ထားဝယ်မြို့ မှ ၅၁ မိုင်ကျော်အကွာရှိ ရှင်မော်ဘုရားတောင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားနေ

ပုံစာ– ရှင်မော်ဘုရားတောင်တွင် မြေသားပြိုကျမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ – သက်ဇော်မြတ်)

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့ မှ ၅၁ မိုင်ကျော်အကွာ လောင်းလုံးမြို့နယ်ရှိ ရှင်ကိုးရှင် သမိုင်းဝင်ရှင်မော်ဘုရားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ် ၁ ရက် နံနက်ပိုင်းမှ စတင်ကာ တောင်နံရံ မြေသားပြိုကျမှု ဖြစ်ပွားနေကြောင်း သိရသည်။

မြေသားပြိုကျမှုမှာ သြဂုတ်လ ၁ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှင်မော်ဘုရားရင်ပြင် အရှေ့ ဘက်ရှိ တောင်စောင်းတွင် တည်ဆောက်ထားသော ဂေါပကရုံးခန်းနှင့် သံဃာနားနေဆောင် အောက်ဘက်ရှိမြေသားများ ပြိုကျကာ နံဘေးရှိ ပင်လယ်အတွင်းသို့ ကျဆင်းနေကြောင်း၊ လက်ရှိအချိန်အထိ မြေသားပြိုကျမှုမှာ ဆက်လက်ဖြစ်ပွားနေပြီး ဂေါပကရုံးခန်းနှင့် သံဃာနားနေဆောင်ပါ ပြိုကျလာနိုင်သည့် အနေအထားရှိသောကြောင့် အဆောင်အတွင်းမှပစ္စည်းများ ရွှေ့ ပြောင်းဖယ်ရှားနေသည်ဟု ၄င်းနေရာသို့ ရောက်ရှိနေသည့် ဇမ္ဗူသီရိ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ထံမှ သိရသည်။

“လက်ရှိ အခြေအနေကတော့ သံဃာဆောင်တော့ မပါ (မပြိုကျ) သေးဘူး။ ခရီးသည် နားနေဆောင်ဘေးက ဂေါပကရုံးခန်း အောက်ဘက်ကမြေတွေ အကုန်ပြိုဆင်းသွားတယ်။ မြေသားတွေနဲ့အတူ လူ သုံးယောက်ပိုက်လောက် ရှိတယ် သစ်ပင်ပါ ပင်လယ်ထဲ ဆင်းသွားတယ်။ အခုလက်ရှိက ဘုန်းကြီးနေတဲ့ သံဃာဆောင်မှာ ရှေ့က တစ်တန်းလုံး အက်ကြောင်းထနေပြီ။ ဂေါပကရုံးပြိုရင် သူလည်းပြိုကျမယ့် အနေအထားရှိတယ်။ ဒီတော့ သံဃာဆောင်က မှန်တွေနဲ့ ရှိတာ ရသမျှ အကုန်ဖြုတ်သိမ်းနေပြီ။ ဝန်ကြီးတွေလည်း ရောက်နေပြီ။ တပ်မတော်နဲ့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေလည်း အများကြီးပဲ။ အစီး ၂၀ လောက် ရှိတယ်” ဟု မြေသားပြိုကျမှု ဖြစ်ပွားနေသည့် ရှင်မော်ဘုရားတောင်ပေါ်သို့ ရောက်ရှိနေသော ဇမ္ဗူသီရိ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ကိုနိုင်မျိုးသွင်က သြဂုတ်လ ၁ ရက် ညနေ ၄ နာရီခန့်တွင် ပြောကြားသည်။

လက်ရှိ အခြေအနေအရ မြေပြိုကျမှုဖြစ်နေသည့် ရှင်မော်ဘုရားတောင်ပေါ်ရှိ ဂေါပကရုံးခန်းမှာ အောက်ခံမြေသားများ ပင်လယ်အတွင်း ပြိုဆင်းသွားသောကြောင့် ရုံးခန်းပြိုကျရန် အခြေအနေရှိနေပြီး ၄င်းရုံးခန်းအတွင်းမှ ပစ္စည်းများအားအပြင်သို့ သယ်ထုတ်ထားကြောင်း၊ ရှင်မော်ဘုရားတောင်သို့ လာရာ လမ်းတစ်လျာက်တွင်လည် မြေပြိုကျမှု အနည်းငယ် ဖြစ်ပွားနေသည့်နေရာများလည်း ရှိနေပြီး ယင်းဒေသတစ်ဝိုက်တွင် လေပြင်းတိုက်ခတ်နေကာ မိုးလည်း ရွာသွန်းနေသဖြင့် မြေသား ထပ်မံပြိုကျလာနိုင်သည့် အခြေအနေရှိနေသည်ဟု ရှင်မော်တောင်ပေါ်သို့ ရောက်ရှိနေသည့် ကျောက်နီမော်ရွာမှ ဒေသခံဖြစ်သူ ကိုသက်ဇော်မြတ် ကပြောကြားသည်။

ရှင်မော်ဘုရားတောင် မြေသားပြိုကျသည့်နေရာသို့ ဒေသတွင်းမှ အရေးပေါ် လူနာတင်ယာဉ်အဖွဲ့ များနှင့် မီးသတ်တပ်ဖွဲ့ များ သွားရောက် ကူညီနေပြီး မြေပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။ ရှင်မော်ဘုရားမှာ ထားဝယ်ဒေသ၏ အထင်ကရ သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများအနက် တစ်ဆူ အပါအဝင်ဖြစ်ပြီး လောင်းလုံးကျွန်းဆွယ် အစွန်းဆုံးပင်လယ်ဝ၌ တည်ထားသည့် ဘုရားတစ်ဆူဖြစ်သည့်အပြင် နှစ်စဉ် ဘုရားဖူးခရီးသွား အများအပြား လာရောက်လေ့ရှိသည့် ဘုရားတစ်ဆူဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်အတွင်းကလည်း ၄င်းရှင်မော်ဘုရားနှင့် ၁၀ မိုင်ခန့် အကွာရှိ ကျောက်နီမော်ကျေးရွာမှ အင်းကနီရပ်ကွက်တွင် တောင်ပြိုကျမှုဖြစ်ပွား၍ နေအိမ်ပြိုကျမှုရှိခဲ့ပြီး ဒေသခံ ၂၅၀ ကျော်ကို ယာယီရွှေ့ ပြောင်းပေးခဲ့ရသေးသည်။

ထားဝယ်ဒေသအတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရေကြီးရေလျှံမှုများနှင့် မြေသားပြိုကျမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

 

ထားဝယ်မြို့ရှိ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လမ်းများပေါ်၌ မြေကြီး၊ သဲ၊ ကျောက်နှင့် အမှိုက်များ သယ်ဆောင်ရာတွင် လမ်းမပေါ် ကျကျန်ခဲ့သည့် ယာဉ်များအား စည်ပင်သာယာဥပဒေဖြင့် စတင်အရေးယူမည်

ထားဝယ်မြို့အ၀င် လမ်းမကြီးအား တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး၏မြို့တော် ထားဝယ်မြို့ရှိ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လမ်းများပေါ်၌ မြေကြီး၊ သဲ၊ ကျောက်နှင့် အမှိုက်များ သယ်ဆောင်ရာတွင် လမ်းမပေါ် ကျကျန်ခဲ့သည့် ယာဉ်များအား စည်ပင်သာယာဥပဒေဖြင့် စတင်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်မြို့ပေါ်ရှိ ၁၅ ရပ်ကွက်မှ လမ်းမများပေါ်တွင် မြေကြီး၊ သဲ၊ ကျောက်နှင့် အမှိုက်သယ်ယာဉ်များထံမှ စည်းကမ်းမဲ့ သယ်ယူမှုကြောင့် လမ်းပေါ်သို့ မြေကြီးများ၊ သဲ၊ ကျောက်နှင့် အမှိုက်များ ကျကျန်ခဲ့မှုများ ရှိနေသောကြောင့် ခေါ်ယူသတိပေးမှုများ ဆောင်ရွက်ခဲ့သော်လည်း ထပ်မံဖြစ်ပွားလာသည့်အတွက်  ယင်းလုပ်ငန်းရှင်များကို ဇူလိုင် ၁၃ ရက်က နောက်ဆုံးအကြိမ်အနေဖြင့် ခေါ်ယူအသိပေးခဲ့ပြီး ထပ်မံဖြစ်ပွားလာပါက စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူသွားမည်ဖြစ် ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက ပြောကြားသည်။

“အရေးယူမယ့်ဟာ မလုပ်ခင် အသိပညာပေးတာပေါ့။ သူတို့လည်းသိတယ်။ တစ် ဖက်နိုင်ငံမှာ သဲ၊ ကျောက်ကားတွေဆိုရင် လမ်းတွေကောင်းတော့ လမ်းတွေ ပျက်စီးမှာစိုးလို့ ကျောက်စရစ်ခဲတစ်လုံးတောင် လမ်းပေါ်မကျ အောင်ဂရုစိုက်ကြတယ်။ ထားဝယ်မှာလည်း ပြောထားတာကြာပြီ။ ဥပဒေအသစ်ပြဋ္ဌာန်း ထားတာကလည်း ၂၀၁၇ ကတည်းက။ လုပ်ငန်းလိုင်စင် ပေးကတည်းက သူတို့ကိုမှာထားပြီးသား။ မလိုက်နာကြဘူး။ သိရဲ့သားနဲ့ ထပ် ပြီးဖြစ်လာတော့ လမ်းပေါ်မှာ ကျောက်စရစ် ကျလို့ လုပ်ငန်းကိုစုံစမ်းပြီး သတိပေးတာတွေ လုပ်ခဲ့ပြီးပြီ။ မြေကားတွေလည်း ဒီလိုပဲ။နွေ ရာသီမှာ သယ်ရင် ဖုန်ထလို့ မိုးရာသီမှာ သယ်ကြတော့ မိုးရာသီမှာ လမ်းတွေက ညစ်ပတ် ပြန်တယ်။ နေ့ဘက်မှာ လူတွေ ကျန်းမာရေးထိမှာ ရှေးရှုပြီး ညဘက်လူတွေ အိပ်တဲ့အချိန် မြို့ပြင်လမ်းကြောင်းရွေးပေးပြီး သယ်ခိုင်းတယ်။ ဒီလိုသယ်ခိုင်းရင်းနဲ့ မြေတွေကျလာတယ်။ အဲဒီအချိန်မှာ လမ်းက မကောင်းသေးတော့ လမ်းကောင်းလာတော့ အဖုံးဖုံးကြပါ။ အဖုံးဖုံးပေမယ့် မြေသယ်ကားကြီးတွေက အလယ်မှာပဲတင်တော့ ပြဿနာ သိပ်မရှိပေမယ့် ဘီးမှာညှပ်ပြီးပါလာတဲ့ မြေတွေကို ရေဆေးဖို့ပြောတယ်။ ရေဆေးဖို့ အဆင်မပြေရင် ခြစ်ချဖို့ပေါ့။ ကျွန်တော်တို့က လမ်းပေါ်မှာ ကျောက်စရစ်တွေ မြေတွေမကျရင်ရပြီ” ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလှဦးက ပြောကြားသည်။

လက်ရှိတွင် မြေကြီး၊ သဲ၊ ကျောက်နှင့် အမှိုက်သိမ်းယာဉ် လုပ်ငန်းရှင်များ အားလုံးကို နောက်ဆုံးအနေဖြင့် ခေါ်ယူအသိပေးခြင်း ဖြစ်ပြီး နောက်ထပ်တွေ့ရှိပါက ဒဏ်ငွေရိုက် အပြစ်ပေးသွားမည့်အပြင် ဒဏ်ကြေးငွေမှာ တစ်ကြိမ်ထက်တကြိမ် ဆတိုးမြင့်တက်လာမည်ဖြစ်ကာ စည်ပင်သာယာရေး ဥပဒေအရ အရေးယူခြင်းကို မခံယူပါက တရားစွဲဆိုသွား မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဓိကအားဖြင့် လမ်းပေါ်၌ မြေကြီး၊ သဲ၊ ကျောက်နှင့် အမှိုက်များ မကျစေရန် လိုအပ်ပြီး မြေသယ်ယာဉ်များ အနေဖြင့် အပေါ်မှ အဖုံးဖြင့်ဖုံးကာ သယ်ယူရန်ဖြစ်ကြောင်း၊ အမှိုက်သိမ်းယာဉ်များ လမ်းပေါ်တွင် အမှိုက်ကျကျန်ခဲ့ပါက ပုဂ္ဂလိကသာမက စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များကိုပါ အရေးယူသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လမ်းမများပေါ်၌ မြေကြီး၊ သဲ၊ ကျောက်နှင့် အမှိုက်များ ကျကျန်ခဲ့သည်ကို တွေ့ရှိပါက မြို့နယ်စည်ပင်သာယာရေး ကော်မတီထံ ဖုန်းဆက်တိုင်ကြား နိုင်သည်ဟု ဦးလှဦးက ဆက်လက်ပြောကြားသည်။

အများပြည်သူပိုင် လမ်းမများပေါ်၌ မြေကြီး၊ သဲ၊ ကျောက်နှင့် အမှိုက်များ စသည်တို့ ကျကျန်ခဲ့ပါက တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားသည့် ၂၀၁၇ ခုနှစ် တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေ အခန်း ၁၉၊ ပုဒ်မ ၇၀ ပါ ပြဋ္ဌာန်းချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အနိမ့်ဆုံးငွေဒဏ် ကျပ်သုံးသောင်းမှ ကျပ်သုံးသိန်းအထိ ချမှတ်နိုင်ကြောင်း သိရသည်။ ထားဝယ်မြို့ပေါ်ရှိ လမ်းများနှင့် မြို့အ၀င်အထွက် လမ်းမများမှာ AC နိုင်လွန်ကတ္တရာနှင့် ကွန်ကရစ်လမ်းများဖြစ်ပြီး မြေကြီး၊ သဲ၊ ကျောက်ယာဉ်အချို့၏ စည်ကမ်းမဲ့ သယ်ယူမှုကြောင့် လမ်းပိုင်းအချို့ ပျက်စီးမှု ရှိနေသည့်အပြင် အရှိန်ပြင်းစွာ မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆ မှုများလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

 

ထီးခီးနယ်စပ်ရှိ ဌာနဆိုင်ရာ အရာရှိအချို့ အဂတိလိုက်စားနေကြောင်း တိုင်ကြားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ၌ တိုင်ကြားသူ၏ နေရာလိပ်စာများ မှားယွင်းနေသော်လည်း တိုင်ကြားစာ၌ ပါဝင်သည့် Resort တွင် တရားမ၀င် ကာစီနိုလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိထားဟုဆို

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်မှ မြန်မာ-ထိုင်း နယ်စပ်ဂိတ် ထီးခီးနယ်စပ်ရှိ ဌာနဆိုင်ရာ အရာရှိအချို့ အဂတိလိုက်စားနေကြောင်း တိုင်ကြားထားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ၌ တိုင်ကြားသူ၏ နေရာလိပ်စာများ မှားယွင်းနေသော်လည်း တိုင်ကြားစာတွင် ပါဝင်သည့် Resort ၌ တရားမ၀င် ကာစီနိုလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိထားကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ လိပ်မူ၍ မင်းဇေခ အမည်ရှိ ဒေသခံတစ်ဦးက တိုင်ကြားခဲ့သည့် တိုင်ကြားစာအပေါ် စုံစမ်းစစ်ဆေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က မေ ၂၉ ရက်တွင် ညွှန်ကြားသဖြင့် ဇွန် ၄ ရက်တွင် အဖွဲ့ဝင် သုံးဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီးနောက် တိုင်ကြားသူများနှင့် တိုင်ကြားခံရသူများအား ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ လက်ရှိတွင် တိုင်ကြားခံရသူ ငါးဦးဖြစ်သည့် ထီးခီးဒေသတွင် တာဝန်ကျနေသော ကုန်သွယ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် Power Nine ကုမ္ပဏီတို့မှ တာဝန်ရှိသူများကို ခေါ်ယူ စစ်ဆေးပြီးဖြစ်ကာ တိုင်ကြားသူများ၏ နေရပ်လိပ်စာများနှင့် မှတ်ပုံတင်အမှတ်များကို မှန်မမှန် စစ်ဆေးရာတွင် အမည်နှင့်နေရပ်လိပ်စာ မှားယွင်းနေသည်ကို တွေ့ရှိခဲ့ရသော်လည်း တိုင်ကြားစာတွင် ပါဝင်သည့် Resort များ၌ ကာစီနို လောင်းကစားဝိုင်းများ ရှိနေကြောင်းကိုမူ စုံစမ်းစစ်ဆေးရာ၌ တွေ့ ရှိရသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“အခုကတော့ စစ်နေတုန်းပဲ။ မနေ့ကတော့ ထီးခီးက ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေကို ခေါ်စစ်ပြီးပြီ။ နောက် အတိုင်ခံရတဲ့သူ ငါးယောက်ရယ်၊ လက်ရှိ ခရိုင်မြေစာရင်း ဦးစီးမှူးအဖြစ် တာဝန်ယူနေတဲ့သူရယ် စစ်ပြီးသွားပြီ။ တိုင်တဲ့သူက တစ်ယောက်မှ ရှာလို့မရဘူး။ တိုင်တဲ့သူရယ် တိုင်ကြားစာကို ထောက်ခံတဲ့သူ ၁၄ ယောက်ကို တိုင်ကြားစာမှာ ပါတဲ့အတိုင်း ခရိုင်လ၀ကကို ပေးလိုက်ပြီး စိစစ်ခိုင်းလိုက်တယ်။ စိစစ်တော့ တိုင်ကြားစာမှာ ပါတဲ့လူနာမည်၊ အဖေနာမည်၊ မှတ်ပုံတင်နဲ့ နေရပ်လိပ်စာတွေက အကုန်လုံး မှန်ကန်မှု မရှိပါဘူးလို့ အထောက်အထားနဲ့ ပြန်ကြားလာတယ်။ အဲဒါကြောင့် တိုင်တယ်ဆိုတဲ့သူကို ရှာလို့မရဘူး ဖြစ်နေတယ်။ Resort တွေ ဆောက်ထားတာနဲ့ ပတ်သက်ပြီး ခွင့်ပြုထားခြင်း ရှိ မရှိ အသေးစိတ်ကို ဟိုတယ်၊ခရီး ဆီမေးထားတယ်။ တိုင်စာထဲမှာပါတဲ့ Resort က ဘန်ဂလိုတွေရဲ့နောက်မှာ ကာစီနိုပါ တွဲဖွင့်ထားတာ။ လာရောက် စစ်ဆေးခံသူတွေဆီကနေ တောင်းခံရရှိတဲ့ ဓာတ်ပုံ မှတ်တမ်းတွေအရ တွေ့ရတယ်။ နောက် Resort တစ်ခုမှာကတော့ ကာစီနိုလုပ်ဖို့ စီစဉ်နေတုန်းဆိုပြီး တွေ့ရတယ်။ စစ်ဆေး တွေ့ရှိချက်တွေကိုတော့ တိုင်းဒေသကြီးအစိုးရဆီ တင်ပြသွားမယ်” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ပြောကြားသည်။

ထားဝယ်ခရိုင်ရှိ မြန်မာ-ထိုင်း နယ်စပ်ဂိတ် တစ်ခုဖြစ်သော ထီးခီးနယ်စပ်တွင် တရားမ၀င် ကာစီနိုဝိုင်းများ ဖွင့်လှစ်၍ ဘတ်ငွေ သန်းချီ ရယူမှုနှင့် နယ်စပ် အ၀င်အထွက်၌ လူတစ်ဦး ဘတ်ငွေ ၄၀၀၀ ရယူထားကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တိုင်ကြားခဲ့သည့် မင်းဇေခပါ ၁၅ ဦး၏ အမည်၊ မှတ်ပုံတင် နှင့် နေရပ်လိပ်စာများ မှားယွင်းနေသည့်အပြင် ယင်းအနက် တစ်ဦး၏ မှတ်ပုံတင် နံပါတ်မှာ လ၀ကမှ တရားဝင် အသုံးပြုခြင်း မရှိသေးသည့် နံပါတ်ဖြစ်ကြောင်း၊ ယင်းသို့ တိုင်ကြားသူကို စုံစမ်းရှာဖွေ၍ မရရှိသောကြောင့် စစ်ဆေးမှုအပိုင်းတွင် အခက်အခဲများ ဖြစ်ပေါ်သော်လည်း တိုင်ကြားသူအား မတွေ့ရှိသဖြင့် စစ်ဆေးမှုကို မရပ်တန့်ဘဲ တိုင်ကြားစာအတွင်း ပါဝင်သည့်အချက်များ မှန် မမှန် ဆက်လက် စုံစမ်းစစ်ဆေးနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ စုံစမ်း စစ်ဆေးချက်များအရ တိုင်ကြားစာတွင် ပါဝင်သည့် ဘန်ဂလို ၂၅ လုံးပါ Resort တစ်ခုတွင် ကာစီနိုဝိုင်းများ ရှိနေကြောင်း တွေ့ရှိရပြီး နောက်ထပ် Resort တစ်ခုတွင်မူ ကာစီနို လောင်းကစားဝိုင်း ပြုလုပ်ရန် စီစဉ်နေဆဲ အခြေအနေရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ၄င်း Resort နှင့် ကာစီနိုဝိုင်းများမှာ ပြီးခဲ့သည့် ဧပြီ ၁၄ ရက်က တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးနှင့်အဖွဲ့က ထီးခီးဒေသ၌ တရားဝင်ခွင့်ပြုချက်မရှိဘဲ Resort များ ဆောက်လုပ်မှုကို သွားရောက် စစ်ဆေးပြီး လက်ရှိ ရပ်နားထားကြောင်း၊ ထို့ပြင် နယ်စပ်အ၀င်အထွက်၌ လူတစ်ဦးလျှင် ဘတ်ငွေ ၄၀၀၀ ရယူကြောင်းကို စုံစမ်းရာ၌လည်း ငွေပေးရကြောင်း တွေ့ရှိထားပြီ စုံစမ်းစစ်ဆေးရာ၌ တွေ့ရှိချက်များ အားလုံး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်မြို့တွင် နှစ် ၁၅၀ ကျော် သက်တမ်းရှိ ရှေးဟောင်းမြေတိုက်ကျောင်း မီးလောင်မှုဖြစ်ပွား

ရှေးဟောင်းမြေတိုက်ကျောင်း မီးလောင်မှုကို ငြှိမ်းသတ်နေစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကညုံရပ်ကွက်ရှိ မြေတိုက်ကျောင်းဝင်းအတွင်းမှ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်းကျောင်းဆောင်တစ်ခုမှာ မေ ၁၁ ရက် ည ၁၂ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် ကျောင်းဆောင်မှာ နှစ် ၁၅၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် ထားဝယ်သမိုင်းဝင် ရှေးဟောင်းမြေတိုက် ကျောင်းဆောင်ဖြစ်ပြီး ကျောင်းတိုက်ပေါ်၌ ရှေးဟောင်းပေစာများနှင့် ရှေးဟောင်းပစ္စည်းများ ထားရှိကြောင်း၊ မီးစတင်လောင်ကျွမ်းချိန်တွင် ကျောင်းတိုက်ပေါ်၌ ကျောင်းထိုင်ဆရာတော် တစ်ပါးတည်းရှိနေချိန်ဖြစ်ပြီး ယင်းဆရာတော်အား မီးလောင်ကျွမ်းနေသည်ကို စတင်မြင်တွေ့ခဲ့သူများက ကျောင်းတိုက်အတွင်းမှ ကယ်ထုတ်ခဲ့ရသည်ဟု သိရသည်။

“ကျွန်တော်တို့ ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ကို ဖုန်းသတင်း စ၀င်လာတာက ၁၂ နာရီ ၂၁ မိနစ်မှာ မြေတိုက်ကျောင်း မီးလောင်နေတယ်ဆိုပြီး သတင်းဝင်လာတော့ ချက်ချင်းသွားရောက်ပြီး ကူညီပေးခဲ့တယ်။ ကျွန်တော်တို့အဖွဲ့က မီးငြှိမ်းသတ်ယာဉ်တစ်စီးနဲ့ မီးသတ်တပ်ဖွဲ့ က မီးသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်ခဲ့တယ်။ မီးက ၂ နာရီလောက်မှာ မီးထိန်းနိုင်ပြီးတော့ ၃ နာရီကျော်ကျော်လောက်မှာ အကုန်လုံးကို မီးငြှိမ်းသတ်နိုင်ခဲ့တယ်။ မီးလောင်ခဲ့တဲ့ မြေတိုက်ကျောင်း အဆောက်အအုံက နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ကို မကြာသေးခင် လပိုင်းကပဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအတွက် လုံးဝကို ယူကျုံးမရဖြစ်ရတာပေါ့။ လူကတော့ ကြီးကြီးမားမား ထိခိုက်တာမရှိပါဘူး။ လာကူညီတဲ့သူတွေမှာ နည်းနည်းပါးပါး ပွန်းပဲ့ဒဏ်ရာတွေပဲရတာရှိပါတယ်” ဟု မီးလောင်ရာသို့ သွားရောက်ကူညီခဲ့သည့် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ကိုနိုင်မျိုးသွင်က ပြောကြားသည်။

မီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီးနှင့် ထားဝယ်ခရိုင် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် ငါးစီး၊ သန္ဓေတပ်ဖွဲ့ဝင် ၃၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ တို့အပြင် ဇမ္ဗူသီရိ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်တစ်စီး၊ လူနာတင်ယာဉ် လေးစီး၊ မြို့ပေါ်ရပ်ကွက်များရှိ ရေသယ်ယာဉ်များနှင့် မြို့ခံများဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီ ၃၀မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုမှာ မျက်နှာကျက်ရှိ ၀ိုင်ယာကြိုးများ ဟောင်းနွမ်းဆွေးမြည့်၍ အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အလျား ၇၅ ပေ၊ အနံ ၅၀ ပေရှိ (ပျဉ်ခင်း-ပျဉ်ကာ-သွပ်မိုး) ခြေတိုင်ရှည် တစ်ထပ်အဆောက်အအုံ မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၉၀ ကျော်ရှိခဲ့ကာ ရေဂါလန် ၂၃၈၀၀ အသုံးပြုကာ ငြှိမ်းသတ်ခဲ့ရကြောင်း ထားဝယ်ခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါမြေတိုက်ကျောင်းဝန်းရှိ အလျား ၁၄၀ ပေ၊ အနံ ၁၀၀ ပေနှင့် အမြင့် ၃၀ ပေရှိသော နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ခြေတံရှည် တစ်ထပ်သစ်သားကျောင်းဆောင်တွင် သက်တော် ၈၁ နှစ် ၀ါတော် ၆၁ ၀ါရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တကလျာဏ နေထိုင်သော ကျောင်းဆောင်ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှုမှာ ဘုရားခန်းရှိ ဘုရားမီးပူဇော်ထားသည့်နေရာမှ ၀ိုင်ယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်းပြီး ကျောင်းဆောင်၏ မျက်နှာကျက်တစ်ခုလုံးအား လောင်ကျွမ်းရာ မီးရောင်တက်လာမှသာ မီးလောင်နေကြောင်း သိရသဖြင့် မီးသတ်ယာဉ် ရှစ်စီးနှင့် ထော်လာဂျီရေသယ်ယာဉ် ၁၀ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်ကျွမ်းမှုအတွက် တာဝန်ရှိသူ ကျောင်းထိုင်ဆရာတော်မှာ အသက်အရွယ်ကြီးရင့်နေ၍ အရေးယူဆောင်ရွက်ထားခြင်းမရှိကြောင်း ထားဝယ်မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် မြေတိုက်ကျောင်းဆောင်ကြီးမှာ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၅ ရက်က နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ထားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် သမိုင်းဝင်ရှေးဟောင်းပစ္စည်းများ၊ ပုရပိုက်များ၊ ပေစာများ၊ စာချွန်တော်များနှင့် ရှေးဟောင်းဆင်းတုတော်များ မီးလောင်ဆုံးရှုံးခဲ့သည်။ ထားဝယ်ဒေသ၏ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သောကြောင့် အဖိုးတန်ရှေးဟောင်းလက်ရာများပါ ဆုံးရှုံးခဲ့ရကြောင်း၊ မီးလောင်မှုဖြစ်ပွားပြီးနောက် မီးလောင်ပြင် အပျက်အစီးများအား ရှင်းလင်းရာမှ မီးလောင်ကျွမ်းထားသည့် ရှေးဟောင်းဆင်းတုတော်အချို့နှင့် ပုရပိုက်များ၊ ရှေးဟောင်းပစ္စည်းအချို့ ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ထားဝယ်မြို့ပေါ်တွင် ရဲတင်း၊ တုတ်၊ ဓားများအသုံးပြု၍ အုပ်စုဖွဲ့ရိုက်နှက်ခဲ့သဖြင့် ခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူလူငယ် ၁၃ ဦးအား ထားဝယ်မြို့နယ် တရားရုံးတွင် တရားစွဲတင်ထား

လူခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူလူငယ် ၁၃ ဦးအား တွေ့ရစဉ်

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့် မတ် ၃၁ ရက်ညက လူငယ်တစ်စုမှ ပွဲခင်းအတွင်း ရန်ဖြစ်ကာ လူအချို့နှင့် လမ်းပေါ်၌ သွားလာနေသူများကိုပါ ရဲတင်း၊ တုတ်၊ ဓားများအသုံးပြု၍ ရိုက်နှက်ခဲ့သဖြင့် လူခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူလူငယ် ၁၃ ဦးကို ဧပြီ ၃၀ ရက်က ထားဝယ်မြို့နယ် တရားရုံးတွင် တရားစွဲတင်ထားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်ညက ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ ကြခတ်ပင်အရှေ့ ဘုန်းတော်ကြီးကျောင်းအတွင်း အလှူပွဲပြုလုပ်နေစဉ် လူငယ်တစ်စုမှ တုတ်၊ ဓား၊ ရဲတင်း (ပုဆိန်) များဖြင့် ရိုက်နှက်မှုဖြစ်ပွား၍ လူလေးဦး၊ DDPC Shopping Center အနီးတွင် ဆိုင်ကယ်စီးလူငယ်တစ်စုမှ ရိုက်နှက်၍ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပိန္နဲတောရပ်ကွက်တွင် ဆိုင်ကယ်စီး လူငယ်တစ်စုမှ ရိုက်နှက်၍ အခြားတစ်ဦးအပါအ၀င် စုစုပေါင်းခြောက်ဦးမှာ လူငယ်တစ်စုမှ တုတ်၊ ဓား၊ ရဲတင်း (ပုဆိန်) များဖြင့် ရိုက်နှက်ခဲ့သောကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့ ၌ ပြတ်ရှဒဏ်ရာများရရှိကာ ထားဝယ်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပွားမှုမှ လူငယ် ၁၃ ဦး ဖမ်းဆီးရမိခဲ့ပြီး ထားဝယ်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့သောကြောင့် ၎င်းအမှုများဖြင့် ထားဝယ်မြို့နယ် တရားရုံးထံ ဧပြီ ၃၀ ရက်က တရားစွဲတင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“DDPC ရှေ့မှာ မီးသတ်နဲ့ဖြစ်တဲ့ အမှုကတော့ တရားခံလေးယောက်၊ တရားခံပြေးက သုံးယောက်။ အဲဒါက ဘာနဲ့စွဲသလဲဆိုတော့ ပုဒ်မ ၃၂၄/၄၄၀/၃၄။ အဲဒါနဲ့ကတစ်မှု၊ နောက်သုံးယောက် ပြေးနေတာကလည်း အဲဒီပုဒ်မအတိုင်းပဲ ကျင့် ၅၁၂ နဲ့ ပေါ့။ ကြခတ် ပင်အင်းကျောင်းထဲမှာ ဖြစ်တဲ့အမှုကျတော့ ဖမ်းမိတဲ့တရားခံ ၁၂ ယောက်ကိုတော့ ပုဒ်မ ၃၂၆/၃၄ နဲ့ပါ။ DDPC အမှုထဲက ဖမ်းမိတဲ့လေးယောက်ထဲမှာ ကြခတ်ပင်အင်းကျောင်းထဲမှာဖြစ်ခဲ့တဲ့ အမှုက သုံးယောက်ပါတယ်။ အဲဒီသုံးယောက်ကတော့ အမှုတွဲနှစ်ခုနဲ့ ရင်ဆိုင်ရတာပေါ့။ ၁၃ ဦးစလုံးကို ဧပြီ ၃၀ ရက်က ထားဝယ်မြို့နယ် တရားရုံးကို တရားစွဲတင်လိုက်ပြီ။ မေ ၁၄ ရက်ကို ရုံးချိန်းပေးထားတယ်။ ၁၃ ယောက်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် လေးယောက်ကိုတော့ အစက ကျွန်တော့်ရဲ့ အုပ်ထိန်းမှုအောက်မှာ ထားပေမယ့် အခုတရားရုံးမှာ စွဲတင်လိုက်ပြီးတဲ့အခါကျတော့ ကျပ် ၁၀ သိန်းတန် အာမခံသူနှစ်ဦးနဲ့ မိဘအုပ်ထိန်းသူတွေဆီ ခံဝန်ထိုးပြီး ပြန်လည်အပ်နှံထားတယ်။ ကျန်တဲ့သူတွေက ထောင်အချုပ်မှာပဲ။ ထောင်အချုပ်မှာ ကိုးယောက်ရှိတာပေါ့” ဟု ထားဝယ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ပြောကြားသည်။

ကြခတ်ပ င်ဘုန်းကြီးကျောင်းအတွင်း အုပ်စုဖွဲ့ ရိုက်နှက်မှုမှ တရားခံဖြစ်သူ ရှိုင်းမြင့်မော် (ခ) ရှိုင်း (၂၂ နှစ်) ပါ ၁၂ ဦးကို အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၃၂၄/၄၄၀/၃၄ ဖြင့်လည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင်အား အုပ်စုဖွဲ့ရိုက်နှက်မှုမှ တရားခံဖြစ်သူ ထုံချိုင်းပါလေးဦးကို အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၄ ဖြင့် တရားစွဲဆိုထားကြောင်း၊ ဖမ်းဆီးရမိထားသည့် လူငယ် ၁၃ ဦးအနက် အသက်မပြည့်သေးသည့် လူငယ်လေးဦးမှာ ကလေးသူငယ်တရားရုံးတွင် တရားရင်ဆိုင်ရမည်ဖြစ်ပြီး ရှိင်းမြင့်မော် (ခ) ရှိင်း၊ ရန်နိုင်အောင် (ခ) သားကြီးနှင့် နေလင်းဦး (ခ) သားငယ်တို့သုံးဦးမှာ အမှုနှစ်ခုစလုံးအတွက် တရားရုံးတွင် ရင်ဆိုင်ရမည်ဟု သိရသည်။ ဖြစ်စဉ်မှာ အခင်းဖြစ်ပွားသည့် နေ့ည ၉ နာရီခွဲခန့်တွင် ထားဝယ်မြို့ ကျွန်းရပ်ကွက်ရှိ ကြခတ်ပင် အရှေ့ဘုန်းတော်ကြီးကျောင်းအတွင်း အလှူပွဲပြုလုပ်နေစဉ် လူငယ်တစ်စုမှ တုတ်၊ ဓားများအသုံးပြုကာ ဇာတ်ပွဲကြည့်နေသူ လူငယ်တစ်စုကို ရိုက်နှက်ထိုးခုတ်ခဲ့သဖြင့် ဆန်းချီရပ်ကွက်နေသူများဖြစ်သည့် မင်းမင်းဆွေ (၂၄) နှစ်၊ သန်းမြင့်ဝင်း (၁၅ နှစ်)၊ မြင့်ဇော်ဦး (၂၀ နှစ်) နှင့် အောင်ကြီး (၃၇ နှစ်) တို့တွင် ဦးခေါင်း၊ ပခုံး၊ နောက်ကျောနှင့် လက်များ၌ ပြတ်ရှဒဏ်ရာများ (မစိုးရိမ်ရ) ရရှိကာ ထားဝယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ထို့နောက် ည ၁၀ နာရီခွဲတွင် ထားဝယ်မြို့ ကမ်းနားလမ်းရှိ DDPC Shopping Center အနီး၌ ကမ်းနားဈေးဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသော မီးသတ်တပ်ကြပ် သွင်ထူးအောင် (၂၄ နှစ်)ပါ သုံးဦးအား ဆိုင်ကယ်လေးစီးပါ လူငယ်တစ်စုက တုတ်၊ ဓားများဖြင့် ထိုးခုတ်သဖြင့် သွင်ထူးအောင် (၂၄ နှစ်)တွင် ဦးခေါင်းနှင့် လက်မောင်းတို့၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကာ ဆေးရုံသို့တင်ပို့ခဲ့ရသည့်အပြင် ယင်းအချိန်၌ပင် ပိန္နဲတောရပ်ကွက် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေးဝင်း အလုပ်သမားတန်းလျားတွင် နေထိုင်သူ မင်းကိုကိုဦး (၁၅ နှစ်) အား လူငယ်တစ်စုမှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး တုတ်၊ ဓားများဖြင့် ထိုးခုတ်မှုကြောင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့သဖြင့် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်၊ ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့မှ လူနာတင်ယာဉ်များဖြင့် ထားဝယ်ပြည်သူ့ဆေးရုံထံသို့ တင်ပို့ခဲ့ရကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တုတ်၊ ဓား၊ ရဲဒင်း (ပုဆိန်) များဖြင့် ရိုက်နက်ခဲ့သည့် လူငယ်တစ်စုအား အရေးယူပေးရန် မင်းမင်းဆွေမှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ထားဝယ်မြို့မရဲစခန်း၌ (ပ)၆၆၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ကျူးလွန်သူလူငယ်များကို စုံစမ်းဖမ်းဆီးခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဒေသခံများအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး လူငယ်များအုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန် လမ်းသွားလမ်းလာများနှင့် လူအချို့ကို ရိုက်နှက်ခဲ့သည်မှာ ဒေသခံများ၏ လုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်ကာ စိုးရိမ်ဖွယ် အနေအထားဖြစ်ကြောင်း ဝေဖန်မှုများရှိခဲ့သည်ဟု သိရသည်။

ထားဝယ်မြို့၌ သင်္ကြန်အကြတ်နေ့တွင် ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှား၍ ရိုက်နှက်မှုဖြစ်စဉ်အတွက် ထားဝယ်မြို့မရဲစခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့ဝင်ရှစ်ဦးအား ရဲစည်းကမ်းဥပဒေအရ အရေးယူရန် ရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြထား

တိုင်းဒေသကြီး ရဲတပ်ဖွဲ့ခန်းမတွင် ဧပြီ ၂၇ ရက်က ကျင်းပသည့် မြို့မိမြို့ဖနှင့် မီဒီယာများတွေ့ဆုံပွဲတွင် ရှင်းလင်းနေသည်ကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ဧပြီ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) က ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှား၍ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အတွက် ထားဝယ်မြို့မရဲစခန်းမှူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်ရှစ်ဦးအား ရဲစည်းကမ်းဥပဒေအရ အရေးယူရန် နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်ထံ တင်ပြထားသည်ဟု သိရသည်။

ထားဝယ်မြို့မရဲစခန်း၏ ရဲတပ်ဖွဲ့ဝင်များက ရဲမေအား ရေလောင်းခဲ့သူများကို သွားရောက်ဖမ်းဆီးရာမှ လူမှား၍ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ကြပ်တစ်ဦးနှင့် မှားယွင်းရိုက်နှက်ခံခဲ့ရသည့် လူငယ်ခုနစ်ဦး ဒဏ်ရာများရရှိခဲ့ပြီးနောက် ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းဦးဆောင်သည့် အဖွဲ့ဝင်သုံးဦးပါဝင်သော စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ၎င်းဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက်တွင် စတင်ဖွဲ့စည်းကာ ဖြစ်စဉ်၌ပါဝင်ခဲ့သူများကို စတင်စစ်ဆေးစေခဲ့ကြောင်း၊ ခုံရုံးဖွဲ့ စစ်ဆေးခြင်းကို ဧပြီ ၂၂ ရက်၌ ပြီးစီးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များအရ သက်သေခံအကျဉ်းချုပ်ကို ရေးမှတ်မည်ဖြစ်ကာ နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ထံ ဧပြီ ၂၅ ရက်က တင်ပြထားပြီး ဌာနချုပ်မှ ဆုံးဖြတ်သည့်အပေါ် မူတည်၍ အရေးယူဆောင်ရွက်သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

“အဲဒီမှာ မှားပြီးတော့ရိုက်တဲ့အခါမှာ တို့ရဲတပ်ဖွဲ့က ရဲတပ်ကြပ်တင်ကြိုင်နဲ့ အရပ်သား (ရဲတပ်ဖွဲ့ဝင်များ၏ မှားယွင်းရိုက်နှက်ခြင်းခံရသူ) ခုနစ်ဦး ဒဏ်ရာရတာပေါ့။ တကယ်ကျူးလွန်တဲ့ အောင်ဇော်ထိုက်နဲ့ ရှစ်ဦးကိုတော့ လွှတ်ပြီးပြီ။ သူ့ဘာသာသူ အာမခံပေးပြီးနောက်ပိုင်း ဆက်လုပ်မှာပေါ့။ စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူးကို ဥက္ကဋ္ဌထားပြီးတော့မှ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့က ဒုရဲမှူးနှစ်ယောက်နဲ့ တာဝန်ပေးတယ်။ သူတို့ ၁၆ ရက်က စစစ်တယ်ပေါ့နော်။ ပထမဆုံးစစ်တာကတော့ မှားရိုက်ခံရတဲ့ ကလေးတွေကို မြို့နယ်မှူးကသူ့ရုံးမှာ အကုန်ခေါ်ပြီး စစ်လိုက်တယ်။ စစ်ပြီးတော့မှ အဲဒီတုန်းကပါသွားတဲ့သူ (ရဲတပ်ဖွဲ့ဝင်)တွေကို ထပ်ပြီးတော့စစ်တယ်။ အဓိက,ကတော့ အရိုက်ခံရတဲ့သူတွေကို စစ်တယ်။ ပထမဆုံးစစ်ဆေးတွေ့ရှိချက်က မြို့မရဲစခန်းမှူး ဒုရဲမှူးက ရဲစခန်းမှာ အချုပ်သားတွေရှိတဲ့အတွက် Base ထိုင်ခိုင်းထားတာ။ အဲဒီမှာအရန်အဖွဲ့တွေနဲ့ အသင့်နေလို့ သူ့ကိုတာဝန်ပေးထားပြီးသား။ အဓိက,က သင်္ကြန်မှာအားလုံးကို ခိုက်ရန်ဖြစ်တာတွေ ပြဿနာတွေမဖြစ်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် သူတို့ကို အရန်ထားတယ်။ အဲဒီတော့သူသည် ဒုရဲမှူးတစ်ယောက်ဖြစ်တယ်။ ပြန်တမ်းဝင် အရာရှိတစ်ယောက်ဖြစ်တယ်။ ဒီအခင်းဖြစ်တဲ့အပေါ်မှာ ရဲမေလေးက ငိုယိုပြီး ပြောတဲ့အပေါ်မှာ အားလုံးအခင်းဖြစ်စဉ်ကို သေချာစိစစ်ပြီးတော့မှ ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးရမယ့်ဟာကို မလုပ်ပေးနိုင်ဘူး။ မလုပ်ပေးနိုင်ဘဲနဲ့ သူပါ အပါအ၀င်လိုက်သွားတဲ့ အနေအထားရှိတယ်။ အဲဒီတော့ သူ့မှာဘာတာဝန်ရှိလဲဆိုတော့ အခင်းဖြစ်နေရာမှာ ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းရမှာကို မဖြေရှင်းဘဲနဲ့ သူပါပါဝင်ပြီး လိုက်သွားတယ်။ နောက်ပြီး အခင်းဖြစ်လူငယ်တွေကို ထိန်းသိမ်းဖို့ မှာကြားစစ်ဆေးမှုမရှိတဲ့အတွက် ကြီးကြပ်မှုအားနည်းလို့ သူ့ကိုအရာရှိတစ်ယောက်အနေနဲ့ အရေးယူမယ်။ နယ်ထိန်းတာဝန်ခံ အရာရှိကလည်း သူ့တပည့်တွေကို သေသေချာချာ ကြပ်မတ်ကွပ်ကဲမှုကို အရာရှိဖြစ်လျက်သားနဲ့ မလုပ်နိုင်ဘူး အားနည်းတယ်။ ဒါက ရိုက်ရတဲ့ဟာ မဟုတ်ဘူး။ ဥပဒေနဲ့အညီပဲ အေးအေးဆေးဆေးဖြစ်အောင် ဆောင်ရွက်ရမယ့် အနေအထားပေါ့နော်။ သင်္ကြန်အတွင်းဆိုတော့ သူတို့ကိုထိန်းသိမ်းဖို့ တာဝန်ပေးထားတာ။ သူတို့ကိုယ်တိုင်ရိုက်တာဖြစ်တဲ့အတွက် မှားရိုက်တာရော ကြပ်မတ်မှု အားနည်းတာရောပေါ့နော်။ ဖြစ်စဉ်ကို သေချာမမေးမမြန်းဘဲနဲ့ အရမ်းလုပ်တဲ့အတွက် သူ့ကိုလည်းအရာရှိအနေနဲ့ အရေးယူဖို့ဆိုပြီး စုံခုံကထွက်တယ်။ ဌာနချုပ်က ဘယ်လိုအရေးယူမလဲ ဆုံးဖြတ်ချက်ကတော့ သိပ်မကြာခင် ထွက်လာလိမ့်မယ်ထင်တယ်” ဟု ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

ရဲမေအား ရေလောင်းခဲ့သူများကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးရာမှ လူမှားရိုက်နှက်ခဲ့သည့်ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးသည် မိမိတပ်ဖွဲ့ဝင်များ စေလွှတ်ရာတွင် အခင်းဖြစ်နေရာ၌ ကျန်ရှိနေသည့် ဆိုင်ကယ်ကို ပြန်လည်သယ်ဆောင်ရန်သာ ညွှန်ကြားရမည်ဖြစ်သော်လည်း အခင်းဖြစ် လူငယ်များအား ထိန်းသိမ်းရန် မှာကြားစေလွှတ်ခဲ့သဖြင့် ကြီးကြပ်မှုကွပ်ကဲမှု အားနည်းခြင်း၊ နယ်ထိန်းတာဝန်ခံအရာရှိဖြစ်သူ ရဲအုပ်စိုးနိုင်သည် ဖြစ်စဉ်နေရာအား သေချာစွာအတည်မပြုခြင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း၊ ကြပ်မတ်ကွပ်ကဲမှု အားနည်းခြင်း၊ လူမှားရိုက်နှက်ရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်သော ရဲတပ်ကြပ်တင်ကြိုင်၊ ရဲတပ်ကြပ် ချမ်းငြိမ်းထက်၊ ရဲဒုတပ်ကြပ်ဝေယံဦး၊ ရဲတပ်သား ဇေပိုင်ဖြိုး၊ ရဲတပ်သား မျိုးမင်းအောင်တို့သည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မှုမရှိဘဲ ရော်ဘာတုတ်ဖြင့် ရိုက်နှက်ထိုးကြိတ်ခြင်း၊ ကိုယ်ထိလက်ရောက် ပြုမူဆောင်ရွက်ခြင်း၊ ရဲတပ်သား မခင်သက်ဝေသည် တပ်ပြင်သို့ ထွက်ခွာရာတွင် သတင်းပို့တင်ပြရန် ပျက်ကွက်ခြင်း၊ အခင်းဖြစ်နေရာအား မှားယွင်းပြသမှုကြောင့် မလိုလားအပ်သော အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဒုရဲမှူးအောင်နိုင်မိုးပါ ရှစ်ဦးအား ရဲစည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်/ချုပ် မှတ်ယူမည်ဖြစ်ပြီး နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်ထံသို့ ဧပြီ ၂၅ ရက်က တင်ပြထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဧပြီ ၁၅ ရက် ညနေပိုင်းက ထားဝယ်မြို့မရဲစခန်းမှ ရဲတပ်သား ရဲမေဖြစ်သူမှာ သတ်မှတ်ယူနီဖောင်းနှင့် အရပ်မိုးကာအင်္ကျီအတိုကို ၀တ်ဆင်ကာ ကင်းတာဝန်ထမ်းဆောင်ရန် နေအိမ်မှ ဆိုင်ကယ်ဖြင့်လာရောက်စဉ် ဥဿရံရပ်ကွက်၌ လူတစ်စုမှ ဆိုင်ကယ်ကိုတားဆီးကာ မိုးကာအင်္ကျီအား ဆွဲချွတ်ပြီး ဆိုင်ကယ်ဦးထုပ်အား ဆွဲလှန်ရေလောင်း၍ ဘယ်ရဲမှ ကြောက်စရာမလိုကြောင်းပြောဆိုကာ လက်ထဲတွင် ကိုင်ဆောင်ထားသော ပုလင်းဖြင့် ရိုက်မည်ပြုသဖြင့် ရဲမေက ဆိုင်ကယ်အား အခင်းဖြစ်နေရာတွင်ထားကာ ခြောက်ဖာလုံခန့်ဝေးသော ထားဝယ်မြို့မရဲစခန်းသို့ ထွက်ပြေးလာခဲ့ကြောင်း၊ ရဲမေက စခန်းမှူးအား သတင်းပို့ရာ စခန်းမှူး၏ ညွှန်ကြားချက်အရ ရဲအုပ်စိုးနိုင် ဦးစီးသည့် ၁၅ ဦးပါအဖွဲ့က သွားရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အခင်းဖြစ်နေရာသို့ သွားရောက်စဉ် ရဲမေက အခင်းဖြစ်နေရာအား မှားယွင်းပြသမှုကြောင့် အခြားသူများအား မှားယွင်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ခုံရုံးဖွဲ့စစ်ဆေးမှု မှတ်တမ်းအရ သိရသည်။

ရဲမေအား ရေလောင်းခဲ့သဖြင့် ရဲတပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသော အောင်ဇော်ထိုက်ပါ ရှစ်ဦးကို ထားဝယ်မြို့မရဲစခန်းမှ (ပ) ၇၁၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၃၅၄/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး အခင်းဖြစ်ပွားခဲ့သည့်နေ့ ညပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ရဲမေအား ရေလောင်းခဲ့၍ ဖမ်းဆီးခံခဲ့ရသည့် လူငယ်များကမူ ၎င်းတို့အဖွဲ့အနေဖြင့် ရဲမေအားရေလောင်းရာတွင် ရဲမေဟုပြောသောကြောင့် ရေထပ်လောင်းလိုက်ရာ ရဲမေက ဒေါသထွက်၍ မိုးကာအားချွတ်ကာ လမ်းပေါ်သို့ ပစ်ချလိုက်ကြောင်း၊ ၎င်းတို့က ဆိုင်ကယ်အား ပြန်လည်ထောင်မတ်ပေး၍ မိုးကာကို ဆိုင်ကယ်ပေါ်သို့ တင်ပေးခဲ့ရာ ရဲမေမှ စခန်းကိုဖုန်းဆက်၍ ဆိုင်ကယ်ကို ထားခဲ့ကာနေရာမှ ထွက်သွားခဲ့ခြင်းဖြစ်ပြီး ရဲမေအား ရေပက်ခဲ့သည့်အဖွဲ့မှ တစ်ဦးမျှ ရဲမေအား ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းမရှိခဲ့ကြောင်း ပြောဆိုထားသည်။

ထားဝယ်မြို့ပေါ်တွင် လူငယ်တစ်စုက ရဲတင်း၊ တုတ်​၊ ဓားများ အသုံးပြု ရိုက်​နှက်သဖြင့် လူခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူလူငယ် ၁၃ ဦးကို ဖမ်းဆီးထားပြီး တရားရုံးသို့စွဲတင်ရန် ဆောင်ရွက်နေ

ကျူးလွန်သူလူငယ်များအား ရဲစခန်းတွင် တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့် မတ် ၃၁ ရက်ညက လူငယ်တစ်စုမှ ပွဲခင်းအတွင်းရန်ဖြစ်ကာ လူအချို့နှင့် လမ်းပေါ်၌ သွားလာနေသူများကိုပါ ရဲဒင်း၊ တုတ်​၊ ဓားများအသုံးပြု၍ ရိုက်နှက်ခဲ့သဖြင့် လူခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူ လူငယ် ၁၃ ဦးကို ဖမ်းဆီးထားပြီး တရားရုံးသို့စွဲတင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်ညက ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ ကြခတ်ပင် အရှေ့ဘုန်းတော်ကြီး ကျောင်းအတွင်း အလှူပွဲပြုလုပ်နေစဉ် လူငယ်တစ်စုမှ တုတ်၊ ဓား၊ ရဲတင်း (ပုဆိန်) များဖြင့် ရိုက်နှက်မှုဖြစ်ပွား၍ လူလေးဦး၊ DDPC Shopping Center အနီးတွင် ဆိုင်ကယ်စီး လူငယ်တစ်စုမှရိုက်နှက်၍ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပိန္နဲတောရပ်ကွက်တွင် ဆိုင်ကယ်စီးလူငယ်တစ်စုမှ ရိုက်နှက်၍ တစ်ဦး စုစုပေါင်းလူခြောက်ဦးမှာ လူငယ်တစ်စုမှ တုတ်၊ ဓား၊ ရဲတင်း (ပုဆိန်)များဖြင့် ရိုက်နှက်ခဲ့သောကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့၌ ပြတ်ရှဒဏ်ရာများရရှိကာ ထားဝယ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

“ဆာမိသားတွေက ဓားနဲ့ခုတ်တာမှန်တယ်။ နောက်ပြီး တုတ်နဲ့ရိုက်တာတွေက ထွက်ဆိုချက်တွေရှိတယ်။ ကျန်တဲ့မဆိုင်တဲ့သူတွေကတော့ ပြန်ကြည့်ရမယ်။ လောလောဆယ်တော့ ၁၃ ဦးစလုံးကိုတော့ တရားရုံးစွဲတင်ဖို့ လုပ်နေတယ်။ လူကြီးကကိုးယောက် အသက်မပြည့်တဲ့လူငယ်က လေးယောက်ပါ။ သူတို့တွေကို စစ်ဆေးနေတုန်းပဲ။ ကာယကံမြောက်မပါရင်တော့ ပြန်လွှတ်ရမှာပေါ့။ ငါတို့ကတော့ တရားရုံးကို တင်လိုက်တော့မှာ။ ဥပဒေက ဒီလူဒီလူတွေ ဖယ်ပါဆိုဖယ်မယ်။ ဘာမှမပြောရင် အကုန်လုံးစွဲတင်လိုက်မယ်။ တရားသူကြီးက သူ့ဘာသာဆုံးဖြတ်လိမ့်မယ်။ ကိုယ်တို့က ဆုံးဖြတ်လို့မရဘူး။ (အမှု) တည်ဆောက်ပေးလို့ပဲရတယ်” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေမျိုးက ပြောကြားသည်။ ဖမ်းဆီးထားသည့် လူငယ် ၁၃ ဦး၌ ဘုန်းကြီးကျောင်းအတွင်းဖြစ်ပွားသည့် တုတ်၊ ဓား၊ ကပ်ပါး (ပုဆိန်) များဖြင့် ရိုက်နှက်ခြင်းနှင့် လက်သီးဖြင့်ထိုးနှက်သည့်အမှုမှ ၁၂ ဦး ဖမ်းဆီးထားပြီး ယင်းအနက် အသက်မပြည့်သေးသည့် လူငယ်လေးဦးပါဝင်ကြောင်း၊ မီးသတ်တပ်ဖွဲ့အား ဓားဖြင့်ခုတ်မှုတွင် ခုနစ်ဦးပါဝင်ပြီး လေးဦးဖမ်းဆီးရမိကာ ကျန်သုံးဦးမှာ ထွက်ပြေးနေကြောင်း၊ ဖမ်းဆီးရမိသည့် လေးဦးအနက် ဘုန်းကြီးကျောင်းအတွင်း ဖြစ်ပွားသည့်အမှုတွင် ပါဝင်သူသုံးဦးပါဝင်ပြီး တစ်ဦးမှာ အသစ်ထပ်မံ ပါဝင်လာသူဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ အခင်းဖြစ်ပွားသည့်နေ့ ည ၉ နာရီခွဲခန့်တွင် ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ ကြခတ်ပင်အရှေ့ ဘုန်းတော်ကြီးကျောင်းအတွင်း အလှူပွဲပြုလုပ်နေစဉ် လူငယ်တစ်စုမှ တုတ်၊ ဓားများ အသုံးပြုကာ ဇာတ်ပွဲကြည့်နေသူ လူငယ်တစ်စုကို ရိုက်နှက်ထိုးခုတ်ခဲ့သဖြင့် ဆန်းချီရပ်ကွက်နေသူများဖြစ်သည့် မင်းမင်းဆွေ (၂၄ နှစ်)၊ သန်းမြင့်ဝင်း (၁၅ နှစ်)၊ မြင့်ဇော်ဦး (၂၀ နှစ်) နှင့် အောင်ကြီး (၃၇ နှစ်) တို့တွင် ဦးခေါင်း၊ ပခုံး၊ နောက်ကျောနှင့် လက်များ၌ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) များရရှိကာ ထားဝယ်ပြည်သူ့ ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း၊ ထို့နောက် ည ၁၀ နာရီခွဲတွင် ထားဝယ်မြို့ ကမ်းနားလမ်းရှိ DDPC Shopping Center အနီး၌ကမ်းနား ဈေးဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသော မီးသတ်တပ်ကြပ်ဖြစ်သူ သွင်ထူးအောင် (၂၄ နှစ်) ပါ သုံးဦးအား ဆိုင်ကယ်လေးစီးပါ လူငယ်တစ်စုက တုတ်၊ ဓားများဖြင့် ထိုးခုတ်သဖြင့် သွင်ထူးအောင် (၂၄ နှစ်) တွင် ဦးခေါင်းနှင့် လက်မောင်းတို့၌ ပြတ်ရှဒဏ်ရာများရရှိခဲ့ကာ ဆေးရုံသို့ တင်ပို့ခဲ့ရသည့်အပြင် ယင်းအချိန်၌ပင် ပိန္နဲတောရပ်ကွက် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေးဝင်း အလုပ်သမားတန်းလျားတွင် နေထိုင်သူ မင်းကိုကိုဦး (၁၅ နှစ်)အား လူငယ်တစ်စုမှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး တုတ်၊ ဓားများဖြင့် ထိုးခုတ်မှုကြောင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်၊ ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့မှ လူနာတင်ယာဉ်များဖြင့် ထားဝယ်ပြည်သူ့ ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တုတ်၊ ဓား၊ ရဲတင်း (ပုဆိန်) များဖြင့် ရိုက်နှက်ခဲ့သည့် လူငယ်တစ်စုအား အရေးယူပေးရန် မင်းမင်းဆွေမှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ထားဝယ်မြို့မရဲစခန်း၌ (ပ) ၆၆၅/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၂၄/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ကျူးလွန်သူလူငယ်များကို စုံစမ်းဖမ်းဆီးခဲ့သည်ဟု သိရသည်။ ထားဝယ်မြို့မရဲစခန်းမှ ရရှိထားသော မှုခင်းမှတ်တမ်းအရ အုပ်စုဖွဲ့ရိုက်နှက်ရာတွင် ပါဝင်ခဲ့သော တရားခံများဖြစ်သည့် ထားဝယ်မြို့ ဆန်းချီရပ်ကွက်နေ ထက်ထက်ဝင်းအောင် (၁၇ နှစ်) (ဘ) ဦးတင်စိုး၊ မြောင်းပုလဲရပ်ကွက်နေ ပိုင်ဖြိုးဇော် (၁၉ နှစ်) (ဘ) ဦးမင်းမင်းဇော်၊ ကရပ်ပြင်မြောက်ရပ်ကွက်နေ ပိုင်ငယ် (ခ) သားကြီး (ခ) သက်ပိုင်ဦး (၁၆ နှစ်) (ဘ) သန်းနိုင်၊ ဥဿရံရပ်ကွက်နေ ကျော်စိုးဝင်း (ခ) သားသား (၁၈ နှစ်) (ဘ) ဦးအောင်ဝင်း၊ ဥဿရံရပ်ကွက်နေ ဇော်မျိုးထွဋ် (ခ) သားသား (၁၈ နှစ်) (ဘ) ဦးနိုင်နိုင်၊ ဆင်ပုနစ် ရပ်ကွက်နေ ရှိုင်းမြင့်မော် (ခ) ရှိုင်း (၂၂ နှစ်) (ဘ) ဦးဆာမိ၊ အိမ်ရှေ့ပြင်ရပ်ကွက်နေ ရန်နိုင်အောင် (ခ) သားကြီး (၂၃ နှစ်) (ဘ) ဦးအောင်ဆန်း၊ ဥဿရံရပ်ကွက်နေ နေလင်းဦး (ခ) သားငယ် (၂၁ နှစ်) (ဘ) ဦးမောင်လားနှင့် ဘုမ္မော်ရပ်ကွက်နေ ရဲထွဋ်ခန့် (၁၉ နှစ်) (ဘ) ဦးတင်စိုး စသည့် ကိုးဦးအပါအ၀င် လူငယ် ၁၃ ဦးအား ထားဝယ်မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး စစ်ဆေးနေကြောင်း သိရသည်။

ထားဝယ်မြို့ပေါ်၌ ယင်းသို့အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် ဒေသခံများအကြား ထိတ်လန့်မှုဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုမှုများ ရှိနေသည့်အပြင် လုံခြုံရေးအပေါ် မေးခွန်းထုတ်မှုများရှိခဲ့သည်။

ထားဝယ်မြို့တွင် လုပ်ငန်းအပြီးမသတ်မီ ကျောက်စီနံရံ အစိတ်အပိုင်းတစ်ခု ပြိုကျမှုဖြစ်ပြီးနောက် ပြိုကျခဲ့သည့်အပိုင်းမှ ပေ ၈၀၀ စလုံးကို RC Wall အဖြစ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်မည်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တည်ဆောက်နေသည့် ကျောက်စီနံရံ အစိတ်အပိုင်းတစ်ခု ဧပြီ ၁၂ ရက်က လုပ်ငန်းအပြီးမသတ်မီ ပေ ၁၀၀ ခန့် ပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် ပြိုကျခဲ့သည့်အပိုင်းမှ ပေ ၈၀၀ စလုံးကို RC Wall အဖြစ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူကာ မိုးမကျမီပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများ အိမ်ရာနံဘေးရှိ ဆန်းချီချောင်း၏ အောက်ဘက်ဖြစ်သော ထားဝယ်မြစ်နှင့် ဆန်းချီချောင်းဝဆုံရာနှင့် ကမ်းနားလမ်းမပေါ်ရှိ တံတားအကြားတွင် တစ်ဖက်လျှင် ပေ ၄၀၀ အရှည်ရှိ ကျောက်စီနံရံ ပေ ၈၀၀ ရှိပြီး ယင်းနေရာ၌ ကျောက်စီနံရံ ပေ ၁၀၀ ခန့် ပြိုကျသွားခဲ့သည့်အတွက် ယင်းအပိုင်းတွင် ထပ်မံပြိုကျမည်ကို စိုးရိမ်ခဲ့ကြောင်း၊ အင်ဂျင်နီယာများ၏ တွက်ချက်မှုအရ ထပ်မံမပြိုကျနိုင်ဟု ဆိုသော်လည်း ပြိုကျခဲ့သည့်အပိုင်းကို ပြန်လည်ပြုပြင်ရမည်ဖြစ်၍ လုပ်လက်စအနေဖြင့် ပေ ၈၀၀ စလုံးကို ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ပြီး ကျောက်စီနံရံတစ်လျှောက် လိုက်လံစစ်ဆေးချက်အရ ကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရန်နှင့် စိတ်ချရသည့် အနေအထားဖြစ်စေရန် အချို့နေရာများကို ပြန်လည်ဖြိုဖျက် ပြုပြင်ခိုင်းထားသည်ဟု တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမျိုးက ပြောကြားသည်။

“ပြိုကျခဲ့တာက အောက်ဘက်ပိုင်းပါ။ အပေါ်ဘက်ပိုင်းမှာ မပြိုကျနိုင်ပေမယ့် လုပ်လက်စနဲ့ မထူးဘူး ပြန်ပြင်မယ်။ တို့နာမည်ပျက်လိမ့်မယ်။ စည်ပင်သိက္ခာကျမယ်။ ဒါကြောင့် ပြန်ပြင်မယ်ဆိုပြီးတော့ လုပ်လိုက်တာ။ ၀န်ကြီးချုပ်ကိုလည်း ခွင့်တောင်းပြီးပြီ။ သူက လုပ်ပါ၊ ပိုစိတ်ချ ရတာပေါ့လို့ပြောလို့ အချို့စိတ်မချရတဲ့နေရာတွေကို ဖြိုချလိုက်တာပါ။ အခုပြိုကျတဲ့ဘက်က နှစ်ဖက်စလုံး ပေ ၈၀၀ ရှိတယ်။ အဲဒီပေ ၈၀၀ ရှိတဲ့ နေရာကနက်ပြီး နွံတွေများတယ်။ နွံတွေများတော့ ဒီဒီဇိုင်းနဲ့ မသေချာဘူးပေါ့။ ဒါပေမဲ့ အရင်ဘတ်ဂျက်တင်ကတည်းက ဒီဇိုင်းက ချောင်းအထက်ဘက်မယ် ဒီလန်းဆေးရုံအနောက်ကနေ စီလာတဲ့ ဒီဇိုင်းအတိုင်း ငွေကလည်းတင်ထားတော့ ဒီအတိုင်းပဲ သွားလုပ်ကြတာ။ သို့သော် ကိုယ်တို့မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် အခုအများပြောနေသလို ပြည်သူတွေရဲ့ ဘတ်ဂျက်ထပ်သုံးမလား ဆိုတာတော့ မဟုတ်ပါဘူး။ အခု ကိုယ်တို့ တွေးထားတာကတော့ ဘယ်သူ့ကိုမှ ဘတ်ဂျက်မတောင်းဘူး။ ကိုယ်တို့ဘာသာ ရုန်းမယ်။ ကိုယ်တို့ဘာသာ ခိုင်မာအောင် ပြန်လုပ်မယ်။ ဒီပေ ၁၀၀ ပြိုကျသွားလို့ ပေ ၁၀၀ ပြန်လုပ်မယ်ဆိုရင် ပိုက်ဆံမကုန်တော့ဘူးပေါ့။ သို့သော်စိုးရိမ်တဲ့အတွက် နောက်ဟာတွေလည်း ထပ်မဖြစ်အောင် သေချာအောင် နောက်တစ်ခါ ဌာနသိက္ခာမကျအောင် မထူးဘူး။ ပေ ၈၀၀ စလုံးချဆိုပြီး လုပ်လိုက်တာပါ။ နှစ်ဖက်စလုံး ပေ ၈၀၀ ကို RC Wall လုပ်မှာ။ အစ်ကိုတို့ တွက်ကြည့်တော့ လက်ရှိပုံစံနဲ့ နောင်တစ်ချိန်မှာ ပြိုကျလာရင် လူထုက ပြောလာကြမှာ။ ဒါကြောင့် ဒီလုပ်ငန်းကို တာဝန်ယူပြီးလုပ်ခဲ့တဲ့ စည်ပင်သာယာရေးအဖွဲ့ကပဲ အကုန်လုံးကို တာဝန်ယူပြီး လုပ်သွားမယ်” ဟု တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမျိုးက ပြောကြားသည်။ လက်ရှိအနေအထားအရ ဧပြီ ၁၂ ရက်က ပြိုကျခဲ့သည့် ကမ်းနားလမ်းတံတားအနီးမှ ကျောက်စီနံရံ ပေ ၁၀၀ အပြင် ယင်းအပိုင်းရှိ ပေ ၈၀၀ စလုံးကို ဒီဇိုင်းအသစ်ဖြင့် လက်ရှိတည်ဆောက်ထားသည့် ကျောက်စီနံရံအနောက်မှ ပိုင်တိုင်များ ထပ်မံရိုက်သွင်းကာ RC ကွန်ကရစ်ဖြင့် ပိုမိုခိုင်မာစေရန် တည်ဆောက်ပြုပြင်မည် ဖြစ်သည်။

ထားဝယ်မြို့၌ ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှားရိုက်နှက်မှုဖြစ်စဉ်အပေါ် ခုံရုံးဖွဲ့စစ်ဆေးရန် ညွှန်ကြားထားပြီး ရဲတပ်ဖွဲ့ဌာနချုပ်မှ ဆုံးဖြတ်သည့်အတိုင်း အရေးယူမည်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ဧပြီ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) က ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှားရိုက်နှက်ခဲ့မှုဖြစ်စဉ်အပေါ် ခုံရုံးဖွဲ့စစ်ဆေးရန် ညွှန်ကြားထားပြီး ရဲတပ်ဖွဲ့ဌာနချုပ်မှ ဆုံးဖြတ်သည့်အတိုင်း အရေးယူမည်ဟု သိရသည်။

သင်္ကြန်အကြတ်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှား၍ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အပေါ် ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းဦးဆောင်သည့် အဖွဲ့ဝင်သုံးဦးပါဝင်သော စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ၎င်းဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက်တွင် စတင်ဖွဲ့စည်းကာ ဖြစ်စဉ်၌ပါဝင်ခဲ့သူများကို စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ခုံရုံးဖွဲ့စစ်ဆေးခြင်းကို တစ်ပတ်အတွင်းပြီးစီးအောင် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး စစ်ဆေးတွေ့ရှိချက်များအပေါ် သုံးသပ်ချက်များနှင့်တကွ ပြန်လည်၍ သက်သေခံအကျဉ်းချုပ်ရေးသားကာ နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ထံ တင်ပြသွားမည်ဖြစ်ပြီး ဌာနချုပ်မှဆုံးဖြတ်သည့် အပေါ်မူတည်၍ အရေးယူဆောင်ရွက်သွားမည်ဟု ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

“အရိုက်ခံရတဲ့ ကလေးတွေကို ငါတို့က ရဲမှူးဌေးဝင်းကို စုံခုံ (စုံစမ်းစစ်ဆေးရေးခုံရုံး) ဥက္ကဋ္ဌထားပြီးတော့ စစ်ခိုင်းထားတယ်။ ၁၆ ရက်နေ့ (သင်္ကြန်အတက်နေ့) က စပြီး စစ်နေတာပေါ့။ ကာယကံရှင် ကလေးတွေကိုတော့ အကုန်စစ်ပြီးသွားပြီ။ သူတို့ကိုစစ်ပြီးတော့မှ ဒီဘက်ကပါဝင်ပတ်သက်တဲ့ရဲတွေကို ဆက်စစ်မှာ။ စစ်တော့ လောလောဆယ်ပြီးတော့မယ်။ ဒီတစ်ပတ်အတွင်း အပြီးလုပ်ခိုင်းထားတယ်။ ပြီးရင် ဒီအပေါ်မှာသူ့ရဲ့ သုံးသပ်ချက်နဲ့ သူတင်ပြမှာပေါ့။ ဘယ်သူကတော့ ဘယ်လိုလုပ်တယ်။ အဲဒီလုပ်တဲ့ဟာတွေပေါ့။ အဓိကတော့ အရာရှိကတာဝန်ရှိတာပေါ့။ ခေါင်းဆောင်က စဉ်းစားရမှာပေါ့နော်။ လူမှားရိုက်စရာလည်းမလိုဘူး။ တကယ်တမ်းကျတော့ ရှင်းရှင်းပြောရင် ဒီဟာဖြစ်တဲ့အပေါ်မှာ အေးအေးဆေးဆေး ထိန်းလုပ်ပေးရမှာပေါ့။ အရာရှိက။ ဒါကို ဒေါသအလျောက်သွားတဲ့အခါကျတော့ လွဲချော်သွားတဲ့အခါ မမှားသင့်တာ မှားသွားတယ်။ ရှင်းရှင်းပြောရင်သူတို့ကလည်း တမင်ရည်ရွယ်ပြီး လုပ်တာတော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ရဲမေလေးကို စော်ကားတယ်ဆိုပြီးတော့ စိတ်လေးဝင်သွားတဲ့အခါမှာ ဒေါသအလျောက်ဖြစ်သွားတယ်။ အဲဒီအခါကျတော့ သွားဖမ်းတဲ့အဆင့်မဟုတ်ဘဲ ရိုက်တဲ့အဆင့် ဖြစ်သွားတာပေါ့။ သိသိချင်း ဒီဖြစ်စဉ်အပေါ် ငါတို့က အကုန်တောင်းပန်တယ်။ ငါတို့တရားဝင်ဖွဲ့ ပေးထားတဲ့ အဖွဲ့နဲ့စစ်တယ်။ အရိုက်ခံရတဲ့သူတွေ စစ်ပြီးရင် သုံးသပ်ချက်နဲ့တကွ ဘယ်သူ့ကိုတော့ ဘယ်လိုအရေးယူသင့်တယ်ဆိုတာ ငါတို့ကတော့ရေးမှာပေါ့။ ဖြစ်စဉ်မှာ အချို့က အကုန်လိုက်ပေမယ့်လည်း ပါချင်မှပါမှာပေါ့။ ရိုက်တဲ့လူဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ အဲဒီအပေါ်မူတည်ပြီး အရာရှိဆိုလည်း အရာရှိအပိုင်း၊ အခြားအဆင့်ဆိုလည်း အခြားအဆင့်ပေါ့။ အပေါ်တင်လိုက်ရင် ဒီလူဒီလူတွေကိုတော့ အရေးယူမယ်လို့ အပေါ်ကအတည်ပြုတယ်ဆိုရင် အရေးယူမှာပေါ့” ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

ထားဝယ်မြို့ ဥဿရံရပ်ကွက်ရှိ ကမြောကင်းလမ်းမပေါ်၌ သင်္ကြန်အကြတ်နေ့က ဖြစ်ပွားခဲ့သည့် ရဲမေတစ်ဦးအား ရေလောင်း၍ အင်္ကျီဆွဲချွတ်သည်ဟုဆိုကာ ထားဝယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာရောက်ရိုက်နှက် ဖမ်းဆီးခဲ့ပြီးနောက် အာမခံဖြင့်ပြန်လည်လွှတ်ပေးထားသည့် လူငယ်ခုနစ်ဦးကို ထားဝယ်မြို့မရဲစခန်း၌ ကာယိနြေ္ဒပျက်ပြားစေမှုနှင့် တာဝန်ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း၊ လက်ရှိ၌ ခုံရုံးဖွဲ့၍ စစ်ဆေးနေသည်မှာ ၎င်းရဲမေအား ရေလောင်း၍ အင်္ကျီချွတ်ခဲ့သည်ဟုဆိုသော အမှုမှ ရဲတပ်ဖွဲ့ဝင်များက လူမှား၍ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်အတွက် ရိုက်နှက်ခံရသူများနှင့်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များကိုသာ စစ်ဆေးနေခြင်းဖြစ်ပြီး အမှုနှစ်ခုမှာ မတူညီကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေမှုနှင့် အရေးယူမှုများ စောင့်ကြည့်သွားမည်ဖြစ်ပြီး အရေးယူသည့်အပေါ် မကျေနပ်ပါက တရားစွဲဆိုသွားရန် စီစဉ်ထားကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ မှားယွင်းရိုက်နှက်မှုကို ခံရသောလူငယ်များ၏ မိသားစုဝင်များထံ ရဲတပ်ဖွဲ့ဘက်မှ နေအိမ်သို့ လာရောက်တောင်းပန်မည်ဖြစ်ကြောင်း စကားကမ်းလှမ်းသော်လည်း လက်မခံခဲ့ဘဲ ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မိမြို့ဖနှင့် မီဒီယာများရှေ့တွင် အရေးယူဆောင်ရွက်နေမှုကို ပွင့်လင်းမြင်သာစွာ ချပြပေးရန်နှင့် ထိုအချိန်တွင် တာဝန်ရှိသူများက တောင်းပန်ရန်လိုလားသည်ဟု မှားယွင်းရိုက်နှက်ခံရသော လူငယ်တစ်ဦး၏ မိသားစုဝင်ဖြစ်သူ ဦးအောင်မျိုးက ပြောကြားသည်။

ထားဝယ်မြို့တွင် ရဲမေတစ်ဦးအား လူငယ်တစ်စုက ရေလောင်း၍ အင်္ကျီဆွဲချွတ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက လူငယ်အဖွဲ့တစ်ခုအား လူမှား၍ ၀င်ရောက်ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်အပြင် ရေလောင်းခဲ့သည့်လူငယ်တစ်စုအား ရိုက်နှက်ကာ ဖမ်းဆီးခဲ့သောကြောင့် ရဲစခန်းရှေ့၌ လူစုလူဝေး ဖြစ်ပွားခဲ့

ရဲစခန်းရှေ့တွင် လူစုလူဝေးဖြစ်ပွားနေသည်ကို ဧပြီ ၁၅ ရက်ညက တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဧပြီ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) ညနေပိုင်းက ရဲမေတစ်ဦးအား လူငယ်တစ်စုက ရေလောင်း၍ အင်္ကျီဆွဲချွတ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက လူငယ်အဖွဲ့တစ်ခုအား လူမှား၍ ၀င်ရောက်ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်အပြင် ရေလောင်းခဲ့သည့် လူငယ်တစ်စုအား ရိုက်နှက်ကာ ဖမ်းဆီးခဲ့သောကြောင့် ရဲစခန်းရှေ့၌ လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေပိုင်းတွင် ဥဿရံရပ်ကွက်ရှိ ကမြောကင်းလမ်းမပေါ်တွင် ရေကစားနေသည့် လူငယ်တစ်စုက ထားဝယ်မြို့မရဲစခန်းမှ ရဲမေတစ်ဦးအား ရေလောင်း၍ ယူနီဖောင်းအား ဆွဲချွတ်ခဲ့ဟုဆိုကာ ရဲမေက အကြောင်းကြားလာသဖြင့် ထားဝယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့အချို့က ညနေ ၆ နာရီကျော်ခန့်၌ ၎င်းနေရာသို့ ရောက်ရှိလာခဲ့ပြီး ကခုန်နေသည့် လူငယ်အဖွဲ့တစ်ခုကို လူမှားကာ ရိုက်နှက်ခဲ့ကြောင်း၊ လူမှားရိုက်နှက်ခဲ့ပြီးနောက် ရေလောင်းခဲ့သည်ဟုဆိုသော လူငယ်တစ်စုကို ဆက်လက်ရိုက်နှက်၍ ဖမ်းဆီးခဲ့ပြီး ထားဝယ်မြို့မရဲစခန်းသို့ ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့နောက် လူမှားရိုက်နှက်ခံရသည့် လူငယ်အဖွဲ့တွင် ဒဏ်ရာရရှိသူများနှင့် ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူရသူများ ရှိခဲ့သဖြင့် အဆိုပါကိစ္စအပေါ် ဖြေရှင်းပေးရန် ထားဝယ်မြို့မ ရဲစခန်းသို့ လူမှားရိုက်နှက်ခံရသူများဘက်မှ လာရောက်ခဲ့၍ တာဝန်ရှိသူများက စစ်ဆေးရာမှတစ်ဆင့် ရဲစခန်းရှေ့တွင် လူစုလူဝေးဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီခွဲအချိန်တွင် ရဲတပ်ဖွဲ့မှ လူစုခွဲခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့မှာ ၁၅ ယောက်လောက်ရှိတယ်။ ရေကစားပြီးတော့ အကုန်လုံး ဖက်ပြီးကနေတာ။ ကနေတုန်းအချိန်မှာ ရဲတွေဝင်လာပြီးတော့ ဘာမှန်းမသိဘဲ ရိုက်သွားတာ။ အိမ်ထဲအထိဝင်ပြီး ကုပ်ကိုဆွဲပြီး ရိုက်တယ်။ မေးလို့လည်းမပြောဘူး။ ရိုက်ပဲရိုက်နေတာ။ ပြီးမှ လူမှားသွားပြီလို့ပြောပြီး သူတို့ ပြန်ထွက်သွားတယ်။ ဘယ်သူမှ မဖြေရှင်းဘဲ လူမှားသွားပြီဆိုပြီး တစ်ခွန်းပဲပြောခဲ့တယ်။ ရှိသမျှလူအကုန်လုံးကို အနာတရဖြစ်အောင် သူတို့လုပ်ခဲ့တာ။ ခေါင်းကွဲတဲ့သူရော၊ ခြေထောက်ထိတဲ့သူရော အနည်းဆုံးက ရောင်ကိုင်းတဲ့လူတွေချည်းပဲ။ ကျွန်တော်တို့ အဖွဲ့ထဲက အခုဆေးရုံရောက်သွားတာ ခုနစ်ယောက်ရှိတယ်။ ကျန်တဲ့သူတွေလည်း ဒဏ်ရာရှိပေမယ့် မပြင်းလို့။ ဆေးရုံရောက်တဲ့သူတွေက ခေါင်းကွဲတဲ့သူနဲ့၊ ခြေထောက်ထိတဲ့သူတွေရှိတယ်။ သူတို့ကို ဆေးထည့်ပြီး အိမ်မှာ အခြေအနေ စောင့်ကြည့်ခိုင်းထားတယ်။ ကျွန်တော်တို့အဖွဲ့မှာ မိန်းကလေးတွေလည်း ပါတယ်။ သူတို့ကိုထိမှာစိုးလို့ ကာကွယ်ရင်း အရိုက်ခံလိုက်ရတာလည်းရှိတယ်” ဟု ရဲတပ်ဖွဲ့က လူမှား၍ ရိုက်နှက်ခြင်းခံခဲ့ရသည့် လူငယ်အဖွဲ့မှ ကိုနေဇော်က ပြောကြားသည်။

ဆက်လက်၍ “ကျွန်တော်တို့ဘက်ကတော့ ဒီကိစ္စကို မကျေနပ်ဘူးပေါ့။ အခု ရဲတိုင်းမှူးက ပြောတာကတော့ သူတို့ ခုံရုံးဖွဲ့ပြီး စစ်ဆေးပေးမယ်။ စစ်ဆေးပေးတဲ့အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ဘက်က ပြန်ပြီးတော့ တုံ့ပြန်မယ်။ သူတို့စစ်ဆေးပေးတာ မကျေနပ်ရင် ပြန်တရားစွဲဖို့ အဆင့်အထိ ပြန်လုပ်ဖို့ အစီအစဉ်ရှိတယ်” ကိုနေဇော်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး နေမျိုးက “ရဲမေလေးကို စစ်လိုက်တဲ့အချိန်မှာ မိန်းကလေးကို ကာယိနြေ္ဒပျက်အောင်၊ နောက်တစ်ခါ မိန်းကလေးက အောက်မှာ ယူနီဖောင်းပါတယ်။ အဲဒီဇစ်တွေကို ဆွဲဖြုတ်ပြီးတော့မှ ရေလောင်းတယ်။ ဆိုင်ကယ်ထွက်လို့ မရအောင် လုပ်တယ်။ ရဲတပ်ဖွဲ့ဝင်မှန်းသိတဲ့အခါမှာ ပိုကဲပြီးလုပ်တာရှိတယ်။ လုပ်တော့ ကောင်မလေးကလည်း ရှက်ပြီးတော့ ဒီမှာလာတဲ့အခါကျတော့ ဒီကအဖွဲ့က ဘယ်သူလဲဆိုပြီး လိုက်ဖမ်းတယ်။ ဖမ်းတဲ့အခါကျတော့ ဟိုလည်းရောက်ရော ဒေါသအလျောက် ဖြစ်သွားတာပေါ့။ ဒေါသအလျောက် ဖြစ်သွားတာသည် ငါတို့မှာ တာဝန်ရှိတယ်။ ငါတို့က ဒေါသဖြစ်တဲ့ ရဲအုပ်စိုးနိုင်နဲ့အဖွဲ့ကိုစစ်မယ်။ စစ်ပြီးတော့ ငါတို့ ရဲစည်းကမ်းဥပဒေအရ စုံခုံလုပ်ပြီး သပ်ချုပ်လုပ်မယ်။ ဖြစ်စဉ်ကို စိစစ်ပြီးရင် သပ်ချုပ်လုပ်ပြီးတော့ အရေးယူမှာ။ ရဲစည်းကမ်းအရ အရေးယူမှာ။ အားလုံးပြီးရင် အပေါ်တင်မယ်။ ဒီမှာလည်း ကောင်မလေးကို မဟုတ်တရုတ် လုပ်တဲ့အဖွဲ့ကိုလည်း ထိုက်သင့်တဲ့ အရေးယူမှုတော့ရှိမယ်။ ဒါကလည်း သူ့ရဲ့ ရဲလုပ်ထုံးလုပ်နည်းအရ စစ်ပြီးရင် အာမခံပြန်ပေးရမှာ” ဟု ရဲမှူးကြီး နေမျိုးက ပြောကြားသည်။

အဆိုပါ ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရဲမေအား အင်္ကျီဆွဲချွတ်ကာ ရေလောင်းခဲ့သည်ဟုဆို၍ ရဲတပ်ဖွဲ့မှ ရိုက်နှက်ကာ ဖမ်းဆီးသွားသည့် လူငယ်ရှစ်ဦးကို ထားဝယ်မြို့မ ရဲစခန်း၌ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဖမ်းဆီးခံထားရသည့် လူငယ်များ၏ မိသားစုဝင်များနှင့် ဒေသခံအချို့က ရဲစခန်းရှေ့၌ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ ညနေ ၃ နာရီခန့်တွင် လူစုလူဝေးဖြစ်ပွားခဲ့ကာ ည ၁၀ နာရီခွဲအချိန်တွင် ရဲတပ်ဖွဲ့မှ ရဲစခန်းရှေ့သို့ထွက်၍ လူစုခွဲရန် ရှင်းလင်းခဲ့ကြောင်း သိရသည်။

“တကယ်က ကျွန်တော် ရေလောင်းတာလောက်ပဲ။ ကိုယ်ထိပါးလုပ်တာ မဟုတ်ဘူး။ ကျွန်တော့်ကို တုတ်နဲ့ ၀ိုင်းရိုက်တယ်။ စခန်းရောက်တော့ အထဲမှာ ကျွန်တော် တစ်ယောက်တည်းကို တရားခံဆိုပြီးတော့ မဲပြီးရိုက်တယ်။ အခုထွက်လာတော့ အာမခံထိုးခိုင်းတယ်။ ကျွန်တော် မထိုးပေးနိုင်ဘူး။ ကျွန်တော် တရားခံမဟုတ်ဘူးပြောတယ်။ ကျွန်တော့်ခေါင်းမှာ ထိတယ်။ အရိုက်ခံရတာ တစ်ကိုယ်လုံးပဲ။ ကျွန်တော်တို့က အဖွဲ့မဟုတ်ဘူး။ သူငယ်ချင်းတွေလောက်ပဲ။ ကျွန်တော်တို့မှာ ဘာလက်နက်မှ မရှိဘူး။ ဒူးထောက်ပေးပြီး အရှုံးပေး နေပါတယ်ဆိုမှ သူတို့တွေက ရိုက်တယ်” ဟု ရဲမေအား အကျီဆွဲချွတ်၍ ရေလောင်းခဲ့သည်ဟုဆိုကာ ရိုက်နှက်ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ကိုဌေးကျော်က ဆိုသည်။ ၎င်းတို့အဖွဲ့အနေဖြင့် ရဲမေအား ရေလောင်းရာတွင် ရဲမေဟု ပြောသောကြောင့် ရေထပ်လောင်းလိုက်ရာ ရဲမေက ဒေါသထွက်၍ မိုးကာကို ချွတ်ကာ လမ်းပေါ်သို့ ပစ်ချလိုက်ကြောင်း၊ ၎င်းတို့က ဆိုင်ကယ်အား ပြန်လည်ထောင်မတ်ပေး၍ မိုးကာကို ဆိုင်ကယ်ပေါ်သို့ တင်ပေးခဲ့ရာ ရဲမေက စခန်းကို ဖုန်းဆက်၍ ဆိုင်ကယ်ကိုထားခဲ့ကာ နေရာမှ ထွက်သွားခဲ့ခြင်းဖြစ်ပြီး ရဲမေအား ရေပက်ခဲ့သည့် အဖွဲ့မှ တစ်ဦးမျှ ရဲမေအား ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်း မရှိခဲ့ကြောင်း ရဲမေအား ရေလောင်းခဲ့သည့် လူငယ်တစ်စု၌ ပါဝင်သော အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် ရဲမေအား အကျီချွတ်၍ ရေလောင်းခဲ့သည်ဟုဆိုကာ ဖမ်းဆီးထားသည့် လူငယ်ရှစ်ဦးကို စစ်ဆေးခဲ့ပြီးနောက် အာမခံဖြင့် ည ၁၀ နာရီကျော်အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။