တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းသွားပြီဖြစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကာ ကျောင်းများ ပြန်လည် ဖွင့်လှစ်

ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်သည့် တနင်္သာရီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းကို တွေ့ရစဉ်

တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းသွားပြီဖြစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကာ ကျောင်းများလည်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ တနင်္သာရီမြစ်ရေမှာ ပြီးခဲ့သည့် နှစ်လကျော်မှ စတင်ပြီး မြစ်ရေကြီးမှု ဖြစ်ပေါ်ခဲ့ကာ တနင်္သာရီမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာပေါင်း ၃၀ ကျော်မှာ ရေဘေးသင့်ခဲ့ပြီး လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။ နှစ်လအတွင်း မြစ်ရေကြီးမှု လေးကြိမ်ဆက်တိုက် ခံစားခဲ့ရကာ ဒေသခံများ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

“ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရေကျသွားတဲ့ ကျေးရွာတွေမှာ သောက်သုံးရေအတွက် ရေတွင်းရေကန်တွေ ပြန်ဖော်နေပါတယ်။ ဆေးခတ်တာတွေ လက်ရှိ ဦးစားပေး လုပ်ဆောင်နေတယ်။ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ လယ်တွေ မျိုးစပါး ပြန်လည်ပေးအပ်နိုင်ရေးအတွက် စီစဉ်ထားပြီး ဖြစ်ပါတယ်။ နောက်တစ်ချက်က နေအိမ်ပြိုကျသွားတာတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် စာရင်း ကောက်ယူနေပါတယ်။ တိုင်းဒေသကြီး အစိုးရကလည်း ညွှန်ကြားထားတာ ရှိပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ပေးမယ်လို့ ပြောထားတဲ့အတွက် မြို့နယ် ထွေအုပ်ကလည်း စာရင်းတွေ ကောက်ယူပြီး ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ကျောင်းတွေ အားလုံးလည်း ပြန်လည် ဖွင့်လှစ်နေပါပြီ။ မြစ်ရေက စိုးရိမ်ရေမှတ်အောက်ကို ပြန်လည် ကျဆင်းသွားပါပြီ။ အခု ၁၂ ပေကျော်ကျော်မှာ ရှိနေပါတယ်” ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောကြားသည်။

တနင်္သာရီမြစ်ရေကြီးမှုကြောင့် လယ်ယာ/ဥယျာဉ်များ အဓိက လုပ်ကိုင်သည့် တနင်္သာရီမြို့နယ်အတွင်းမှ ဒေသခံများမှာ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ဥယျာဉ်များစွာ ဆုံးရှုံးခဲ့သလို လယ်ဧက ၂၀၀၀ ကျော်မှာလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

“ပြည်ထောင်စု အစိုးရအဖွဲ့က လယ်သမားတွေအတွက် စပါးစိုက်မယ့် လယ်တစ်ဧကအတွက် မျိုးစပါး တစ်တင်းနှုန်းနဲ့ လောလောဆယ် ပေးထားတာ ရှိပါတယ်။ အဲဒီတော့ တစ်ဧကကို တစ်တင်းနှုန်းနဲ့ ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ရေနစ်မြုပ်ခဲ့တဲ့ လယ်ဧကတွေက ၂၀၇၀ ကျော်ပါတယ်။ ကျွန်တော်တို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း စတင်နေပါပြီ။ ပြည်ထောင်စုအစိုးရအဖွဲ့က တစ်ဧကကို တစ်တင်းနှုန်းပဲ ပေးမယ်ဆိုတော့ ဒေသရဲ့လိုအပ်ချက်အရ ဒီမှာရှိတဲ့ လယ်တွေက မျိုးစပါးကို တစ်ဧကကို နှစ်တင်းနှုန်း ကြဲတဲ့အတွက် မျိုးစပါးလိုအပ်မှုတော့ ရှိနေပါတယ်” ဟု ဦးအောင်ကျော်ဟိန်းက ပြောကြားသည်။

တနင်္သာရီမြစ်ရေကြီးမှု ဖြစ်နေစဉ်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာရောက်ကြည့်ရှုခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မကြန့်ကြာစေဘဲ ဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားထားကြောင်း သိရသည်။ စာသင်ကျောင်းများအားလုံး ပြန်လည် ဖွင့်လှစ်နေပြီဖြစ်ပြီး တနင်္သာရီ မြစ်ရေကြီးမှု ဖြစ်ပွားခဲ့သည့် နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ရေတွင်း၊ ရေကန် ပြန်လည်သန့်စင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ တတိယအကြိမ် ရေလွှမ်းမိုးမှုကြောင့် ကယ်ဆယ်ရေးစခန်းများ ထပ်တိုးဖွင့်ခဲ့ရပြီး ရေဘေးသင့် ပြည်သူဦးရေ တိုးလာခဲ့ကာ ရေ၀င်ဧရိယာများမှ ဒေသခံများ အခက်အခဲ ဖြစ်နေကြောင်း သိရ

တနင်္သာရီမြစ်ရေ တတိယအကြိမ် တက်နေသည်ကို သြဂုတ် ၂၃ ရက်က တွေ့ရစဉ်

တနင်္သာရီမြစ်ရေ တတိယအကြိမ်ရေ လွှမ်းမှုကြောင့် ကယ်ဆယ်ရေးစခန်းများ ထပ်တိုးဖွင့်ခဲ့ရသလို ရေဘေးသင့်ပြည်သူ ဦးရေလည်း တိုးလာခဲ့ပြီး ရေမြုပ်ဧရိယာအပြင် ရေ၀င်ဧရိယာများမှ ဒေသခံများ အနေဖြင့်လည်း အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

ယခုနှစ်အတွင်း မြစ်ဖျားပိုင်းတွင် မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီ မြစ်ရေမှာ သုံးကြိမ်အထိ ရေလွှမ်းမှုဖြစ်ခဲ့ပြီး နေအိမ် ထောင်နှင့်ချီကာ နစ်မြုပ်ခဲ့သလို ရေ ဘေးသင့်ပြည်သူ ၂၄၀၀၀ ကျော်အထိ တိုး လာခဲ့ကြောင်းသိရသည်။ နှစ်လခန့်အတွင်း မြစ်ရေ သုံးကြိမ်ကြီးမှုကြောင့် ဒေသခံများ  စားဝတ်နေရေး အခက်အခဲများစွာဖြစ်ခဲ့ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသော လယ်ယာ/ဥယျာဉ်များစွာလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“၁၉၈၁ ခုနှစ်တုန်းက ရေအရမ်းကြီးခဲ့ ဖူးတယ်။ ၁၉၉၄ ခုနှစ် ရေဘေးလိုပဲရေအရမ်း ကြီးပြီး ဆေးရုံတွေ ရေနစ်မြုပ်ခဲ့တယ်။ မြို့ဦး ဈေးလည်း ရေနစ်မြုပ်ခဲ့တယ်။ တစ်မြို့လုံး ရေနစ်မြုပ်ခဲ့တယ်။ အခုဆိုရင် သုံးကြိမ်မြောက် ရေနစ်မြုပ်နေတယ်။ ဒီနှစ်ထဲမှာပေါ့။ တချို့ ဒေသခံတွေက တစ်နေ့လုပ်မှ တစ်နေ့စား တဲ့သူတွေရှိပါတယ်။ အဲဒီလူတွေဆိုရင် ပင် ပန်းဆင်းရဲနေကြပြီ။ ငွေကြေးတတ်နိုင်တဲ့သူ တွေအတွက်ကတော့ ပြောစရာမလိုဘူးလေ။ တစ်နေ့လုပ် တစ်နေ့စားတွေမှာပဲ အခက် အခဲရှိတယ်။ အရင်တုန်းက လူတွေမှာ လှေ တွေရှိတယ်။ အခုကျတော့ အိမ်တိုင်းနီးပါးမှာ လှေမရှိနိုင်တော့ဘူး။ ဦးဇင်းတို့ကျောင်း မှာ ဒုက္ခသည်တွေ အရင်ကအိမ်ထောင်စု ၃၈ စုလောက်ရှိတယ်။ အခုရက်ပိုင်းမှာ အိမ် ထောင်စု ၆၀ နီးပါးအထိ ရှိလာနေတယ်။ ရေ မြုပ်တာ ပိုများလာတော့ ဒုက္ခရောက်တဲ့သူ တွေလည်း များလာတယ်” ဟု တနင်္သာရီမြို့ နယ် ချောင်းကြီးကျောင်းတိုက်တွင် သတင်း သုံးသည့် အရှင်ဝါသေဋ္ဌက မိန့်ကြားသည်။

တနင်္သာရီမြစ်ရေမှာ နှစ်စဉ်စိုးရိမ်ရေ မှတ်နီးပါးသို့ ရေကြီးမှုဖြစ်ပွားလေ့ရှိသော် လည်း အန္တရာယ်ရေမှတ်အထိ ရေမလွှမ်းသည်မှာ နှစ်အတန်ကြာခဲ့ပြီး ယခုနှစ်မှ မိုးသည်းထန်စွာ ရွာသွန်းပြီး သုံးကြိမ်မြောက် မြစ်ရေကြီးမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီ မြို့နယ်ရှိ ရေကြီးနစ်မြုပ်သော ကျေးရွာတစ်ရွာကို တွေ့ရစဉ်

“တနင်္သာရီမြစ်ရေက ပုံမှန်အတိုင်း ၁၇ ပေ၊ ၁၈ ပေအထိတက်လာရင် ကျွန်တော်တို့ နယ်ခံတွေ ဘာမှမစိုးရိမ်ကြဘူး။ ကျွန်တော်တို့ဆီမှာ အန္တရာယ်ရေမှတ်က ၂၄ သတ်မှတ် ထားတယ်။ အခုဆိုရင် ၂၄ ပေကိုကျော်ပြီးတဲ့ အပြင် ၂၆ ပေအထက်ကိုရောက်နေပြီ။ အဲဒီ အချိန်မှာ ကျွန်တော်တို့ ကစဥ့်ကလျားဖြစ် လာတယ်။ ကွမ်းပင်တွေ၊ ပျိုးပင်တွေ၊ ဥယျာဉ်တွေ၊ မြေမအုံဘက်မှာဆိုရင် လယ်မြေစိုက်ခင်းတွေ၊ သီးနှံစိုက်ခင်းတွေ အားလုံးကုန်သွားပြီ။ မြန်မာအင်းတော်ရွာဆိုရင် ရွာလုံးကျွတ် ရေနစ်မြုပ်နေတယ်။ လုံးဝကိုမဖော်နိုင်ဘူး။ ကျွန်တော်ကိုယ်တိုင် ကယ်ဆယ်ရေး လိုက်နေလို့ သိရတာပါ။ မိုးလည်းများတယ်။ သစ်တောတွေကလည်း မိုးရေကိုမထိန်းနိုင် တော့ဘူး။ အဲဒီတော့ ရေတွေက အရမ်းကို လျှံတက်လာတယ်။ ခံစားနေရတာက တန င်္သာရီတစ်မြို့နယ်လုံးပါပဲ။ မြစ်အောက်ဘက် မှာဆိုရင် လယ်သစ်ကျေးရွာအထိ အဖျား သွားခတ်တယ်။ ခံစားရတာက တနင်္သာရီမြစ် ဖျားကနေ အောက်ဘက်အထိ ရွာတိုင်းနီးပါး ခံစားရတယ်။ စိုက်ခင်းဧရိယာတွေကတော့ အတော်များများကို ကုန်သွားပြီ။ စံချိန်တင်အောင်ကို ဆုံးရှုံးတာပါ။ မျိုးစပါးတွေလည်းအကုန်ဆုံးရှုံးသွားပြီ။ ရိက္ခာတွေကိုတော့ ငါးရက်တစ်ဖြတ်စီ ပေးနေတယ်။ အစိုးရအနေနဲ့ ထောက်ပံ့ပေးပါတယ်။ တတိယအကြိမ်ရေ နစ်မြုပ်တဲ့အခါမှာ အိမ်ထောင်စုဦးရေ ပိုများ လာပါတယ်။ ချောင်းကြီးမှာလည်း ပြောင်းရွှေ့ရတဲ့သူတွေ များလာတယ်။ ရေအမှတ် ကအရမ်းမြင့်လာတယ်။ အရင်စံချိန်ထက် ကျော်သွားပါပြီ။ ချောင်းကြီးနဲ့ ချောင်းငယ် ရပ်ကွက်နှစ်ခုစလုံးမှာ ရေနစ်မြုပ်တဲ့ လူစာ ရင်း တိုးလာပါတယ်။ တခြားရွာတွေမှာလည်း ဒီအတိုင်းပဲ တိုးလာပါတယ်။ နောက်တစ်ခု  ကျွန်တော်တို့ဆီမှာက ရေမြုပ်ဧရိယာအပြင် ရေ၀င်တဲ့ဧရိယာလည်း ရှိနေတယ်။ သူတို့လည်း ထိခိုက်တယ်။ ဘာအလုပ်မှလည်း မလုပ်နိုင်ကြဘူး။ အားလုံးက ကယ်ဆယ်ရေး  ပစ္စည်းကိုမှီခိုပြီး စားသောက်နေရပါတယ်။ကယ်ဆယ်ရေးပစ္စည်း မပြတ်လပ်အောင် အစိုးရအဖွဲ့ရယ်၊ တိုင်းဒေသကြီးလွှတ်တော် အမတ်နဲ့၊ ပြည်သူလွှတ်တော်အမတ်နှစ်ဦး စလုံး အတော်လေးဆောင်ရွက်ပေးပါတယ်။ နှစ်ဦးစလုံးတော်ကြပါတယ်။ ဒီမှာရှိတဲ့ တာ ၀န်ရှိသူတွေက ရေတံခါးဖွင့်မယ်။ ရေငါးပေခန့် ထပ်တိုးမယ်ဆိုပြီး လိုက်လံကြေညာပေး ပါတယ်။ နယ်ခံတွေအားလုံး ပြောင်းရွှေ့ဖို့ အချိန်ရပါတယ်။ ကျွန်တော်တို့လည်း ပြောင်း ရွှေ့ပြီးသားဖြစ်နေတယ်။ မြို့ရိုးကို ရေကျော် လာတဲ့အခါမှာ ၀ုန်းဒိုင်းတွန်းမှာ စိုးလို့ပါ။တဖြည်းဖြည်းဖွင့်ရပါတယ်။ လက်ရှိ ရေသုံး ပေခွဲအထိ ကွာဟနေပါတယ်” ဟု တနင်္သာရီ မြို့နယ် ချောင်းကြီးရပ်ကွက်တွင် နေထိုင်သော ဦးတင်ဝင်းသော်က ပြောကြားသည်။

တနင်္သာရီမြစ်ရေကြီးမှု ဖြစ်ပွားနေသည့် တနင်္သာရီမြို့သို့ လူကယ်ပြန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာရောက် ကြည့်ရှုခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မကြန့်ကြာစေဘဲ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

သြဂုတ် ၂၃ ရက် နံနက် ၉ နာရီတိုင်းထွာချက်အရ တနင်္သာရီမြစ်ရေမှာ အနည်းငယ် ပြန်လည်ကျဆင်းနေပြီး အန္တရာယ်ရေမှတ်အောက် တစ်လက်မသို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။ နောက်ဆုံး ကောက်ယူထားသော စာရင်းများအရ ရေနစ်မြုပ်ခံခဲ့ရသည့် အိမ်ခြေ ၄၈၃၃ အိမ်၊ အိမ်ထောင်စု ၄၈၈၇ စု ရှိပြီး ရေဘေးသင့် ပြည်သူ ၂၄၁၉၈ ဦးအထိရှိလာကြောင်း သိရသည်။

ရေဘေးကြောင့် ပြောင်းရွှေ့ပေးရသူ ၆၇၆၂ ဦးရှိခဲ့ပြီး လူဦးရေ ၁၃၃၄ ဦးကို ကယ်ဆယ်ရေးစခန်းတွင် စီစဉ်ပေးထားရကာ ရေ၀င်ဧရိယာများအတွင်း ကျရောက်နေသည့် ဒေသခံပြည်သူများကိုလည်း ကယ်ဆယ်ရေး ပစ္စည်းများ လိုက်လံပေးဝေနေကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဒုတိယအကြိမ် ပြန်လည်ကျော်လွန်ခဲ့ပြီး ဒေသခံများ စားဝတ်နေရေး အခက်အခဲများရှိလာ

တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေမှတ် အထက်သို့ ဒုတိယအကြိမ် ပြန်လည်ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ဒေသခံများ စားဝတ်နေရေး ခက်ခဲလျက်ရှိသည်။

လွန်ခဲ့သည့် တစ်လခန့်မှစတင်ကာ မြစ်ရေကြီးမှု ခံစားနေရသည့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှာ ရေကြီးမှုဒဏ်ကို ခံစားလာရသည့် ရက်ကြာရှည်လာသည်နှင့်အမျှ အခက်အခဲပေါင်းစုံ ရင်ဆိုင်လာရကြောင်း၊ သြဂုတ် ၈ ရက် နံနက်ပိုင်း တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ်၂၄ ပေ အထက် ကျော်လွန်ရောက်ရှိလာကာ ၂၄ ပေ ၃ လက်မအထိ ရောက်ရှိလာကြောင်း သိရသည်။

“ရေနစ်မြုပ်နေတာက တစ်လနီးပါး ရှိလာပါပြီ။ အနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာတွေမှာ ကျောင်းပိတ်ထားရတယ်။ ပ၀ကျေးရွာအုပ်စုထဲက ပ၀ကျွန်းရှည်ရွာက ကျောင်းသူ ကျောင်းသားတွေကို လှေနဲ့တင်ပြီး ကျောင်းကြီးမှာ စာသင်ကြားပေးနေရတယ်။ အခက်အခဲက လက်ရှိရေပြန်ကြီးလာပြန်တယ်ဆိုတော့ ဥယျာဉ်လုပ်တဲ့သူတွေရော လယ်ယာလုပ်ကိုင်တဲ့သူတွေပါ အခက်အခဲ ဖြစ်လာနေပြီ။ လှေလည်းမရှိတော့ သွားလာရ အရမ်းခက်ခဲကြတယ်။ အလုပ်လည်း မလုပ်ရတော့ဘူး။ ကျွန်တော်တို့ရွာမှာက အလုပ်လက်မဲ့တွေများတယ်။ စားနပ်ရိက္ခာတွေ အဓိက လိုအပ်နေပါတယ်။ အတွင်းပိုင်းရွာတွေမှာတော့ ၀ါးဖောင်တွေလုပ်ပြီး သွားနေရတယ်။ တောင်တွေမှာ ပြောင်းနေကြတယ်။ အပြင်ဘက်မှာတော့ လှေတွေနဲ့ သွားလာနေရတယ်” ဟု ပ၀ကျေးရွာအုပ်စုတာဝန်ခံ ဦးကြည်ဟုန်က ပြောကြားသည်။

ရေကြီးမှု ရက်ရှည်လာသည့်အတွက် ကျေးရွာများအရောက် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ရန် အခက်အခဲများ ရှိလာပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် ရိက္ခာဖြန့်ဝေမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“လောလောဆယ်မှာ အစိုးရအဖွဲ့ အနေနဲ့ အမှန်တကယ် လိုအပ်နေတာကို စိစစ်ပြီးဝယ်ဖို့ ခွင့်ပြုချက်ပေးထားတာ ရှိပါတယ်။ ဆန်၊ ငါးသေတ္တာတို့ ၀ယ်ရတယ်။ ရေသန့်ကတော့ ကုမ္ပဏီကြီးနှစ်ခုက လှူထားတာ ရှိပါတယ်။ ကျန်တဲ့ဆီဘူး၊ မုန့်ထုပ်တွေလည်း ၀ယ်ထားတယ်။ အစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ကွင်းဆင်းပြီးပါပြီ။ လူကယ်/ပြန်က ဒုညွှန်ချုပ် ဒေါက်တာကိုကိုနိုင် ဦးဆောင်တဲ့အဖွဲ့လည်း လာပြီးပါပြီ။ လူတစ်ဦးကို ၁၆၅၀ နှုန်းနဲ့ တစ်နေ့စာတွက်ပြီး ပို့ပေးပါတယ်။ အဲဒီအထဲမှာ ရေဘေးသင့်နေတဲ့လူ ၂၀၀၀၀ ကျော်မှာ မပြောင်းရွှေ့ရဘဲ စီးပွားရေးအရ ရပ်တည်ဖို့ ခက်ခဲတဲ့သူတွေကို တစ်နေ့လျှင် ၁၂၅၀ နှုန်းနဲ့ ဖြန့်ဝေတယ်။ စာသင်ကျောင်းတွေကတော့ ရေထပ်တိုးလာနေတဲ့အတွက် ကျောင်းတွေထပ် ပိတ်လိုက်ရတယ်။ အခုဆိုရင် ၁၆ ကျောင်း ပိတ်ထားရတယ်။ တနင်္သာရီမြို့ပေါ်က ကျောင်းကတော့ ရေမြုပ်နေဆဲပါ။ ပေါ်နေတဲ့ စာသင်ကျောင်း အပေါ်ထပ်မှာ ၈၊ ၉၊ ၁၀ အတန်းကြီးတွေ ဖွင့်ထားပါတယ်။ ကျန်တဲ့မူလတန်း၊ အလယ်တန်းတွေကို ပိတ်ထားဆဲ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောကြားသည်။

လက်ရှိအနေထားတွင် ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး၏ လမ်းအစိတ်အပိုင်းများဖြစ်သည့် အောက်ကင်းရွာအနီးနှင့် လယ်တောင်ယာရွာအနီးတွင် ကားလမ်းရေကျော်နေပြီး ကားလမ်းပေါ်တွင် သုံးပေခန့် ရေလွှမ်းမိုးနေသည်။

တနင်္သာရီမြစ်ရေကြီးမှုကြောင့် လက်ရှိအနေအထားတွင် ကျေးရွာပေါင်း ၃၀ ရေကြီးမှုဒဏ်ခံစားနေရပြီး လူပေါင်း ၂၀၀၀၀ ကျော် ရေဘေးသင့်နေကာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ တဖြည်းဖြည်းပြန်လည်ကျဆင်းလာကာ အန္တရာယ်ရေအမှတ်အောက် ရောက်ရှိနေပြီး ရေကြီးမှုဖြစ်စဉ်အတွင်း လူတစ်ဦးသေဆုံးခဲ့ကာ ဆန်များအဓိကလိုအပ်နေကြောင်း သိရ

မြစ်ရေပြန်လည်ကျဆင်းလာမှုကြောင့် ပြည်ထောင်စုလမ်းမကြီးရှိ အစိတ်အပိုင်းတချို့ကို မော်တော်ယာဉ်များ တိုက်ရိုက်ဖြတ်သန်းသွားလာနေစဉ်

တနင်္သာရီမြစ်ရေ တဖြည်းဖြည်းပြန်လည်ကျဆင်းလာနေရာ အန္တရာယ်ရေအမှတ်အောက် ရောက်ရှိနေပြီး ရေကြီးမှုဖြစ်စဉ်အတွင်း လူတစ်ဦးသေဆုံးခဲ့ရကာ ကယ်ဆယ်ရေးပစ္စည်းများအနေဖြင့် ဆန်များအဓိက လိုအပ်နေကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးရဲမြင့်ဆွေက ပြောကြားသည်။

တနင်္သာရီမြစ်ရေကြီးမှုဒဏ်ကို တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူ ၅၀၀၀ ကျော်ခံစားခဲ့ရပြီး လမ်းများပိတ်ဆို့ခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရခြင်း၊ ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း၊ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးမှုဒဏ်ခံခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းများ အရေးတကြီးမလိုအပ်ခဲ့သော်လည်း ကျေးရွာများဘက်တွင်မူ အကူအညီအများအပြား လိုအပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက်ပိုင်း ( ဇူလိုင် ၂၃ ရက်) မှာပဲ လူငယ်လေးတစ်ဦး သေဆုံးခဲ့ရပါတယ်။ အရှေ့မော်တုန်းကျေးရွာ အရှေ့စုရပ်မှ မိုင်းမိုင်ချေးလို့အမည်ရတဲ့ လူငယ်လေးတစ်ဦးက ရွာထိပ်မှာ လမိုင်းချေးတွေယူပြီး လမ်းမြေဖို့ လုပ်ခဲ့တယ်။ အဲဒီကအပြန်မှာ လှေတိမ်းမှောက်ပြီး ရေထဲမျောသွားတယ်။ ဖြစ်စဉ်ဖြစ်တုန်းက နှစ်ဦးပါခဲ့တယ်။ တစ်ဦးတော့ ပြန်ဆယ်လိုက်နိုင်တယ်။ တစ်ဦးကိုတော့ လက်လွှတ်လိုက်ရပြီး အခုသေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်ဆယ်ရရှိပါပြီ။ ရေကြီးမှုဖြစ်စဉ် အတွင်းမှာ ပထမဆုံး ထိခိုက်ဆုံးရှုံးမှုပါပဲ။ မြစ်ရေအခြေအနေက နည်းနည်းပြန်ကျနေပါပြီ။ ဇူလိုင် ၂၃ ရက် ညနေပိုင်းမှာ တိုင်းထွာချက်အရ ၂၃ ပေ ၅ လက်မအထိ ပြန်ကျနေပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဆိုသည်။

မြစ်ရေပြန်လည်ကျဆင်းလာမှုကြောင့် ပြည်ထောင်စုလမ်းမကြီးရှိ အစိတ်အပိုင်း တချို့ကို မော်တော်ယာဉ်များ တိုက်ရိုက်ဖြတ်သန်းသွားလာနိုင်သော်လည်း တချို့နေရာများတွင်မူ ဇက်များဖြင့်ကူးနေရသေးကြောင်း သိရသည်။

“ပြည်ထောင်စုလမ်းမကြီးမှာတော့ လောလောဆယ် တနင်္သာရီကနေ သုံးမိုင်လောက် ဝေးတဲ့လယ်တောင်ယာရွာဘက်မှာ ကားတွေကူးလို့ရအောင် ဇက်တွေစီစဉ်ပေးခဲ့တယ်။ တချို့နေရာတွေမှာကျတော့ ဇက်လည်း ၀င်လို့မရဘူး။ အဲဒီနေရာတွေမှာတော့ ကျေးရွာတွေက လှေတွေ၊ ဖောင်တွေနဲ့ ကူးလို့ရအောင် လုပ်ပေးထားတယ်။ တချို့ကျေးရွာတွေမှာတော့ ရေမြုပ်တယ်။ ဆက်သွယ်ရေး ပြတ်တောက်နေတော့ စာရင်းကို ကျွန်တော်တို့ အတိအကျ မလုပ်နိုင်သေးဘူး။ အဲဒါကို အုပ်ချုပ်ရေးပိုင်းက သေချာသိနိုင်အောင်လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။ ကျောင်းတွေကိုတော့ တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၇ ပေ ထက်နည်းနည်းလျော့သွားရင် ပြန်ဖွင့်နိုင်မယ့် အနေအထားရှိပါတယ်” ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောကြားသည်။

တနင်္သာရီမြစ်ရေလွှမ်းမှုမှာ ၁၀ ရက်ခန့် ရှိလာပြီဖြစ်ပြီး တချို့နေရာများတွင် ရေသန့် နှင့် ဆန်များ အဓိကလိုအပ်နေကြောင်း သိရသည်။

ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးနှင့် မြိတ်-တနင်္သာရီ-မောတောင် ( ထိုင်းနယ်စပ် )သို့ ဆက်သွယ်ထားသည့် လမ်းအပိုင်းတွင် နေရာအတော်များများကို ကားများဖြတ်သန်းသွားလာနိုင်ပြီ  ဖြစ်သော်လည်း လယ်တောင်ယာရွာတွင်မူ ကားလမ်းပေါ်တွင် ရေလေးပေခန့်ကျန်ရှိနေသောကြောင့် ဇက်များ၊ ဖောင်များဖြင့် ပို့ဆောင်ပေးရဆဲဖြစ်ကြောင်း သိရသည်။

 

တနင်္သာရီမြစ်ရေကြီးမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာ ၂၇ ခု ရေနစ်မြုပ်နေပြီး လူဦးရေ ၅၀၀၀ ကျော် ရေကြီးမှုဒဏ် ခံစားနေရ

တနင်္သာရီမြစ်ရေကြီးမှုကြောင့် အခြေခံပညာ အထက်တန်းကျောင်း (တနင်္သာရီမြို့) ၀န်းကျင် ရေကြီးနစ်မြုပ် နေသည်ကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ်

တနင်္သာရီမြစ်ရေ ကြီးမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာ ၂၇ ခု ရေနစ်မြုပ်နေပြီး လူဦးရေ ၅၀၀၀ ကျော်ရေကြီးမှုဒဏ် ခံစားနေရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း တည်ရှိသည့် တနင်္သာရီမြစ်ရေမှာ ပြီးခဲ့သည့် အပတ်မှ စတင်ပြီး မြစ်ရေတက်လာရာ လက်ရှိအနေထားတွင် အန္တရာယ်ရေထက် ကျော်လွန်ပြီး ၂၅ ပေ ၃ လက်မတွင် တည်ရှိနေကြောင်း သိရသည်။ မြစ်ရေတက်လာမှုကြောင့် တနင်္သာရီမြို့ပေါ် ရှိချောင်းကြီးနှင့် ချောင်းငယ်ရပ်ကွက် နှစ်ခုစလုံး ရေနစ်မြုပ်ခဲ့သလို ပတ်ဝန်းကျင် ကျေးရွာပေါင်း ၂၅ ရွာအထိ ရေနစ်မြုပ်မှု ခံစားနေရသည်။ နေအိမ်မှာ ရေနစ်မြုပ်ခြင်း၊ ကားလမ်းများ ရေကျော်နေခြင်း ဖြစ်ပေါ်နေပြီး စာသင်ကျောင်းများကိုလည်း ပိတ်ထားရကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရကြောင်း သိရသည်။

“မြို့နယ် ရေဘေးကယ်ဆယ်ရေး အဖွဲ့နှင့် အစိုးရအဖွဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဇူလိုင်၂၀ ရက်ကလည်း အစိုးရအဖွဲ့ ၀န်ကြီးများ ရေဘေးဖြစ်နေတဲ့နေရာအရောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လာရောက် ဆောင်ရွက်ပေးခဲ့ပါတယ်။ မြို့နယ် ရေဘေးကယ်ဆယ်ရေး အဖွဲ့အနေနှင့်လည်း အဖွဲ့သုံးဖွဲ့ခွဲပြီး သက် ဆိုင်တဲ့လမ်းကြောင်းအလို့် သွားနေပါတယ်။ မြိတ်က ပရဟိတအဖွဲ့တွေလည်း လာရောက် လှူဒါန်းပေးတာရှိတယ်။ မြိတ်ခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ကလည်း လာပြီးကူညီပေးတာ ရှိတယ်။ အဆိုးရွားဆုံးဖြစ်တဲ့ နေရာတွေက မြန်မာအင်းတော်ကျေးရွာ ဖြစ်ပါတယ်။ အဲဒီ နေရာမှာဆိုရင် လူဦးရေ ၂၀၀ ကျော်လောက် ရွှေ့ပြောင်းလိုက်ရတယ်။ မြေမအုံဘက်မှာ လည်း မြေနိမ့်ပိုင်းများတဲ့ ထိခိုက်မှုတွေရှိပါ တယ်။ ကျွန်တော်တို့ တနင်္သာရီမြို့နယ်က နှစ် စဉ်ရေ ကြီးတဲ့ အလေ့အထ ရှိပါတယ်။ တစ် နှစ်တစ်ကြိမ်လောက်တော့ ကြီးပါတယ်။ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ ရေမကြီးခဲ့ဘူး။ အခု ၂၀၁၈ ခုနှစ်မှာ ပြန်ပြီးကြီးတဲ့အနေအထား ရှိတယ်။ ထားဝယ်ဘက်မှာ မိုးရွာသွန်းမှုအရမ်း များလာရင် ချောင်းကြီးချောင်းကနေ ရေတွေ ဆင်းလာတယ်။ အဲဒီမှာ ချောင်းငယ်ရေနှင့် ဆုံပြီးတက်လာတဲ့သဘောပါ။ ပြည်ထောင်စု လမ်းမကြီးမှာကတော့ လောလောဆယ် တန င်္သာရီမြို့ကနေ သုံးမိုင်လောက်ဝေးတဲ့ လယ်တောင်ယာရွာဘက်မှာ ကားတွေကူးလို့ရအောင် ဇက်တွေစီစဉ်ပေးထားပါတယ်။ တချို့ နေရာတွေမှာတော့ ဇက်လည်းဝင်လို့မရဘူး ဆိုရင် ကျေးရွာတွေကနေ ဖောင်တွေ၊ လှေတွေ နှင့်ထပ်ကူးပေးနေတာ ရှိပါတယ်” လို့ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောကြားသည်။

လက်ရှိအနေအထားတွင် တနင်္သာရီမြစ်ရေမှာ တဖြည်းဖြည်းချင်း ပြန်လည်ကျဆင်းနေပြီး ဇူလိုင် ၂၂ ရက် နံနက်ပိုင်း ကောက်ယူထားသော စာရင်းများအရ ရေဘေးသင့်ပြည် သူ ၅၄၇၇ ဦးရှိနေပြီး မြစ်ရေမှာလည်း ၂၆ ပေကျော်မှ ၂၅ ပေ ၁ လက်မအထိ ပြန်လည်ကျဆင်းနေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောကြားသည်။

တနင်္သာရီမြို့နယ်အပြင် မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်တွင်လည်း ရေကြီးမှုဒဏ်ကိုခံစားနေရပြီး စာသင်ကျောင်းများ ပိတ်ထားရသလို နှစ်မြို့နယ်ပေါင်းတွင် လယ်နှင့်ဥယျာဉ် ဧကပေါင်း ၄၀၀၀ ကျော် ရေနစ်မြုပ်နေကြောင်း သိရသည်။

“ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတာက နောက်ဆုံးအခြေအနေမှာ ၁၁ ခုရှိပါတယ်။ ပုလောမြို့နယ်မှာ နှစ်ခု၊ တနင်္သာရီမြို့နယ်မှာ ကိုးခု၊ အားလုံးအားလုံး ၁၁ ခုရှိပါတယ်။ သီးနှံနစ်မြုပ်မှုကွင်းပေါင်း ၉၄ ခုမှာ တောင်သူ ပေါင်း ၈၀၄ ဦးရဲ့ နစ်မြုပ်ဧကပေါင်း ၄၁၃၅ ရှိပါတယ်။ ကျောင်းတွေ ပိတ်ထားရတာက ပုလောမှာဆိုရင် အထကကျောင်း တစ်ကျောင်း၊ အလက တစ်ကျောင်း၊ အမက ၁၁ ကျောင်း ပိတ်ထားတာရှိတယ်။ တနင်္သာရီမှာဆိုရင် အထက လေးကျောင်း၊ အလက ကိုးကျောင်း၊ အမက ၁၇ ကျောင်း ပိတ်ထားတာ ရှိပါတယ်” ဟု မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက ဆိုသည်။

တနင်္သာရီမြို့နှင့် ပုလောမြို့နယ်တွင် စာသင်ကျောင်းပေါင်း ၄၀ ကျော် ပိတ်ထားရကာ တချို့ကျောင်းများမှာ ရေနစ်မြုပ်ခြင်း မရှိသော်လည်း ကျောင်းသူ ကျောင်းသားများအတွက် သွားလာရာတွင် အန္တရာယ်မဖြစ်အောင် ပိတ်ထားရခြင်း၊ တချို့ကျောင်းများတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားခြင်းများရှိသည်။

မြိတ်ကျွန်းစုနှင့် ပုလောမြို့နယ်များတွင် မိုးလေ၀သသာရှိပြီး ဇလဗေဒမရှိ ဖြစ်နေကြောင်း၊ ချောင်းမြောင်းများ ပေါများပြီး မိုးသည်းထန်စွာ ရွာသွန်းတတ်သည့်အတွက် ဇလဗေဒထားရှိရန် တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ မြစ်ရေကြီးမှုဒဏ် ခံစားနေရ သည့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြသလို လက်ရှိအနေထားတွင် ရေသန့်နှင့် စားသောက်ကုန်များ လိုအပ်နေကြောင်း သိရသည်။

 

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိလာပြီးနောက် မြို့တွင်းမြေနိမ့်ပိုင်းများသို့ ရေများဝင်ရောက်

မြို့တွင်း မြေနိမ့်ပိုင်းများတွင် နေအိမ်အောက်ခြေများအထိ ရေ၀င်ရောက်ခြင်း၊ လမ်းများရေကျော်ခြင်းများ ဖြစ်ပေါ် စဉ်

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိလာပြီးနောက် မြို့တွင်း မြေနိမ့်ပိုင်းများသို့ ရေများစတင်ဝင်ရောက်နေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တနင်္သာရီမြို့နယ်ကို ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်မှာ ဇူလိုင် ၁၅ ရက်မှ စတင်ပြီး စိုးရိမ်ရေအမှတ် ကျော်လွန်ရောက် ရှိလာခဲ့ကာမြို့တွင်း မြေနိမ့်ပိုင်းများတွင် နေအိမ်အောက်ခြေများအထိ ရေ၀င်ရောက်ခြင်း၊ လမ်းများရေကျော်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“တနင်္သာရီမြို့နယ် ချောင်းကြီးရပ်ကွက်မှာရှိတဲ့ မြေနိမ့်ပိုင်းတွေဖြစ်တဲ့ ရွှေလိပ်ပြာလမ်း၊ တိုးချဲ့ ( ၁ )၊ (၂)၊ (၃)၊ (၅) စတဲ့ လမ်းတွေမှာ နေအိမ်အောက်ပိုင်းအထိ ရေ၀င်နေတာတွေ ရှိနေတယ်။ တနင်္သာရီမြစ်ရဲ့ စိုးရိမ်ရေအမှတ်က ၁၇ ပေရှိပါတယ်။ လက်ရှိအနေအထားမှာတော့ ၁၇ ဒသမ ၆ ပေအထိ တက်လာနေပြီဖြစ်တဲ့အတွက် စိုးရိမ်ရေအမှတ်ကို ကျော်လွန်သွားပါပြီ။ မြေနိမ့်ပိုင်းက အိမ်ခြေ ၆၀ ကျော်လောက် ရေ၀င်မှုကို ခံနေရပါတယ်” ဟု တနင်္သာရီမြို့နယ်မှ ကိုကျော်မျိုးက ပြောကြားသည်။

တနင်္သာရီမြစ်မှာ နှစ်စဉ်မိုးတွင်းကာလရောက်ရှိတိုင်း မြစ်ရေတက်ကာ မြို့ပေါ်ရှိ နေအိမ်များကို ရေလွှမ်းမိုးမှုဖြစ်ပေါ်လေ့ရှိကြောင်း၊ တနင်္သာရီမြို့တွင် ရေတံခါး၊ ရေသွင်းမြောင်းများ၊ ရေထုတ်ပြွန်များ  တည်ဆောက်ပြီးနောက် မြစ်ရေကြီးမှုဒဏ်ကို နှစ်အနည်းငယ်သက်သာခဲ့ကြောင်း သိရသည်။

“လေးနှစ်ကြာပြီးမှ ဒီလိုရေပြန်ကြီးတာ ကြုံရပါတယ်။ မြစ်ရေကတော့ လက်ရှိအနေအထားအထိ မကျသေးပါဘူး။ တန့်နေပါတယ်။ မြေနိမ့်ပိုင်းက နေအိမ်တချို့ကတော့ ပစ္စည်းတွေကို ရွှေ့ပြောင်းနေကြပါပြီ” ဟု ရွှေလိပ်ပြာလမ်းတွင် နေထိုင်သော ဦးသိန်းစိုးဝင်းက ပြောကြားသည်။

ထားဝယ်ဘက်တွင် မြစ်ဖျားခံပြီး တနင်္သာရီရိုးမတစ်လျှောက် ဖြတ်သန်းစီးဆင်းလာသော တနင်္သာရီမြစ်မှာ မိုးရွာသွန်းမှုများပြားလာပါက မြစ်ရေတက်လာတတ်ပြီး လက်ရှိအနေအထားတွင်လည်း မိုးရွာသွန်းမှု ဆက်လက်များပြားနေသည့်အတွက် သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။