဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံတွင် ကျန်းမာရေးအခြေအနေကောင်းမွန်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

 

ထိုလူငယ်ဘောလုံးသမားအုပ်စုသည် အားကစားလေ့ကျင့်မှုအပြီး လေ့လာရေးအဖြစ် ထိုဂူထဲသို့ ဇွန် ၂၃ ရက်တွင် ၀င်ရောက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ဂူဝင်ပေါက် ပိတ်ဆို့သွားခဲ့ပြီးနောက် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြားရှိ လူငယ်အများအပြားပါဝင်သည့် ထိုအဖွဲ့အား ဂူပြင်သို့ကယ်ထုတ်မှုပြီးစီးရန် အချိန်သုံးရက် သို့မဟုတ် လေးရက်ကြာမြင့်နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။ လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်မှုကြောင့် အချိန်လု၍ လုပ်ဆောင်ရမည် ဖြစ်သည်။

Ref;Reuters/CNN

ထိုင်းဂူထဲမှကလေးများအား အပြင်သို့ကယ်ထုတ်ရန် စွန့်စားမည်မဟုတ်ဟု ကယ်ဆယ်ရေးများက ကတိပြု

ဂူထဲရှိ လူငယ်များအဖွဲ့၏ ဗီဒီယိုအား ပြသနေမှုကို ဇူလိုင် ၄ ရက်တွင် ၎င်းတို့၏ မိသားစုဝင်များနှင့် ဆွေမျိုးများက ကြည့်ရှုနေကြစဉ် (Photo: AP)

ထိုင်းနိုင်ငံမြောက်ပိုင်း ချန်ရိုင်းပြည်နယ်မှ တစ်စိတ်တစ်ပိုင်း ရေလွှမ်းနေသော ဂူထဲမှ အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့သည့် လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြဖြစ်သူတို့အား အပြင်သို့ ရွှေ့ပြောင်းကယ်ထုတ်ရာတွင် မည်သည့်စွန့်စားမှုမျှ ပြုလုပ်မည်မဟုတ်ကြောင်း ထိုင်းကယ်ဆယ်ရေးများက ဇူလိုင် ၄ ရက်တွင် ကတိပြုခဲ့သည်။ ထိုလူငယ်အဖွဲ့က ၎င်းတို့သည် ကျန်းမာရေး ကောင်းမွန်ကြောင်း ပြောကြားထားသည့် မှတ်တမ်းဗီဒီယိုဖိုင်သစ်ကို ထိုင်း Navy SEAL က ထုတ်ပြန်ခဲ့ချိန်တွင် ကယ်ဆယ်ရေးများက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘေးကင်းလုံခြုံမှုအတွက် စိတ်ချရမှသာ ထိုလူငယ်အဖွဲ့အား ရွှေ့ပြောင်းပေးမည်ဟု အာဏာပိုင်များက အခိုင်အမာ ပြောကြားခဲ့သည်။ ထိုလူငယ်များအား မရွှေ့ပြောင်းမီ မည်သည့်စွန့်စားရမှု အန္တရာယ်မျှမရှိကြောင်း ရာနှုန်းပြည့် ယုံကြည်စိတ်ချမှုရှိရမည်ဖြစ်ကြောင်း ချန်ရိုင်းပြည်နယ် အုပ်ချုပ်ရေးမှူး နာရောင်ဆက်အိုဆော့တာနာကွန်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုဂူထဲ၌ ဖုန်းလိုင်းတပ်ဆင်ရန် ကြိုးပမ်းမှုများသည် ဇူလိုင် ၃ ရက်ညတွင် မအောင်မြင်ခဲ့သော်လည်း စားစရာ၊ ဆေးဝါးနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုမူ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို ၁၃ ဦးစလုံးအား ဂူပြင်သို့ အမြန်ဆုံးကယ်ထုတ်နိုင်ရန် လိုလားကြောင်း၊ သို့သော် အချိန်နှင့်ရက်ကို အတိအကျ မသတ်မှတ်လိုကြောင်း စစ်အစိုးရ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း ပြောကြားခဲ့သည်။

ဂူအပြင်ဘက်တွင် စောင့်ဆိုင်းနေသော မိသားစုဝင်များထံ ပျော်ရွှင်အားတက်စေမည့် သတင်းစကားပေးပို့မှုအဖြစ် ထိုလူငယ် ၁၁ ဦးနှင့် ၎င်းတို့၏နည်းပြဖြစ်သူတို့က ကင်မရာကို မျက်နှာမူလျက် ထိုင်းရိုးရာဖြင့် တစ်ဦးချင်းစီနှုတ်ဆက်ပြီး အမည်ပြောင်များဖြင့် မိတ်ဆက်ခဲ့ကာ ကျန်းမာရေးကောင်းမွန်ကြောင်း တစ်ဦးချင်းစီ ပြောကြားခဲ့သည်ဟု ထိုင်း Navy SEAL က Facebook တွင် တင်ခဲ့သော ထိုဗီဒီယိုအပိုင်းသစ်၌ တွေ့ရှိခဲ့ရသည်။

တစ်မိနစ်ကြာမြင့်ခဲ့သော ထိုဗီဒီယိုအပိုင်းတွင် လူငယ်ဘောလုံးသမား ၁၂ ဦးအနက် တစ်ဦးဖြစ်သူက သူ့ကိုယ်သူ မိတ်ဆက် စကားပြောရန် မေ့ကျန်ခဲ့ကြောင်း ပြောကြားခဲ့ရာ အားလုံးက ၀ိုင်းရယ်လျက် အဆုံးသတ်ထားခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ အရှည်ဆုံး လိုဏ်ဂူတစ်ခုထဲတွင် ရှုပ်ထွေး ကျယ်ပြန့်သော ကယ်ဆယ်ရေး၌ အောင်မြင်မှုရှိစေရန် စောင့်ဆိုင်းနေရသူများအတွက် ထိုဗီဒီယိုအပိုင်းသစ်က ပျော်ရွှင်စရာ ဖြစ်စေခဲ့သည်။

ဂူအပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် ပျောက်ဆုံးလူငယ်များအနက် တစ်ဦးဖြစ်သူ၏ မိခင်ဖြစ်သူက တီဗီဖန်သားပြင်တွင် ပြသခဲ့သော ထိုဗီဒီယိုအပိုင်းသစ်၌ ၎င်း၏သားဖြစ်သူကို ဖျတ်ခနဲမြင်တွေ့လိုက်ရသဖြင့် ၀မ်းသာကြောင်း ပြောကြားခဲ့သည်။ “သူက နည်းနည်းပိန်သွားတယ်” ဟု ထိုအမျိုးသမီးက ၎င်း၏သားဖြစ်သူ၏ ပုံရိပ်ကို လက်ညှိုးထိုးလျက် ပြောကြားခဲ့သည်။

ရေလွှမ်းနေဆဲဖြစ်ပြီး မုတ်သုံမိုးကလည်း မကြာမီ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားကြချိန်တွင် ထိုလူငယ်များအဖွဲ့အား ဂူပြင်သို့ ပြန်ထုတ်နိုင်ရန်မှာ ရှည်ကြာနိုင်ပြီး စွန့်စားရမှု အန္တရာယ်များဖြင့် အတိပြီးနေဖွယ်ရှိသည်။

လာမည့်ရက်ပိုင်းအတွင်း ရာသီဥတု ဆိုးရွားလာနိုင်ခြင်းကြောင့် တာဝန်ရှိသူများကလည်း ဂူထဲမှ ရေများကို အချိန်ပြည့် စုပ်ထုတ်နေသည်။ Navy SEAL မှ ရေငုပ်သမား အများအပြားကလည်း ဆေးဘက်အဖွဲ့နှင့် ပူးပေါင်းလျက် ထိုလူငယ်အဖွဲ့နှင့်အတူ ရှိနေမည်ဟု ကတိပြုခဲ့ကြသည်။

Ref: AFP