ယခုနှစ်အတွင်း ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ရွာကိုးရွာမှ အိမ်ခြေ တစ်ထောင်ခန့်အား ဆိုလာမီး ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်နေ

သန့်ရှင်းသောစွမ်းအင် အကြောင်းနှင့် ပတ်သက်ပြီး မီဒီယာတွေ့ဆုံပွဲ ပြုလုပ်စဉ်

ယခုနှစ်အတွင်း ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ရွာကိုးရွာမှ အိမ်ခြေ တစ်ထောင်ခန့်အား ဆိုလာမီး ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်နေကြောင်း WWF မှ စွမ်းအင်ဌာနမန်နေဂျာ ဦးရွှန်းစိုဦးက သြဂုတ် ၇ ရက်တွင် ရန်ကုန်မြို့ သံတမန်လမ်းရှိ WWF ရုံးတွင်ပြုလုပ်သည့် သန့်ရှင်းသော စွမ်းအင်အကြောင်းနှင့် ပတ်သက်ပြီး မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။

“နှစ်မကုန်ခင်မှာ အိမ်ခြေတစ်ထောင် ဆိုလာနဲ့ မီးလင်းတော့မှာပါ။ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရက ဦးဆောင်မယ်ဆိုရင် ကျွန်တော်တို့ဘက်က အကူအညီ အလုံးအရင်းနဲ့ ပံ့ပိုးပေးနိုင်ဖို့ပေါ့။ တနင်္သာရီမှာ ရွာခြောက်ရွာ အိမ်ခြေ ၇၅၀ လောက်၊ ကရင်မှာက ရွာနှစ်ရွာ အိမ်ခြေ ၂၅၀ လောက်ဆိုလာနဲ့ မီးပေးနိုင်ဖို့ လုပ်နေတာပါ” ဟု WWF မှ စွမ်းအင်ဌာန မန်နေဂျာ ဦးရွှန်းစိုဦးက ပြောကြားသည်။

လျှပ်စစ်မီးသည် အမြဲတမ်းလိုအပ်နေကြောင်း၊ အစိုးရဘက်မှ ဦးဆောင်ပေးမည်ဆိုပါက ၀ိုင်းဝန်းကူညီမည် ဖြစ်ကြောင်း ဦးရွှန်းစိုဦးက ပြောကြားသည်။

“မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံလေ။ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ပြောမယ့်အစား လက်ရှိမှာတော့ အစိုးရအဖွဲ့အစည်းတွေရော လူမှုအဖွဲ့အစည်းတွေရော ပူးပေါင်းပြီးတော့ ၂၀၁၇ ခုနှစ်မှာဆို မြန်မာနိုင်ငံအတွက် စွမ်းအင်ဘယ်လို ထုတ်လုပ်လို့ရလဲ ဆိုတာကို Clean Energy ပေါ် မူတည်ပြီး report တစ်ခုထုတ်လိုက်တယ်။ အဲဒီကနေပြီး ဘာတွေဆင့်ပွား ဖြစ်လာလဲဆိုရင် အစိုးရနဲ့ပူးပေါင်းပြီး အစိုးရ၀န်ထမ်း ၂၂ ယောက်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၀င်လာရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို နှစ်နှစ်ပရောဂျက်နဲ့ သင်ကြားပေးနေတယ်” ဟု ဦးရွှန်းစိုဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ပြန်ပြည့်မြဲစွမ်းအင်အတွက် ဥရောပအဖွဲ့အစည်းများမှ ဒေါ်လာသန်းနှင့်ချီ ထောက်ပံ့ပေးမည့် ကိစ္စများ ရှိနေကြောင်း၊ လက်ရှိတွင် WWF နှင့် ဒိန်းမတ်၊ ဆွီဒင်အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ နိုင်ငံတကာမှ ပညာရှင်များက နည်းပညာအကူအညီများ၊ ငွေကြေးအထောက်အပံ့များ ပေးနေကြောင်း ဦးရွှန်းစိုဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရာခိုင်နှုန်း ၇၀ သည် လျှပ်စစ်မီးကို သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း၊ နေရောင်ခြည်၊ လေနှင့် သဘာဝဓာတ်ငွေ့များ ရရှိနိုင်သည့် အချိန်တွင် ပြန်လည်ပြည့်ဖြိုး မြဲရင်းမြစ်များကို ထပ်တိုးအသုံးပြုပါက စွမ်းအင်ပြဿနာကို ဖြေရှင်းနိုင်သည့်အပြင် ၁၀၀ ရာခိုင်နှုန်း သန့်ရှင်းသော စွမ်းအင်အနာဂတ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

သန့်ရှင်းသော စွမ်းအင်အကြောင်းနှင့် ပတ်သက်ပြီး မီဒီယာတွေ့ဆုံပွဲ ပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်သည့် သန့်ရှင်းသောစွမ်းအင် အကြောင်းနှင့် ပတ်သက်ပြီး လုပ်ဆောင်ရန် လိုအပ်သည့် ကိစ္စရပ်များကို ပိုမိုပြည့်စုံစွာ နားလည်သဘော ပေါက်စေရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ်ခန့်တွင် စင်ကာပူအခြေစိုက် PUMA စွမ်းအင်ကုမ္ပဏီက မြန်မာနိုင်ငံ၌ LPG ရေနံဓာတ်ငွေ့ရည်ကို မီးဖိုချောင်သုံးအတွက် စတင်ဖြန့်ဖြူးရောင်းချမည်

သီလ၀ါဆိပ်ကမ်းရှိ PUMA နှင့် Asia Sun Energy တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် P.E.A.S ကုမ္ပဏီ၏ လောင်စာသိုလှောင် စခန်းအား ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

၂၀၁၉ ခုနှစ်ခန့်တွင် စင်ကာပူအခြေစိုက် PUMA စွမ်းအင်ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ရေနံဓာတ်ငွေ့ရည် (LPG) ကို မီးဖိုချောင်သုံးအတွက် စတင်ဖြန့်ဖြူး ရောင်းချသွားနိုင်မည် ဖြစ်ကြောင်း ဇွန် ၂၁ ရက်က Union Business Centre တွင်ပြုလုပ်သည့် PUMA စွမ်းအင်ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“LPG နဲ့ပတ်သက်ပြီး လုပ်နေပြီလားဆိုတော့ ကျွန်တော်တို့ ဈေးကွက်တွေ လေ့လာနေပြီ။ ဘယ်လိုမျိုး ရင်းနှီးမြှုပ်နှံမှု လုပ်ရမယ် ဆိုတာကတော့ အကောင်အထည်ဖော်ဖို့လည်း ကြိုးစားနေပြီ။ အမြန်ဆုံးပေါ့။ ဘယ်အချိန်လဲဆိုတော့ ဖြစ်နိုင်မှာကတော့ may be ၂၀၁၉-၂၀၂၀ လောက်မှ ဖြစ်မှာပါ” ဟု PUMA စွမ်းအင်ကုမ္ပဏီ၏ Commercial Manager ဦးဝေလျံမင်းက ပြောကြားသည်။

PUMA စွမ်းအင်ကုမ္ပဏီ၏ ဈေးကွက်လေ့လာမှုများအရ မြန်မာနိုင်ငံတွင်လည်း မီးဖိုချောင်သုံးကဏ္ဍတွင် ဈေးကွက်အလားအလာ ကောင်းများရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဈေးကွက်အတွင်းသို့ အရွယ်အစားမျိုးစုံဖြင့်  ဖြန့်ဖြူးရောင်းချမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုအချိန်အထိ လေ့လာသလောက်ကတော့ တခြားနိုင်ငံတွေမှာလည်း ကျွန်တော်တို့အရှေ့က အတွေ့အကြုံတွေအရ တကယ့်ဈေးကွက် အကြီးဆုံးကတော့ အိမ်သုံးပေါ့။ ဟင်းချက်တာတို့ ဘာတို့ပေါ့။ အဲဒါကတော့ အများဆုံးပဲ။ ကျွန်တော်တို့ စလင်ဒါ ပုံစံမျိုးစုံပေါ့။ ဒါကို အဓိကထားပါတယ်” ဟု ဦးဝေလျံမင်းက ပြောကြားသည်။

ရန်ကုန်မြို့၌ LPG Terminal တစ်ခုအား ဖွင့်လှစ်ပြီး တန် ၂၀၀၀ အထိ တင်ဆောင်နိုင်သည့် သင်္ဘောများဖြင့် သယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိထားသည့် အိမ်အများစုတွင် ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင် လျှပ်စစ်မီးကိုသာ အသုံးပြုနေကြောင်း၊ ယင်းကဲ့သို့ လျှပ်စစ်မီးကို အသုံးပြုခြင်းထက် LPG ပိုမိုသုံးစွဲလာနိုင်ရန်အတွက် LPG ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေကြောင်း Yangon Investment Forum အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

“စက်မှုဇုန်တွေမှာ ညဘက်မှာ သုံးမယ်ဆိုရင် ဈေးလျှော့ပေးနိုင်မယ့် အခြေအနေမျိုး ဖြစ်မယ်ဆိုရင် စက်ရုံအလုပ်ရုံ တွေကလည်း ညဘက်မှာ လည်ပတ်မှုကိုတိုးပြီး ဆောင်ရွက်နိုင်ပြီး ထုတ်ကုန်ကိုလည်း တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်နဲ့ပတ်သက်တဲ့ ကဏ္ဍနယ်ပယ်နဲ့ အခုအိမ်အများစုမှာ လျှပ်စစ်မီးဖိုနှင့် ချက်ပြုတ်နေတဲ့ စနစ်ကနေ LPG စနစ်နဲ့ ချက်ပြုတ်နိုင်တဲ့ စနစ်တွေကို ပြောင်းလဲသယ်ဆောင် သွားနိုင်ဖို့အတွက် ဒီရင်းနှီးမြှုပ်နှံမှုတွေ များစွာလိုအပ် နေပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

PUMA Energy International သည် နိုင်ငံပေါင်း ၄၇ နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ သိုလှောင်ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေး၊ ရောင်းချရေးကဏ္ဍများ ပေါင်းစပ်ထားသည့် စွမ်းအင်ကုမ္ပဏီကြီး ဖြစ်သည်။