တိုကျိုရှိ ဆုကီဂျီငါးဈေးနေရာတွင် အစားထိုးသည့် ငါးဈေးသစ် စတင်ဖွင့်လှစ်

စက်တင်ဘာ ၃ ရက်တွင် တိုကျိုရှိ ဆုကီဂျီငါးဈေး၌ အလုပ်သမားများကို တွေ့ရစဉ် (Photo: AFP)

လာမည့်လတွင် ပိတ်ပစ်မည့် ကမ္ဘာကျော် ဆုကီဂျီ ငါးဈေးနေရာတွင် အစားထိုးသည့် ခေတ်မီငါးဈေးသစ်ကို တိုကျိုမြို့တော်ဝန်က စက်တင်ဘာ ၁၃ ရက်တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

“တိုယိုစုငါးဈေးက ဘေးကင်းလုံခြုံပါတယ်။ ဒီအကြောင်းကို လက်ကားရောင်းချသူတွေ၊ ၀ယ်ယူသူတွေနဲ့ ဖောက်သည်တွေ အားလုံးကို ကျွန်မပြောပြချင်တယ်” ဟု ဆုကီဂျီအရှေ့ဘက်စွန်းရှိ ဓာတ်ငွေ့စက်ရုံဟောင်း တစ်ခုတွင် တည်ရှိသည့် ငါးဈေးရုံအသစ်ကို မြို့တော်ဝန် ယူကီကိုကိုအီကဲက ရည်ညွှန်း ပြောကြားခဲ့သည်။

သက်တမ်း ၈၃ နှစ်ကြာပြီဖြစ်သည့် ဆုကီဂျီ ငါးဈေးသည် ခေတ်မမီတော့သည့် အဆောက်အအုံများနှင့် ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများအတွက် ဝေဖန်ခံခဲ့ရသည်။ ငါးဈေးကို ပြောင်းရွှေ့ရန် စီစဉ်မှုများကို နှစ်နှစ်ချီ လုပ်ဆောင်ခဲ့ပြီး နေရာပြောင်းရွှေ့မှုကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ရန် မူလက စီစဉ်ခဲ့သည်။ သို့သော် တိုယိုဆုတွင် မြေသန့်ရှင်းမှု မရှိကြောင်း ရှာဖွေတွေ့ရှိမှု အပါအ၀င် များစွာသော ကြန့်ကြာမှုများကြောင့် ပြောင်းရွှေ့မည့်အချိန်ကို ရွှေ့ဆိုင်းခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဆုကီဂျီငါးဈေးအသင်း၏ ဥက္ကဋ္ဌ ဟီရိုယာဆုအီတိုက ‘တကယ့်ကို ပြောင်းရွှေ့ခဲ့ရပြီ’ ဟု ပြောကြားခဲ့သည်။

ဆုကီဂျီသည် ကမ္ဘာ့အကြီးဆုံး ငါးဈေးတစ်ခုဖြစ်ပြီး စားသောက်ဆိုင်များနှင့် ဆိုင်များပြည့်နှက်နေသည့် ခရီးသွားများကို ဆွဲဆောင်သည့် နာမည်ကျော်နေရာတစ်ခု ဖြစ်သည်။ ၁၉၃၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ယင်းငါးဈေးသည် အရုဏ်မတက်မီ တူနာငါး လေလံဆွဲမှုအတွက် နာမည်ကျော်ခဲ့သည်။

Ref: AFP