ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်သည့် နေရာနှင့် တစ်ရှူးငှက်ပျောခင်းများတွင် မူးယစ်ဆေးဝါး အများအပြား သုံးစွဲလျက်ရှိ

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျေက်စိမ်းတူးဖော်သည့် နေရာနှင့် တစ်ရှူးငှက်ပျောခင်းများတွင် မူးယစ်ဆေးဝါး အများအပြား သုံးစွဲလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကချင်ပြည်နယ်တွင် ယခင်က တရားမ၀င် ရွှေမှော်၊ ပယင်းမှော်များ ရွေ့ပြောင်းလုပ်သား အများဆုံးရှိခဲ့သော်လည်း ယခုအချိန်တွင် ယင်းတရားမ၀င် မှော်များကို အစိုးရက တဖြည်းဖြည်း ပိတ်သိမ်းလာခဲ့ပြီးနောက် တစ်ရှူးငှက်ပျောခင်းများတွင် ရွှေ့ပြောင်း လုပ်သားများ စုပုံလာခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့နယ် ရွာသစ်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ အိမ်ခြေ ၁၅၀ ကျော်မှာ ၆၀ လောက်က အစိသုံးတယ်။ အထူးသဖြင့် ဒီမှာက မိရိုးဖလာ ဘိန်းမဲကို လူကြီးတွေ သုံးတယ်။ အခုလူငယ်တွေ ဆေးပြား၊ အဖြူ သုံးကြတယ်။ လက်တည့်စမ်းကြတယ်။ အလွယ်တကူလည်း ရနေတာ။ ရွာမှာ စပေါ်တာက ၂၀၁၃ က တနိုင်းပယင်းမှော်က ပြန်လာသူတွေဆီက စတာ။ အခု ၂၀၁၅ နောက်ပိုင်းတော့ တစ်ရှူးငှက်ပျောခင်းတွေ ပေါ်လာတော့ တစ်နိုင်ငံလုံးက လူမျိုးစုံ ရောက်လာတာ။ အလုပ်သမား ဦးရေကလည်း ရွာကလူတွေထက် များနေတာကို။ အခုက အခင်းသွားရင် ဆိုင်ကယ်ကို လမ်းဘေး မရပ်ထားရဲဘူး။ ညမှာ အိမ်ဝင်းထဲတင် မကဘူး။ အိမ်ခန်းထဲ၊ အိမ်အောက်ထဲကို သော့ခတ် သွင်းရတော့တာ။ ပစ္စည်းကတော့ ဘာမှမလုံခြုံတော့ဘူး။ လူကိုတော့ မလုကြသေးဘူး။ မကြာပါဘူး။ သုံးစရာမရှိရင် လုလာကြလိမ့်မယ်။ ဖားကန့်ဒေသလို ပြီးရင်တော့ ကျွန်တော်တို့ဒေသပဲ မူးယစ်ဆေး အပေါဆုံးက။ ရဲစခန်းမရှိ၊ တပ်စခန်းနဲ့ဝေး ဆိုတော့ အားလုံး လွတ်လပ်နေတာ”ဟုပြောကြားသည်။

တစ်ရှူးငှက်ပျောခင်းများတွင် မူးယစ်ဆေးဝါးများ လွတ်လပ်စွာ ရောင်းဝယ်၍ ရခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲရန် ငွေရှာရ လွယ်ကူခြင်း၊ အခြားသော ဒေသများက မူးယစ်ဆေးဝါး စွဲလမ်းသူများက လာရောက် လုပ်ကိုင်နေခြင်း တို့ကြောင့် မူးယစ်ဆေးဝါးများ အလွန်အကျွံ များပြားနေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာမှ ဒေသခံ ဦးစန်းဝေက “ ရွာမှာ အိမ်ခြေ နှစ်ထောင်ကျော်မှာ လူ သုံးရာလောက်က မူးယစ်ဆေး စွဲနေကြတယ်။ လူငယ်တွေက အများစု ဖြစ်နေတာ။ ဆက်သွယ်ရေးကောင်းတော့ ရောင်းဝယ်တာ အရမ်းလွယ်နေတယ်။ မူးယစ်ဆေး ပေါတာကတော့ ဖားကန့်ပြီးရင် ငှက်ပျောခြံတွေက ဒုတိယအကြီးဆုံး ဈေးကွက်ပဲ။ ရဲမရှိ၊ တပ်မရှိ ထိန်းသိမ်းမယ့်သူ မရှိ။ အားလုံး ဖရီး ဖြစ်နေတာ” ဟု ပြောကြားသည်။

ရွာသစ်ကျေးရွာအုပ်စုတွင် ကျင်းစား လုပ်ကိုင်သူတစ်ဦးက “ မူးယစ်သုံးသူဆိုရင် တရုတ်လောပန်းက မကြိုက်ဘူး။ မောင်းထုတ်တယ်။ ဒါပေမဲ့ လုပ်အားလိုအပ်ချက်အရ အပြင်က အလုပ်သမားတွေလည်း ခေါ်ရတယ်။ သူတို့ကို ထိန်းလို့မရဘူး။ အသီးပေါ်ချိန်ဆို အလုပ်သမားတွေက အများကြီး သုံးရတာကို။ ဆေးပြား တစ်ပြား ၁၅၀၀ တဲ့ လှည့်ရောင်းသူကို ရှိနေတာ။ ဒီမှာက အလုပ်သမားတွေချည်း နေကြတော့ အလုပ်သွားရင် ကိုယ်အခန်းမှာ ရှိတာတွေ ခိုးသွားကြတာ။ ရွာထဲမှာလည်း ဆိုင်ကယ်တွေ၊ ပစ္စည်းတွေ မကြာခဏ ပျောက်နေတာ။ မူးယစ်သုံးသူကို ဘယ်သူမှ မခိုင်းတော့ ဘေးရောက်သွားပြီး ခိုးစားတဲ့အဆင့် ရောက်သွားတာ” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် သောင်းနှင့်ချီသော ရွှေ့ပြောင်း လုပ်သားများသည် တရုတ် တစ်ရှူးငှက်ပျောခင်းများတွင် ကျင်းစား (လုပ်ကွက်အလိုက် ပြီးသည်အထိ ငှက်ပျောတန်ဖိုးကိုယူ၍ လုပ်ကိုင်သူ) နှင့် နေ့စား အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် မေလတွင် အစိုးရမှ ကောက်ယူသည့် စာရင်းအရ ဧက ၄၀၀၀၀ ကျော် ရှိရာမှ ၂၀၁၈ ခုနှစ် သြဂုတ်လ စာရင်းအရ ဧက ၆၀၀၀၀ ကျော်အထိ ကောက်ယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူမှုအဖွဲ့အစည်းများ၊ ဒေသခံများက ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျော စိုက်ဧက တစ်သိန်းလေးသောင်း ၀န်းကျင် ရှိနေကြောင်း သုံးသပ်ထားပြီး စိုက်ခင်းများတွင် ဓာတု ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အလွန်အကျွံ သုံးစွဲခြင်း၊ ရေဆိုးများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းတို့ကို သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေကြောင်း၊ အခွန်နစ်နာမှု၊ မြေယာနစ်နာမှု၊ ဒေသခံများ နစ်နာမှုများကို သက်ဆိုင်ရာ ၀န်ကြီးဌာနက မည်ကဲ့သို့ တာဝန်ယူ ဖြေရှင်းမည်ကို သြဂုတ် ၂၃ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ဦးနိုင်ကိုကို ဆွေးနွေးတင်ပြခဲ့သည်။

တစ်ရှူး ငှက်ပျောခင်းများနှင့် ပတ်သက်၍ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များကလည်း တရုတ်စိုက်ပျိုးရေး လုပ်ကိုင်သူများကို ခေါ်ယူကာ တရုတ်ယွမ်ငွေ သိန်းနှင့် ချီကာ ငွေကြေး ကောက်ခံခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်မှ ဒေသခံများ တရုတ် တစ်ရှူးငှက်ပျောခင်း အလိုမရှိကြောင်း မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ ၃ ရက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကေအိုင်အိုအဖွဲ့ ကလည်း တစ်ရှူး ငှက်ပျောစိုက်ခင်းများ ထပ်မံတိုးချဲ့လာမှုကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ရှောင်ကျေးရွာများ၏ မြေများ၊ ပတ်ဝန်းကျင်များကို အဓမ္မသိမ်းယူခြင်း မပြုရန် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် ဧရာဝတီမြစ်ရိုကျေးရွာများတွင် ယင်းတစ်ရှူးငှက်ပျောစိုက်ခင်းများအတွက် မြေဧက ထောင်ချီဝယ်ယူမှုများ ဖြစ်ပွားနေပြီး ကျေးရွာ စားကျက်မြေများ၊ သစ်တောမြေများ၊ မြေလွတ်မြေရိုင်းများ ရောင်းချနေသဖြင့် စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးသော ကျေးရွာများ၏ ရေရှည်အတွက် စိုးရိမ်မှုများဖြစ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ထပ်မံတိုးချဲ့စိုက်ပျိုးခြင်းမပြုရန် ၀န်ကြားခဲ့သော တရုတ်တစ်ရှူး ငှက်ပျောစိုက်ခင်းများ ယခင်နှစ်က ဧကလေးသောင်းကျော်သာရှိရာမှ လက်ရှိတွင် ဧကခြောက်သောင်းကျော်ဖြစ်လာပြီး တစ်နှစ်အတွင်း ဧကနှစ်သောင်းကျော်တိုးလာ

ဝိုင်းမော်မြို့နယ်အတွင်းရှိ တရုတ်တစ်ရှူးငှက်ပျောစိုက်ခင်းများကို တွေ့ရစဉ်

ကချင်ပြည်နယ်တွင် တရုတ်တစ်ရှူး ငှက်ပျောစိုက်စာရင်းကို ပြန်လည်ကွင်းဆင်း စစ်ဆေးပြီးနောက် ယခင်နှစ်ထက် ဧကနှစ် သောင်းကျော်တိုးလာကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ပြောကြားသည်။

၂၀၁၇ ခုနှစ် မေလတွင် ပြည်နယ်အစိုးရက ကောက်ယူသည့် စာရင်းအရ ဧကလေး သောင်းကျော်ရှိရာမှ ၂၀၁၈ ခုနှစ် သြဂုတ်လ စာရင်းအရ ဧကခြောက်သောင်းကျော်အထိ ကောက်ယူနိုင်ခဲ့ခြင်းကြောင့် တစ်နှစ်အတွင်း ဧကနှစ်သောင်းကျော်တိုးလာကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် တရုတ်တစ်ရှူး ငှက်ပျောစိုက်ပျိုးနေမှုများနှင့် ပတ်သက်ပြီး အစိုးရဘက်က တရားဝင်စိုက်ပျိုးနိုင်ရေးကိစ္စ၊ အခွန်ကိစ္စရပ်များကြောင့်လည်းကောင်း၊ လွှတ်တော်တွင် အခွန်ကောက်ခံရေးကိစ္စ၊ အဆမတန်တိုးချဲ့ စိုက်ပျိုးနေမှုနှင့် တရားမ၀င်မှုစသည့် အချက်များကြောင့် အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန် ၂၅ ရက်တွင် နောက်ဆုံး အစီရင်ခံစာတင်ပြရန် ကော်မတီတစ်ရပ်ကိုဖွဲ့စည်း ကွင်းဆင်းစစ်ဆေးစေခဲ့ကြောင်း သိရသည်။

ဝန်ကြီးဦးမြသိန်းက “နောက်ဆုံးစာရင်း ရထားတာက ဧကခြောက်သောင်းကျော်ပါတယ်။ ကောက်ယူဖို့ ကျန်နေတာတွေလည်း ရှိနေတယ်။ တချို့လည်း မငြိမ်းချမ်းဘူးလို့ ပြောလို့ရတဲ့ အစွန်အဖျားဒေသ၊ ပြည်သူ့စစ်ဒေသတွေ ဖြစ်နေတယ်။ အောက်ခြေသတင်းတွေအရလည်း နီးစပ်ရာကို တိုးချဲ့နေဆဲလို့ သိရတယ်။ အစိုးရအဖွဲ့ကတော့ ထပ်မံမတိုးချဲ့ဖို့ကို စာထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လုပ်နိုင်တယ်။ အခုက ဥပဒေအတိုင်းမသွားတော့ခုလို ဖြစ်နေတာ။ ပြည်ထောင်စု စီးပွားရေးကော်မတီကိုလည်း ဒီကိစ္စမေးတော့ ခွင့်ပြုချက်မပေးခဲ့ဘူး” ဟု ပြောကြားသည်။

လူမှုအဖွဲ့အစည်းများ၊ ဒေသခံများကမူ ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျောစိုက်ဧက စုစုပေါင်း တစ်သိန်းလေးသောင်းဝန်းကျင် ရှိနေကြောင်း သုံးသပ်ထားပြီး စိုက်ခင်းများတွင် ဓာတုပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အလွန်အကျွံသုံးစွဲခြင်း၊ ရေဆိုးများစည်းကမ်း မဲ့စွန့်ပစ်ခြင်းတို့သည် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေကြောင်း၊ အခွန်နစ်နာမှု၊ မြေယာနစ်နာမှု၊ ဒေသခံများ နစ်နာမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့တာဝန်ယူဖြေရှင်းမည်ကို  သြဂုတ် ၂၃ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ဦးနိုင်ကိုကိုက ဆွေးနွေးခဲ့သည်။

၂၀၁၈ ခုနှစ် မေ ၂၉ ရက်က ကချင်ပြည်နယ် လွှတ်တော်တွင် တစ်ရှူးငှက်ပျောကိစ္စရပ်နှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားခဲ့သည်။

လွှတ်တော်တွင်  ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်အတွင်း ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ  ပြည်တွင်းအခွန် ကုမ္ပဏီစုစုပေါင်း ၂၈ ခုမှ ကြိုတင်ဝင်ငွေ ခွန်ကျပ် ၃၇၀၄ ဒသမ ၂၈၂ သန်းကောက်ခံ ရရှိကြောင်း၊ ၂၀၁၇ ခုနှစ်ကောက်ထားသည့် စာရင်းအရ စိုက်ဧက ၄၆၉၈၃ ဧကအနက် မြစ်ကြီးနားမြို့နယ် ကျေးရွာနှစ်ရွာတွင် ကုမ္ပဏီခြောက်ခုမှ ဧကပေါင်း ၆၁၈၊ ၀ိုင်းမော် မြို့နယ်ကျေးရွာ ၁၁ ရွာတွင် ကုမ္ပဏီလုပ်ငန်းရှင်အဖွဲ့ ၂၅ ခုမှ မြေဧရိယာ ၂၇၆၃၅ ဧက စုစုပေါင်းကုမ္ပဏီလုပ်ငန်းရှင် ၃၁ ခုက မြေဧရိယာ ၃၃၈၁၅ ဧကတွင် တစ်ရှူးငှက်ပျောစိုက်နေကြောင်း၊ ဒေသခံ၊ လုပ်ငန်းရှင်၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးကုမ္ပဏီက လယ်ယာမြေများအား ငှားရမ်းစိုက်ပျိုးခြင်း၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများကို ဥပဒေအရ လုပ်ပိုင်ခွင့်ပြု မိန့်ရရှိထားသည့် နေရာတွင် စိုက်ပျိုးခြင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ကျူးလွန်စိုက်ပျိုးခြင်း၊ ကြိုးဝိုင်း၊ ကြိုးပြင်တောများကို ကျူးလွန်စိုက်ပျိုးခြင်းများကို ဥပဒေနှင့်အညီ လိုက်နာစိုက်ပျိုးစေခြင်းဖြင့် စနစ်တကျ စိုက်ပျိုးအကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ နည်းလမ်းတကျ ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၇ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဌာနစီးပွား ရေးကော်မတီသို့ လမ်းညွှန်မှုခံယူထားကြောင်း ဖြေကြားသည်။

တစ်ရှူးငှက်ပျောခင်းများနှင့်ပတ်သက်၍ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း တရုတ်စိုက်ပျိုးရေး လုပ်ကိုင်သူများကိုခေါ်ယူပြီး တရုတ်ယွမ်ငွေ သိန်းနှင့်ချီကာ ငွေကြေးကောက်ခံခဲ့ကြောင်း ဒေသခံတို့ အဆိုအရ သိရသည်။

တရုတ်တစ်ရှူးငှက်ပျောစိုက်ကုမ္ပဏီများသည် လက်ရှိတွင် မြန်မာနိုင်ငံသား အလုပ်သမားများကို အပင်လိုက်ထိန်းသိမ်းစောင့်ရှောက်စေပြီး အရည်အသွေးမီ ငှက်ပျောသီးများကို တစ်ကျင် (၃၃ ကျပ်သားခန့်) ကို တရုတ်ယွမ်ငွေ သုံးယွမ်နှုန်းဖြင့် ၀ယ်ယူနေကြောင်း သိရသည်။

ကျင်စားလုပ်သားတစ်ဦးက “ကျင်စားဆိုတာကတော့ အပင်ငါးထောင်၊ တစ်သောင်း ကိုယ်နိုင်သလောက်ယူပေါ့။ ဧကနဲ့ပြောရင် ငါးဧကအထက်ပေါ့။ ထွက်လာတဲ့ငှက်ပျောက ကိုယ့်ငှက်ပျောပဲ။ အလုပ်သမားခ၊ ပိုးသတ်ဆေး၊ ငှက်ပျောနဲ့ ပတ်သက်တာတွေကို ကိုယ်ကခံရတယ်။ ငှက်ပျောထွက်လာရင် အပြင်မှာ ဘယ်ဈေးပေါက်ပေါက် ကျွန်တော်တို့က တစ်ကျင်သုံးယွမ်ပဲရတယ်။ မအောင်ရင် ကိုယ်က လုပ်အားရှုံး၊အချိန်ရှုံး။ အပင်တစ်သောင်း လောက်အောင်ရင် သိန်း ၇၀ လောက်အထိ ကျန်တတ်တယ်။ ငှက်ပျောက ဂရုအရမ်းစိုက်ရတယ်။ လက်သည်းခြစ်ရာတောင်ရှိရင် မယူဘူး။ ကြီးလွန်းရင်၊ ငယ်လွန်းရင်၊ ပုရင်ပယ်ပစ်လိုက်တာ။ ဈေးကွက်ပို့မယ့် ငှက်ပျောက ဘာမှထိခိုက်လို့ရတာမဟုတ်။ တရုတ်လုပ်ကွက်တွေမှာ မြန်မာနိုင်ငံသားအားလုံးက ဒီအတိုင်း လုပ်စားနေကြတာပေါ့။ တရုတ်ကရှုံးရင် နည်းတယ်။ မြတ်ရင်များတယ်။ ကျွန်တော်တို့က ရှုံးရင်လုပ်အားခမရဘူး။ ရာသီမှန်ရင် ရှုံးခဲပါတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် မေက ကောက်ယူထားသော စာရင်းများအရ တရုတ်တစ်ရှူးငှက်ပျောစိုက် ဧကလေးသောင်းကျော်ရှိကြောင်း သိရပြီး ကချင်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ ခွင့်ပြုချက်ရပြီးသော မြေလွတ် ၊ မြေရိုင်းတွင် ဧက ၄၉၆၀၊ ခွင့်ပြုချက်မရသေးသော မြေလွတ်မြေရိုင်းတွင် ၆၁၆၇ ဧက၊ ပုံစံ(၇)ရပြီး မြေတွင် ၃၁၆၇ ဧက၊ ပုံစံ (၇)မရရှိသေးသည့် မြေတွင် ၉၃၄၈ ဧက၊ သစ်တောမြေတွင် ဧက ၄၂၀၅ ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ တရုတ်တစ်ရှူးငှက်ပျောခင်းများ နိုင်ငံနှင့် ဒေသခံပြည်သူများ နစ်နာမှုမရှိစေရေး ကြပ်မတ်စီမံဆောင်ရွက်ရေးအဆိုကို ၂၀၁၇ ခုနှစ် သြဂုတ် ၄ ရက်က ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းဆုံးဖြတ်ရာ အဆိုအောင်မြင်ခဲ့သည်။ ယင်းအဆိုမှာ ကချင်ပြည်နယ်လွှတ်တော်တွင် တစ်ရှူးငှက်ပျောခင်းများနှင့်ပတ်သက်ပြီး နှစ်ကြိမ်မြောက် တင်သွင်းသည့်အဆိုဖြစ်ပြီး လက်ရှိအချိန်အထိ ဆက်လက်တိုးချဲ့စိုက်ပျိုးနေသည့် တရုတ်တစ်ရှူးငှက်ပျောခင်းကိစ္စများကို ပြည်ထောင်စုအစိုးရက ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိသေးကြောင်း  လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြကြသည်။

မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်မှ ဒေသခံများက တရုတ်တစ်ရှူးငှက်ပျောခင်း အလိုမရှိကြောင်း မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ ၃ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ကေအိုင်အိုအဖွဲ့ကလည်း တစ်ရှူးငှက်ပျောစိုက်ခင်းများ ထပ်မံတိုးချဲ့လာမှုကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ရှောင်ကျေးရွာများ၏ မြေများ၊ ပတ်ဝန်းကျင်များကို အဓမ္မသိမ်းယူခြင်းမပြုရန် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံမှ မှောင်ခို ၀င်ရောက်လာသည့် ကား ၃၁ စီးတွင် မြေဆီနှင့်မြေသြဇာ အိတ်ပေါင်း နှစ်သောင်းကျော် ပါဝင်နေပြီး ဓာတုဗေဒဌာနတွင် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်မည်

တရုတ် တစ်ရှူးငှက်ပျောခင်းအတွက် မှောင်ခို ၀င်ရောက်လာသည့် ကား ၃၁ စီးတွင် မြေဆီနှင့်မြေသြဇာ အိတ်ပေါင်း နှစ်သောင်းကျော် ပါဝင်နေပြီး ဓာတုဗေဒဌာနတွင် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း စစ်ဆေးချက် မှတ်တမ်းများအရ သိရသည်။

မှတ်တမ်းများအရ မှောင်ခို ၀င်ရောက်လာသည့် ကားများအတွင်း မြေဆီနှင့်မြေသြဇာအိတ် အများဆုံးပါဝင်ကာ အိတ်ပေါင်း ၂၁၅၅၀ အိတ် ပါဝင်ခဲ့ပြီး ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ အသီးအားဆေး၊ အရွက်အားဆေးနှင့် အပင်အားဆေးများ၊ မြေအောင်းပိုးသတ်ဆေး၊ ပလပ်စတစ်ပိုက်၊ ဖော့အိတ်၊ ဂျပ်ဖာများ၊ ကြိုးခွေများ၊ မိုးကာလိပ်များ၊ လက်ဆွဲပုံးများ ပါဝင်ကြောင်း သိရသည်။ မှတ်တမ်းများအရ ကုမ္ပဏီ ခြောက်ခုမှ ကား ၃၁ စီးကို စစ်ဆေးခဲ့ခြင်း ဖြစ်သော်လည်း ကုမ္ပဏီနှစ်ခု၏ အမည်ကိုသာ မှတ်တမ်းများတွင် ဖော်ပြထားသည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်က “ မှောင်ခိုဝင်လာတဲ့ ကားကိစ္စက ပြည်နယ်အစိုးရအဖွဲ့မှာ ဆွေးနွေးတာ မပြီးသေးပါဘူး။ ဓာတ်မြေသြဇာတွေက အမိုနီယမ်နိုက်ထရိတ် ဆိုရင် သယ်ခွင့်မရဘူး။ နိုင်ငံတော်က ခွင့်ပြုမှ သယ်ခွင့်ရတယ်။ ဓာတုပစ္စည်းဥပဒေနဲ့ အရေးယူလို့ ရတယ်။ ပေါက်ကွဲမှုနဲ့လည်း ဆက်စပ်တာ ရှိတယ်။ တခြားသော ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေလည်း ဓာတုဗေဒ ဓာတ်ခွဲခန်းအဖြေ ရမှပဲပြောလို့ရမယ်။ ဒါတွေက တရားဝင်ခွင့်ပြုချက်တွေ ပါလား။ အခွန်ဆောင်တာတွေ ရှိလားဆိုတာ စိစစ်ရမယ်”ဟု ပြောကြားသည်။

ယင်းကားများကို ကချင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း ဦးဆောင်သည့်အဖွဲ့က သြဂုတ် ၂ ရက်က ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံခုံဖွဲ့စစ်ဆေးရန် ပြင်ဆင်နေကြောင်း သိရသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး (BLO-Border Liaison Office) မှတစ်ဆင့် အဆက်အသွယ် လုပ်ထားပြီး ၀င်လာသည့် ကားအရေအတွက်၊ ဘာတွေ သယ်လာသည်၊ အရေအတွက် ဘယ်လောက်ဖြစ်သည် ဆိုသည်ကို တရားဝင် မေးမြန်းထားကြောင်း ပြောကြားသည်။

ယင်းကားများသည် မြန်မာ-တရုတ် ကန်ပိုင်တည် နယ်စပ်ဂိတ်ကို (အပေါ်လမ်း) မှောင်ခိုလမ်းဖြင့် ကျော်ဖြတ်လာပြီးနောက် လမ်းကြောင်း တစ်ခုတည်းသာ ရှိသည့် နယ်ခြားစောင့် တပ်ရင်းဂိတ်၊ ဆဒုံးမြို့အ၀င် ဂိတ်ကြီးများနှင့် ဂိတ်ငယ်အချို့ကို ဖြစ်ကျော်လာခဲ့ခြင်း ဖြစ်သည်။ ကချင်ပြည်နယ်တွင် ကန်ပိုင်တည်နယ်စပ် မှောင်ခိုလမ်း (ဒေသအခေါ် အပေါ်လမ်း)မှ ၀င်ရောက်နေသည်မှာ နှစ်ချီ ကြာမြင့်နေပြီးဖြစ်ပြီး မြန်မာနိုင်ငံမှ ကျွဲ၊ နွား မှောင်ခိုလည်း ယင်းလမ်းမှ ဖြတ်သန်းနေခြင်း ဖြစ်ကြောင်း၊ ကယ်ရီမောင်းခအဖြစ် ၁၅ သိန်းမှ ၂၅ သိန်းအထိရှိပြီး လမ်းကြောင်းတစ်လျှောက် ဂိတ်များကို ပစ္စည်ပိုင်ရှင်များက ရှင်းလင်းနေရကြောင်း မှောင်ခိုလုပ်ငန်းနှင့် နီးစပ်သူများက ဆိုသည်။

ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ကာ တရုတ်နိုင်ငံဘက်တွင် မြန်မာနိုင်ငံသား အများစု လုပ်ကိုင်နေသည့် ကုန်တင်လုပ်ငန်းများ၊ စက်ရုံများ၊ လုပ်ငန်းများတွင် ဆီးစစ်မှုများ လုပ်ဆောင်နေပြီး အချို့သော သူများမှာ မူးယစ်ဆေးဝါး သုံးစွဲခြင်း မရှိသော်လည်း ဆီးစစ်ဆေးရာတွင် တွေ့ရှိသည်ဆိုကာ ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် တရုတ် တစ်ရှူးငှက်ပျော စိုက်ဧက တစ်သိန်းကျော် ရှိနေပြီး ယင်းစိုက်ပျိုးမှုအတွက် ကုန်ကြမ်းများကို တရုတ်နိုင်ငံမှ ၀ယ်ယူ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ တစ်ရှူးငှက်ပျောခြံများတွင် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အလွန်အကျွံ သုံးစွဲခြင်းကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာမှာ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ဆိုသည်။

ကချင်ပြည်နယ် ၀ိုင်းမော်-ရွှေညောင်ပင်-တာလောကြီးလမ်းမကြီး တရုတ်တစ်ရှူးငှက်ပျောကားများ သွားလာခြင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီး

ကချင်ပြည်နယ် ၀ိုင်းမော်-ရွှေညောင်ပင်-တာလောကြီးလမ်းမကြီး ဆိုးဆိုးရွားရွား ပျက်စီးနေမှုကို တွေ့ရစဉ်

ကချင်ပြည်နယ် ၀ိုင်းမော်-တာလောကြီး လမ်းမကြီးသည် တရုတ်တစ်သျှူးငှက်ပျောကားများ သွားလာမှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးနေကြောင်း သတင်းရရှိသည်။

အဆိုပါလမ်းပိုင်း၏ အဓိကပျက်စီးမှုမှာ တာလောကြီးကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာကြား ၁၆ မိုင်အကွာအတွင်းဖြစ်ပြီး ကားများကိုဆွဲ၍ မောင်းနှင်နေရသည်မှာ တစ်ပတ်ကျော် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

တာလောကြီးတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထူးက “လမ်းပျက်နေတာ တစ်ပတ်နီးပါးရှိပြီ။ ငါးမိုင်လောက် ဆိုးဆိုးရွားရွား ဖြစ်နေတာ။ အိမ်စီးကားတွေ သွားလို့မရတဲ့အဆင့်ပေါ့။ ဘီလေးဘက်ရုန်းတဲ့ ဖိုးဝှီးတွေက ရုန်းလို့ရသေးတယ်။ တရုတ်က ငှက်ပျောစိုက်ခင်းက ၂၄ ဘီးကားတွေက အစီးတွေဆယ်ချီပြီးသွားတာကြောင့် ပျက်တာ။ တန်ဆယ်ချီပါတဲ့ မြေသြဇာလား။ တခြားဟာတွေလား ကျွန်တော်တို့လည်း မသိရဘူးလေ။ မိုးကာတွေအုပ်ပြီး သယ်လာတယ်။ သယ်သွားတယ်။ လမ်းရောက်ရင်နစ်တော့ တစ်လမ်းလုံးပိတ်ရော။ သူတို့ကတော့ စိုက်ခင်းက ဘက်ဟိုးတွေနဲ့ ဆွဲထုတ်ကြတာလေ။ ရွာကားတွေက ဒုက္ခရောက်ကုန်တာ။ ကူညီကြပါဦး။ ကျွန်တော်တို့ကတော့ မိုးရာသီမှာ ဒီလိုတန်ချိန်များတဲ့ကားတွေ မသွားစေချင်ဘူး။ လမ်းက မခံနိုင်ဘူးလေ” ဟု ပြောကြားသည်။

ယင်းလမ်းပိုင်းပျက်စီးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးမှု မပြုလုပ်သေးကြောင်း၊ တရုတ်ငှက်ပျောစိုက်ခင်းကားများကို တန်ချိန်လျှော့ချစေခြင်း၊ လမ်းပြင်စေခြင်း စသည့် တာဝန်ယူမှုမျိုးလည်း ထားသင့်ကြောင်း ဒေသခံများက ဆိုသည်။

တာလောကြီးတိုက်နယ်တွင် ငှက်ပျောစိုက်ဧကပေါင်း ၁၀၀၀၀ ကျော်တွင် ယင်းလမ်းတစ်ကြောင်း တစ်ခုတည်းကိုသာ အဓိက အသုံးပြုနေခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော ၂၀၁၇ ခုနှစ် မိုးရာသီတွင်လည်း ဆိုးရွားစွာပျက်စီးပြီး ဒေသခံများအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ဒုက္ခရောက်ခဲ့ရကြောင်း သိရသည်။

တာလောကြီး-ရွှေညောင်ပင် ၁၆ မိုင် ကားလမ်းကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်က ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဇော်တို့ ဦးစီးဖွင့်လှစ်ခဲ့ပြီး ကျပ်သန်းပေါင်း ၃၆၀၀ ကုန်ကျခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် တာလောကြီးကျေးရွာသည် ဧရာဝတီမြစ်ရိုး အလယ်တိုက်ရှိ အဓိကကျသော တိုက်နယ်ကျေးရွာကြီးဖြစ်ကာ အိမ်ခြေပေါင်း သုံးထောင်ကျော်တွင် လူဦးရေ ၂၀၀၀၀ ၀န်းကျင် နေထိုင်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ကာ တစ်ရှူးငှက်ပျော စိုက်ပျိုးသည့် ကုမ္ပဏီတစ်ခုအား ပထမဆုံးအမှုဖွင့်

ကချင်ပြည်နယ် ၀ိုင်းမော်မြို့ရှိ တစ်ရှူးငှက်ပျောစိုက်ခင်း တစ်ခုအား တွေ့ရစဉ်

ကချင်ပြည်နယ်တွင် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ကာ တစ်ရှူးငှက်ပျော စိုက်ပျိုးသည့် ကုမ္ပဏီတစ်ခုအား သစ်တောဥပဒေ ပုဒ်မသုံးခုဖြင့် ပထမဆုံးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မေ ၅ ရက်တွင် မြစ်ကြီးနားခရိုင် လ/ထ ညွှန်မှူး ဦးနိုင်နိုင်ထွန်းမှာ ဒေသခံများ၏ တိုင်ကြားချက်ကြောင့် နန့်ဝါကြိုးဝိုင်းသို့ ကွင်းဆင်း စစ်ဆေးခဲ့ရာ ဒေသခံပြည်သူများ၏ အစုအဖွဲ့ပိုင် သစ်တောမှ တောင်သူစိုက် ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ မယ်ဇလီပင်များကို မျိုးဆက် ကြယ်ပွင့်ကုမ္ပဏီက မီးရှို့ခုတ်ထွင် ရှင်းလင်းခြင်း၊ စက်ယန္တရားဖြင့် ဖျက်ဆီးထားခြင်းများကို တွေ့ရသည့်အတွက် ဦးယိန်းချန်း (ကုမ္ပဏီတာဝန်ခံ)၊ ဒေါ်တိန့်မျှော် (ကုမ္ပဏီတာဝန်ခံ) တို့ကို ၀ိုင်းမော်မြို့မရဲစခန်းတွင် (ပ) ၅၉/၂၀၁၈၊ သစ်တောဥပဒေ ပုဒ်မ ၄၃(က)/၄၂ (က)/၄၀(က)(ဂ)(ဃ) တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက “၀ိုင်းမော်မြို့နယ်မှာ နန့်ဝါသစ်တောကြိုးဝိုင်းအတွင်း တစ်ရှူးငှက်ပျော ကျူးကျော်စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကို လမ်းညွှန်မှု တောင်းတဲ့အခါ ဥပဒေအတိုင်းပဲ ဆောင်ရွက်ဖို့ ပြန်ကြားပါတယ်။ အမှုဖွင့်တဲ့ အခြေအနေကို မသိရဘူး။ အခုက ဒေသခံတွေက စိုက်ပျိုးထားတဲ့ ကျွန်းပင်တွေ ပါတယ်ဆိုပြီး ပြောနေပါတယ်။ သစ်တောကြိုးဝိုင်းထဲမှာ ကျရောက်နေတဲ့ အခြေအနေကတော့ နိုင်ငံတကာမှာလည်း ကျွန်တော်တို့ထက်တောင် တင်းကျပ်တာတွေ ရှိနေပါတယ်။ အခုလည်း ကချင်ပြည်နယ်တစ်ခုလုံးက စာရင်းတွေကောက်ဖို့ ကော်မတီဖွဲ့ပြီး လုပ်နေပါပြီ။ တရားစွဲဆိုမှုတွေ ဆက်တိုက်လုပ်သွားမှာပါ”ဟု ပြောကြားသည်။

သစ်တောဥပဒေများအရ ကြိုးဝိုင်းအတွင်း ကျူးကျော်စိုက်ပျိုးပါက ပုဒ်မ ၄၀ အရ ဒဏ်ငွေကျပ် ၅၀၀၀ နှင့် ထောင်ဒဏ်ခြောက်လ (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးဖြစ်စေ၊ တားမြစ်သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း၊ ပိုင်းဖြတ်ပါက ပုဒ်မ ၄၂ အရ ဒဏ်ငွေကျပ် ၂၀၀၀၀ နှင့် ထောင်ဒဏ် နှစ်နှစ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ၊ ကျွန်းပင်ဖြစ်ပါက ပုဒ်မ ၄၃ (က) အရ ဒဏ်ငွေကျပ် ၅၀၀၀၀ နှင့် ထောင် ခုနစ်နှစ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကြိုးဝိုင်း ငါးခုရှိပြီး တာလောကြီးဒေသတွင် တာလောကြီးကြိုးဝိုင်း ၉၇၉၂ ဧက၊ မလော်ကြိုးဝိုင်း ၁၃၁၂၀ ဧက၊ အရိန္ဒမာကြိုးဝိုင်း ၁၀၆၀၃ ဧကတွင် တရုတ် တစ်ရှူးငှက်ပျောခင်းများ တိုးချဲ့နေကြောင်း သိရသည်။

တရုတ်တစ်ရှူးငှက်ပျောကိစ္စ ကချင်ပြည်နယ် လွှတ်တော်တွင် အငြင်းပွား

တရုတ်တစ်ရှူးငှက်ပျောကိစ္စ ကချင်ပြည်နယ်လွှတ်တော်တွင် မေ ၂၉ ရက်က အငြင်းပွားခဲ့ကြောင်း သိရသည်။ တရုတ်တစ်ရှူး ငှက်ပျောခင်းများနှင့် ပတ်သက်၍ ဗန်းမော် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းနှင့် ၀ိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီတို့ မေးမြန်းခဲ့ကြသည်။

ဦးနော်လီက “၀ိုင်းမော်မြို့နယ်အတွင်း အစိုးရမှ တရားဝင် ခွင့်ပြုပေးထားသည့် တရုတ်တစ်ရှူးငှက်ပျောစိုက်ကုမ္ပဏီစာရင်း၊ စိုက်ဧကစာရင်းများကို ထုတ်ပြန်ပေးရန်နှင့် ကျန်တရားမ၀င် တရုတ်တစ်ရှူးငှက်ပျောစိုက် ကုမ္ပဏီများကို ပြည်နယ်အစိုးရက အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ-မရှိ” မေးမြန်းရာတွင် အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ အငြင်းပွားကြခြင်းဖြစ်သည်။

မေးခွန်းမေးမြန်းသူ ဦးနော်လီက “တရုတ်တစ်ရှူးငှက်ပျောခင်းတွေဟာ လက်ရှိမှာ တိုးချဲ့စိုက်ပျိုးနေကြဆဲ ဖြစ်ပါတယ်။ လက်ရှိတွင် အောက်ခြေအတွင်း ပြဿနာဖြစ်ပွားကာ တရားမ၀င်ကုမ္ပဏီများက ဒေသခံတောင်သူများကို တရားစွဲဆိုနေသည့် အခြေအနေများကိုလည်း တွေ့မြင်နေရပါတယ်။ ကြိုးဝိုင်း၊ ကြိုပြင်ကာကွယ်တောများတွင်လည်း စိုက်ပျိုးနေပါတယ်။ အရင်လွှတ်တော်များတွင်လည်း မေးခွန်းနှင့်အဆိုများလည်း ကိုယ်တိုင်မေးခွန်း မေးမြန်းခဲ့ပြီး ပြည်နယ်လွှတ်တော်က အတည်ပြုပြီး ဖြစ်ပါတယ်။ အစိုးရအဖွဲ့ တစ်ရှူးငှက်ပျောကိစ္စမှာ စိစစ်ကိုင်တွယ်မှုတွေ အားအလွန်နည်းနေတာကို တွေ့နေရပါတယ်။ အခွန်ကိစ္စ၊ ကျန်းမာရေးထိခိုက်စေတဲ့ ပိုးသတ်ဆေးကိစ္စတွေကို မကိုင်တွယ်နိုင်တာကို တွေ့နေရပါတယ်။ အလုံပိတ်ကားတွေနဲ့ နေ့ညထွက်နေကြတာလည်း တန်ဖိုးကြီးတဲ့ ကျောက်စိမ်းတွေလိုဟာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ၀င်လာတဲ့ကားတွေဟာ နံပါတ်ပြားလည်း မပါကြပါဘူး။ ဒါကြောင့် ၀ိုင်းမော်မြို့နယ်အတွင်း အစိုးရမှ တရားဝင် ခွင့်ပြုပေးထားသည့် တစ်ရှူးငှက်ပျောစိုက်ကုမ္ပဏီစာရင်း၊ စိုက်ဧကစာရင်း ထုတ်ပြန်ပေးရန်နှင့် တရားမ၀င် တစ်ရှူးကုမ္ပဏီများကို ပြည်နယ်အစိုးရမှ အရေးယူ ဆောင်ရွက်ပေးဖို့ မေးမြန်းရခြင်း ဖြစ်ပါတယ်” ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးမြသိန်းက “ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်အတွင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ပြည်တွင်းအခွန်ကနေ ကုမ္ပဏီစုစုပေါင်း ၂၈ ခုတို့မှ ကြိုတင်ဝင်ငွေခွန် ကျပ်သန်း ၃၇၀၄ ဒသမ ၂၈၂ သန်း ကောက်ခံရရှိထားပါတယ်။ ၂၀၁၇ ခုနှစ် ကောက်ထားတဲ့စာရင်းအရ စိုက်ဧက ၄၆၉၈၃ ဧကအနက်မှာ မြစ်ကြီးနားမြို့နယ် ကျေးရွာနှစ်ရွာတွင် ကုမ္ပဏီခြောက်ခု ဧကပေါင်း ၆၁၈၀ ဧက၊ ၀ိုင်းမော်မြို့နယ် ကျေးရွာ ၁၁ ရွာတွင် ကုမ္ပဏီလုပ်ငန်းရှင်အဖွဲ့ ၂၅ ခု မြေဧရိယာ ၂၇၆၃၅ ဧက စုစုပေါင်း ကုမ္ပဏီလုပ်ငန်းရှင် ၃၁ ခုက မြေဧရိယာ ၃၃၈၁၅ ဧကတွင် တစ်ရှူးငှက်ပျော စိုက်နေပါတယ်။ ဒေသခံ၊ လုပ်ငန်းရှင်၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးကုမ္ပဏီက လယ်ယာမြေများအား ငှားရမ်းစိုက်ပျိုးခြင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေအရလုပ်ပိုင်ခွင့်ပြုမိန့် ရရှိထားသည့် နေရာတွင် စိုက်ပျိုးခြင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ကျူးလွန်စိုက်ပျိုးခြင်း၊ ကြိုးဝိုင်း၊ ကြိုးပြင်တောများကို ကျူးလွန်စိုက်ပျိုးခြင်းများကို ဥပဒေနဲ့အညီ လိုက်နာစိုက်ပျိုးစေခြင်းဖြင့် စနစ်တကျ စိုက်ပျိုးအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ နည်းလမ်းတကျ ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာန စီးပွားရေးကော်မတီသို့ လမ်းညွှန်မှုခံယူထားပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ဖြေကြားမှုနှင့်ပတ်သက်၍ ဦးနော်လီက ယခုစိုက်ပျိုးထားမှုသည် ၀ိုင်းမော်မြို့နယ်တွင် ဧကပေါင်း ၂၇၀၀၀ ထက် အများကြီး ကျော်လွန်နေကြောင်း၊ အစိုးရက တရားဝင်ခွင့်ပြုကုမ္ပဏီကို သိလိုပါကြောင်း၊ ခွင့်ပြုမြေကိုသိလိုပါကြောင်း၊ သစ်တောမြေတွင် စိုက်ပျိုးနေခြင်းကို မည်ကဲ့သို့ ခွင့်ပြုခဲ့ကြောင်း၊ တရားမ၀င်ပါက သစ်တောဦးစီးဌာနက တရားစွဲဖို့ အစီအစဉ် ရှိ မရှိ ထပ်မံသိလိုပါကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည်။

စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက စိုက်ဧကအရေအတွက်မှာ တိကျစွာ ကောက်ယူရန် ခက်ခဲနေပါကြောင်း၊ စီမံဘဏ္ဍာရေးဝန်ကြီးဌာနမှ စီးပွားရေးရာကော်မတီသို့ အချက်အလက်များဖြင့် လမ်းညွှန်မှုပေးရန် တင်ပြရာတွင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို မသိရပါကြောင်း၊ တစ်ရှူးငှက်ပျောစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး မြေနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆိုင်းငံ့ထားပါသည်ဆိုသည့် အကြောင်းပြန်ကြားချက် ရရှိပါကြောင်း၊ တစ်ရှူးငှက်ပျောစိုက်ပျိုးမှုသည် ၀ိဝါဒကွဲပြားနေပါကြောင်း၊ ရှင်းရှင်းလင်းလင်းဖြစ်ရန် ခဲယဉ်းနေကြောင်း ဖြေကြားသည်။

မေးခွန်းရှင်ဦးနော်လီက လက်ရှိတွင် အောက်ခြေ၌ တစ်ရှူးငှက်ပျောစိုက်ပျိုးမှုနှင့် ပတ်သက်၍ တရားစွဲဆိုခံရခြင်းများ ရှိနေပါကြောင်း၊ အစိုးရ၏ တရားဝင်ခွင့်ပြုသည့် ကုမ္ပဏီစာရင်းကို ရလိုခြင်းဖြစ်ပါကြောင်း၊ တရားမ၀င် ကုမ္ပဏီများက ဒေသခံများ၏ မြေယာများကို လုယက်စိုက်ပျိုးနေသည့် အခြေအနေဖြစ်ပါကြောင်း၊ ယင်းတရားမ၀င် ကုမ္ပဏီများက တရားစွဲနေသည်ဟု သိရပါကြောင်း မေးမြန်းခဲ့သည်။

စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက လွန်ခဲ့သောနှစ်ပေါင်းရှစ်နှစ်ကျော်က စိုက်ပျိုးလာခဲ့သော်လည်း ခွင့်ပြုထားသည့် တရားဝင် အထောက်အထား တစ်စုံတစ်ရာ မရှိပါကြောင်း၊ တရားစွဲဆိုပါက တရားဝင် ဖြစ် မဖြစ်ကို စစ်ဆေးသင့်ပါကြောင်း ဖြေကြားသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်းဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဦးလဂျွန်ငန်ဆိုင်းက ၎င်း၏လက်ထက်တွင် အကြိမ်ကြိမ် ခွင့်တောင်းခဲ့သော်လည်း ခွင့်ပြုပေးထားခြင်း မရှိကြောင်း၊ တရားဝင်စိုက်ပျိုးမှု မရှိကြောင်း တင်ပြခဲ့သည်။

ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းက တစ်ရှူးငှက်ပျောနှင့် ပတ်သက်၍ ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုတွင် မှတ်ပုံတင်ထားကြောင်း၊ တစ်ရှူးငှက်ပျော စိုက်ပျိုးခွင့်ပြုရန် မှတ်ပုံတင်ခြင်း မဟုတ်ကြောင်း၊ တစ်ရှူးငှက်ပျောစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး တရားဝင်တစ်ဦးမျှ မရှိသေးပါကြောင်း၊ စိုက်ဧကအားဖြင့် အစိုးရတက်လာပြီးနောက်ပိုင်းတွင် ဧကပေါင်းလေးသောင်းကျော် စာရင်းရသော်လည်း တစ်ဧကမျှ ခွင့်ပြုထားခြင်း မရှိကြောင်း၊ တရားဝင်ခွင့်ပြုချက်မရှိ တရားမ၀င် စိုက်ပျိုးနေခြင်းသာဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က ကြိုးဝိုင်းသစ်တောမြေတွင် စိုက်ပျိုးမှုနှင့်ပတ်သက်၍ အောက်ခြေသို့ ကွင်းဆင်းစိစစ်ခိုင်းရာတွင် နယ်မြေမလုံခြုံသည့်နေရာဖြစ်သည့်အတွက် ကွင်းဆင်းစစ်ဆေးရန် ခက်ခဲနေကြောင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးတင်ပြထားဆဲဖြစ်ကြောင်း ဖြေကြားသည်။

မေးခွန်းရှင်ဖြစ်သူ ဦးနော်လီက စိုက်ပျိုးမှုများ တရားမ၀င်ပါက မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ခွင့်ပြုထားသလဲ။ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ဆိုသည့် မေးခွန်းကို ထပ်ဆင့်မေးမြန်းခဲ့သည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့်မေးခွန်းကို တိကျရှင်းလင်းစွာ ဖြေကြားရန် လိုအပ်ပါကြောင်း၊ တရုတ်တစ်ရှူး ငှက်ပျောခင်းကိစ္စမှာ ကချင်ပြည်နယ်အနှံ့တွင် စိုက်ပျိုးနေပြီဖြစ်ကြောင်း၊ ပြဿနာ အမျိုးမျိုး ဖြစ်ပွားလာနိုင်ကြောင်း၊ တခြားသော တိုင်းနှင့် ပြည်နယ်များကိုပါ ပျံ့နှံ့မှုဖြစ်နေကြောင်း၊ တစ်ရှူးငှက်ပျောပြဿနာသည် ရေရှည်တွင် ပလတ်စတစ်ပြဿနာကဲ့သို့ ဖြေရှင်း၍ မရနိုင်လောက်အောင် ဖြစ်လာနိုင်သောကြောင့် ဖြေရှင်းရန် နည်းလမ်းရှာသင့်နေပြီဖြစ်ကြောင်း သတိပေးခဲ့သည်။