ဆီးဂိမ်းစ်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ ကစားသမား လျှော့ချခဲ့ပြီး ၃၈၄ ဦးဖြင့် ယှဉ်ပြိုင်မည်

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့သည် အားကစားသမားများ လျှော့ချခဲ့ပြီး စုစုပေါင်း ၃၈၄ ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၈ မျိုးအနက် ၂၉ မျိုးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မူလက အားကစားသမား ၄၅၀ ကျော်ဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိနိုင်သည့် ကစားသမားများကို ဦးစားပေးရွေးချယ်ခဲ့သောကြောင့် ကစားသမားအရေအတွက် လျှော့ချခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း ၂၉ မျိုးအနက် ဘောလုံးအားကစားနည်း၌ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၀ ဖြင့် အင်အားအများဆုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖူဆယ်အသင်းက ၂၈ ဦး၊ ဘော်လီဘောအသင်းက ၂၄ ဦး၊ ပိုက်ကျော်ခြင်းအသင်းက ၂၃ ဦး၊ ဘတ်စကက်ဘော အသင်းက ၂၂ ဦး ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

ယခုပြိုင်ပွဲတွင် လှေလှော် အားကစားနည်း ပါဝင်လာခြင်း မရှိသောကြောင့် ယခင်ပြိုင်ပွဲများတွင် အင်အားအများဆုံး ယှဉ်ပြိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့ ပါဝင်လာခြင်းမရှိဘဲ ဘောလုံးအသင်းက အင်အားအများဆုံးဖြင့် ရပ်တည်နေခြင်း ဖြစ်သည်။ မြန်မာအားကစားအဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီသို့ မူလက ပေးပို့ထားသည့် ကစားသမားစာရင်းတွင်  အင်အား ၄၅၇ ဦးရှိသော်လည်း အပြီးသတ် ရွေးချယ်ရာတွင် ၇၀ ကျော် လျော့ကျသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာလူငယ်အသင်းများနှင့် အင်တာမီလန်လူငယ်အသင်း ခြေစမ်းပွဲကစားမည့်ရက် သတ်မှတ် ဆီးဂိမ်းစ်ပြိုင်ပွဲကြောင့် မြန်မာ ယူ-၂၂ အသင်း သြဂုတ် ၁၂ ရက်တွင် ပထမခြေစမ်းပွဲ စတင်ကစားမည်

မြန်မာ ယူ-၂၂ အသင်း လေ့ကျင့်နေစဉ် (၀ဲပုံ) နှင့် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် လေ့ကျင့်နေသည့် မြန်မာ ယူ-၁၈ အသင်း (ယာပုံ) (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာလူငယ်အသင်းများနှင့် အင်တာမီလန်လူငယ်အသင်းတို့၏ ခြေစမ်းပွဲကစားမည့်ရက်များ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းခြေစမ်းပွဲများကို သြဂုတ် ၁၂၊ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပထမခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး သြဂုတ် ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

MFF သည် ခြေစမ်းပွဲကစားရန် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း၊ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမည့် မြန်မာ ယူ-၁၈ အသင်းတို့ကို ရွေးချယ်ထားပြီး မြန်မာ ယူ- ၁၈ အသင်းနှင့် ခြေစမ်းပွဲကိုမူ သြဂုတ် ၁၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ယင်းခြေစမ်းပွဲ နှစ်ပွဲစလုံးကို ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်ပြီး ကွင်းဝင်ကြေးများကို MFF ကထပ်မံထုတ်ပြန် ကြေညာမည်ဖြစ်သည်။ အင်တာမီလန်လူငယ်အသင်းနှင့် ခြေစမ်းပွဲမှာ မြန်မာ ယူ-၂၂ အသင်းအတွက် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ နောက်ဆုံးကစားမည့် ခြေစမ်းပွဲဖြစ်ပြီး ယင်းခြေစမ်းပွဲ ယှဉ်ပြိုင်ကစားပြီးပါက ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မလေးရှားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းသည် MFF နှင့် မိတ်ဖက်ဆောင်ရွက်ခွင့်ရရန် ပြီးခဲ့သည့်နှစ်ကတည်းက ကြိုးပမ်းခဲ့သော်လည်း အပြီးသတ် သဘောတူညီမှုမရသေးဘဲ ခြေစမ်းပွဲကစားရန် ပထမအဆင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

MFF သည် ယင်းခြေစမ်းပွဲကို မူလက မန္တလေးမြို့၌ ကျင်းပရန်စီစဉ်ခဲ့သော်လည်း အင်တာမီလန်အသင်းနှင့် သဘောတူညီမှုမရခဲ့သောကြောင့် ရန်ကုန်မြို့၌သာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ခြေစမ်းပွဲကစားမည့် မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ပြင်သစ်နိုင်ငံသား ဘန်လာဘီက ကိုင်တွယ်လျက်ရှိပြီး ပြိုင်ပွဲများအတွက် ပြင်ဆင်ရန် သြဂုတ်တွင် ခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်သည်။

လက်ရှိလူစာရင်းဖြင့် ဆီးဂိမ်းစ်ရွှေဆုမရပါက အောင်မြင်ရန် ဝေးကွာလာနိုင်ဟု ဦးသန်းတိုးအောင် သုံးသပ်

မြန်မာ ယူ-၂၂ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင် (ယာမှဒုတိယ) (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာ ယူ-၂၂ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က လက်ရှိလူစာရင်းဖြင့် ဆီးဂိမ်းစ်ရွှေတံဆိပ်ဆု ရယူနိုင်ခြင်းမရှိပါက လာမည့်နှစ်များတွင် အောင်မြင်မှုရယူရန် ပိုမိုဝေးကွာလာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၂၂ အသင်းတွင် ၂၀၁၅ ခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် ယူ-၂၀ အသင်းမှ ကစားသမားအများစုပါဝင်လာပြီး လက်ရှိမြန်မာ့လက်ရွေးစင်ကစားသမား ကိုးဦးအထိ ရွေးချယ်ခံထားရသည်။

ဦးသန်းတိုးအောင်က “လက်ရှိလူစာရင်းက ပြီးခဲ့တဲ့အကြိမ်ထက် အများကြီးကောင်းပါတယ်။ ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲတုန်းက ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ တိုက်ဆိုင်နေတာကြောင့် ကစားသမားတချို့ ပါဝင်ခွင့်မရခဲ့ပါဘူး။

လက်ရှိလူစာရင်းကတော့ အကောင်းဆုံးဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ကစားသမားတချို့ မပါနိုင်သေးပေမယ့် တောင့်တင်းမှုရှိပါတယ်။ လက်ရှိလူစာရင်းနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်မရခဲ့ရင် နောက်နှစ်တွေမှာ ရယူနိုင်ဖို့ ခက်သွားပါလိမ့်မယ်။

ဒါကြောင့်လည်း သေချာပြင်ဆင်နေတာပါ။ ကစားသမားတွေကို လိုချင်တဲ့ပုံစံရအောင်ပြုလုပ်ပြီး အကောင်းဆုံးအနေအထားရအောင် ကြိုးစားသွားမှာပါ” ဟုပြောကြားသည်။

မြန်မာအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ၁၉၇၃ ခုနှစ်၌ ရွှေတံဆိပ်ရယူပြီးနောက်ပိုင်း နှစ်ပေါင်း ၄၀ ကျော်ကြာ ရွှေတံဆိပ်ရယူနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ မြန်မာအသင်းသည် ၁၉၇၃ ပြိုင်ပွဲနောက်ပိုင်း ကျင်းပသည့်ပြိုင်ပွဲများတွင် ၁၉၉၃၊ ၂၀၀၇ နှင့် ၂၀၁၅ ခုနှစ်၌ ဗိုလ်လုပွဲသုံးကြိမ် တက်ရောက်နိုင်ခဲ့သော်လည်း ထိုင်းအသင်းကို သုံးကြိမ်စလုံးရှုံးနိမ့်ကာ ငွေတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရသည်။

မြန်မာအသင်းသည် ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ရွှေငါးခု၊ ငွေလေးခု၊ ကြေးလေးခုဖြင့် တတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိပြီး ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃ ခုနှစ်တွင် ငါးကြိမ်ဆက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်းသည် ရွှေ ၁၅ ခုဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။