Leicester City ဘောလုံးအသင်းပိုင်ရှင်၏ ကုမ္ပဏီအား စွဲဆိုထားသောအမှုကို ထိုင်းတရားရုံးက ပယ်ဖျက်

King Power ကုမ္ပဏီကို တရားစွဲဆိုခဲ့သည့် ခြစားမှုတိုက်ဖျက်ရေး တာဝန်ရှိသူ ချန်ချိုင်းကို စက်တင်ဘာ ၁၈ ရက်တွင် ဘန်ကောက်ရှိ ဗဟိုတရားရုံး အပြင်ဘက်၌ တွေ့ရစဉ် (Photo : AFP)

Leicester City ဘောလုံးအသင်းကို ပိုင်ဆိုင်သော King Power ကုမ္ပဏီကို တရားစွဲဆိုထားသော အမှုအား စက်တင်ဘာ ၁၈ ရက်တွင် ထိုင်းတရားရုံးက ပယ်ဖျက်ခဲ့သည်။ အကောက်ခွန်လွတ် စီးပွားရေး လုပ်ငန်းကြီးကို ပိုင်ဆိုင်သော King Power သည် အခွန် ဒေါ်လာ သန်း ၄၃၀ ကျော် နိုင်ငံအားပေးရန် ကြွေးကျန်နေကြောင်း ခြစားမှုတိုက်ဖျက်ရေး တာဝန်ရှိသူ ချန်ချိုင်း အစ္စရာဆင်နာရပ်က ပြီးခဲ့သည့်နှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လေဆိပ်များတွင် အခွန်လွတ်ရောင်းဝယ်ရေးကို လုပ်ကိုင်နေသော King Power ၏ အမှုဆောင်များသည် ဘန်ကောက်၏ အစည်ကားဆုံးသော လေဆိပ်ခန်းမဆောင်များတွင် လုပ်ကိုင်ခွင့်ရရန်အတွက် ပေးရမည့် ၀င်ငွေပမာဏကို ဝေစုအနည်းငယ်သာ ပေးခဲ့ကြောင်း စွဲဆိုချက်က စွပ်စွဲထားသည်။ ယင်းတရားစွဲဆိုမှုသည် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးနှင့် အဆက်အသွယ် အကောင်းဆုံးသော စီးပွားရေးလုပ်ငန်းကြီး တစ်ခုအား တရားရေးအရ ရှားရှားပါးပါး စိန်ခေါ်မှုဖြစ်ခဲ့သည်။

King Power သည် Leicester City ဘောလုံးအသင်းကို ပိုင်ဆိုင်ပြီး သြဇာကြီးမားသည့် ဘီလျံနာသူဌေး ၀ီချိုင်းစရိဝက်ဒနာပရာဘာ၏ ကုမ္ပဏီ ဖြစ်သည်။ King Power သည် ထိုင်းလေဆိပ်အာဏာပိုင်အဖွဲ့ (Airports of Thailand (AOT)) ကို နှစ်စဉ်ဝင် ငွေ၏ ၁၅ ရာခိုင်နှုန်းခန့်သာပေးကြောင်း ခြစားမှုတိုက်ဖျက်ရေး တာဝန်ရှိသူ ချန်ချိုင်းက စွပ်စွဲထားသည်။

၂၀၀၆ ခုနှစ်မှစ၍ ယနေ့အချိန်အထိ King Power သည် ဒေါ်လာ ၄၃၈ သန်း (ဘတ် ၁၄.၂၉ ဘီလျံ)ခန့် ပေးရန် ကြွေးကျန်ရှိသည်ဟု တရားစွဲဆိုချက်က ဖော်ပြထားသည်။ သို့သော်လည်း ဘန်ကောက်ရှိ ခြစားမှုဆိုင်ရာ ဗဟိုတရားရုံးက ယင်းတရားစွဲဆိုမှုကို ပယ်ချခဲ့သည်။ ချန်ချိုင်းသည် ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာသူ မဟုတ်သောကြောင့် တရားစွဲဆိုရန်အတွက် တရားရေးဆိုင်ရာ အာဏာပိုင်မှု မရှိကြောင်း၊ ထို့အတွက်ကြောင့် ၎င်း၏ တိုင်ကြားချက်ကို ပယ်ချကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် AOT ၏ ရှယ်ယာရှင် တစ်ဦးဖြစ်လာခဲ့သော ချန်ချိုင်းက ၀င်ငွေအမြောက်အမြား ဆုံးရှုံးမှုသည် အများပြည်သူကို သက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။

“ဒီနိုင်ငံက အများကြီး ထိခိုက်နစ်နာနေပါတယ်။ ခြစားမှုတွေ၊ မှားယွင်းမှုတွေက ဆယ်နှစ်ကျော်ကြာ ဖြစ်နေခဲ့ပါတယ်” ဟု ချန်ချိုင်းက ပြောကြားခဲ့သည်။ အမှုအတွက် အယူခံဝင်ရန်နှင့် အမျိုးသား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ထံသို့ တိုင်ကြားရန် တစ်ခုခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချန်ချိုင်းက ပြောကြားခဲ့သည်။

King Power သည် မည်သည့်အမှားအယွင်းမှ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ယခင်ကလည်း ငြင်းဆိုထားပြီး ချန်ချိုင်းကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည်။ ၁၉၈၉ ခုနှစ်တွင် ဘန်ကောက်၌ ဈေးဆိုင်တစ်ဆိုင်ဖြင့် လုပ်ငန်းစတင်ခဲ့ပြီး အကောက်ခွန်လွတ် လုပ်ငန်းကြီး တစ်ခုလုံးကို ပိုင်ဆိုင်သည့် ၀ီချိုင်းသည် ထိုင်းလေဆိပ် အားလုံးတွင် အကောက်ခွန်လွတ်လုပ်ငန်း အားလုံးကို အားလုံးနီးပါး လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသည်။

၂၀၁၆ ခုနှစ်တွင် Leicester City ဘောလုံးအသင်းက အင်္ဂလိပ်ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့ပြီးနောက် ၀ီချိုင်း၏ မိသားစုသည် ဘောလုံးအသင်း၏ ပိုင်ရှင်များအဖြစ် အောင်မြင်လာခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အစိုးရက ၂၀၀၆ ခုနှစ်တွင် King Power အား အခွန်လွတ် လုပ်ငန်းကြီးကို လုပ်ပိုင်ခွင့်ပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် လုပ်ကိုင်ခွင်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

Ref : AFP

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ် မယ်ဆိုင်ချောင်း ရေကြီးပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဈေးများ ရေနစ်မြုပ်ကာ ယာယီပိတ်ထား

မယ်ဆိုင်ချောင်း ရေကြီးမှုကြောင့် ဈေးများရေနစ်မြုပ်နေစဉ် (ဓာတ်ပုံ-သက်ဦး)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ် မယ်ဆိုင်ချောင်း ရေကြီးသဖြင့် ထိုင်းနိုင်ငံနှင့် တာချီလိတ်ရှိ တာလော့ဈေးများ ရေနစ်မြုပ်ခြင်းကြောင့် ဈေးဆိုင်များ ယာယီပိတ်ထားရကြောင်း တာချီလိတ်ဒေသခံများထံမှ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် သိရသည်။

တာချီလိတ်မြို့တွင် စက်တင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက ရွာသွန်းခဲ့သောမိုးကြောင့် မယ်ဆိုင်ချောင်း ရေကြီးခဲ့သဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ နယ်နိမိတ်တံတားအနီး ချောင်းဘေးပတ်ဝန်းကျင် ဈေးများ ရေကြီးနစ်မြုပ်ခဲ့သဖြင့် ဈေးဆိုင်များ ပိတ်ထားရခြင်းဖြစ်ကြောင်း၊ အဆိုပါ ဈေးတို့မှာ ရေ၀ပ်ဧရိယာတွင် ကျရောက်နေသဖြင့် နှစ်စဉ်တိုင်းရေကြီးချိန် နစ်မြုပ်လေ့ရှိပြီး၊ ထိုသို့ ဆိုင်ပိတ်လေ့ရှိကာ တစ်ရက် နှစ်ရက်နေလျှင် ရေပြန်ကျသွားတတ်ကြောင်း၊ တာချီလိတ်တွင် ရေကြီးခြင်းကြောင့် မက္ကာဟိုခမ်းရပ်ကွက်နှင့် တာလော့ရပ်ကွက်ရှိ တာလော့ဈေး ရေနစ်မြုပ်နေပြီး မယ်ဆိုင်ဘက်တွင် စိုင်းလုံးကျွဲဈေးတွင် ရေကြီးနစ်မြုပ်မှု ဖြစ်ခဲ့ပြီး ဆိုင်ခန်းများ ပိတ်ထားကြောင်း သိရသည်။

“မယ်ဆိုင်ချောင်း ရေကြီးတာပေါ့။ ခုနစ်ပေ ရှစ်ပေလောက် နက်တယ်။ အခုချိန်မှာ ပေ ၂၀ လောက်တော့ ရှိမှာပေါ့။ မနက်ကမှ စတက်တယ်၊ ဒီတိုင်းပဲ ခဏလောက် တက်ပြီးတော့ ပြန်ကျသွားတယ်။ တစ်ရက် နှစ်ရက်ပြီးရင် ပြန်ကျတယ်။ အကြာကြီး မဟုတ်ဘူး။ ဟိုဘက် ဒီဘက် တံတားနားမှာပေါ့။ ဈေးပေါ်တက်တာပေါ့။ အရင်က ရေ၀ပ်ဧရိယာတွေပဲ ဟိုဘက်ချဲ့ ဒီဘက်ချဲ့ပေါ့။ နှစ်ဖက်လုံးပါတယ်။ ဟိုဘက်က တောင်စောင်းပေါ်မှာရှိတဲ့ ဈေးကိုတက်တာ၊ ဒီဘက်ကမှာတော့ တံတားဘယ်ဘက်ခြမ်းမှာရှိတဲ့ ဈေးကို ရေတက်တာပေါ့။ တချို့တော့ နည်းနည်းတော့ ရေမြုပ်တာပေါ့။ ရေမြုပ်တာ ကျော်တယ်။ တစ်ဈေးလုံး တက်တယ်။ လမ်းမကြီး မရောက်ခင်အထိကို တက်တယ်။ ဒီတိုင်းပဲ အကြာကြီး မဟုတ်ဘူး” ဟု တာချီလိတ်ဒေသခံ ကိုသန့်ဇင်က ပြောကြားသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရေကြီးမှုကြောင့် ချစ်ကြည်ရေး တံတား(၁) အနီး တင်ကျန်ခဲ့သည့် ရွှံ့များကို သက်ဆိုင်ရာက ရေများဖြင့် ပြန်လည်ဆေးကြောခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက မြင်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကြီးမြို့တွင်လည်း ၁၇ ရက်ညက လေပြင်းတိုက်ခတ်ခြင်းကြောင့် ညောင်ဖြူနယ်မြေ (၆) သော်ကလမ်းတွင် ဓာတ်တိုင်အချို့ လဲပြိုခြင်း ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းကို မုန်တိုင်းချဉ်းကပ်ရောက်ရှိလာကာ မုန်တိုင်း ၀င်ရောက်စဉ် တစ်နာရီ ၄၆ မိုင်နှုန်း၊ လေပြင်းတိုက်ချိန် ၅၄ မိုင် အထိရှိပြီး မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ် တစ်ခုလုံး လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်ထန်ခြင်းနှင့် ကြုံတွေ့ရတတ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ သိရသည်။

“အခု တတိယ ၁၀ ရက်ပတ်မှာ ရှမ်းတောင်မှာ ရွာသွန်းမြဲအောက်ကို လျော့မယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရွာသွန်းမြဲထက်ကို ရွာနိုင်တယ်။ အခု တတိယ ၁၀ ရက်ပတ်မှာ လေးရက်ကနေ ငါးရက်ခန့် မိုးထစ်ချုန်း ရွာနိုင်တယ်။ စက်တင်ဘာ ၂၂ ရက်ကနေ ၂၇ ရက်အထိ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မုတ်သုန်ဆုတ်ခွာမယ်လို့ ဌာနကနေ ခန့်မှန်းထားတယ်။ မိုးတိမ်တောင်တွေ ဖြစ်ထွန်းတယ်ဆိုရင် မိုးရွာတာ၊ မိုးသီးကြွေတာ၊ မိုးချုန်းတာ၊ မိုးကြိုးပစ်တာတို့ ဒီအန္တရာယ်တွေတော့ စိုးရိမ်ရတယ်။ ရေကြီးတာတို့ တောင်ကုန်း တောင်တန်းတွေမှာ အဲလို ဖြစ်တယ်လေ။ အမြင့်ပိုင်းကနေ ရွာချလိုက်တဲ့ မိုးကြောင့် လျှပ်တစ်ပြက် ရေကြီးတယ်။ ကာကွယ်ဖို့ရာ အချိန်မလုံလောက်ဘူးပေါ့။ အဖျက်စွမ်းအားများတယ်။ မုတ်သုန်ထွက်မယ့် အချိန်အခါမျိုးမှာတောင် စောင်းတောင်တန်းမှာနေကြတဲ့ ပြည်သူတွေ ဂရုစိုက်ဖို့ လိုတာပေါ့။ မြေပြိုတာတွေ ရေကြီးရေလျှံတာတွေ ဖြစ်တာပေါ့” ဟု ရှမ်းပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုလေးက ပြောကြားသည်။

ဘန်ကောက်မြို့ထဲမှ မြွေဖမ်းပွဲများ

ဇွန် ၁၅ ရက်တွင် ဘန်ကောက်ရှိ မီးသတ်ဌာနတွင် မြွေဟောက်ဖမ်းနည်းကို သရုပ်ပြနေစဉ် (Photo : AFP)

ဘန်ကောက်မြောက်ပိုင်းရှိ မီးသတ်ဌာနတစ်ခုတွင် ဇွန်လမှစပြီး မီးလောင်မှု ဖြစ်ပွားကြောင်း ခေါ်ဆိုမှု တစ်ကြိမ်မှ မရရှိသေးပေ။ သို့သော် လျှောတိုက်သွားတတ်သော အကောင်ရှည်ရန်သူများအား ဖမ်းဆီးပေးရန် ခေါ်ဆိုမှုများမှာမူ ၂၄ နာရီ ပတ်လုံးရှိနေသည်။

“မြွေဖမ်းရတဲ့ အလုပ်ကတော့ တော်တော်လေးများတယ်” ဟု မြို့တော်ဘန်ကောက်ရှိ လက်ယိုရပ်ကွက်သို့ အလုပ်အတွက် ရောက်နေသော အသက် ၄၆ နှစ်အရွယ် မီးသတ်သမား ဆူရာဖောင်ဆူချိုင်က ပြောကြားခဲ့သည်။ “မီးသတ်ရတဲ့ ကိစ္စတစ်ခုမှ ကျွန်တော်တို့မှာ မရှိပါဘူး” ဟု ၎င်းကဆိုသည်။

စိမ့်ဆန်သော မြေပေါ်တွင် တည်ဆောက်ထားသည့် ကြက်ပျံမကျ စည်ကားသော ဘန်ကောက်မြို့တွင် မြွေများကို မြင်ရသည်မှာ ပုံမှန်ကိစ္စဖြစ်သည်။ ပန်းခြံများ၊ ရေမြောင်းများ၊ ကျောင်းများ အစရှိသည့် အများပြည်သူဆိုင်ရာ နေရာများတွင် လျှောတိုက်သွားနေသည့် ၎င်းတို့ကို တွေ့ရသည်မှာ အထူးအဆန်း မဟုတ်ပေ။ သို့သော် မြို့ခံများသည် ၎င်းတို့၏ နေအိမ်များ၌ အထူးသဖြင့် ကြွက်ရှိသည့် အခါမျိုးတွင် မြွေများနှင့် ကြုံနေရခြင်းဖြစ်သည်။

မြွေများသားပေါက်ပြီးချိန် မိုးရာသီအတွင်း ဆူရာဖောင်တို့ မီးသတ်ဌာနသို့ ခေါ်ဆိုမှုများမှာ မြင့်တက်လာခဲ့သည်။

အကူအညီခေါ်ဆိုမှုအတွင်း အဆိပ်ရှိသောမြွေများကို ဖမ်းမိပါက ၎င်းတို့ကို မြို့လယ်အနီးရှိ ဘန်ကောက် မြွေမွေးမြူရေးသို့ ပို့ဆောင်ကြသည်။ အဆိပ်မရှိသော မြွေများအတွက်မူ ၎င်းတို့ကို အနီးပတ်ဝန်းကျင်တွင် ထားရှိပါက အကျိုးဖြစ်ထွန်းကာ ဂေဟစနစ်ကို ဟန်ချက်ညီစေနိုင်သည်ဟု ဆူရာဖောင်က လူထုကို ရှင်းပြရန် ကြိုးပမ်းရသည်။ “မြွေတွေ အားလုံးကို ကျွန်တော်တို့ သတ်လိုက်မယ်၊ သူတို့တွေ မရှိကြတော့ဘူးဆိုရင် ကြွက်တွေရောက်လာပြီး ရောဂါတွေပါ သယ်လာကြလိမ့်မယ်” ဟု ဆူရာဖောင်က ပြောကြားခဲ့သည်။

ပြည်သူများ၏ ကြောက်ရွံ့မှုကို သက်သာစေရန် မီးသတ်ဌာနသည် နေအိမ်ထဲသို့ ကျူးကျော်လာသည့် မြွေများအား မည်သို့ကိုင်တွယ်နည်းကို သင်ကြားလိုသူများအတွက် သင်တန်းပေးမှုများကိုလည်း လုပ်ဆောင်ပေးနေသည်။

ကျန်းမာရေး ၀န်ကြီးဌာန၏ ၂၀၁၆ ခုနှစ် အချက်အလက်များအရ ထိုင်းနိုင်ငံတွင် ထိုနှစ်က မြွေကိုက်ခံရသူ ၁၇၀၀ ကျော် ရှိခဲ့သော်လည်း မည်သူမျှ အသက်မဆုံးရှုံးကြဟု သိရသည်။

မြွေကိုင်တွယ်နည်း သင်တန်းများအတွင်း ပြည်သူများသည် လက်အိတ်ထူထူကိုဝတ်ပြီး အန္တရာယ်မရှိသော ဥယျာဉ်မြွေ သို့မဟုတ် တရှီး ရှီးမြည်နေသည့် မြွေဟောက်များအား ဆတ်ခနဲ ကိုင်လိုက်ခြင်းဖြင့် ထိန်းချုပ်ရပုံမျိုးကို သင်ကြားရသည်။ “သူတို့ဟာ ကျွန်တော်တို့ ထင်ထားသလောက် အန္တရာယ်မရှိပါဘူး။ အခုဆို မြွေဖမ်းနည်းလည်း သိသွားပြီ။ သူတို့ကို သတ်စရာ မလိုတော့ပါဘူး” ဟု သင်တန်းသားတစ်ဦးက ဆိုသည်။

“မီးသတ်တဲ့အလုပ်ဟာ လူ့အသက်ဆုံးရှုံးမှုတွေ ပါပါတယ်။ မြွေဖမ်းတာတွေကျတော့ လူတွေက ကျွန်တော်တို့ကို အရမ်းကျေးဇူးတင်ကြတယ်။ ပျော်ဖို့ကောင်းတယ်လေ” ဟု ဆူရာဖောင်က ပြောသွားခဲ့သည်။

Ref : AFP

မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်း သိမ်းဆည်းခံရခြင်းနှင့် သတ်မှတ် MoU ကုန်ကျစရိတ်ထက် ပိုကောက်ယူနေသည့် တိုင်ကြားမှု များလာကြောင်းသိရ

အထောက်အထား မစုံလင်သော ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးရေး စီမံချက်တွင် ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက်စစ်ဆေးစဉ်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်း သိမ်းဆည်း ခံရခြင်းနှင့် သတ်မှတ်ထားသည့် MoU ကုန်ကျစာရိတ်ထက် ပိုကောက်ယူနေသည့် တိုင်ကြားမှု များပြားလာကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် (ဟတ်ယိုင်ရုံး) မှ ဦးသိန်းထွန်းက ပြောကြားသည်။

“အလုပ်ရုံတချို့က အလုပ်သမားတွေရဲ့ Work Permit တို့၊ Passport တို့၊ Visa တို့ကိုယူပြီး နောက်ထပ် MoU သက်တမ်း တိုးပေးမယ်ဆိုပြီး သိမ်းရော။ တကယ်တမ်းကျတော့ MoU သက်တမ်းတိုးပေးတာ မရှိဘူး။ အလုပ်သမားတွေ ပြန်တောင်းရင်လည်း မပေးဘူး။ အဲဒီတော့ ကျွန်တော်တို့ရုံးကိုလာပြီး တိုင်ကြားကြတယ်။ အဲဒီတော့ ကျွန်တော်တို့ MWRN ဟတ်ယိုင်ရုံး ၀န်ထမ်းတွေရယ်၊ သက်ဆိုင်ရာ အစိုးရဌာနက လူတွေရယ်၊ ကျွန်တော်တို့ကိုယ်တိုင် စက်ရုံနဲ့ ဆွေးနွေးပြီးတော့ ကျွန်တော်တို့ရှေ့မှာပဲ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေ ပေးခိုင်းတယ်” ဟု ဦးသိန်းထွန်းက ပြောကြားသည်။

ထို့ပြင် အေဂျင်စီအချို့သည် သတ်မှတ်ထားသည့် MoU ဈေးနှုန်း ၁၅၀၀၀၀ ကျပ်ထက် ပိုမိုများပြားသည့်ငွေ ငါးသိန်းကျပ်မှ ၁၀ သိန်းကျပ်အထိ ကောက်ခံနေသည့် တိုင်ကြားစာများလည်း ရှိနေကြောင်း သိရသည်။

“အစိုးရ သတ်မှတ်ထားတဲ့ MoU ဈေးနှုန်းက တစ်သိန်းခွဲပဲ ရှိတယ်။ အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာအရ အကုန်လုံးကို သတ်မှတ်ထားတာ။ ဒီအေဂျင်စီတွေကိုလည်း သူတို့ပြောပြီးသားဖြစ်တယ်။ တရားဝင်လည်း ကြေညာထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ မြန်မာဘက်အခြမ်းက အေဂျင်စီတွေမှာက နည်းနည်း ခြစားမှုတွေ ရှိတယ်။ နည်းနည်း မဟုတ်ဘူး။ များများကို ရာခိုင်နှုန်းများတယ်။ သူတို့ကို အရေးယူဖို့ကျတော့ နည်းနည်း ခက်ခဲတယ်လေ။ အလုပ်သမားတွေ ဘက်ကလည်း ဥပဒေရေးရာပိုင်း သိပ်မကျွမ်းကျင်ဘူး။ နောက်ပြီး အလုပ်သမားတွေဘက်က ဈေးနှုန်းမသိတာတွေကလည်း အားနည်းချက်တွေပေါ့” ဟု ဦးသိန်းထွန်းက ပြောကြားသည်။

အချို့စက်ရုံများတွင် အလုပ်ရှင်က အလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်းများ သိမ်းဆည်းထားပြီး ခြိမ်းခြောက်ခြင်းများ၊ ရဲများကို ဆက်သွယ်ကာ ဖမ်းဆီးခိုင်းခြင်းများ ရှိနေကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် (MWRN) သို့ လာရောက် တိုင်ကြားသည့်အမှုများ တစ်လလျှင် အမှုပေါင်း ၅၀ နီးပါးရှိပြီး ယခုနောက်ပိုင်း ပိုမိုများပြားလာကြောင်း သိရသည်။ ထိုအမှုများတွင် အဓိကအားဖြင့် MoU စာရွက်စာတမ်း သိမ်းသည့်အမှုများ၊ ပွဲစားများက အလုပ်သွင်းပေးမည်ဆိုကာ ပိုက်ဆံလိမ်လည်ယူသည့် အမှုများနှင့် အလုပ်များ စက်ရုံများတွင် ထိခိုက်ဒဏ်ရာ ရရှိသည့် အမှုများ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် လုပ်ကိုင်သည့် တရားဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်သန်းကျော်ရှိနေပြီး ငါးစက်ရုံ၊ ပုစွန်စက်ရုံများ၊ ပန်းရံလုပ်ငန်းများနှင့် ထုတ်လုပ်ရေး လုပ်ငန်းများတွင် အများဆုံး လုပ်ကိုင်နေရကြောင်း သိရသည်။

အလှကုန်ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ရေချိုငါးအကြေးခွံများကို ထိုင်းနှင့် ဂျပန်မှ အ၀ယ်လိုက်နေ

အလှကုန်ကုန်ကြမ်းအဖြစ် အသုံးပြုမည့် ရေချိုငါး အကြေးခွံများကို ထိုင်းနှင့် ဂျပန်မှ အ၀ယ်လိုက်နေကြောင်း စက်တင်ဘာ ၁၁ ရက်က ပြုလုပ်သည့် ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ပုံမှန်အစည်းအဝေး၌ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ယင်းသို့ ၀ယ်ယူရန်အတွက် ဂျပန်နှင့် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက် ဆွေးနွေးခဲ့ကြောင်း၊ ငါးအကြေးခွံများကို အရေပြားနှင့် ပတ်သက်သည့် ဆေးဝါးများတွင် အသုံးပြုနိုင်ကြောင်း ဦးဝင်းကြိုင်က  ပြောကြားသည်။

“၇ ရက်နေ့က ဂျပန်လုပ်ငန်းရှင်အဖွဲ့ ရောက်လာပြီး ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ အချက်က တီးလားဗီးယား အကြေးခွံ လိုချင်တယ်လို့ ဆွေးနွေးတယ်။ ဘာသုံးမလို့လဲ မေးတော့ အရေပြား လိမ်းဆေးအတွက် အကြေးခွံထဲမှာ ကော်လဂျင်ဆိုတဲ့ ဓာတ်ပါတယ်။ အရေပြားပေါ်မှာ အသားဖြူဖော်ဆေး၊ လိုးရှင်းနဲ့ အရေပြားနဲ့ ပတ်သက်တဲ့ ဟာတွေကို ဖော်လို့ရတယ်။ အဲဒီအတွက် လာဝယ်တာတဲ့” ဟု ဦးဝင်းကြိုင်က ပြောကြားသည်။

ငါးအကြေးခွံများကို ထိုင်းဘက်မှ လာရောက်ဝယ်ယူခြင်းများ ရှိနေပြီး ရန်ကုန်မြို့အထိ လာရောက် သယ်ဆောင်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“ထိုင်းအလုပ်ရှင်နဲ့ အရောင်းအ၀ယ် ဖြစ်သွားပါတယ်။ ရန်ကုန်မှာပဲ ဒီတစ်ပတ်အတွင်းမှာ ပစ္စည်းကို လာသယ်မယ်။ သူကနယ်စပ် လမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံထဲကို သယ်သွားမယ်” ဟု ဦးဝင်းကြိုင်က ပြောကြားသည်။

ငါးမြစ်ချင်း၊ ငါးသိုင်းသုံးခွ၊ ငါးချင်းဖြူ အကြေးခွံ တစ်ပိဿာလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ထိုင်းဘက်မှ ၀ယ်ယူနေပြီး ပုံမှန်နှုန်းဖြင့် တစ်လလျှင် တန် ၃၀ မှတန် ၅၀ အထိ ၀ယ်ယူမည်ဖြစ်ပြီး ပုံမှန်ပစ္စည်းရရှိပါက ဈေးနှုန်းတိုးပေးမည်ဟု ထိုင်းလုပ်ငန်းရှင်ဘက်က ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။

“မြန်မာနိုင်ငံရဲ့ အဓိကမွေးတဲ့ ငါးက ငါးမြစ်ချင်းပဲ။ ငါးမြစ်ချင်း အုပ်စုထဲမှာ ငါးသိုင်းသုံးခွ၊ ငါးချင်းဖြူပါတယ်။ ဒီငါးတွေက အကြေးခွံအကုန်ပါတဲ့ ငါးတွေ။ အကြေးခွံမှ သေးသေးမဟုတ်ဘူး။ အကြီးကြီးတွေ။ ဒီငါးတွေက တစ်ပြည်လုံးမှာလည်း အဓိကထား စားတယ်။ နိုင်ငံခြားပို့ရင်လည်း ဒီငါးပို့တယ်။ အကောင်လိုက် ပို့ရင်တော့ အကြေးခွံပါသွားတယ်။ အတုံးဖြတ်ပို့ရင်တော့ အကြေးခွံကျန်ခဲ့တယ်။ ပြည်တွင်းမှာက ငါးမြစ်ချင်းကို ခြစ်ငါးလုပ်တယ်။ အရေပြားတို့ အကြေးခွံတို့ မယူဘူး။ နောက်ဈေးတွေထဲမှာ တုံးစားတယ်။ အကောင်လိုက်စားတယ်။ ဈေးထဲမှာတင် ခေါင်းဖြတ်၊ အကြေးထိုး၊ အသားပဲ ယူသွားတယ်။ ဒါတွေက အလေအလွင့် ပစ္စည်းတွေ အမှိုက်ပုံးထဲပဲ ရောက်တယ်။ အခုဒီပစ္စည်းက တန်ဖိုးရှိတဲ့ပစ္စည်း ဖြစ်လာပြီ” ဟု ဦးဝင်းကြိုင်က ဆိုသည်။

 

ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်သူများနှင့် အဆိုပါ အလုပ်သမားများအား ခိုင်းစေသူ အလုပ်ရှင်များကို ဖမ်းဆီးအရေးယူမှုများရှိနေ

ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်သူများနှင့် အဆိုပါ အလုပ်သမားများကို ခိုင်းစေသူ အလုပ်ရှင်များကို ထိုင်းနိုင်ငံ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ မလိုက်နာသော အလုပ်ရှင်၊ သူဌေးအပါအ၀င် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား နေထိုင်အလုပ်လုပ်ကိုင်မှု ဥပဒေတို့အရ ရွှေ့ပြောင်းအလုပ်သမားများကို ပြီးခဲ့သည့် နှစ်လအတွင်း နိုင်ငံလုံးအဆင့် ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ စုစုပေါင်း နှစ်လအတွင်း ဖမ်းဆီးအရေးယူခဲ့သော အရေအတွက် စုစုပေါင်း အလုပ်ရှင်၊ သူဌေး ၄၄၀၀၊ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၈၁၂၈၂ ဦး၊ မြန်မာ ၅၆၆၂၈ ဦး၊ လော ၃၇၁၈ ဦး၊ ကမ္ဘောဒီးယား ၁၉၅၅၂ ဦး၊ ဗီယက်နမ် ၁၀၉ ဦး၊ အခြားနိုင်ငံသား ၁၂၇၅ ဦးရှိကြောင်း သိရသည်။

ထိုဖမ်းဆီးရရှိပြီးသော စာရင်းမှ ပြစ်မှုပြစ်ဒဏ်စီရင်ခြင်း ပြီးစီးသော အရေအတွက်မှာ အလုပ်ရှင်၊ သူဌေး ၃၃၄၊ နိုင်ငံခြားသားရွှေ့ ပြောင်းအလုပ်သမား စုစုပေါင်း ၂၃၄၁ ဦး၊ မြန်မာ ၁၅၇၆ ဦး၊ လော ၁၉၂ ဦး၊ ကမ္ဘောဒီးယား ၃၈၁ ဦး၊ ဗီယက်နမ် ၁၀၆ ဦး၊ အခြားနိုင်ငံသား ၈၆ ယောက်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမား ရှာဖွေခန့်ထားရေးရုံး (Department of Employment – DOE) ကျန်ဟမ်ငမ်းရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တစ်ဆက်တည်းမှာပင် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဇူလိုင်လ ၁၈ ရက်နေ့က ကလေးအလုပ်သမား ခိုင်းစေတဲ့ အလုပ်ရှင်ကို တရားစွဲဆို အရေးယူရန် ဟုဆိုကာ ဖိစနူလု(ပ်) မြို့ ကလေးပြုပြင် ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားရှိတဲ့ မဲဆောက်မြို့မှ မြန်မာကလေး အလုပ်သမား ၁၇ ယောက် ပြန်လည်လွတ်မြောက်လာမှု မရှိသေးဘူး။ ခုအခါ တစ်လခွဲကျော် ကြာလာပြီ။ ၎င်း ၁၇ ယောက် အမြန်ဆုံး ပြန်လည်လွတ်မြောက်စေဖို့ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနနဲ့ ထိုင်းအလုပ်သမား ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူတို့အား ပန်ကြားတိုက်တွန်းထားပါတယ်” ဟု ပြောကြားခဲ့သည်။

 

နခွန်ပထုန်မြို့နယ်ရှိ စက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသည့် လုပ်သားများအား ထိုင်းပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးပြီး အထောက်အထား မပြည့်စုံသော မြန်မာအလုပ်သမား ၃၀ ကျော်ကို အရေးယူ

နခွန်ပထုန်မြို့နယ်ရှိ ပလတ်စတစ်စက်ရုံရှိ အလုပ်သမားများကို ထိုင်းအာဏာပိုင်များက စစ်ဆေးနေစဉ်

ထိုင်းနိုင်ငံ နခွန်ပထုန်မြို့နယ်ရှိ ပလပ်စတစ် ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများအား ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၊ အလုပ်သမားရေးဌာန၊ ထိုင်းစစ်တပ်နှင့် ထိုင်းလ၀ကအဖွဲ့စုံ ပူးပေါင်းအဖွဲ့က သြဂုတ် ၁၀ ရက်က ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထား မပြည့်စုံသည့် မြန်မာလုပ်သား ၃၈ ဦးကို အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမားများအနက် မြန်မာလုပ်သားများ ၄၅၀ ကျော်ရှိပြီး ၎င်းတို့အား နေထိုင်ခွင့် ဗီဇာ၊ ပတ်စ်ပို့နှင့် အခြားအထောက်အထားများကို အဓိကထား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အထောက်အထား မပြည့်စုံသည့် အလုပ်သမား ၃၈ ဦးကို စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ထိုင်းအလုပ်အကိုင်ဌာနမှ တာဝန်ရှိသူများက အဆိုပါ အလုပ်သမားများမှာ ထိုင်းနိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ဥပဒေကို ချိုးဖောက်ပြီး တရားမ၀င် အလုပ်လုပ်ကိုင် နေသည့်အတွက် အရေးယူသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အခုနောက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်သမားတွေကို စစ်ဆေးဖမ်းဆီးတာတွေ ခပ်စိပ်စိပ် ပြန်တွေ့လာရပါတယ်။ ထိုင်းလူငယ် ၁၃ ယောက် ဂူထဲပိတ်မိတဲ့ ကာလတုန်းက သိပ်မစစ်ဆေးဘဲ လွှတ်ထားတယ်။ အခုအဲဒီကိစ္စ ပြီးသွားမှ ပြန်စစ်ဆေး ဖမ်းဆီးတာတွေ ပိုများလာတဲ့သဘော ရှိပါတယ်။ အခုဖမ်းဆီးခံထိထားတဲ့ အလုပ်သမားတွေထဲက အတော်များများက ရောက်တာမကြာသေးတဲ့အတွက် အလုပ်ရှင်နာမည် မပြောင်းရသေးတာတွေ၊ အလုပ်နေရာ မပြောင်းရသေးတာတွေ၊ အလုပ်လုပ်ခွင့်ပါမစ် မရှိသေးတာတွေပါတယ် လို့သိရပါတယ်” ဟု ကိုရဲမင်းက ဆိုသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး အက်ဥပဒေအရ မှတ်ပုံတင်ထားခြင်း မရှိသည့် အလုပ်သမားများမှာ ဥပဒေအရ ဒဏ်ငွေဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့် နှစ်နှစ်ပိတ်ပင်ခံရမည်ဖြစ်သည်။

အလုပ်သမားနှင့် အလုပ်ရှင်များကို စတင်စိစစ်စစ်ဆေးသည့် ဇူလိုင် ၁ ရက်မှ ၁၅ ရက်အတွင်း အလုပ်ရှင် စုစုပေါင်း ၁၅၆ ဦးကို တရားမ၀င် အလုပ်သမားများ ခိုင်းစေမှုဖြင့် အရေးယူထားကြောင်း ထိုင်းအလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် Anurak Tossarat  က ပြောကြားထားပြီး ယင်းပမာဏမှာ စစ်ဆေးခဲ့သည့် လုပ်ငန်းများ၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ထိုင်းနိုင်ငံမှ ပြန်အထွက်တွင် အလည်အပတ်ဗီဇာအတု ကိုင်ဆောင်မှုဖြင့် ယခုလအတွင်း ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရှိနေပြီး အတုပြုလုပ်သူ ပွဲစားများအား ဖော်ထုတ်မည်ဟုဆို

နှစ်နိုင်ငံခရိုင်အဆင့် (လ၀က) တာဝန်ရှိသူများအား မြ၀တီမြို့တွင် တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်းသို့ သွားရောက်လည်ပတ်ကြသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံမှ ပြန်အထွက်တွင် မဲဆောက် – မြ၀တီ ချစ်ကြည်ရေးတံတား၌ ဗီဇာအတု လက်ဝယ်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရလျက်ရှိရာ ယခုလအတွင်း မြန်မာနိုင်ငံသား ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ တာ့ခရိုင် (လ၀က) ရဲမှူးကြီးနှင့် တာဝန်ရှိသူများသည် မြ၀တီခရိုင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူတို့ ဇူလိုင် ၁၇ ရက်က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း ဗီဇာအတုများဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီက မြ၀တီခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာနရုံး၌ တွေ့ဆုံဆွေးနွေးချက်အရ ဗီဇာအတု ပြုလုပ်သူများအား ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ ခရိုင်အဆင့် (လ၀က) တာဝန်ရှိသူများ တွေ့ဆုံမှုအား မြ၀တီခရိုင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက  “အဓိက ဆွေးနွေးကျတာကတော့ ထိုင်းနိုင်ငံထဲကို အလည်ဗီဇာနဲ့ ၀င်ရောက်လည်ပတ်ပြီး ပြန်လည်ထွက်ခွာကြတဲ့ မြန်မာနိုင်ငံသား တချို့ဟာ ပတ်စ်ပို့နဲ့ဗီဇာကို ထိုင်းဘက်ခြမ်းက တံတားထိပ်မှာ စိစစ်တော့ အတုတွေ ဖြစ်နေတာတွေ့ရပြီး ဖမ်းဆီးအရေးယူ ခံကြရတယ်။ ဒါကိုထိုင်းနိုင်ငံက တည်ဆဲဥပဒေများနဲ့ အညီအရေးယူမှာ ဖြစ်ကြောင်းနဲ့ လက်ရှိဖမ်းဆီးခံထားရသူ မြန်မာတွေ ရာချီပြီး ရှိနေတယ်။ အခုလိုတွေ့ရှိရတဲ့ ပတ်စ်ပို့နဲ့ဗီဇာ အတုတွေဟာ ဘားအံမြို့နယ်မှာ ပြုလုပ်တဲ့ ပတ်စ်ပို့ရုံးက ဖြစ်နေတာတွေ တွေ့ရှိရတယ်။ ဒါဟာ အဲဒီပတ်စ်ပို့ရုံး အနီးမှာ ကျင်လည်ကျက်စားနေကြတဲ့ ပွဲစားတွေကြောင့်လို့ ယူဆရတယ်။ ဒါကြောင့် အဲဒီလိုအတုလုပ်တဲ့ ပွဲစားတွေကို ယခုလာတဲ့ ထိုင်းကတာဝန်ရှိသူ တာ့ခရိုင်က (လ၀က) ခရိုင်မှူးရဲမှူးကြီး Mr.Rattanaprateep က ဖော်ထုတ်ပေးဖို့နဲ့ ဖော်ထုတ်လို့ ရခဲ့ရင် အခုအဖမ်း ခံထားရတဲ့ မြန်မာတွေ အပြစ်ဒဏ်နည်းဖို့ အထောက်အကူဖြစ်မှာ ဖြစ်ကြောင်း ပြောပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံတကာသို့ သွားရောက်လည်ပတ်ကြမည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဗီဇာပြလုပ်ရာတွင် မိမိကိုယ်တိုင် လုပ်ဆောင်ကြရန်နှင့် ပွဲစားများဖြင့် မပြုလုပ်ကြရန်လည်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံတာ့ခရိုင်မှ (လ၀က) ခရိုင်ရဲမှူးကြီး Mr.Rattanaprateep နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြ၀တီခရိုင်မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ထိုင်းမှအပြန် ချစ်ကြည်ရေးတံတားထိပ်၌ ဖမ်းဆီးခံရသူများမှာ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေအရ ထောင်ဒဏ် တစ်နှစ်ကျော် ကျခံရပြီးဖြစ်သလို မဲဆောက်အချုပ်ထဲမှ ဆက်လက် တရားရင်ဆိုင် နေသူရသူများလည်း ရှိသည်။ ထို့ပြင် ထိုင်းနိုင်ငံအတွင်း လည်ပတ်နေသူများမှာ မိမိဗီဇာ အစစ်လား၊ အတုလား ဆိုသည်ကို မသိရှိဘဲ စိုးရိမ်သောက ရောက်နေရသူလည်း ရှိကြောင်း သိရသည်။

ထိုင်းလိုဏ်ဂူအတွင်းမှ ကလေးများကယ်ဆယ်ရေး ဒုတိယမြောက်နေ့တွင် နောက်ထပ်လေးဦးအား ကယ်ထုတ်နိုင်ခဲ့

ဇူလိုင် ၉ ရက်တွင် လူငယ်များပိတ်မိနေသည့် ဂူ၏အပြင်ဘက်တွင် အရေးပေါ်ပို့ဆောင်ရန်အတွက် ရဟတ်ယာဉ်တစ်စင်းက စောင့်ဆိုင်းနေစဉ် (Photo – AFP)

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေကြီးနေသော လိုဏ်ဂူအတွင်းတွင် ပိတ်မိနေသော ဘောလုံးအသင်းမှ ကျန်ရှိနေသည့် အဖွဲ့ဝင် ကိုးဦးကိုကယ်ထုတ်ရန်အတွက် ဒုတိယအဆင့် ကယ်ဆယ်ရေးအား ဇူလိုင် ၉ ရက် တွင် ပြုလုပ်ခဲ့ရာ နောက်ထပ်ကလေး လေးဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာမှ ကျွမ်းကျင်သူများ ဦးဆောင်သော ရေငုပ်အဖွဲ့သည် ဇူလိုင် ၉ ရက် နေ့လယ်ပိုင်းက လိုဏ်ဂူအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး မူလစီစဉ်ထားသည့် အချိန်ထက်စော၍ ကယ်ဆယ်ရေးလုပ်ငန်း ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

ဇွန် ၂၃ ရက်က Tham Luang ဂူအတွင်း ပိတ်မိသွားခဲ့သော ကလေးဘောလုံး အသင်းသား ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့ကို ပြန်လည်ကယ်ထုတ်ရန်အတွက် ဇူလိုင် ၈ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရာ နောက်ထပ်လေးဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကယ်ထုတ်ခဲ့သူများအား အာဏာပိုင်များက အသေးစိတ်ကြေညာခြင်း မရှိသေးဘဲ ၎င်းတို့၏ အခြေအနေနှင့်ပတ်သက်၍လည်း အနည်းအကျဉ်းသာ သိရသေးသည်။

ဇူလိုင် ၉ ရက် ညနေတွင် ထိုင်းနိုင်ငံမြောက်ပိုင်းချန်ရိုင်း ပြည်နယ်မှ Tham Luang ဂူထဲရှိ နောက်ထပ် ကလေးလေးဦးကို ဂူအပြင်ဘက်တွင် အသင့်စောင့်ဆိုင်းနေသော ရဟတ်ယာဉ်နှင့် လူနာတင်ယာဉ်များပေါ်သို့ ဆေးဘက်ဝန်ထမ်းများက သယ်ယူသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း ထိုဂူအနီး သတင်းယူနေသည့် ရိုက်တာသတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

ဂူထဲမှ ကလေးများအား ကယ်ထုတ်မှုကို ဇူလိုင် ၈ ရက်တွင် စတင်ခဲ့ပြီး ထိုနေ့၌ ကလေးလေးဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံတွင် ကျန်းမာရေးအခြေအနေကောင်းမွန်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

 

ထိုလူငယ်ဘောလုံးသမားအုပ်စုသည် အားကစားလေ့ကျင့်မှုအပြီး လေ့လာရေးအဖြစ် ထိုဂူထဲသို့ ဇွန် ၂၃ ရက်တွင် ၀င်ရောက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ဂူဝင်ပေါက် ပိတ်ဆို့သွားခဲ့ပြီးနောက် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြားရှိ လူငယ်အများအပြားပါဝင်သည့် ထိုအဖွဲ့အား ဂူပြင်သို့ကယ်ထုတ်မှုပြီးစီးရန် အချိန်သုံးရက် သို့မဟုတ် လေးရက်ကြာမြင့်နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။ လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်မှုကြောင့် အချိန်လု၍ လုပ်ဆောင်ရမည် ဖြစ်သည်။

Ref;Reuters/CNN

ထိုင်းတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ အပါအ၀င် ပြည်ပအလုပ်သမားများကို ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူများအား ဒဏ်ငွေအပြင် ပြည်ဝင်ခွင့် နှစ်နှစ်ပိတ်မည်

ထိုင်းမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်းရှိ မှတ်ပုံမတင်ရသေးသည့် နိုင်ငံခြားသား အလုပ်သမားများကို ထိုင်းအာဏာပိုင်အဖွဲ့စုံက ဇူလိုင် ၁ ရက်က စတင်ဖမ်းဆီးနေပြီး ပထမဆုံးအဖြစ် နိုင်ငံခြားသား အလုပ်သမား၂၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီ အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံတွင် ၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး အက်ဥပဒေအရ မှတ်ပုံတင်ထားခြင်း မရှိသည့် တရားမ၀င် အလုပ်သမားများကို ဥပဒေအရ အရေးယူရန် ဇူလိုင် ၁ ရက်မှစတင်ပြီး ထိုင်းရဲတပ်ဖွဲ့၊ လ၀က အပါအ၀င် အဖွဲ့ပေါင်း ၁၁၃ ဖွဲ့ဖြင့် ထိုင်းနိုင်ငံတ၀န်းရှိ စက်ရုံအလုပ်ရုံများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ထားခြင်း မရှိသည့် အလုပ်သမား၂၂ ဦးနှင့် အလုပ်ရှင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခဲ့သည့် အလုပ်သမားများကို ဥပဒေအရ အရေးယူမည့်အပြင် ထိုင်းနိုင်ငံသို့ ၀င်ရောက်ခွင့် နှစ်နှစ်ပိတ်ပင်မည် ဖြစ်ကာ အလုပ်သမားများကို ခိုင်းစေသည့် အလုပ်ရှင်ကိုလည်း စီမံချက်အတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း ထိုင်းအလုပ်အကိုင်ဌာနမှ ညွှန်ကြားရေးမှူးချုပ် Anurak Tossarat က ပြောကြားသည်။

“မှတ်ပုံတင်ထားခြင်း မရှိတဲ့ အလုပ်သမားတွေကိုရော သူတို့ကို မှတ်ပုံမတင်ခိုင်းခဲ့တဲ့ အလုပ်ရှင်ကိုပါ စီမံချက်အတိုင်း တိတိကျကျ ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု Anurak Tossarat က ပြောကြားသည်။ မှတ်ပုံမတင်ရသေးသည့် မြန်မာလုပ်သားများမှာ ဇွန်လလယ်မှ စတင်ပြီး ဖမ်းဆီးမှု မပြုလုပ်ခင် ဇွန် ၃၀ အထိ မြ၀တီနယ်စပ် ၀င်ပေါက်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာမှုမှာ တစ်သိန်းခန့် ရှိနေပြီး ဇွန် ၃၀ ရက်တစ်ရက်တည်းတွင် ပြန်လာသူ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

မှတ်ပုံတင်ထားခြင်း မရှိသည့် အလုပ်သမားများမှာ ဥပဒေအရ ဒဏ်ငွေဘတ်ငါးထောင်မှ ငါးသောင်းထိ ပေးဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်နှစ်နှစ် ပိတ်ပင်ခံရမည်ဖြစ်သည်။

ထိုသို့ထိုင်းအစိုးရမှ လိုက်လံဖမ်းဆီးသည့် ဇူလိုင် ၂ ရက်မှာပင် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါးခန့် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်နေသည့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“ဒီနေ့ မဲဆောက်တစ်မြို့လုံး ဈေးသည် ၂၀ ယောက်နဲ့ အထောက်အထားမဲ့ ၇၀ စုစုပေါင်း ၉၀ ယောက် ဖမ်းဆီးခံရပါတယ်။ ညမိုးကုတ်ဂိတ်မှာ တွေ့ရတဲ့ လူ ၁၀၀ ကျော်က ကြခတ်တော ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်ကြတာ ဖြစ်သလို တခြားဘုန်းကြီး ကျောင်းမှာလည်း ရှိတယ်တဲ့။၂ ရပ်ကွက်နဲ့  ၄ ရပ်ကွက်ရှိ ကျွန်းတောမှာလည်း လာရှောင်နေတာ တွေ့ရပါတယ်။ သောင်ရင်းမြစ် ကမ်းနားတစ်လျှောက်မှာရှိတဲ့ စက်ရုံအလုပ်ရုံက တရားဝင် မှတ်ပုံတင်ထားပြီး ရွှေ့ပြောင်းအလုပ်သမားက တရားမ၀င် ဖြစ်နေတာရယ်၊ စက်ရုံအလုပ်ရုံရောလူပါ တရားမ၀င်ဖြစ်နေတဲ့ (အိမ်တွင်းမှု အလုပ်ရုံငယ်) တွေပါ တစ်မနက်ရှောင် ညနေပြန်တဲ့ စနစ်နဲ့ပါ” ဟု ဇူလိုင်လ ၂ ရက် ည ၁၀ နာရီက ပြောကြားသည်။

ထို့ပြင်ဆောက်လုပ်ရေး၊ ပန်းရန်လုပ်ငန်းခွင်နှင့် ဈေးအတွင်း လုပ်ငန်းခွင်စက်ရုံ အလုပ်ရုံများ၌ ဖမ်းဆီးမှုများ ရှိလာခဲ့ရာ မြ၀တီမြိုသို့ ရှောင်တိမ်းလာသူများလည်း ရှိကြောင်း သိရသည်။

မဲဆောက်မြို့ ဆိတ်ခြံတန်းလျားတွင် အထောက်အထားမဲ့ဖြင့် ၁၅ နှစ်ခန့် နေထိုင်ခဲ့ပြီး ဖမ်းဆီးခံရသူ မဘီက “ဒီနေ့ မနက်အစောကြီးပဲ။ အိပ်ရာက မထရသေးဘူး။ စဖမ်းပြီ။ တန်းလျားမှာ နေသူတွေကို ခေါ်ထုတ်ပြီး စစ်ဆေးပါတယ်။ ဘတ်ရှိသူ၊ CI ရှိသူ၊ ပတ်စ်ပို့ရှိသူ၊ ခြောက်ညအိပ် ခုနစ်ရက် သွားလာနေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူတွေကို မဖမ်းဘူး။ ဘာမှမရှိသူတွေကို ဖမ်းတာ။ ပြီးနေရပ်ကို ပြန်ပို့တဲ့အတွက် ဒီကိုရောက်လာတာပါ” ဟု ပြောကြားသည်။