တမူးမြို့တွင် ထီတစ်စောင် ကျပ် ၁၅၀၀ ဖြင့် လာရောက်ရောင်းချသူများကို အရပ်ဘက်အဖွဲ့အစည်းများက တားမြစ်

တမူးမြို့နယ်တွင် ထီတစ်စောင် ကျပ် ၁၅၀၀ ဖြင့် လာရောက်ရောင်းချသည့်ယာဉ်ကို တွေ့ရစဉ်

တမူးမြို့တွင် ထီတစ်စောင် ကျပ် ၁၅၀၀ ဖြင့် လာရောင်ရောင်းချသူများကို တမူး လူငယ်ကွန်ရက် အရပ်ဘက်အဖွဲ့အစည်းက တားမြစ်ခဲ့ကြောင်း သိရသည်။

“စော်ဘွားရပ်ကွက်ထဲကို ရောက်လာတာလေ ။ လူငယ်ကွန်ရက်က တစ်ယောက်နဲ့ ချိတ်ဆက်ထားတာ။ နောက်တစ်ခေါက် ထီကားလာရင် မေးကြရအောင်ဆိုပြီး ပြောထားတာ။ အရင်တစ်ခေါက်က ရောင်းကောင်းခဲ့တော့ နောက်တစ်လတော့ ထီကားလာမယ်ဆိုတာ သိနေတယ်။ ဒီလိုလာရင်တော့ ရဲစခန်းတိုင်မယ်ဆိုပြီး လုပ်ထားတာ။ သူတို့က ထီတစ်စောင်ကို ကျပ် ၁၅၀၀ နဲ့ တစ်စောင်ချင်း ရောင်းတာမဟုတ်ဘူး။ ၁၀ စောင်တွဲ တစ်သောင်းခွဲပဲ။ တစ်စောင်ချင်း၊ နှစ်စောင်ချင်း မရောင်းဘူး။ မ၀ယ်ရင်အရှင်း၊ ၀ယ်မယ်ဆိုရင် တစ်သောင်းခွဲဝယ်ရတယ်။ စော်ဘွားရပ်ထဲရောက်တော့ ဖုန်းဆက်ခေါ်တော့ ကျွန်မက သွားလိုက်ပြီး သူတို့နဲ့တွေ့တယ်။ သူတို့ကိုလည်းပြောတယ်။ မင်းတို့ ထီရောင်းတာက ရာဇ၀တ်မှုတော့ မဟုတ်ဘူး။ ထီရောင်းတာက သမာသမတ်မကျဘူးကွ။ ဆင်းရဲသားတွေကို ညာညှစ်ယူသလိုဖြစ်နေတယ်။ မင်းတို့ ရောင်းပြီးသားတွေကို ငွေပြန်အမ်းပြီး ငါတို့မြို့ကနေ ချက်ချင်းထွက်သွားမလား။ ရဲစခန်းကို သွားမလားဆိုပြီးမေးတော့ သူတို့က အဲဒီအနီး အနားမှာ ရောင်းပြီးသားတွေကိုလည်း ငွေပြန်အမ်းပြီး ဒီမြို့က အမြန်ထွက်သွားပါ့မယ်ပြောပြီး ထွက်သွားကြပါတယ်” ဟု တမူးလူငယ်ကွန်ရက်မှ မအိသုန်က ပြောကြားသည်။

တမူးမြို့နယ်အတွင်း ထီရောင်းသူများသည် အုပ်စုဖွဲ့၍ ထီတစ်စောင်လျှင် ကျပ် ၁၅၀၀ ဖြင့် (၁၀ စောင်တွဲ တစ်သောင်းခွဲ) တစ်သောင်းခွဲတန်အတွဲလိုက်အား တစ်အိမ်တက်ဆင်း လိုက်လံရောင်းချမှုရှိခဲ့ပြီး ယခုအဖွဲ့ကို တွေ့ရှိတားဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့ ထီရောင်းတာက လက်ငင်းပေးနိုင်ရင်လည်းပေး၊ မပေးနိုင်ဘူးဆိုရင်လည်း အကြွေးပါရောင်းတာ။ ဒီလ ၂၁ ရက်မှ ပြန်လာမယ်လို့ပြောတယ်။ ပိုက်ဆံကောက်မယ်ပေါ့။ အဲဒီနားရပ်ကွက်က အကြွေးတွေ တော်တော်ကို ယူထားကြပြီးပြီ။ ၁၀ စောင်ကို တစ်သောင်းခွဲနဲ့။ သူတို့ကလည်း ရဲစခန်းမသွားချင်ဘူး။ နောင်ကိုလည်း မလာတော့ပါဘူး ပြောပါတယ်။ အရင်လက ရောင်းတာကလည်း သူတို့မဟုတ်ပါဘူးလို့ ပြောပါတယ်။ ပါသွားတဲ့သူတွေကလည်း ဘယ်သူဘယ်ဝါဆိုတာ မမှတ်မိဘူးလေ။ သက်သေပြစရာမရှိဘူး။ အရင်လက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ တစ်စောင်ကို ကျပ် ၁၅၀၀ နဲ့ရောင်းတယ်ဆိုရင် ထီဥပဒေနဲ့ တရားစွဲလို့ရပါတယ်။သူတို့လာရောင်းမယ်ဆိုရင်လည်း ထီတစ်စောင်ကို လမ်းစရိတ်၊ စားစရိတ်နဲ့ ကျပ် ၇၀၀ လောက်နဲ့ဆိုတော်သေးတယ်။ အခုဟာက ထီတစ်စောင်ကို ကျပ် ၁၅၀၀ ဆိုတာများသွားပြီလေ။ ဒါနဲ့ သူတို့မှတ်ပုံတင်တွေကိုပါ ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ တခြားမြို့တွေမှာလည်း မလုပ်ဖို့ပြောပါတယ်။ ရောင်းခဲ့မယ်ဆိုရင် မြို့ချင်းချိတ်ဆက်ပြီး အမှုဖွင့်မယ်လို့ ပြောလိုက်ပါတယ်။ အရင်တုန်းကလည်း ရောင်းခဲ့ဖူးတာရှိပေမယ့် အခုဟာက မပေါက်မရှိဆိုတာရော ၊ ကံစမ်းမဲတွေရော၊ မသိနားမလည်တဲ့ မိသားစုတွေကို ပစ်မှတ်ထားပြီး ရောင်းသွားတယ်။ ရွာပိုင်းတွေဆို တော်တော်ခံလိုက်ရတယ်။ ကံစမ်းမဲဆိုပြီး စားပွဲတင်နာရီ (ကျပ် ၁၀၀၀၊ ကျပ် ၁၅၀၀ တန်) လေးတွေနဲ့ ရောင်းတာကလည်း အကြွေးပေးတာဆိုတော့ ထိုးကြတာပေါ့” ဟု မအိသုန်က ဆက်လက်ပြောကြားသည်။

ကျပ် ၁၀ သိန်းအထိ ထီဆုငွေများကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ရက်သတ္တပတ်အတွင်း ထုတ်ယူနိုင်

ကျပ် ၁၀ သိန်းအထိ ထီဆုငွေများကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ရက်သတ္တပတ်အတွင်း ထုတ်ယူနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၅ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ ဦးဖေတင်က အစိုးရ အောင်ဘာလေထီဆုငွေများ ထုတ်ယူရာတွင် အနည်းဆုံးတန်ဖိုးငွေ ကျပ်သောင်းဂဏန်းမှ အများဆုံး ငွေကျပ်ငါးသိန်း (သို့မ ဟုတ်) ငွေကျပ် ၁၀ သိန်းအထိကို သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှတစ်ဆင့် ထုတ်ယူစေပြီး ကျန်ဆုမဲကြီးများအား ပုံမှန်ထုတ်ပေးနေကျ နည်းလမ်းများအတိုင်း ငွေထုတ်ပေးသည့် စနစ်ကို ဆုကြေးနည်းထုတ်ယူသူများအတွက် ဖြေလျှော့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ဒုတိယ၀န်ကြီးက “မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ထီဆုငွေထုတ်ယူလိုသူများအနေနဲ့ ကျပ် ၁၀ သိန်းအထိ ထီဆုငွေတွေကို ရက်သတ္တပတ်အတွင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ အောင်ဘာလေ သိန်းဆုဌာနခွဲအနေနဲ့ ထီဖွင့်ပြီး နောက် ထီဆုငွေတွေ ထုတ်ပေးနိုင်အောင် စီစဉ်ထားပါတယ်။ ထီဆုငွေထုတ်ယူဖို့ တင်ပြလာပါက ရက်သတ္တပတ်အတွင်း ထုတ်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

အောင်ဘာလေထီလက်မှတ် ရောင်းရငွေ၏ ရာခိုင်နှုန်း ၆၀ ကို ထီဆုငွေအဖြစ် ပြန်လည်ခွဲဝေပေးရာတွင် ထီဆုငွေများကို မည်သည့်မြို့နယ် မည်သည့်ရုံးတွင် မည်သည့်ထီ ဆုငွေပမာဏထုတ်ယူမည်ကို ခန့်မှန်း၍ ကြိုတင် ဘတ်ဂျက်ခွဲဝေရန် ခက်ခဲသည့်အတွက် အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်) နှင့် (မန္တလေးရုံးခွဲ) များတွင်သာ ငွေစာရင်း ဖွင့်လှစ် ထိန်းသိမ်းထားရခြင်းဖြစ်ကြောင်း၊ အောင်ဘာလေ သိန်းဆုဌာနခွဲ (ရန်ကုန်) နှင့် (မန္တလေးရုံးခွဲ) များတွင် ဆုငွေ လာရောက်ထုတ်ယူပါက နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ထီဆုငွေထုတ်ယူရန်အတွက် ဆုရထီလက်မှတ်များတင်ပြရာတွင် စစ်ဆေးရမည့်အချက်အလက်များ၊ ဆုငွေတောင်းခံလွှာနှင့်အတူ တင်ပြရမည့် အထောက်အထားများကို သတ်မှတ်ထားကြောင်း၊ မည်သည့်ရုံးတွင် ဆုငွေထုတ်ယူသည်ဖြစ်စေ၊ ဆုငွေတောင်းခံ လွှာနှင့်အတူ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားသည့် ဆုငွေတောင်းခံလွှာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ၊ ဓာတ်ပုံ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို ပူးတွဲတင်ပြရကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

အမေရိကန်တွင် အသက် ၂၀ အရွယ် အမျိုးသား ဒေါ်လာ ၄၅၁ သန်း ထီပေါက်ခဲ့

ဇန်န၀ါရီ ၄ ရက်က အတ္တလန္တာရှိ စတိုးဆိုင်တစ်ဆိုင်၌ အမေရိကန်ထီကြော်ငြာတစ်ခုအား တွေ့ရစဉ် (Photo – AFP)

Mega Millions ထီပေါက်ပြီး ဒေါ်လာ ၄၅၁ သန်းရရှိသွားသည့် ဖလော်ရီဒါမှ အသက် ၂၀ အရွယ် အမျိုးသားသည် ထိုဆုငွေကို နှစ်စဉ် အရစ်ကျခွဲယူမည့်အစား တစ်ကြိမ်တည်းဖြင့် ဒေါ်လာ ၂၈၂ သန်းကို ထုတ်ယူရန် ရွေးချယ်ခဲ့သည်ဟု သိရသည်။ ဖလော်ရီဒါရှိ ပေါ့ရစ်ချီမြို့တွင် နေထိုင်သော ရှိန်းမစ်စလာသည် ဇန်န၀ါရီ ၅ ရက်က ရွေးချယ်မှုတွင် jackpot ရရှိသွားသည်ဟု ဖလော်ရီဒါ ထီသတင်းထုတ်ပြန်ရေးက ဇန်န၀ါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မစ်စလာသည် တစ်ကြိမ်တည်းဖြင့် ဆုငွေထုတ်ယူပြီး ဒေါ်လာ ၂၈၁၈၇၄၉၉၉ ရရှိမည်ဖြစ်သည်ဟုလည်း သိရသည်။

ထို ငွေပမာဏသည် ဖို့ဘ်မဂ္ဂဇင်းကဖော်ပြသည့် နာမည်ကျော် အဆိုရှင် တေလာဆွစ်၏ စုစုပေါင်း ပိုင်ဆိုင်မှုနှင့် ညီမျှကြောင်း သိရသည်။

“ကျွန်တော့်အသက်က ၂၀ ပဲရှိပါသေး တယ်။ ကျွန်တော့်ရဲ့ များပြားလှတဲ့ဝါသနာတွေ၊ မိသားစုကို ကူညီဖို့နဲ့ လူသားတွေအတွက် ကောင်းမွန်တဲ့ တစ်စုံတစ်ခုလုပ်ဖို့ဒီငွေတွေကို အသုံးပြုမယ်လို့ ရည်ရွယ်ထားပါတယ်” ဟု မစ်စလာက ပြောကြားခဲ့သည်။

အမေရိကန်၏ ၁၀ ခုမြောက်အများဆုံး ဖြစ်လာသည့် jackpot ကို ရရှိစေခဲ့သော ထီနံပါတ်များမှာ ၂၈-၃၀-၃၉-၅၉-၇၀ ဖြစ်ပြီး Mega Ball နံပါတ်မှာ ၁၀ ဖြစ်သည်။ ပေါက်မည့် ထီလက်မှတ်ကို ပေါ့ရီချီရှိ 7 – Eleven ဆိုင်မှ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး အရောင်းဆိုင်က အပိုဆုကြေးအဖြစ် ဒေါ်လာ ၁၀၀၀၀၀ ရရှိမည် ဖြစ်သည်။

Tampa Bay Times တွင် ဖော်ပြချက်အရ မစ်စလာသည် ဇန်န၀ါရီ ၁၂ ရက်က ဖလော်ရီဒါထီရုံးချုပ်သို့ ထီလက်မှတ်လာ အပ်စဉ်က ပြုံးဖြီးနေခဲ့ပြီး ဖခင်နှင့်ရှေ့နေဖြစ်သူတို့လည်း အတူလိုက်ပါလာခဲ့ကြသည်။

“ကျွန်တော် ဒီကမ္ဘာပေါ်မှာ နေထိုင်ရသေးတဲ့ ကာလတိုအတွင်းမှာ သိရှိခဲ့တာတစ်ခုကတော့ ကောင်းမွန်တဲ့စိတ်ထားကို ထိန်းသိမ်းပြီး စစ်မှန်စွာနေထိုင်တဲ့သူတွေဟာ အကျိုးခံစားရတယ် ဆိုတာပါပဲ” ဟု မစ်စလာက ပြောကြားသွားခဲ့ပြီး အနာဂတ်အတွက် မျှော်လင့်နေကြောင်းလည်း ပြောကြားခဲ့သည်။

မစ်စလာသည် ထီပေါက်ပြီးသည့် အချိန်မှစပြီး ဒေသတွင်းရှိ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် ၎င်း၏အလုပ်မှ အနားယူလိုက်ပြီဟု သိရသည်။ ထို့ပြင် လက်ရှိနေထိုင်နေသည့် ပေါ့ရစ်ချီမှလည်း ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်အနေနဲ့ မိသားစုကို ပြန်ကြည့်လိုပြီး ပျော်ရွှင်အောင်နေပါမယ်။ ဒါ့အပြင် ဒီငွေကြေးအောင်မြင်မှုဟာ နောက်အနာဂတ်အထိ ဆက်လက်သက်တမ်းရှည်စေရန်လည်း လုပ်ဆောင်သွားပါမယ်”  ဟု ၎င်းက ပြောကြားသွားခဲ့သည်။

Ref ; AFP