ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များ ထပ်မံချမှတ်ရန် အမေရိကန် ခြိမ်းခြောက်

၂၀၀၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာမာရီယာ၌ ဘိုင်ရွန်စပျစ်ခြံတစ်ခြံတွင် အလုပ်သမားတစ်ဦးကို တွေ့ရစဉ် (Photo: AFP)

ဒေါ်လာဘီလျံ ၂၀၀ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များ ထပ်မံချမှတ်ရန် ၀ါရှင်တန်က ခြိမ်းခြောက်ခဲ့မှုအား လက်တုံ့ပြန်သွားမည်ဟု ပေကျင်းက ကတိပြုခဲ့ရာ အမေရိကန်နှင့် တရုတ်တို့သည် အရှိန်မြင့်တက်နေသော ကုန်သွယ်ရေးစစ်ပွဲကို နောက်ထပ်ပစ်ချက်များ ပစ်လိုက်ခြင်းဖြစ်သည်။ အမေရိကန်နှင့် တရုတ်တို့က သွင်းကုန်များအား ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိ စည်းကြပ်ခွန်များ အပြန်အလှန် ချမှတ်မှုသည် စတင်အသက်ဝင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံး နှစ်နိုင်ငံအကြား အရှိန်မြင့်တက်နေခဲ့သော ကုန်သွယ်ရေးပဋိပက္ခတွင် နောက်ထပ်ခြေလှမ်း တိုးလိုက်ခြင်းဖြစ်သည်။

တရုတ်သွင်းကုန် ဒေါ်လာဘီလျံ ၂၀၀ ကို စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ချမှတ်ရန် လုပ်ငန်းစဉ်ကို စတင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကုန်သွယ်ရေးဌာနကို ညွှန်ကြားခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေးအကြံပေး ရောဘတ်လိုက်သီဇာက ဇူလိုင် ၁၀ ရက် နှောင်းပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပစ်မှတ်ထားမည့် ကုန်ပစ္စည်းများ စာရင်းကို သြဂုတ်လကုန်တွင် တာဝန်ရှိသူများက ဆွေးနွေးမည်ဖြစ်ပြီး အပြီးသတ်ရန်အတွက် အချိန်နှစ်လခန့် ကြာမြင့်နိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရည်မှန်းချက်မှာ တရုတ်၏ လက်တုံ့ပြန်မှုကြုံရမည့် ပမာဏအတိုင်း တရုတ်သွင်းကုန်များ၏ ရာခိုင်နှုန်း ၄၀ ကို စည်းကြပ်ခွန်များ ချမှတ်ရန်ဖြစ်ကြောင်း ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။ ထိုအစီအစဉ်များကိုသာ ဆောင်ရွက်ပါက ငါးမှသည် ဓာတုပစ္စည်းများ၊ သံမဏိများနှင့် ကားတာယာများအထိ ထောင်ပေါင်းများစွာသော ကုန်ပစ္စည်းများသည် စည်းကြပ်ခွန်များ ချမှတ်ခံရမည်ဖြစ်သည်။

ဝါရှင်တန်၏ ထိုစာရင်းသည် လုံးဝလက်သင့်ခံစရာ မကောင်းဟု ပေကျင်းရှိ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဝေဖန်ခဲ့ပြီး တန်ပြန်ဆောင်ရွက်မှုများအား မဖြစ်မနေ လုပ်ဆောင်ရန် ဖြစ်စေခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်၏ လုပ်ရပ်များသည် တရုတ်အပြင် ကမ္ဘာကြီးနှင့် အမေရိကန် ကိုယ်တိုင်ကိုပါ ထိခိုက်နေကြောင်း၊ အမေရိကန်၏ ထိုလုပ်ရပ်အတွက် အံ့အားသင့်မိခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သည် သံမဏိနှင့် အလူမီနီယမ် သွင်းကုန်များအား စည်းကြပ်ခွန်များ ချမှတ်ခဲ့ပြီးနောက် ကနေဒါ၊ မက္ကဆီကိုနှင့် ဥရောပသမဂ္ဂတို့ကဲ့သို့ အဓိကကုန်သွယ်ရေး မိတ်ဖက်များနှင့် အခြားမဟာမိတ်များနှင့် ကုန်သွယ်ရေးပဋိပက္ခများ ဖန်တီးခဲ့သည်။

တရုတ်သည် အမေရိကန်စီးပွားရေးအား အခွင့်အရေးယူမှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့ပြီး ဒေါ်လာဘီလျံ ၄၅၀ အထိရှိ တရုတ်ကုန်ပစ္စည်း အားလုံးနီးပါးကို စည်းကြပ်ခွန်များ ချမှတ်သွားမည်ဟု ကြွေးကြော်ခဲ့သည်။ ပြီးခဲ့သောနှစ်တွင် တရုတ်နှင့် ကုန်သွယ်မှု၌ အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှုသည် စံချိန်တင်ဒေါ်လာ ၃၇၅ ဒသမ ၂ ဘီလျံအထိ မြင့်တက်ခဲ့ခြင်းကြောင့် ထရန့်က ဒေါသထွက်ခဲ့သည်။

လတ်တလောတွင် အမေရိကန်သည် ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအား သွင်းကုန်စည်းကြပ်ခွန်များ ချမှတ်မှုကို အပြီးသတ်နိုင်ရန် စီစဉ်နေပြီး စည်းကြပ်ခွန်ပြဋ္ဌာန်းခံရသည့် တရုတ်ကုန်ပစ္စည်းတန်ဖိုးသည် ဒေါ်လာဘီလျံ ၅၀ အထိ ရှိလာမည် ဖြစ်သည်။

Ref: AFP