ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ ဘော်ဒါဆောင်တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းခြောက်လုံး ရှာဖွေတွေ့ရှိ

လက်လုပ်မိုင်း ပေါက်ကွဲပြီးနောက် သက်ဆိုင်ရာက လာရောက်စစ်ဆေးစဉ် တွေ့ရှိရသည့် ပစ္စည်းများ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ ဘော်ဒါဆောင်တွင် မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းခြောက်လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း အလယ်တောကျေးရွာ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဗိုလ်ဗိုလ်ဟန်ထံမှ  သိရသည်။

ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ ဘော်ဒါဆောင်၏ အမည်မှာ ဖူးပွင့်ဝေဆာဖြစ်ပြီး ယင်းဘော်ဒါဆောင်၏ အတွင်းနေရာ အနှံ့အပြားတွင် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းများ တွေ့ရှိခဲ့ကြောင်း၊ ထို့ပြင်လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“တစ်လုံးပေါက်ကွဲတယ်။ မကွဲတာက ခြောက်လုံးပါ။ စုစုပေါင်း မိုင်းခုနစ်လုံးတွေ့တယ်။ ဘော်ဒါဆောင်ဆိုတော့ ထရံဘေးက တစ်လုံးရယ်၊ သောက်ရေအိုးစင်က တစ်လုံးရယ်၊ တံခါးဝမှာ ထောင်ထားတဲ့ မိုင်းတစ်လုံးရယ်၊ သေးပေါက်ခြံထဲက တစ်လုံးရယ်၊ ကျောက်ပုံကြီးဘေးက တစ်လုံးရယ်၊ ဆိုင်ကယ်အတွင်းထဲက တစ်လုံးရယ်၊ ဘော်ဒါဆောင် အတွင်းက နေရာအနှံ့အပြားမှာ တွေ့ခဲ့တာပါ။ တရားခံကတော့ ဖမ်းမိပြီးပြီ။ ရွှေဘိုမြို့ကပါ။ တရားခံကလည်း သူထောင်ခဲ့တယ်လို့ ၀န်ခံပါတယ်” ဟု အလယ်တောကျေးရွာ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဗိုလ်ဗိုလ်ဟန်က ပြောကြားသည်။

လက်လုပ်မိုင်းများအတွင်း ယမ်းများမပါရှိခဲ့ကြောင်း၊ ဗျောက်အိုးအသံ အဆင့်သာရှိကြောင်း၊ ဘော်ဒါဆောင်ပိုင်ရှင် ဆရာမနှင့် မိုင်းထောင်ခဲ့သည့် တရားခံသည် ယခင်က လူမှုရေးအရ ပတ်သက်ခဲ့ဖူးကြောင်း၊ မိုင်းထောင်ခဲ့သည့် တရားခံသည် ဆရာမထံ ခြိမ်းခြောက်သည့် ဖုန်းမက်ဆေ့ခ်ျများ ပေးပို့ရာမှ မိုင်းထောင်တရားခံအား ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

မိုင်းထောင်ခဲ့သူမှာ ရွှေဘိုမြို့ အမှတ် (၂) ဒိုဘီတန်းရပ်ကွက်တွင် နေထိုင်သည့် မျိုးကိုကိုဖြစ်ကြောင်း၊ ၎င်းအား မတ် ၁၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်ရှိတွင် မျိုးကိုကိုအား ထီးချိုင့်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ရဲအုပ်ဗိုလ်ဗိုလ်ဟန်၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ထီးချိုင့် မြို့မရဲစခန်းက မိုင်းထောင်ခဲ့သည့် မျိုးကိုကိုအား (ပ) ၈၅/၂၀၁၈၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ (၃) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

တကောင်းနီကယ်စက်ရုံနှင့် အလုပ်သမားများအကြား သဘောတူညီချက် ၁၁ ချက် ရရှိခဲ့သော်လည်း ကုမ္ပဏီဘက်မှ ချိုးဖောက်နေသည့်အတွက် အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားမည်ဟုဆို

ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံနှင့် အလုပ်သမားများအကြား သဘောတူညီချက် ၁၁ ချက် ရရှိခဲ့သော်လည်း ကုမ္ပဏီဘက်မှ ချိုးဖောက်မှုများ ရှိနေသည့်အတွက် အလုပ်သမားဝန်ကြီးဌာနသို့ ဆက်လက် တိုင်ကြားသွားမည်ဖြစ်ကြောင်း အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။

ထီးချိုင့်မြို့နယ်ရှိ နီကယ်စက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ၂၀၁၆ ခုနှစ်အတွင်းက စက်ရုံအား ဆန္ဒပြပြီးနောက် ကုမ္ပဏီနှင့် အလုပ်သမားများကြား သဘောတူချက် ၁၁ ချက် ထွက်ရှိလာခြင်းဖြစ်ကြောင်း၊ အဆိုပါ သဘောတူညီချက်ထဲတွင် လုပ်ခလစာနှင့် ပက်သက်သော အခွင့်အရေးများ မရရှိခဲ့ကြောင်း သိရသည်။

“သဘောတူညီချက် ရရှိပေမဲ့ အဆင်မပြေပါဘူး။ ကုမ္ပဏီဘက်က အခုအချိန်အထိ ချိုးဖောက်မှုတွေ ရှိနေဆဲပါ။ ကျွန်တော်တို့ တောင်းတာကအချက် ၁၃ ချက်ကို တောင်းဆိုခဲ့တာပါ။ ၁၁ ချက်ထဲပဲ ရပါသေးတယ်။ လုပ်ခလစာကိစ္စကတော့ ဆက်လက်ပြီး တောင်းဆိုသွားမှာပါ။ လူမှုဖူလုံရေးဆိုရင် အခုအထိမရသေးဘူး။ အပေါ်ယံသဘော တူညီချက်ပဲရတာ။ တကယ်တမ်းကျတော့ အတိအကျမလုပ်ဘူး။ တကယ်တမ်းလုပ်တာကတော့ ညှိနှိုင်းရေးအဖွဲ့ဖွဲ့တာပဲရှိတယ်။ သဘောတူညီချက်တွေ ချိုးဖောက်နေတာတွေလည်းများတယ်။ ကျွန်တော်တို့က သဘောတူညီချက်ကအရ အလုပ်သမားတွေက တောင်းဆိုတဲ့အခါမှာ စာအရပဲ ရှိနေပြီး ဖြစ်ပေါ်လာတဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို သူတို့ အသိအမှတ်မပြုဘူး။ လက်ခံဆွေးနွေးခြင်း မရှိဘူး” ဟု တကောင်းနီကယ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦးထွန်းဝင်းက ဆိုသည်။

ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ် စက်ရုံဘက်မှ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်သမားရေး ဆောင်ရွက်သူများအား ဖိအားပေးမှုများ ရှိနေသေးကြောင်း၊ ယင်းကိစ္စနှင့်ပက်သက်၍ သက်ဆိုင်ရာဌာနအား အရေးယူပေးရန်အတွက် အလုပ်သမားများက တိုင်ကြားခဲ့သော်လည်း ထိရောက်သည့် အရေးယူမှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ကတော့ အဲဒီသဘောတူညီချက် ၁၁ ချက်ကို ကုမ္ပဏီဘက်က တိတိကျကျ အကောင်အထည် ဖော်ပေးစေချင်ပါတယ်။ တကောင်းနီကယ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ လစာငွေဟာဆိုရင် ကျပ်တစ်သိန်းကနေ ကျပ်တစ်သိန်းခွဲဝန်းကျင်သာ ရရှိပါတယ်။ သဘောတူညီချက်တွေကို ကုမ္ပဏီဘက်က ဥပဒေချိုးဖောက်နေတဲ့အတွက် သက်ဆိုင်ရာ အလုပ်သမားရေးရာ ဆက်ဆံရေးရုံးကနေ တရားစွဲဖို့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်နေတဲ့အတွက် အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ဦးထွန်းဝင်းက ပြောကြားသည်။

တကောင်းနီကယ်စက်ရုံတွင် မြန်မာအလုပ်သမား ၁၅၀၀ ကျော်နီးပါးရှိကြောင်း၊ အဆိုပါစက်ရုံအား ဒေသခံများနှင့် ကုမ္ပဏီတွင် အလုပ်လုပ်နေသည့် အလုပ်သမားမှ ဆန္ဒပြမှုများလည်း အကြိမ်ကြိမ် ရှိခဲ့ဖူးသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။