မန္တလေးမြို့တွင် တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား လ၀ကအက်ဥပဒေဖြင့် အရေးယူ

မန္တလေးမြို့တွင် တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား လ၀ကအက်ဥပဒေဖြင့် အရေးယူထားကြောင်း ဦးသောင်းဒန် (မြို့နယ်လ၀ကဦးစီးမှူး)က မတ် ၂၀ ရက်တွင် ပြောကြားသည်။

မဟာအောင်မြေမြို့နယ် ၇၈ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ပန်းခြံအတွင်း မတ် ၁၉ ရက် နံနက် ၆ နာရီအချိန်က အရက်မူးပြီး အိပ်နေသော တရုတ်နိုင်ငံသားတစ်ဦးအား မြို့မရဲစခန်း (မဟာအောင်မြေ)မှ ဒုရဲအုပ်မြို့အောင်နှင့်အဖွဲ့က တွေ့ရှိသောကြောင့် ဦးသောင်းဒန် (မြို့နယ်လ၀က ဦးစီးမှူး)အဖွဲ့နှင့်အတူ စိစစ်ခဲ့ရာ လတ်တလောအခြေအနေတွင် Passport တင်ပြနိုင်ခြင်းမရှိခြင်း၊ ၎င်းသည် မတ် ၁၅ ရက် နံနက် ၈ နာရီက တရုတ်နိုင်ငံ နမ်စန်မြို့မှ ကိုးကန့်ဒေသ လောက်ကိုင်မြို့သို့ ရောက်ရှိခဲ့ပြီးနောက် ကွမ်းလုံသို့ ဆိုင်ကယ်ဖြင့်လည်းကောင်း၊ ကွမ်းလုံမှတစ်ဆင့် လားရှိုးမြို့သို့ မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ လားရှိုးမြို့မှ မန္တလေးမြို့သို့ မော်တော်ယာဉ်ဖြင့်လည်းကောင်း ဆက်လက်ထွက်ခွာခဲ့ပြီးနောက် ကျွဲဆည်ကန်ကားကြီးကွင်းတွင် ညအိပ်ခဲ့ကြောင်း၊ မတ် ၁၇ ရက်တွင် (နေရာမမှတ်မိ) ပလက်ဖောင်းတစ်ခုတွင် ညအိပ်ခဲ့ပြီး မတ် ၁၈ ရက်တွင် ပန်းခြံအတွင်း လာရောက်အိပ်ခဲ့ခြင်းဖြစ်ကြောင်း စိစစ်ချက်အရ သိရသည်။

ယင်းတရုတ်နိုင်ငံသားအား စကားပြန်နှင့် စစ်ဆေးမေးမြန်းချက်အရ ၎င်းမှာ Chen Tong Yi (၅၇ နှစ်) ဆိုသူဖြစ်ကြောင်းသိရပြီး လတ်တလောတွင် မြို့မရဲစခန်း (မဟာအောင်မြေ)မှ (ပ)၁၇၅/၂၀၁၈၊ လ၀ကအက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)အရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေချေးပေးမည်၊ ဆိုလာပြားများ တပ်ဆင်ပေးမည်ဟုဆိုကာ ၀န်ဆောင်ခငွေကြေး တောင်းခံနေသည့် ကုမ္ပဏီများအနက် ကုမ္ပဏီအချို့မှာ တရားမ၀င်အဖွဲ့များသာ ဖြစ်ဟုဆို

ဧရာဝတီတိုင်းဒေသကြီးအတွင်း တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ချေးပေးမည်၊ ဆိုလာပြားများ တပ်ဆင်ပေးမည်ဟုဆိုကာ တောင်သူများပိုင် လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ်ပုံစံ(၇)အား တောင်းယူ၍ ၀န်ဆောင်ခငွေကြေးများ တောင်းခံနေသည့် ကုမ္ပဏီများအနက် ရတနာအောင်အမည်ရှိ ကုမ္ပဏီအဖွဲ့အစည်း၊ ဓနတိုးအမည်ရှိ ကုမ္ပဏီအဖွဲ့အစည်း၊ ဓနတိုးဝင်အောင်အမည်ရှိ  ကုမ္ပဏီအဖွဲ့အစည်းများမှာ တရားမ၀င်အ ဖွဲ့အစည်းများသာဖြစ်ပြီး တောင်သူများထံမှ ငွေကြေးများ လိမ်လည်တောင်းခံနေခြင်းသာ ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောကြားသည်။

တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူလယ်သမားများအား ပုံစံ(၇)အား အပေါင်ထားနိုင်လျှင် လယ်တစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေအား ကျပ်ငါးသိန်းအထိ ချေးပေးမည်ဟုဆိုကာ ၀န်ဆောင်ခအဖြစ်  တစ်ဦးလျှင် ကျပ်ငါးထောင်ခန့် တောင်းခံနေသည့် အဖွဲ့အစည်းအချို့ရှိနေကြောင်း၊ ဒေသခံ ပြည်သူများကိုလည်း ကျေးရွာတွင် ဆိုလာမီးများ တပ်ဆင်ပေးမည် ဂျပန်ချေးငွေများ ချထားပေးမည်ဟုဆိုကာ ၀န်ဆောင်ခများ တောင်းခံနေသည့် အဖွဲ့အစည်းအချို့ရှိနေကြောင်း ယင်းအဖွဲ့အစည်းများအနက် ရတနာအောင်ကုမ္ပဏီ၊ ဓနတိုးကုမ္ပဏီ၊ ဓနတိုးဝင်အောင် ကုမ္ပဏီများမှာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ ဥပဒေနည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသည့် တရားမ၀င်အဖွဲ့များသာဖြစ်နေကြောင်း၊ တိုင်းဒေသကြီးအတွင်း အသေးစားငွေကြေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ခွင့်ပြုပေးထားသည့် တရားဝင်အဖွဲ့အစည်းမှာ ၃၄ ဖွဲ့သာရှိပြီး INGO နှစ်ဖွဲ့၊ NGO လေးဖွဲ့၊ ပြည်တွင်းကုမ္ပဏီ ၂၂ ဖွဲ့၊ ပြည်ပကုမ္ပဏီငါးဖွဲ့၊ အစုအစပ် ကုမ္ပဏီတစ်ဖွဲ့သာရှိကြောင်း၊ တရားဝင်အသေးစား ငွေကြေးလုပ်ငန်းအဖွဲ့အစည်း အမည်စာရင်းများကိုလည်း တိုင်းဒေသကြီးအတွင်းရှိ  ကျေးရွာအုပ်ချုပ်ရေးမှူးများထံကိုပါ ဖြန့်ဝေပေးသွားနိုင်ရန် လုပ်ဆောင်နေပြီး အမည်စာရင်းတွင် မပါဝင်သည့်  အဖွဲ့အစည်းများမှ ချေးငွေများထုတ်ပေးမည်ဟု ပြောကြားလိမ်လည်လာပါက တားမြစ်ရန်နှင့် ဥပဒေအရ အရေးယူဆောင်ရွက်သွားရန်အတွက်ပါ တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားထားကြောင်း သိရသည်။

“ဧရာဝတီတိုင်းအနေနဲ့ ဘာတွေရှိလဲဆိုတော့ တရားဝင်အဖွဲ့အစည်းပေါ့လေ။ အသေးစားငွေကြေးလုပ်ငန်းကို ဆောင်ရွက်နိုင်ဖို့အတွက် တရားဝင်အဖွဲ့အစည်း ၃၄ ဖွဲ့ ကို မြို့နယ် ၂၆ မြို့နယ်ရပ်ကွက် ၂၃၈ ခု ကျေးရွာ ၆၂၄၉ ရွာမှာ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါကို တရားဝင်ဆောင်ရွက်တာပေါ့နော်။ သို့သော်လည်း အခုရက်ပိုင်းအတွင်းမှာပေါ့။ ကုမ္ပဏီအဖွဲ့အစည်းအမည်ခံ အချို့ကနေပြီးတော့ တောင်သူလယ်သမားတွေကို ချေးငွေရမယ်ဆိုပြီးတော့ ပုံစံ(၇) ရှိတဲ့သူတွေကို စိုက်ပျိုးစရိတ်ချေးငွေ ငါးသိန်းရမယ်ဆိုပြီးတော့ လှည့်လည်ပြီးတော့ လိမ်လည်မှုတွေ ရှိနေပါတယ်။ ဖြစ်စဉ်မှာတော့ ရေကြည်မြို့နယ်မှာဆိုရင် ကျွန်တော်တို့ ရတနာအောင်နဲ့ ဓနတိုးကုမ္ပဏီ ဒီကုမ္ပဏီတွေက ပုံစံ(၇) ရှိ လို့ရှိရင် စိုက်ပျိုးစရိတ်ချေးငွေ ရမယ်ဆိုပြီးတော့ လိမ်လည်ပြီး တောင်သူတွေကနေပြီးတော့ ၀န်ဆောင်ခဆိုပြီး တောင်းတာတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့က တားဆီးကာကွယ်ဖို့ဆိုပြီး သက်ဆိုင်ရာ ခရိုင်မြို့နယ် ရပ်ကွက်ကျေးရွာ အုပ်စုတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စာထုတ်ထားတာ ရှိပါတယ်။ နောက်ဖြစ်စဉ်တစ်ခုက ဘာလဲဆိုတော့  ကျွန်တော်တို့ ကျောင်းကုန်းရယ်၊ မအူပင်ရယ်၊ မော်လမြိုင်ကျွန်းပေါ့ ဒီမြို့နယ်တွေမှာ ဓနတိုးဝင်းအောင်ဆိုတဲ့  ကုမ္ပဏီတစ်ခုကနေပြီးတော့ လယ်သမားတွေကို ပုံစံ(၇)အမှန်ရှိလို့ရှိရင် ချေးမယ်ဆိုပြီးတော့ လိမ်လည်လှည့်ဖြားတာတွေ ရှိပါတယ်။ ဒါတွေတင်ပြလာလို့ တိုင်းဒေသကြီး အစိုးရအနေနဲ့လည်း တရားမ၀င်အဖွဲ့အစည်းတွေဖြစ်ကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် လုပ်ငန်းတွေကို ဆက်လက်မဆောင်ရွက်ဖို့၊ နောက်တောင်သူတွေ နစ်နာမှုမရှိစေဖို့၊ တားဆီးဖို့၊ ကာကွယ်ဖို့ ခေါ်ယူမေးမြန်းဖို့အတွက် ဆက်လက်ပြီးတော့  ဆောင်ရွက်နေမယ်ဆိုရင် ဥပဒေအရအရေးယူဖို့ဆိုပြီးတော့ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ခရိုင်မြို့နယ် ရပ်ကျေးအထိ ညွှန်ကြားချက်တွေ ထုတ်ထားတာရှိပါတယ်” ဟု ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး  ဦးဌေးဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် တရားဝင်မှတ်ပုံတင် လုပ်ငန်းလိုင်စင်များမရှိဘဲ အသေးစားငွေချေးလုပ်ငန်းများ လုပ်ဆောင်ပေးမည်ဟုဆိုကာ ကျေးရွာများတွင် လိုက်လံလိမ်လည်ကာ ဒေသခံပြည်သူများထံမှ ငွေကြေးများတောင်းခံနေသည့် အဖွဲ့အစည်းများစွာ ရှိနေသေးကြောင်း သိရသည်။

တရားမ၀င်တင်သွင်းလာပြီး အခွန်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသည့် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်အမျိုးမျိုးကို ရှောင်တခင်ရှာဖွေ သိမ်းဆည်းမည်

တရားမ၀င်တင်သွင်းလာပြီး အခွန်တံဆိပ်ကပ်နှိပ်ထားခြင်း မရှိသည့် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက် အမျိုးမျိုးအား ရှောင်တခင် ရှာဖွေသိမ်းဆည်းအရေးယူတော့မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ကြိုတင်သတိပေးချက် ထုတ်ပြန်ထားပြီး ယခုနှစ် ဇန်န၀ါရီမှ စတင်ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သိရသည်။

တရားမ၀င်တင်သွင်းလာပြီး အခွန်တံ ဆိပ်ကပ်နှိပ်ထားခြင်း မရှိသည့် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်အမျိုးမျိုးအား ရှောင်တခင် ရှာဖွေသိမ်းဆည်းအရေးယူမည့် အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပြီး ယခုလအတွင်း စတင်စစ်ဆေးဖမ်းဆီးနိုင်ရန် ပြင်ဆင်မှုများကိုမူ အသေးစိတ်ပြောပြနိုင်မည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခွန်တံဆိပ်ကပ်နှိပ်ရန် သတ်မှတ်ထားသည့် အရက်၊ ဘီယာ၊ ၀ိုင်အမျိုးမျိုးနှင့် စီးကရက်အမျိုးမျိုးကို ၀ယ်ယူရောင်းချသည်ဟု စိစစ်တွေ့ရှိပါက အဆိုပါ ကုန်စည်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည့်အပြင် လက်ဝယ်ထားရှိရောင်းချသူသည် သိမ်းဆည်းခြင်းခံရသည့် အထူးကုန်စည်တန်ဖိုး၏  ရာခိုင်နှုန်း ၁၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည့်အပြင် ဖမ်းဆီးရမိသည့် အထူးကုန်စည်သည် ပြည်တွင်း၌ ထုတ်လုပ်ပါက ထုတ်လုပ်သူမှလည်း အထူးကုန်စည်တန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည် ဖြစ်သည်။

ထိုသို့ တရားမ၀င် တင်ရောင်းချနေသည့် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်စသည့် အထူးကုန်စည်များအား ရှာဖွေဖော် ထုတ်သိမ်းဆည်းရန်နှင့် ဈေးကွက်အတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းအား အထူးကုန်စည်ဥပဒေတွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တရားမ၀င် တင်သွင်းလာသည့် အဆိုပါကုန်စည်များကို ၀ယ်ယူရောင်းချခြင်းမပြုရန် ပြည်တွင်းအခွန်များဦးစီးဌာနက ကြိုတင်အသိပေးထားသည်။

မြန်မာနိုင်ငံတွင် ရောင်းချနေသော ဘီယာများ၏ ရာခိုင်နှုန်း ၃၀ သည် တရားမ၀င် ကုန်သွယ်မှုမှ ရရှိနေခြင်းဖြစ်ကြောင်း နိုင်ငံတကာ ဈေးကွက်သုတေသနအဖွဲ့ဖြစ်သည့် Euromonitor International က ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ ဘီယာတရားမ၀င် ကုန်သွယ်မှုနှင့်ပတ်သက်သည့် ဘက်မလိုက်သည့် လေ့လာမှုအရ သိရသည်။

ဘီယာတင်သွင်းမှုကို ကန့်သတ်ထားသော နိုင်ငံတွင် ရောင်းဝယ်နေသည့် ရာခိုင်နှုန်း ၃၀ သော ဘီယာများသည် တရားမ၀င် ဘီယာများဖြစ်ပြီး ၂၀၁၆ တွင် ဟက်တိုဘီတာပေါင်း တစ်သန်းကျော်နီးပါးရှိနေပြီး ထိုအထဲတွင် ၉၆ ရာခိုင်နှုန်းမှာ နယ်စပ်မှ ကုန်းလမ်း ၊ရေလမ်းများဖြင့် ရောက်ရှိလာကာ စာတမ်းတွင် လေ့လာခဲ့သော မြို့လေးမြို့ရှိ စတိုးဆိုင်များတွင် ၉၅ ရာခိုင်နှုန်းသော တရားမ၀င်ဘီယာများသည် လူသိများသော ထိုင်းနာမည်ကြီး အမှတ်တံဆိပ်များ ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ဈေးနှုန်းသက်သာမှု (ဈေးချိုသက်သာခြင်း) သည် မှောင်ခိုဘီယာများ သောက်သုံးမှုအတွက် အဓိကကျသော တွန်းအားဖြစ်ကြောင်း၊ စတိုးဆိုင်များမှတစ်ဆင့် လေ့လာမှုအရ ပြည်တွင်းထုတ်ဘီယာ ၃၃၀ မီလီလီတာဘူးသေး၏ ရောင်းဈေးထက် မှောင်ခိုဘီယာများမှာ ၃၅ ရာခိုင်နှုန်းခန့် ဈေးချိုကြောင်း သိရသည်။

အခွန်ငွေပေးဆောင်မှုမရှိသည့် မှောင်ခိုဘီယာများသည် နိုင်ငံတွင်းဘီယာများထက် သုံးဆဈေးနည်းပြီး အစီရင်ခံစာအရ မှောင်ခိုဘီယာ ၇၅ ရာခိုင်နှုန်းသည် သံဘူးအသွင်ဖြင့်ဖြစ်နေသည်မှာ သယ်ဆောင်ရ လွယ်ကူခြင်းကြောင့်ဖြစ်ကာ ရာခိုင်နှုန်း ၈၀  ရှိသော မှောင်ခိုဘီယာများသည် ထိုင်းနယ်စပ် မှကျော်ဖြတ်ဝင်ရောက်ပြီး ရာခိုင်နှုန်း ၂၀ မှာ တရုတ်နယ်စပ်မှ ၀င်ရောက်နေကြောင်း သိရသည်။

Euromonitor International ၏  စစ်တမ်းအရ တရားမ၀င်တင်သွင်းနေသည့် ကုန်စည်များအနက် ဘီယာတစ်မျိုးတည်းကပင် မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ် တစ်နှစ်တည်းတွင်ပင် ဒေါ်လာ ၄၈ သန်းမှ ၅၂ သန်းအကြား ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ၀က်ဝံမျိုးစိတ် နှစ်မျိုးစလုံးအား တရားမ၀င် တင်ပို့ရောင်းချမှု မြင့်မားလာသဖြင့် မျိုးသုဉ်းပျောက်ကွယ်မည်ကို စိုးရိမ်နေရ

ဟုမ္မလင်းမြို့ ကက်သာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် မွေးမြူထားသော ဟိမ၀န္တာဝက်ဝံများကို တွေ့ရစဉ်

မြန်မာနိုင်ငံရှိ ၀က်ဝံမျိုးစိတ်နှစ်မျိုးလုံးကို တရားမ၀င် တင်ပို့ရောင်းချမှု မြင့်မားလာသဖြင့် မြန်မာနိုင်ငံရှိ ၀က်ဝံများမျိုးသုဉ်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဟိမ၀န္တာဝက်ဝံနှင့် မလေးဝက်ဝံဟူ၍ ၀က်ဝံမျိုးစိတ် နှစ်မျိုးရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို တရုတ်နိုင်ငံသို့ တရားမ၀င် ကူးသန်းရောင်းဝယ်နေမှု များပြားနေသဖြင့် ထိုသို့စိုးရိမ်နေရခြင်း ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ လက်ထောက် သုတေသနမှူး ဦးဇာနည်အောင်၏ ပြောကြားချက်အရ သိရသည်။

“အခုနောက်ပိုင်းမှာ အကောင်လိုက် ရောင်းဝယ်တာ သိပ်မတွေ့ရတော့ပဲ။ တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီး သယ်ဆောင် ရောင်းဝယ်ကြတာကို တွေ့လာရတယ်။ ဥပမာ- ကျားတို့၊ ဆင်တို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆိုရင် အကုန်လုံး ဖြတ်တောက်ပြီးမှ သယ်ကြတော့တာ။ တရားမ၀င် ရောင်းဝယ်တဲ့လူတွေ ဘက်ကလည်း နည်းစနစ် မြင့်မားလာတဲ့ သဘောပေါ့။ WCS အနေနဲ့ တရားမ၀င် အမဲလိုက်ခြင်း လျှော့ချဖို့ဆိုပြီး အဖွဲ့အစည်း တစ်ခုအနေနဲ့ လုပ်ထားတာရှိတယ်။ အဲဒီအဖွဲ့အစည်းနဲ့ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး စစ်ဆေးတဲ့အခါ ၀က်ဝံတွေရဲ့ အစိတ်အပိုင်းတွေ သယ်တာကို နယ်စပ်မှာ တော်တော်များများ တွေ့လိုက်ရတယ်” ဟု ဦးဇာနည်အောင်က ပြောကြားသည်။

ယခင်က ၀က်ဝံများ၏ သည်းခြေများကိုသာ တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့သော်လည်း ယခုအခါ ၀က်ဝံ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးနီးပါး ၀ယ်ယူလာသဖြင့် တရားမ၀င် သတ်ဖြတ်ရောင်းဝယ်မှု မြင့်မားလာရခြင်း ဖြစ် ကြောင်း သိရသည်။

“အရင်ကတော့ ၀က်ဝံသည်းခြေတွေပဲ ၀ယ်ပေမဲ့ အခုတော့ ၀က်ဝံခြေ၊ လက်နဲ့ ခြေသည်း၊ လက်သည်းကအစ အစိတ်အပိုင်း အကုန်လုံးနီးပါးကို တရုတ်ပြည်ကနေပြီး သူတို့ရဲ့ တိုင်းရင်းဆေးအတွက် ၀ယ်ယူမှု မြင့်လာတဲ့အတွက် ဒါမျိုးတွေ ဖြစ်လာရတာပေါ့” ဟု ဦးဇာနည်အောင်မှ ဆက်လက်ပြောကြားသည်။

ဝက်ဝံများကို တရားမ၀င် သတ်ဖြတ်ရောင်းဝယ်နေခြင်းအပြင် ၎င်းတို့နေထိုင်ရာ သစ်တောများ ပြုန်းတီးလာခြင်း၊ စားကျက်မြေများ ရှားပါးလာခြင်းတို့ကြောင့်လည်း မြန်မာနိုင်ငံရှိ ၀က်ဝံမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။

သစ်တောပြုန်းတီးမှုကြောင့် ၀က်ဝံများ၏ စားကျက်မြေများ ရှားပါးလာသဖြင့် ၀က်ဝံများ အစာရှာဖွေရင်း လူနေထိုင်ရာ ကျေးရွာများသို့ မျက်စိလည် ရောက်ရှိလာခြင်းများ ယခုအခါ ကြုံတွေ့လာရကြောင်းလည်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ ဦးအောင်ကျော်၏ ပြောကြားချက်အရ သိရသည်။

“သစ်တောပြုန်းတီးလာတာ၊ တောထဲကို လူတွေအရောက်အပေါက် များလာပြီး သူတို့ရဲ့ စားကျက်မြေတွေကို အနှောင့်အယှက်ပေး ခံရတာတွေကြောင့် လူတွေနဲ့ ဝေးတဲ့နေရာကို ရှောင်ရင်း တောနဲ့ဆက်စပ်နေတဲ့ ရွာတွေထဲကို မျက်စိလည်ပြီး ရောက်သွားတာ ရှိသလို အစာရှာရင်း ရှာရင်းနဲ့ တောထဲကနေလွန်ပြီး ရွာတွေထဲကို ရောက်သွားတာမျိုးတွေ ရှိလာတယ်။ ဒါကို ကျွန်တော်တို့ကတော့ အစာရှာရင်းနဲ့ နယ်ကျွံတယ်လို့ ခေါ်တယ်။ အဲဒီလို စားကျက်လွန်ပြီး ရွာထဲကို ရောက်လာတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ပြန်မောင်းထုတ်တဲ့အခါ ပြန်လမ်းဖွင့်ပေးပြီး ပြန်မောင်းပေးရတယ်။ ဒီလို ပြန်လမ်းလူအုပ်ကြီးနဲ့ဝိုင်းပြီး မောင်းထုတ်တဲ့အခါ တိရစ္ဆာန်တွေက ထွက်ပေါက်မရှိတော့ လူကိုပြန်ပြီး ရန်မူတာတို့ အန္တရာယ်ပြုတာတို့ လုပ်တဲ့အခါ လူတွေကလည်း ပြန်ကာကွယ်ရင်း ထိခိုက်ဒဏ်ရာရတာတို့ တိရစ္ဆာန်ကို မတော်တဆ သတ်မိလိုက်တာတို့ ဖြစ်တတ်တယ်” ဟု ဦးအောင်ကျော်က ပြောကြားသည်။

ဟိမ၀န္တာဝက်ဝံသည် ရင်ဘတ်တွင် (V) ပုံအဖြူရောင်အမွေးရှိကာ တစ်ကိုယ်လုံးတွင် အနက်ရောင် အမွေးကြမ်းများဖြင့် ဖုံးလွှမ်းထားပြီး ခန္ဓာကိုယ်ကြီးမားကြောင်းနှင့် မလေးဝက်ဝံသည် ရင်ဘတ်တွင် (U) ပုံအဖြူရောင် အမွေးရှိကာ တကိုယ်လုံးအား အ၀ါဖျော့ရောင် အမွေးနုများဖြင့် ဖုံးလွှမ်းထားပြီး ခန္ဓာကိုယ် သေးငယ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဟိမ၀န္တာဝက်ဝံနှင့် မလေးဝက်ဝံ နှစ်မျိုးလုံးသည် နေထိုင်ကျက်စားရာနေရာ တူညီကြပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ အအေးပိုင်း ဒေသများမှလွဲ၍ နေရာအနှံ့အပြားတွင် တွေ့ရလေ့ရှိကြောင်း သိရသည်။

 

တောင်ငူမြို့နယ် မြောက်ရေကြည်ကျေးရွာ အုပ်စုအတွင်း တရားမ၀င် ရွှေတူးဖော်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၁၅ ဦးအား ဖမ်းဆီး အမှုဖွင့်

တရားမ၀င် ရွှေတူးဖော်ထားသည်ကို တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အနောက်ဘက် မြောက်ရေကြည်ကျေးရွာအုပ်စု အတွင်းရှိ လယ်ယာမြေများနှင့် ချောင်းဖြူချောင်းအတွင်း စက်ကြီးများဖြင့် တရားမ၀င် ရွှေတူးဖော်နေကြသော ဒေသခံအမျိုးသား ၁၅ ဦးအား ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက အမှုဖွင့် ဖမ်းဆီးထားကြောင်း ကျွန်းကုန်းနယ်မြေရဲစခန်းမှ သိရသည်။

“တရားမ၀င် ရွှေတူးဖော်တယ်ဆိုပြီး သတင်းရလို့ ဒီကနယ်ထိန်းအဖွဲ့တွေနဲ့ သွားဖမ်းတာပါ။ မြောက်ရေကြည် ကျေးရွာအုပ်စု၊ ကုလားရွာ အရှေ့ဘက်က ချောင်းဖြူချောင်းထဲမှာ သွားဖမ်းတာပါ။ သူတို့လုပ်တာက ချောင်းဖြူချောင်းကမ်းပါးမှာလည်း ပါတယ်။ ချောင်းဖြူချောင်း ထဲမှာလည်းပါတယ်။ သွားဖမ်းတဲ့အချိန်မှာ အားလုံးပေါင်း ၁၅ မျောပေါ့နော်။ ၁၅ ယောက် ဖမ်းထားပါတယ်။ ဒေသခံတွေလည်းပါသလို ကျန်တဲ့နယ်က နှစ်ယောက် သုံးယောက်လည်း ပါပါတယ်။ သူတို့ကို သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (ခ) နဲ့ အမှုဖွင့်ထားပါတယ်။ သူတို့ကို ကျွန်တော်တို့ ကျွန်းကုန်နယ်မြေရဲစခန်းမှာပဲ ဖမ်းထားပါတယ်” ဟု ကျွန်းကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ဇော်မင်းက ပြောကြားသည်။

တောင်ငူမြို့နယ် ကျွန်းကုန်း နယ်မြေရဲစခန်းအပိုင် မြောက်ရေကြည်ကျေးရွာအုပ်စု ကုလားရွာအနီးရှိ ကွင်းအမှတ် ၅၉၇ အတွင်း၌ တရားမ၀င် ရွှေတူးဖော်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက ကျွန်းကုန်းနယ်မြေ ရဲစခန်းမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက သွားရောက် စစ်ဆေးရှာဖွေ ဖမ်းဆီးခဲ့ရာ ချောင်းဖြူချောင်းနှင့် လယ်ယာမြေများ အတွင်း မျောများဖြင့် ရွှေတူးဖော် လုပ်ငန်းများ လုပ်ကိုင်နေကြသော ဒေသခံအမျိုးသား ၁၅ ဦးအား ရွှေတူးဖော်လုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ဟွန်ဒါအမျိုးအစား ခြောက်ကောင်ခွဲ ရေစုပ်စက်တစ်လုံး Chang Chai အမျိုးအစား ၂၅ ကောင် ရေစုပ်စက် ၁၄ လုံး၊ ရေပိုက် ၁၅ ချောင်း၊ ပေါက်ပြား ၁၃ လက်ဂေါ်ပြား ၁၅ လက် ရွှေကျင်ခွက် ၁၀ ခွက် စသည့်ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျွန်းကုန်းနယ်မြေ ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြောက်ရေကြည်ကျေးရွာ အုပ်စုအတွင်း တရားမ၀င်ရွှေတူးဖော်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေသူ ဒေသခံ အမျိုးသား ၁၅ ဦးအား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ်တိုးဝေကျော်မှ တရားလိုလုပ် တိုင်တန်းခဲ့သောကြောင့် ကျွန်းကုန်းနယ် မြေရဲစခန်းက (ပ)၅၈၇/၂၀၁၇ မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (ခ) အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ မြောက်ရေကြည် ကျေးရွာအုပ်စု အတွင်းရှိ လယ်ယာမြေများပေါ်တွင် တရားမ၀င် ရွှေတူးဖော်ခြင်း လုပ်ငန်းအား ၂၀၁၀ ခုနှစ် ၀န်းကျင်ခန့်မှ စတင်၍ ဒေသခံများက မိမိတို့ပိုင် လယ်ယာမြေများအတွင်း တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ကြရာမှ တဖြည်းဖြည်း များပြားလာခဲ့ပြီး ရွှေရှာရာမှ ထွက်ပေါ်လာသည့် စွန့်ပစ်ညစ်ညမ်းရေများကြောင့် ကျေးရွာအချို့ လယ်ယာစိုက်ပျိုး မြေများနှင့် ချောင်းများလည်း ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။