အမေရိကန်က သတိပေးထားသည့်ကြားမှ သူပုန်များကို တိုက်ခိုက်သွားမည်ဟု ဆီးရီးယားအစိုးရ ပြောကြား

ဧပြီ ၂၂ ရက်က ဒမတ်စကတ်တောင်ပိုင်းတွင် ဆီးရီးယားအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးလုံးများ ထွက်ပေါ်နေစဉ် (Photo – AFP)

ဆီးရီးယားနိုင်ငံတောင်ပိုင်း ဒါရာပြည်နယ်ထဲရှိ သူပုန်များအား ထိုးစစ်ဆင်ခြင်း မလုပ်ရန် အမေရိကန်က သတိပေးထားသော်လည်း ဆီးရီးယားအစိုးရသည် အကြမ်းဖက်သမားများကို ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်သည့်အကြောင်း ဆီးရီးယားအစိုးရပိုင် သတင်းစာတွင် မေ ၂၈ ရက်က ဖော်ပြခဲ့သည်။ ထိုစဉ် ရုရှားက ဆီးရီးယားတပ်ဖွဲ့များအနေဖြင့် နိုင်ငံအနောက်တောင်ပိုင်း (အစ္စရေးအနီး) တွင် တပ်ဖြန့်သင့်သည်ဟု ပြောကြားခဲ့သည်။

ဂိုလန်ကုန်းပြင်မြင့်နှင့် ထိစပ်နေသော နယ်စပ်၌ ဆီးရီးယားတပ်ဖွဲ့များ တပ်စွဲထားသင့်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာ ဂေးလက်ရော့ဗ်က ပြောကြားခဲ့သည်။ အစ္စရေးနှင့် အီရန်ကြားမှ လိပ်ခဲတည်းလည်း အခြေအနေမှာ ပိုမိုကျယ်ပြန့်လာစဉ် ဂိုလန်ကုန်း ပြင်မြင့်နှင့် ဒါရာကြားမှ ဒေသသည် ပေါက်ကွဲလုနီးပါး အခြေအနေသို့ ရောက်လာခဲ့သည်။ ထိုစဉ် အမေရိကန်က အဆိုပါနေရာ၏ အပစ်အခတ်ရပ်စဲရေးအား ကာကွယ်ရန်အတွက် ၎င်းတို့ဘက်မှ အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်သည်ဟု သတိပေးထားသည်။ အစ္စရေးသည် ဂိုလန်ကုန်းမြင့်ကို ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်းက သိမ်းပိုက်ထားခြင်း ဖြစ်သည်။

အမေရိကန်၏ ထိုခြိမ်းခြောက်မှုသည် ဆီးရီးယား၌ အကြမ်းဖက်စစ်ပွဲအတွင်း ပါဝင်နေသော အမေရိကန်၏ ညစ်ပတ်သည့် အခန်းကဏ္ဍကို ပေါ်လွင်စေသည်ဟု မေ ၂၈ ရက်ထုတ် AI – Baath သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြခဲ့သည်။ ဆီးရီးယား စစ်တပ်သည် ဆီးရီးယားနယ်မြေအားလုံးကို ပြန်လည်သိမ်းယူရန် ဆုံးဖြတ်ထားသည့် အကြောင်းကိုလည်း အလေးပေး၍ ရေးသားထားသည်။

ဒါရာကို တင်းမာမှု လျှော့ချရေးဇုန်ထဲတွင် ထည့်သွင်းကာ ထိုနေရာမှ ပဋိပက္ခလမ်းကြောင်းများကို ထိန်းချုပ်ရန် ယမန်နှစ်က အမေရိကန်၊ ရုရှား၊ ဂျော်ဒန်တို့က သဘောတူခဲ့ကြသည်။ သို့သော် မကြာသေးမီက ဖြစ်ပွားခဲ့သော ဆီးရီးယားနှင့်အီရန်တို့ကို ပစ် မှတ်ထားသည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုနေရာ၏အခြေ အနေများမှာ တင်းမာလာခဲ့သည်။

“ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းမှာ ပဋိပက္ခလျှော့ချရေးဇုန် တည်ထောင်ဖို့ သဘောတူညီချက်ဟာ အဲဒီအပိုင်းမှာရှိတဲ့ ဆီးရီးယားမဟုတ်တဲ့ တပ်ဖွဲ့တွေအားလုံး ထွက်ခွာသွားမှသာ မျှော်မှန်းလို့ရပါလိမ့်မယ်” ဟု လက်ရော့ဗ်က မော်စကိုတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ထိုကိစ္စအတွက် ရုရှားနှင့် အမေရိကန်စစ်တပ်များသည် ပုံမှန်အဆက်အသွယ်ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။ “လက်ရှိဆောင်ရွက်မှုတွေအရ ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စရေး နဲ့ ထိစပ်နေတဲ့ ဆီးရီးယားနယ်စပ်မှာ တပ်စွဲထားသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရသည် မကြာသေးမီကပင် ဒါရာထဲရှိ သူပုန်တို့ ထိန်းချုပ်ထားသော နေရာများ၌ မကြာမီထိုးစစ်တစ်ခု ဖြစ်ပေါ်တော့မည်ဖြစ်ကြောင်း၊ သူပုန်များအနေနှင့် လက်နက်ချသင့်ကြောင်း တိုက်တွန်းရေး သားထားသည့် စာရွက်များ ကြဲချကာ သတိပေးခဲ့သည်။ လက်ရှိတွင် ဆီးရီးယားစစ်တပ်သည် နိုင်ငံတောင်ပိုင်းသို့ စစ်ကူများ ပို့နေပြီဖြစ်သဖြင့် ထိုးစစ်အတွက် ပြင်ဆင်နေခြင်း ဖြစ်ဖွယ်ရှိကြောင်း လက်ဘနွန်အခြေစိုက် AI – Mayadeen TV တွင် ဖော်ပြခဲ့သည်။

Ref ; AFP

ဆီးရီးယားအရေးအတွက် ရုရှားကမ္ဘာ့ဖလားဘောလုံးပွဲကို သပိတ်မှောက်ကြရန် HRW က တိုက်တွန်း

မေ ၂၁ ရက်က Nizhny Novgorod ရှိ အားကစားရုံအပြင်ဘက်၌ ၂၀၁၈ ကမ္ဘာ့ဖလားလာဘ်ကောင်ရုပ်ကို တွေ့ရစဉ် (Photo – AFP)

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဆီးရီးယားပြည်သူများကို ကာကွယ်ပေးရန် မလုပ်ဆောင်ပါက လာမည့်လတွင် ကျင်းပမည့် ၎င်းအတွက် အရေးပါသည့် ကမ္ဘာ့ဖလားဘောလုံးပွဲ၏ ဖွင့်ပွဲသို့ ကမ္ဘာ့ခေါင်းဆောင်များက မတက်ရောက်ခြင်းဖြင့် သပိတ်မှောက်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW ) က မေ ၂၂ ရက်တွင် တိုက်တွန်းခဲ့သည်။

ကမ္ဘာပေါ်တွင် လူကြည့်အများဆုံး အားကစားပွဲဖြစ်သည့် ကမ္ဘာ့ဖလားဘောလုံးပွဲကို ယခုနှစ်တွင် ရုရှားနိုင်ငံက ပထမဆုံး အကြိမ်လက်ခံကျင်းပမည် ဖြစ်သည်။ ရုရှားသည် ဆီးရီးယားသမ္မတ ဘာရှားအယ်အာ ဆတ်အား အဓိကထောက်ခံသူတစ်ဦးဖြစ်သည့်အပြင် ခုနစ်နှစ်ကြာ ပြည်တွင်းစစ်ပွဲအတွက် သြဇာအကြီးဆုံးသူဟု ခေါ်လျှင်လည်း မမှားနိုင်ပေ။

“ကမ္ဘာ့လူကြည့်အများဆုံး အခမ်းအနားတစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန်မှာ ရုရှားဟာ လေးစားမှုတွေရဖို့ မျှော်လင့်နေမှာဖြစ်သလို ကမ္ဘာ့လူထုရဲ့ သဘောထားကိုလည်း စောင့်ကြည့်နေမှာ ဖြစ်ပါတယ်” ဟု HRW မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ကင်နက်ရော့သ်က ဆိုသည်။

“ပူတင်ဟာ လမ်းကြောင်းပြောင်းပြီး ဆီးရီးယားမှာဖြစ်ပွားနေတဲ့ ရုရှားနဲ့ဆီးရီးယားတပ်ဖွဲ့တွေရဲ့ ရက်စက်မှုတွေကို အဆုံးသတ်ဖို့ မလုပ်ဘူးဆိုရင် ဖွင့်ပွဲနေ့ကြရင် VIP အကန့်မှာ ပူတင်နဲ့အတူ မရှိနိုင်ဘူးဆိုတဲ့ အကြောင်းကို ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အချက်ပြသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာဖလားပွဲကို ကမ္ဘာတစ်ဝန်းမှ ဘီလျံနှင့်ချီသော လူများက စောင့်ကြည့်ကြလိမ့်မည်ဟု မျှော်မှန်းရသည်။ ထိုစဉ် ဆီးရီးယားအရပ်သား၏ ဒုက္ခခံစားနေရမှုများအတွက် ရုရှားတွင် တာဝန်ရှိသည်ကို မမေ့လျော့သင့်ကြောင်း HRW က ပြောကြားခဲ့သည်။

ရုရှားသည် ဆီးရီးယားအစိုးရကို အဓိက လက်နက်တင်ပို့နေသည့် နိုင်ငံဖြစ်သည့် အပြင် ရုရှားတပ်ဖွဲ့များသည်  ဆီးရီးယား အစိုးရတပ်များနှင့် မဟာမိတ်ပြည်သူ့စစ်များကို ထောက်ပံ့မှုပေးနေသည်။

မကြာသေးမီက လုပ်ဆောင်ခဲ့သော ဒမတ်စကတ်အနီးမှ အရှေ့ပိုင်းဂိုတာ စစ်ဆင်ရေး အပါအ၀င် ရုရှား-ဆီးရီးယားတို့ ပူးတွဲပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း အရပ်သားထောင်နှင့်ချီ သေဆုံးခဲ့ရကြောင်းကို နယူးယောက် အခြေစိုက် HRW အဖွဲ့က မှတ်တမ်းတင်ထားခဲ့သည်။

နောက်ထပ်ပြုလုပ်ဦးမည့် ၎င်းတို့၏ စစ်ဆင်ရေးများတွင်လည်း သန်းနှင့်ချီသော အရပ်သားများသည် တူညီသော အဖြစ်ဆိုးမျိုးနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း HRW အမှုဆောင်ဒါရိုက်တာ ရော့သ်က သတိပေးခဲ့ပြီး အထူးသဖြင့်စစ်တပ်က မထိန်းချုပ်နိုင်သေးသော အိုင်ဒလစ်ပြည်နယ်တွင် ဖြစ်လာနိုင်ကြောင်း ထောက်ပြခဲ့သည်။ “ဆီးရီးယားက ရက်စက်ကြမ်းကြုတ်မှုတွေကို အရောင်တင်ပေးမယ့် အားကစားပွဲတစ်ခု ဖြစ်လာမှာကို ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ခွင့်မပြုပေးသင့်ပါဘူး” ဟု ၎င်းက ပြောကြားသွားခဲ့သည်။

Ref ; AFP

ပူတင်က အာဆတ်နှင့် တွေ့ဆုံစဉ် ဆီးရီးယား၌ နိုင်ငံရေးလုပ်ငန်းစဉ် စတင်ရန် ဆော်သြ

မေ ၁၇ ရက်က ဆိုချီမြို့တွင် ဆီးရီးယားသမ္မတ အာဆတ် (ယာ) အား လက်ဆွဲနှုတ်ဆက်နေသော ရုရှားသမ္မတ ပူတင် (၀ဲ) (Photo: AFP)

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်တို့ သည် မေ ၁၇ ရက်က ရှားရှားပါးပါးတွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံမှုအတွင်း ပူတင်က ဆီးရီးယားနိုင်ငံထဲမှ စစ်ရေးအောင်ပွဲသည် နိုင်ငံခြားတပ်များကို ဆုတ်ခွာသွားစေကာ နိုင်ငံ ပြန်လည် တည်ဆောက်ရေးကို ဦးတည်စေသည့် နိုင်ငံရေး လုပ်ငန်းစဉ် အကြီးစားတစ်ခုအတွက် လမ်းပွင့်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

သူပုန်တို့ ထိန်းချုပ်ခဲ့သော အီဒလစ်ဒေသသို့ ဆီးရီးယားအစိုးရ၏ထိုးစစ်ဆင်တိုက်ခိုက်မှုသည် လူပေါင်း ၂ ဒသမ ၃၃ သန်း အပေါ် သက်ရောက်မှု ရှိစေနိုင်သည်ဟု ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားအထူးသံတမန်ဖြစ်သူ စတီဖင်ဒီမစ်စတူရာက သတိပေးခဲ့ပြီး တစ်ရက်အကြာ၌ ပူတင်နှင့် အာဆတ်တို့သည် ရုရှားနိုင်ငံတောင်ပိုင်းရှိ ဆိုချီမြို့တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ တွေ့ဆုံမှုအတွင်း ခေါင်းဆောင်နှစ်ဦးသည် အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒမီထရီပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။ ထို နှစ်ဦးသည် ယမန်နှစ်ဒီဇင်ဘာလက ဆီးရီးယား ကမ်းရိုးတန်းမြို့ လာတာကီယာရှိ ရုရှား စစ်အခြေစိုက်စခန်းတွင် နောက်ဆုံး တွေ့ခဲ့ ကြခြင်းဖြစ်သည်။

“နိုင်ငံရေး လုပ်ငန်းစဉ်ကို တက်တက်ကြွကြွ စတင်မှုနဲ့အတူ နိုင်ငံခြား လက်နက်ကိုင်တပ်ဖွဲ့တွေ ဆီးရီးယားနယ်နိမိတ်ထဲက ရုပ်သိမ်းသွားကြမှာ ဖြစ်ပါတယ်” ဟု ပူတင်က ဆိုသည်။ သို့သော် မည်သည့် နိုင်ငံခြား တပ်ဖွဲ့ဟူ၍ မညွှန်းဆိုခဲ့ပေ။“နောက်တစ်ဆင့်ကတော့ ခက်ခဲတဲ့ အခြေအနေ ကြုံနေရတဲ့သူတွေအတွက် စီးပွားရေးပြန်လည် ထူထောင်ရေးနဲ့ လူသားချင်းဆိုင်ရာ စာနာ ထောက်ထားမှု အကူအညီများပေးရေးတို့ ဖြစ်ပါတယ်” ဟု ပူတင်က ဖြည့်စွက်ပြော ကြားခဲ့သည်။ ပူတင်သည် အကြမ်းဖက်အုပ်စုများကို တိုက်ရာတွင် ဆီးရီးယားအစိုးရ စစ် တပ်၏ အောင်နိုင်မှုများကိုလည်း ဂုဏ်ပြုခဲ့သေးသည်။

ဆီးရီးယားသမ္မတရုံးမှ ထုတ်ပြန်ချက်ထဲတွင် အာဆတ်က နိုင်ငံရေးလုပ်ငန်းစဉ်အတွက် ချင့်တွက်နေကြောင်း၊  ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကော်မတီတစ်ခုအတွက် ကိုယ်စားလှယ်လောင်းများကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် အာဆတ်က ဆီးရီးယားပြည်တွင်းရေး အခြေအနေတည်ငြိမ်မှုမှာ တိုးတက်မှု ရှိလာသည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားသည် ၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက ဆီးရီးယား ပြည်တွင်းစစ်ထဲတွင် ၀င်ပါခဲ့ခြင်းဖြစ်သည်။ ရုရှား၏စစ်ရေး ထောက်ပံ့မှုသည် အာဆတ်အစိုးရ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သေချာစေရုံသာမက စစ်ပွဲ၏အနေအထားကိုပါ ပြောင်းလဲစေခဲ့ခြင်းဖြစ်သည်။