တရုတ် တစ်ရှူးငှက်ပျောခင်းများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်နေပြီး ဒေသခံကျေးရွာများ ဆိုးကျိုးခံစားနေရ

တရုတ် တစ်ရှူးငှက်ပျောခင်းများတွင် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက်နေပြီး ဒေသခံ ကျေးရွာများ ဆိုးကျိုးများ ခံစားနေရကြောင်း ဒေသခံ ရပ်မိရပ်ဖများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောကြားသည်။

တရုတ် တစ်ရှူးငှက်ပျောခင်းများတွင် အနယ်နယ်အရပ်ရပ်မှ လုပ်သားပေါင်း ထောင်နှင့်ချီ လာရောက် လုပ်ကိုင်နေပြီး ရဲစခန်း၊ တပ်မတော်လုံခြုံရေးစခန်း၊ ကျေးရွာများနှင့် အလှမ်းကွာဝေးနေသည့်အတွက် မူးယစ်ဆေးဝါး သုံးစွဲမှုကို မည်သို့မျှ ထိန်းသိမ်း မရအောင် ဖြစ်နေကြောင်း၊ တစ်ရှူးငှက်ပျောခင်းနှင့် မဝေးသည့် ကျေးရွာများတွင် နေအိမ်ပစ္စည်းများ ပျောက်ဆုံးလျက်ရှိပြီး နေ့နေ့ညည စိတ်မချရသည့် အနေအထားများ ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

မြစ်ကြီးနားမြို့နယ် ရွာသစ်ကျေးရွာမှ ရပ်မိရပ်တစ်ဦးက “မူးယစ်ဆေးတွေကို ငှက်ပျောခင်းတွေမှာ ဟင်းသီးဟင်းရွက် ရောင်းသလို ဖြစ်နေတာ။ ငှက်ပျောစိုက်ကွက်တွေက ကျယ်တော့ ဘယ်သူမှလည်း မထိန်းချုပ်နိုင်ဘူး။ ငှက်ပျောခုတ် ရာသီဆိုရင် ငွေရွှင်တော့ ဆေးသုံးကြတယ်။ အခုတော့ စွဲနေကြပြီ။ လူပျိုတက်စလေးတွေ လက်တည့်စမ်းနေကြတာ။ နောက်ပြီး အိမ်ထောင်ကျစအရွယ်တွေ အများစုသုံးနေတာ။ အခုကျတော့ ဆေးသုံးတော့ တရုတ်လုပ်ငန်းရှင်က ခေါ်မခိုင်းဘူး။ မခိုင်းတော့ ငွေမရှိဘူး။ မရှိတော့ ခိုးတော့တာ။ အခုတောရွာမှာ ဆိုင်းကယ်တို့၊ တိုလီမုတ်စတွေအပြင် အိမ်ကြက်ပါ ခိုးပြီး ရောင်းနေကြတဲ့ အဆင့်ရောက်ပြီ။ ကျွဲ၊ နွားတွေဘက် လှည့်မှာကို ရွာသားတွေက ကြောက်နေရတယ်။ ရွာသစ်ကျေးရွာဝန်းကျင်မှာပဲ ငှက်ပျောစိုက်တာ ဧက တစ်သောင်းလောက်။ ဆယ်မိုင် ပတ်လည်လောက် ဘယ်သူက ဖမ်းနိုင်မလဲ။ ကျွန်တော်ကဖြင့် ကလေးတွေ ကြီးလာမှာကို ကြောက်နေတယ်။ တခြားမြို့ရွာတွေကို ပြောင်းဖို့လည်း ကြိုးစားနေတယ်။ ရွာသူ၊ ရွာသားတွေလည်း ရိုးအလွန်းကြတော့ မနှစ်ကရောင်းတဲ့ မြေတွေမှာ အငှားတွေ လုပ်စားနေကြပြီ။ ဒီရွာတွေရဲ့ ရေရှည် အနာဂတ်ဟာ ကြောက်စရာကို ကောင်းနေပြီ။ အစိုးရပိုင်းက သိလား မသိလားတော့ မသိဘူး။ ကျွန်တော်တို့ ကျေးရွာတွေက စဉ်းစားလေ။ ရင်လေးစရာကောင်းလေပဲ” ဟု ပြောကြားသည်။

တစ်ရှူး ငှက်ပျောခင်းများတွင် ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြား (ရာဘ) မှာ အများဆုံး အသုံးပြုကြောင်း သိရပြီး စိတ်ကြွဆေးပြား တစ်ပြားကို ကျပ်တစ်ထောင်သာရှိပြီး ဘိန်းဖြူမှာလည်း ငွေထောင်ပိုင်းဖြင့် အမျိုးမျိုးသုံးစွဲနေကြကြောင်း ပြောကြားသည်။

မူးယစ်ဆေးသုံးသူ တစ်ဦးက “ငှက်ပျောဆိုက်တွေမှာက ရောင်းသူတွေ များတယ်။ ငှက်ပျောခင်းမှာ နေတဲ့လူတော့ မဟုတ်ဘူး။ အပြင်မှာကပ်ပြီး ရောင်းတာပေါ့။ ငှက်ပျောထမ်းတော့ လူတွေက တအား ပင်ပန်းတယ်လေ။ ဆေးပြားရှူတာပေါ့။ တချို့ကတော့ အဖြူကို ရှူတယ်။ ထိုးတယ်။ ဆေးထိုးပိုက်တွေတောင် ပေါင်းထိုးနေကြတာလည်း ရှိတယ်။ ကျွန်တော်က မလုပ်ရဲဘူး။ အဖြူက စသုံးပြီးတာနဲ့ မသုံးရင် မနေနိုင်ဘူး။ ရင်းထတယ်။ ဆေးပြားက ရင်းထတာ မဖြစ်ဘူး။ ကုမ္ပဏီ တရုတ်လောပန်းတွေက ဆေးစွဲနေရင် မောင်းထုတ်ကြတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးဇုန်အဖြစ် ဖားကန့်ကဲ့သို့သော ကျောက်စိမ်းမှော်၊ ရွှေမှော်၊ ပယင်းမှော်များတွင်သာ မူးယစ်ကုန်သည်များက ပစ်မှတ်ထားခဲ့ပြီးနောက် ရွှေ့ပြောင်းလုပ်သား သောင်းချီနေသည့် တရုတ် တစ်ရှူးငှက်ပျော စိုက်ခင်းများမှာလည်း မူးယစ်ဖြန့်ဖြူးရာတွင် အဓိကနေရာတွင် ပါဝင်လာခဲ့ပြီ ဖြစ်သည်။

တရားမ၀င် တစ်ရှူးငှက်ပျောခင်းများ စိုက်ပျိုးနေမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာပြီး ၂၀၁၇ ခုနှစ် မတ်လတွင် အစိုးရကောက်ယူထားသည့် စာရင်းအရ ဧက လေးသောင်းကျော်သာ တင်ပြထားသော်လည်း လက်ရှိအချိန်တွင် ဧကပေါင်း တစ်သိန်းအထက် ရှိနေပြီ ဖြစ်သည်။

တရုတ် တစ်ရှူးငှက်ပျော စိုက်ပျိုးမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ်လွှတ်တော်တွင်လည်း အငြင်းပွားမှုများ ရှိနေဆဲဖြစ်ပြီး ဒေသခံ တောင်သူနှင့် အစိုးရအဖွဲ့က မြေငှားဈေးနှုန်းနှင့် အခွန်ငွေများ ဘီလျံချီကာ နစ်နာနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြထားသည်။

တရုတ် ငှက်ပျောစိုက်ခင်း ကိစ္စကြောင့် ကချင်ပြည်နယ် မြေယာခွန် ဥပဒေကြမ်း အတည်ပြုရေး ရက်ရွှေ့ဆိုင်း

ကချင်ပြည်နယ် မြေယာခွန် ဥပဒေကြမ်း ကချင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုရေး တရုတ်တစ်ရှူး ငှက်ပျောစိုက်ခင်း အခွန်ကိစ္စ အငြင်းပွားမှုကြောင့် ရက်ရွှေ့ဆိုင်းခဲ့သည်။

ယင်းဥပဒေကြမ်းကို ကချင်ပြည်နယ် အစိုးရအဖွဲ့က တင်သွင်းခဲ့ပြီး ဧပြီ ၄ ရက်တွင် ကျင်းပသည့် ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုရန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မြေယာခွန် ဥပဒေကြမ်းတွင် ယခင်က ရရှိခဲ့သည့် အခွန်နှုန်းထားများ ဖြစ်သည့် ကျပ်၊ ပြား အဆင့်များကို အဆ ၂၀၀ မှ အဆ ၃၀၀ အထိ တိုးမြင့် ကောက်ခံခဲ့ခြင်းဖြစ်ပြီး တစ်ရှူးငှက်ပျော စိုက်ခင်းများကို တစ်ဧက ကျပ် ၁၀၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ တိုးမြှင့် ကောက်ခံရန်အချက်နှင့် ပတ်သက်ပြီး လွှတ်တော်တွင် အချင်းများခဲ့ခြင်း ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်များက တစ်ရှူးငှက်ပျော စိုက်ပျိုးမှုမှာ တရားဝင် မဟုတ်ကြောင်း သိရှိထားသော်လည်း ကန်ပိုင်တည် နယ်စပ်ဂိတ်မှ ထွက်သွားသည့် တရုတ်ငှက်ပျောသယ် ယာဉ်များကို တစ်စီးလျှင် ကျပ် ၆၀၀၀၀ နှုန်းဖြင့် စည်ပင်သာယာဌာနက အန္တရာယ်ခွန်အဖြစ် ကောက်ခံနေခြင်း ဖြစ်ကြောင်း၊ အစိုးရဘက်မှ ကွင်းဆင်း လေ့လာမှုနှင့် စည်းကြပ်နိုင်မှု အားနည်းခြင်းများ တွေ့နေရကြောင်း၊ လက်ရှိ အနေအထားအရ ဆက်လက် တိုးချဲ့နေခြင်းနှင့် လာမည့် အန္တရာယ်ကို ကြိုတင် မခန့်မှန်းနိုင်ခြင်းကြောင့် အခွန်နှုန်းထား လျှော့ပေါ့ ကောက်ခံသည်မှာ မဖြစ်သင့်ကြောင်း၊ မည်သည့်နည်းဖြင့် တားဆီးမရပါက အခွန်စည်းကြပ်ခြင်းမှာ အထိရောက်ဆုံး ဖြစ်ကြောင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ကလည်း မြေပြင် ကွင်းဆင်း စစ်ဆေးခြင်း၊ စိုက်ပျိုးမြေဧကများကို တိကျစွာ တိုင်းတာခြင်းများ လုပ်ကိုင်သင့်ကြောင်း၊ သတိလက်လွတ် ပစ်ထားပါက နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တရားဥပဒေ စိုးမိုးမှုကိုပါ ထိခိုက်နေပါကြောင်း၊ လုပ်ငန်းရှင်ကြီးများ ယခင်အစိုးရ လက်ထက်က အာဏာရှိသူများ၊ အုပ်ချုပ်သူများနှင့် နီးစပ်သူများက မြေလွတ်မြေလပ်များ ဧကပေါင်းများစွာ ရယူပြီး ဥပဒေ နည်းလမ်းမကျဘဲ တရုတ် တစ်ရှူးငှက်ပျော စိုက်ပျိုးနေမှုများမှာလည်း အစိုးရအတွက် ကြီးမားသော နစ်နာမှုများ ရှိနေကြောင်း ထောက်ပြခဲ့ကြသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စီးပွားရေး၊ စီမံကိန်းနှင့် ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝေလင်းက “တစ်ရှူးငှက်ပျောကို ဥပဒေထဲကို အရင်ထည့်သွင်းပြီး အခြားသီးနှံတွေအတိုင်း သတ်မှတ်တဲ့အတိုင်း ကောက်စေချင်တာပဲ။ တစ်ရှူးငှက်ပျော စိုက်လိုတယ်ဆိုရင် ခွင့်ပြုချက် တောင်းပြီး စိုက်ပျိုးခွင့် ရှိပါတယ်။ ပြည်ထောင်စုက သတ်မှတ်ထားတာ ဥယျာဉ်မြေခြံမြေဆိုရင် ကျပ်ငွေ ၂၀၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်အထိ ရှိပါတယ်။ ဒါက ပြည်ထောင်စုက သတ်မှတ်တာပါ။ ပြည်နယ်ဥပဒေတွေကိုလည်း ပြည်ထောင်စုက လွှမ်းမိုးနေပါတယ်။ ဒါကြောင့် ဥပဒေနဲ့အညီ လုပ်ပြီး ကျပ်ငွေ ၃၀၀၀ အထိသာ ကောက်ခံနိုင်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ ထွန်းလင်းအောင်