ထိုင်းလိုဏ်ဂူအတွင်းမှ ပိတ်မိကလေးများ ကယ်ဆယ်ရေး တတိယမြောက်နေ့တွင် ကျန်ရှိကလေးအားလုံးကို ကယ်ထုတ်နိုင်ခဲ့

ဇူလိုင် ၁၀ ရက်တွင် ကယ်ဆယ်ရေးများ လုပ်ဆောင်နေသည့် Tham Luang ဂူဝန်းကျင်မှ လူနာတင်ယာဉ်တစ်စီး ထွက်လာစဉ် (Photo – AFP)

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ လိုဏ်ဂူထဲမှ ပိတ်မိကလေးများအား ကယ်ဆယ်သည့် တတိယမြောက်နေ့ ဇူလိုင် ၁၀ ရက်တွင် ကျန်ရှိနေသူငါးဦးစလုံးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ယခင်နှစ်ရက်တွင် ကယ်ဆယ်ခဲ့သည့် ပုံစံများအတိုင်း ရေငုပ်သမားများသည်  တတိယမြောက်နေ့တွင် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ၌ ဂူထဲသို့ ၀င်ရောက်ခဲ့ကြကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် နာရောင်ဆက်  အိုဆော့တာနာကွန်းက ပြောကြားခဲ့သည်။

ထိုပိတ်မိကလေးများအား ကယ်ဆယ်မှုကို ကူညီရန် ကမ်းလှမ်းခဲ့သော အမေရိကန် နည်းပညာ စွန့်ဦးတီထွင်လုပ်ငန်းရှင် အီလန်မက်စ်သည် ဇူလိုင် ၁၀ ရက်တွင် ၎င်း၏ ရှေ့ပြေးပုံစံ မီနီရေငုပ်သင်္ဘောနှင့်အတူ ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။ မီနီရေငုပ်သင်္ဘောသည် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊  ဂူအမှတ်-၃ မှ ပြန်လာပြီဖြစ်ကြောင်း ရေလွှမ်းနေသည့် ဂူတွင် ကယ်ဆယ်ရေးလုပ်နေမှုအား မှတ်တမ်းတင်ထားသည့် ဗီဒီယိုကို မက်စ်က Instagram တွင် တင်ခဲ့သည်။ ဂူ အမှတ်-၃ သည် ကယ်ဆယ်ရေးအခြေစိုက်ဖြစ်သည့် ဂူဝင်ပေါက်မှ ၁ ဒသမ ၂ မိုင်အကွာတွင် တည်ရှိနေသည်။ လတ်တလောတွင် ကယ်ဆယ်ရေးများသည် မက်စ်၏ ရေငုပ်သင်္ဘောကို အသုံးပြုရန် အစီအစဉ် မရှိသေးပေ။

ပြည်ပရေငုပ်သမားများနှင့် ထိုင်းရေတပ်ရေငုပ်သမားများသည် တစ်စိတ်တစ်ပိုင်း ရေလွှမ်းနေသော Tham Luang ဂူထဲမှ ကလေးများအနက် ရှစ်ဦးကို ဇူလိုင် ၈ ရက် နှင့် ၉ ရက်တို့တွင် လေးဦးစီ ကယ်ထုတ်နိုင်ခဲ့သည်။ ထိုရှစ်ဦးစလုံးသည် မည်သည့်နာဖျားမှုမှ မရှိဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာလည်း ကောင်းမွန်ကြောင်း အများပြည်သူကျန်းမာရေးဆိုင်ရာ ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဂျက်ဆာဒါချော့ ဒမ်ရောင်ဆက်က ထိုကလေးများအား ကုသပေးနေသည့် ချင်းရိုင်ဆေးရုံ၌ ပြောကြားခဲ့သည်။

သို့သော် ထိုကလေးများသည် ဂူထဲမှ မည်သည့်ရောဂါမှ ကူးစက်ခံရမှုမရှိကြောင်း သေချာသည့် အချိန်အထိ ဆရာဝန်များက ၎င်းတို့အား သီးသန့်ခွဲထားမည်ဖြစ်သည်။ ညစ်ပတ်သောရေများအား သောက်ခြင်း သို့မဟုတ် ဂူထဲတွင် ငှက်နှင့် လင်းနို့များ၏ မစင်များနှင့် ထိတွေ့မိခြင်းတို့ကြောင့် အန္တရာယ်ကြီးသော ကူးစက်မှုများ ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးခဲ့သည်။ သို့သော် ကလေးရှစ်ဦးအား ဓာတ်မှန်ရိုက်ခြင်း နှင့် သွေးစစ်ခြင်းပြုလုပ်ခဲ့ရာ နှစ်ဦးတွင်သာ  အဆုတ်ရောင်ရောဂါလက္ခဏာများ တွေ့ရှိခဲ့ရသော်လည်း ဆေးသောက်ပြီးချိန်တွင်မူ ပုံမှန်အခြေအနေ၌ ရှိနေကြောင်း ဂျက်ဆာဒါက ပြောကြားခဲ့သည်။ ကလေးအချို့ကမူ ပေါင်မုန့်နှင့်ချောကလက်များ ကျွေးရန်တောင်းဆိုခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

Wild Boars လူငယ်ဘောလုံးအသင်းမှ အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြားရှိ လူငယ် ၁၂ ဦးနှင့် အသက် ၂၅ နှစ်ရှိ ၎င်းတို့၏ လက်ထောက်နည်းပြဖြစ်သူတို့သည် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ဇွန် ၂၃ ရက်တွင် ထိုဂူထဲ၌ ပိတ်မိသွားခဲ့ခြင်း ဖြစ်သည်။ မှောင်မည်းပြီး ကျဉ်းမြောင်းသောလမ်းကြောင်းများရှိသည့် ထိုဂူထဲတွင် ကိုးရက်ကြာ ပိတ်မိနေခဲ့ပြီးနောက် ထိုကလေးများအဖွဲ့အား ဗြိတိန်ရေငုပ်သမား နှစ်ဦးက အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Ref ; AFP

ကယ်ဆယ်ရေး ရေငုပ်သမားများက အပိုထောက်ပံ့ပစ္စည်းများ ယူဆောင်၍ ထိုင်းလိုဏ်ဂူထဲသို့ ၀င်ရောက်

လူ ၁၃ ဦး ပျောက်ဆုံးနေသော ထိုင်းလိုဏ်ဂူဝင်ပေါက်တွင် ကယ်ဆယ်ရေးအလုပ်သမားတစ်ဦးအား ဇူလိုင် ၂ ရက်၌ တွေ့ရစဉ် (Photo – AFP)

လူငယ် ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံးနည်းပြတို့ တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေခဲ့သည့် ထိုင်းမြောက်ပိုင်းမှ ရေလွှမ်းနေသော လိုဏ်ဂူထဲတွင် ကယ်ဆယ်ရေး ရေငုပ်သမားများသည် ဇူလိုင် ၂ ရက်၌ အဓိက လူသွားလမ်းတစ်ခုကိုဖြတ်ပြီးနောက် တိုးတက်မှုအချို့ ရရှိခဲ့သည်။ ရေငုပ်သမားများသည် ဇူလိုင် ၁ ရက်ညတွင် လမ်းခွဲနှစ်ခုရှိသည့် မိုင်ဝက်ရှည်လျားသော လူသွားလမ်းတစ်ခုတွင် လမ်းချိုးတစ်ခုသို့ ရောက်ရှိခဲ့ကြောင်း ထိုင်း Navy SEALs က ဇူလိုင် ၂ ရက်အစောပိုင်းတွင် Facebook ၌ ထုတ်ပြန်ခဲ့သည်။

ပျောက်ဆုံးနေသည့်အဖွဲ့က ဘေးကင်းလုံခြုံစွာ ခိုလှုံနေသည်ဟု ယူဆထားသော ထိုင်းဂူထဲရှိ ကုန်းမြင့်ပေါ်မှ သဲထူသော လိုဏ်ခန်းသို့ သွားရောက်ရန် ကယ်ဆယ်ရေးများက ရည်မှန်းထားသည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြားရှိ လူ ငယ် ၁၂ ဦးနှင့် အသက် ၂၅ နှစ်ရှိ ၎င်းင်းတို့၏ ဘောလုံးနည်းပြသည် ဇွန် ၂၃ ရက်တွင် ချန်ရိုင်းပြည်နယ်ရှိ Tham Luang Nang Non ဂူထဲသို့ ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းပြီး အဓိက လူလျှောက်လမ်းများအား ရေလွှမ်းခဲ့ခြင်းကြောင့် ထိုပျောက်ဆုံးအဖွဲ့သည် ပိတ်မိနေသည်ဟု ယူဆရပြီး  ၎င်းတို့အား ရှာဖွေမှုသည်လည်း အဟန့်အတား ကြုံခဲ့ရသည်။

ရွှံ့ရေများက ဂူထဲရှိ အခန်းများအား လွှမ်းခဲ့ခြင်းကြောင့် ရေငုပ်သမားများသည် အတားအဆီး အကြိမ်ကြိမ် ကြုံခဲ့ရပြီး ဘေးကင်းလုံခြုံမှုအကြောင်းပြချက်ဖြင့် ကယ်ဆယ်မှုများကို ရွှေ့ဆိုင်းခဲ့ရသည်။ ဇူလိုင် ၁ ရက်တွင် ဂူထဲ၌ ရေကျသွားချိန်တွင် ရေငုပ်သမားများသည် ကြိုးတစ်ချောင်းဖြင့် လမ်းကြောင်းလုပ်ဆောင်ခဲ့ပြီး အောက်ဆီဂျင်များကို အပိုသယ်ဆောင်သွားခဲ့ကာ ရှေ့သို့ ဆက်တိုးခဲ့ကြောင်း သိရသည်။

“ဒီနေ့မှာလည်း ကျွန်တော်တို့တွေ နောက်ထပ်ကောင်းမွန်တဲ့နေ့တစ်နေ့ ကြုံရမယ်လို့ မျှော်လင့်ပါတယ်။ အရာရာတိုင်းကို ချောချောမွေ့မွေ့လုပ်နိုင်ရင်တော့ ပိုပြီးကောင်းလိမ့်မယ်” ဟု ချန်ရိုင်းပြည်နယ်အုပ်ချုပ်ရေးမှူး နာရောင်ဆက်အိုဆက်တာနာကွန်းက ဇူလိုင် ၂ ရက်တွင်ပြောကြားခဲ့သည်။

ကယ်ဆယ်ရေး ရေငုပ်သမားများက ဖြတ်သန်းခဲ့သော လူလျှောက်လမ်းသည် အချို့နေရာများတွင် အပေါ်သို့ ထောင်တက်ခဲ့ပြီး အချို့နေရာများတွင် အောက်သို့ နိမ့်ဆင်းသွားကာ အလွန်အမင်း ကျဉ်းမြောင်းကြောင်း  လည်း ၎င်းက ပြောကြားခဲ့သည်။ ယင်းအတွက်ကြောင့် ၎င်းတို့နှင့်အတူ ကယ်ဆယ်ရေးပစ္စည်းအားလုံးကို တစ်ပါတည်းသယ်ဆောင်သွားရန် ခက်ခဲခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ထိုရေငုပ်သမားများအပြင် အခြားအဖွဲ့များကလည်း ဂူထဲမှ ရေများကို စုပ်ထုတ်ခြင်းအပြင် မြေအောက်ရေစီးလမ်းကြောင်းကို ပြောင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အခြားကယ်ဆယ်ရေးများကလည်း ထိုပျောက်ဆုံး အဖွဲ့က ခိုလှုံနေဖွယ်ရှိဟု ယူဆရသည့် ပိတ်မိနေသည့် ဧရိယာသို့ နောက်ဖေးပေါက်ဖြစ်နိုင်သည့် အပေါက်များကို လိုက်လံရှာဖွေနေ ကြသည်။ ထိုအပေါက်များသို့ ဦးတည်နိုင်သည့် ပပ်ကြားအက်များကိုလည်း ကယ်ဆယ်ရေးအဖွဲ့များက ပိုက်စိပ်တိုက်ရှာဖွေ နေကြသည်။ ယင်းကဲ့သို့ အပေါက်များစွာအား တွေ့ခဲ့ပြီး ထိုအပေါက် အချို့သို့ ဆင်းနိုင်ခဲ့သော်လည်း ပျောက်ဆုံးအဖွဲ့အား ရှာတွေ့နိုင်ရန်အတွက် အသုံးဝင်မှု ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထိုရှာဖွေမှုတွင် အမေရိကန်စစ်ဘက်အဖွဲ့၊ ဗြိတိန်လိုဏ်ဂူကျွမ်းကျင်အဖွဲ့ ၊ တရုတ်သက်ကယ်လုပ်သားများနှင့် အခြားနိုင်ငံများ မှ စေတနာ့ဝန်ထမ်းအဖွဲ့များစွာက ပူးပေါင်းပါဝင်နေကြသည်။

Ref ; AFP