အောင်လံမြို့တွင် နှစ်ဆန်း (၁) ရက်နေ့၌ သံဃာတော်အပါး ၅၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူ

အောင်လံမြို့ တောင်ပိုင်းရပ်ကွက်များတွင် နှစ်စဉ်မြန်မာနှစ်သစ်ကူးနေ့ သံသဃာတော်များကို ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင်လည်း သံဃာတော်အပါး (၅၀၀) ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

“နှစ်ဆန်း ၁ ရက်နေ့ ဆွမ်းဆန်စိမ်းလောင်လှူပွဲက အောင်လံတောင်ပိုင်းရပ်ကွက်တွေမှာ လုပ်တာပါ။ အလှူခံတဲ့ သံဃာတော်တွေကလည်း နှစ်ဖွဲ့ရှိပါတယ်။ သဲအင်းဂူကျောင်းက ဘုန်းတော်ကြီးတွေက စက်ရုံရပ်ကွက်ကိုပဲ အလှူခံတာပါ။ ဒီဘက်ရွာထောင်ရပ်ကွက်ဘက်က မြသိန်းတန်ဘုရားကြီး ဂေါပကအဖွဲ့က ဦးဆောင်ပြီးလုပ်တဲ့ ဆွမ်းဆန်စိမ်းအလှူခံတဲ့ ဘုန်းတော်ကြီးတွေကတော့ တောင်ပိုင်းတစ်ပိုင်းလုံးကို လိုက်လံအလှူခံတာပါ” ဟု အောင်လံမြို့ခံတစ်ဦးက ပြောပါသည်။

ထိုသို့ ဆွမ်းဆန်စိမ်းလောင်လှူပွဲတွင် ဘုန်းကြီးကျောင်း ၁၈ ကျောင်းမှ သံဃာတော်အပါး (၅၀၀) ကျော်၊ သီလရှင်ကျောင်း ၁၀ ကျောင်းကျော်မှ သီလရှင်အပါးပေါင်း ၂၀၀ ကျော် ရပ်ကွက်ဆွမ်းအသင်းများလည်း ပါဝင်ခဲ့ပြီး ဆွမ်းဆန်စိမ်းလောင်လှူပွဲကို နေ့လယ် ၂ နာရီကျော်မှ စတင်ကာ ကျင်းပခဲ့ကြောင်း သိရပါသည်။

“ကျွန်တော်တို့ မြသိန်းတန်ဘုရာကြီး ဂေါပကက ဦးဆောင်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲလုပ်တာ ဒီနှစ်နဲ့ဆို ၂၆ ကြိမ် ရှိပါပြီ။ ရပ်ကွက်သူ ရပ်ကွက်သားတွေ အနေနဲ့ ဘာသာသာသနာအတွက် တတ်နိုင်သလောက် အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်ပြီး လုပ်တာပါ” ဟု မြသိန်းတန်ဘုရားကြီး ဂေါပကဥက္ကဌ ဦးဆန်းအောင်က ပြောပါသည်။

ထိုသို့ ဆွမ်းဆန်စိမ်းလောင်လှူပွဲတွင် အောင်လံမြို့ပေါ်ရပ်ကွက်နေ ပြည်သူများမှ ဆွမ်းဆန်တင်း ၂၀၀၀ ကျော်ကို လောင်းလှူခဲ့ကြောင်း သိရပါသည်။