မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း အလယ်ပိုင်းဒေသအချို့၌ မိုးခေါင်နေပြီး ဆည်နှင့်ကန်အချို့ ရေခန်းခြောက်နေ

ခင်ဦးမြို့နယ်အတွင်းရှိ ပင်တင်းရေလှောင်ကန်တွင် ရေခန်းခြောက်နေသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း အလယ်ပိုင်းဒေသအချို့၌ မိုးခေါင်နေပြီး ဆည်နှင့် ရေကန်အချို့ ရေခန်းခြောက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံတောင်သူ များမှာ ရာသီချိန်အမီ သီးနှံများ စိုက်ပျိုးရန်အတွက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဒေသအချို့တွင် မိုးရေကိုသာ အဓိကအားထား စိုက်ပျိုးနေရသည့် ဒေသခံတောင်သူများမှာ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးသဖြင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးထွန်ယက်ရန်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးရွာသွန်းမှု နည်းပါးနေခြင်းကြောင့် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးနိုင်သည့် တောင်သူများသာ မိုးစပါး နှင့် အခြားရာသီပေါ် သီးနှံများ စိုက်ပျိုးထားနိုင်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ဒီအချိန်က မိုးစပါးစိုက်ပျိုးရမယ့် အချိန်ကောင်းပါ။ ဒါပေမဲ့ မိုးမရွာတော့ တောင်သူတွေမှာ စိုက်ပျိုးဖို့ အခက်အခဲတွေ ဖြစ်နေကြတယ်။ အောက်ပိုင်းတွေမှာတော့ ရေကြီးနေတယ်ဆိုတာ သတင်းတွေထဲမှာ ကြားနေရတယ်။ ဒါပေမဲ့ ဒီဘက်မှာ (စစ်ကိုင်းတိုင်း အောက်ပိုင်း) တော့ မိုးက လိုသလောက် မရွာသေးဘူး။ မိုးရွာရင် စိုက်ပျိုးနိုင်ဖို့အတွက် ပျိုးထောင်ထားတာကလည်း မိုးမရွာရင် သေကုန်တော့မှာ။ ဆည်ရေရကြတဲ့ တောင်သူတွေကတော့ စိုက်ပျိုးလို့ပြီးတော့မှာ။ မိုးရေကို အဓိက အားထားစိုက်ပျိုးနေရတဲ့ တောင်သူတွေကတော့ ဘာမှစိုက်ပျိုးလို့ အဆင်မပြေသေးဘူး။ အခုဆိုရင် ရွာကအားထားနေရတဲ့ ရေကန်ကလည်း ရေခန်းသွားပြီ။ အချိန်လွန်သွားမှ မိုးရွာမယ်ဆိုရင်တော့ ဘာမှစိုက်ပျိုးလို့ အဆင်မပြေ နိုင်တော့ဘူး” ဟု ရွှေဘိုခရိုင်အတွင်းမှ မိုးကောင်းတောင်သူ တစ်ဦးက ပြောကြားသည်။

မိုးရွာသွန်းမှု နည်းပါးနေသဖြင့် ဒေသခံတောင်သူများ အားထားနေရသည့် ဆည်များရေခန်းခြောက်လာခြင်း၊ ရေကန်များ ရေခန်းခြောက်ခြင်းတို့ ဖြစ်ပေါ်နေပြီး မိုးရေကိုသာ အဓိက အားထားနေရသည့် စိုက်ပျိုးမြေ ဧက ထောင်ချီကာ မိုးစပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ထို့ပြင်မကွေးတိုင်း ဒေသကြီးအတွင်းမှ ယာသီးနှံစိုက်ပျိုးသည့် တောင်သူအချို့မှာ မိုးရွာသွန်းမှု နည်းသဖြင့် သီးနှံအထွက်နှုန်း လျော့ကျခြင်း၊ စိုက်ခင်းအချို့ ထိခိုက်ပျက်စီးခြင်းများအပြင် စိုက်ပျိုးထွန်ယက်ရန် ခက်ခဲခြင်းတို့နှင့် ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ထိုသို့ အလယ်ပိုင်းဒေသများ၌ မိုးခေါင်ရေရှား ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ ဖြစ်သည့် တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင် အစရှိသည့် ဒေသများတွင် စံချိန်တင်မိုးကြီးမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ စိုက်ပျိုးပြီး လယ်ယာမြေဧကပေါင်း သိန်းဂဏန်းခန့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

ယခုနှစ်မိုးရာသီ စပါးစိုက်ချိန်တွင် ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ယခင်နှစ်များထက် စိုက်ပျိုးစရိတ်ကုန်ကျမှု ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရ

မန္တလေးတိုင်းဒေသကြီး ကျေးလက်တစ်ခုရှိ မိုးစပါး လုပ်ကွက်များတွင် တောင်သူများ စိုက်ပျိုးနေစဉ်

ယခုနှစ်မိုးရာသီ စပါးစိုက်ပျိုးခြင်းများကို ၀ါဆိုလမှစ၍ စိုက်ပျိုးလျက်ရှိရာ ယခု ၀ါခေါင်လအတွင်း အပြီးသတ် စိုက်ပျိုးခြင်းများ ပြုလုပ်လျက်ရှိပြီး လက်ရှိတွင် ဓာတ်မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်းများ အပါအ၀င် အလုပ်သမားစရိတ် မြင့်တက်လာခြင်းများကြောင့် လယ်တစ်ဧက စိုက်ပျိုးစရိတ်ကုန်ကျမှုမှာ ယခင်နှစ်များထက် သုံးပုံ တစ်ပုံခန့် မြင့်တက်လျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

“ပထမဆုံးအချက်က စက်မှုလယ်ယာဆိုတော့ ဆီဈေးမြင့်သွားတယ်။ နောက်တစ်ချက်က အလုပ်သမားဈေး မြင့်သွားတယ်။ နောက်ထပ်စပါးစိုက်တဲ့အခါ ပံ့ပိုးရတဲ့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ ဈေးတွေကလည်း မြင့်တက်သွားတယ်။ ခါတိုင်းနှစ်မှာ နှစ်သိန်းလောက် ကုန်တာက ဒီနှစ်မှာ သုံးသိန်း အေးအေး လောက်ကုန်တယ်။ အလုပ်သမား စရိတ်ဆိုရင် အရင်နှစ်က ကောက်စိုက်သမ တစ်ဦးကို ၃၀၀၀ ပေးရတာကနေ ဒီနှစ်ဆိုရင် ၄၀၀၀ ပေးရတယ်။ ဒါတောင် အလုပ်သမားက မရှိဘူး။ ဓာတ်မြေသြဇာ ဆိုရင်လည်း အခုဒေါ်လာဈေး တက်တာတွေကြောင့် တစ်အိတ်ကို အနည်းဆုံး ၅၀၀၀ ကျော်ကျော်ကနေ ၁၀၀၀၀ လောက်အထိ သူ့အစားစားအလိုက် ဈေးတက်ကုန်တယ်။ ဓာတ်မြေသြဇာကလည်း လယ်တစ်ဧကကို သုံးအိတ်ကနေ လေးအိတ်ကြားမှာ သုံးရတယ်။ ဒါကြောင့်မို့ ဒီနှစ်စိုက်ပျိုးစရိတ်က အရင်ထက်စာရင် ပိုကုန်တယ်” ဟု မန္တလေး ပုသိမ်ကြီးမြို့နယ်ရှိ စပါးစိုက်တောင်သူ ဦးစိုးမင်းက ပြောကြားသည်။

မိုးစပါး စိုက်ပျိုးခြင်းအဖြစ် မန္တလေးအနီးဝန်းကျင်တွင် မတ္တရာနှင့် ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်တွင် အများဆုံး စိုက်ပျိုးကာ ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးလျာထား စိုက်ဧက ၂၃၉၀၀ ရှိပြီး စပါးမျိုးများအဖြစ် ပြည်တော်ရင်၊ ဧရာမင်း၊ မနောသုခ၊ မဂျမ်းတော၊ ရွှေသွယ်ရင် စသည့်စပါးမျိုးများကို စိုက်ပျိုးကာ ပြည်တွင်းစားသုံးမှုများသော မဂျမ်းစပါးမှာ ဈေးကွက်ရရှိမှုရှိကြောင်း သိရသည်။

“အခု စပါးဈေးက လက်ရှိပေါက်ဈေး ငါးသိန်းလောက်ရှိတယ်။ ငါးသိန်းဆိုရင် စပါးမထွက်ရင် အခုစိုက်စရိတ်နဲ့က ရှုံးနိုင်တယ်။ စပါးတင်းတစ်ရာ ကျော်ကျော်လောက် ထွက်မှရမယ်။ အခုစိုက်တဲ့ ကောက်ကြီးစပါး (မိုးစပါး) ပေါက်ဈေးက ပြီးခဲ့တဲ့နှစ်က ကြမ်းခင်းဈေး ခြောက်သိန်းလောက်ကနေ စတာက ရှစ်သိန်းအထိ ဖြစ်သွားတယ်။ အခုအချိန်ထိ အဲဒီဈေးပဲ မဂျမ်းတောဆိုတဲ့ ဆန်အနု ခေါ်တာပေါ့။ အခုစိုက်တဲ့ စပါးက သက်တမ်းရက် ၁၂၀ စပါးဖြစ်တာကြောင့် နိုဝင်ဘာလောက်မှာ ရိတ်သိမ်းနိုင်မယ်” ဟု ဦးစိုးမင်းက ဆက်လက်ပြောကြားသည်။

တောင်သူများ သီးနှံပေါ်ချိန်တွင် နိုင်ငံခြားငွေကြေး တည်ငြိမ်ရန် စီမံဆောင်ရွက်ခြင်းကို စီစဉ်ဆောင်ရွက်မည်ဟု ဒုတိယသမ္မတ ပြောကြား

သံလျင်မြို့နယ်အတွင်း ပဲနုတ်သိမ်းသည့် လုပ်ကွက်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

တောင်သူများ သီးနှံပေါ်ချိန်၌ နိုင်ငံခြားငွေကြေး တည်ငြိမ်ရန်အတွက် စီမံဆောင်ရွက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်၌ ကျင်းပသည့် မြန်မာ့ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။

ထို့ပြင် ဈေးကွက်ဝင်စိုက်ပျိုးရေး ထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်ရေး၊ ပိုမိုထုတ်လုပ်ရေး ရည်မှန်းချက်များကို ကာလတို ကာလလတ် ကာလရှည် စီမံကိန်းများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

“ကာလတိုအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပိုလျှံပဲများ ရောင်းချရေးကိစ္စများ၊ ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကိစ္စများကို တောင်သူများကို အသိပေးခြင်း ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြစေ လိုပါတယ်” ဟု ၎င်းကဆိုသည်။

ကာလလတ်အနေဖြင့် ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်ရရှိသည့် သီးနှံများအတွက် တောင်သူများကို မျိုးစေ့နှင့် စိုက်ပျိုးရေး နည်းပညာ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ကူညီထောက်ပံ့ခြင်း၊ ဈေးကွက်ရရှိနိုင်ရေး စီမံဆောင်ရွက်ခြင်း၊ တောင်သူများ သီးနှံပေါ်ချိန် နိုင်ငံခြားငွေကြေး တည်ငြိမ်ရေး စီမံဆောင်ရွက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“ကာလရှည်အနေဖြင့် တောင်သူလယ်သမား အများပြည်သူ အပါအ၀င် နိုင်ငံတ၀န်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍအတွက် National Agriculture Master Plan တစ်ခု တည်ဆောက်စေလိုပါတယ်” ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆိုသည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများ အနေဖြင့် ဦးဆောင်နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မိုးရာသီတွင် စိုက်ဧကပေါင်း ၃ ဒသမ ၈၉ သန်းနှင့် ဆောင်းရာသီတွင် ၇ ဒသမ ၀၇ ဧကသန်းဖြင့် စုစုပေါင်း ပဲမျိုးစုံ စိုက်ဧရိယာ ဧကသန်းပေါင်း ၁၀ ဒသမ ၉၆ သန်းကို စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သြဂုတ် ၁၈ ရက်က ပြောကြားသည်။

“ထွက်ရှိချက်က တင်းသန်းပေါင်း ၁၇၇ တင်းသန်းခန့် ထွက်ရှိခဲ့ပါတယ်။ မိုး၊ ဆောင်း သီးနှံ စုစုပေါင်း စိုက်ဧရိယာဧကရဲ့ ၂၁ ရာခိုင်နှုန်းခန့်ဟာ ပဲမျိုးစုံစိုက်ပျိုးတဲ့ ဧရိယာများ ဖြစ်ပါတယ်။ ယခုအနေနဲ့ကတော့ မိုးကြိုနဲ့ မိုး ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်မှု အနေအထားကတော့ စိုက်ဧက ၂ ဒသမ ၀၉ သန်းကို စိုက်ပျိုးပြီး ဖြစ်တယ်လို့ စာရင်းတွေအရ သိရပါတယ်” ဟု ဒေါက်တာအောင်သူက ဆက်လက်ပြောကြားသည်။

မတ်ပဲစိုက်ပျိုးချိန်မှာ မြန်မာနိုင်ငံအလယ်ပိုင်းတွင် မေလမှ ဇွန်လအထိ၊ မိုးနှောင်း (အောက်တိုဘာမှ နိုဝင်ဘာလ)၊ မိုးနှောင်း နိုဝင်ဘာလမှအပြီး ဆောင်းရာသီ (ဒီဇင်ဘာလအထိ) စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

ပဲစင်းငုံ၏ စိုက်ပျိုးချိန်မှာ မေလလယ်မှ သြဂုတ်လအထိဖြစ်ပြီး ထွက်ရှိချိန်မှာ ဇန်န၀ါရီမှ မတ်လအထိ ဖြစ်သည်။

ပဲတီစိမ်းကို မိုးကြိုအဖြစ် ဖေဖော်ဝါရီမှ မတ်လအထိ မိုးရာသီ (မေလ၊ သြဂုတ်လ)၊ ဆောင်းရာသီ (စက်တင်ဘာမှ အောက်တိုဘာလအထိ) စိုက်ပျိုးလေ့ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် စပါး၊ ပဲမျိုးစုံနှင့် ပြောင်းအပါအ၀င် သီးနှံများကို GAP စနစ်ဖြင့် စိုက်ပျိုးပြီး ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲခင်းအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-မောင်အေး)

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် စပါး၊ ပဲမျိုးစုံနှင့် ပြောင်း အပါအ၀င် သီးနှံများကို GAP (Good Agricultural Pratice) စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးကာ ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်း၌ GAP (Good Agricultural Pratice) စနစ်ဖြင့် စိုက်ပျိုးထားသော ကော်ဖီများသည် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်နေပြီဖြစ်ပြီး အရည်သွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် ကုန်ထုတ်လုပ်နိုင်မှုစွမ်းအား (Productivity) ကိုသာ ဆောင်ရွက်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

လက်ရှိအချိန်တွင် ကယားပြည်နယ်အတွင်း ဘေးအန္တရယ်ကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်သည့် နှမ်းများကို GAP နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အများဆုံးစားသုံးသီးနှံနှင့် ပြည်ပပို့ကုန် အများဆုံး သီးနှံ ၁၅ မျိုးအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကျင့်စဉ် (GAP) နှင့်အညီ စိုက်ပျိုးထုတ်လုပ်သွားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများဖြင့် အန္တရာယ်ကင်းရှင်းပြီး အရည်အသွေး ပြည့်ဝကောင်းမွန်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်ပြီး ဈေးကွက်တင်ပို့ ရောင်းချနိုင်ရေးအတွက် မြန်မာ GAP နည်းပညာလက်စွဲ (GAP Protocol) အား အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍ၊ ထုတ်ကုန်အရည်အသွေး ပြည့်ဝကောင်းမွန်ရေးကဏ္ဍ၊ ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းရေးကဏ္ဍနှင့် လုပ်သားများ၏ ကျန်းမာရေးနှင့် လူမှုဘ၀ သာယာဝပြောရေးကဏ္ဍ စသည့် ကဏ္ဍကြီးလေးရပ်ပေါ် မူတည်၍ ပြုစုရေးဆွဲခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အများဆုံး စားသုံးသီးနှံနှင့် ပြည်ပပို့ကုန် အများဆုံးသီးနှံများ ဖြစ်သည့် သရက်၊ ကျွဲကော၊ သခွားမွှေး၊ ဖရဲ၊ ထောပတ်သီး၊ ငရုတ်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွမ်း)၊ နှမ်း၊ မြေပဲ၊ စပါးနှင့် ကော်ဖီစသည့် သီးနှံ ၁၅ မျိုးတို့၏ GAP ကျင့်စဉ်များအား ထုတ်ပြန်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော သီးနှံများ စားသုံးနိုင်ရန်နှင့် ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်အတွက် တောင်သူလယ်သမားများ အပါအ၀င် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အနေဖြင့် မြန်မာစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်စဉ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်သွားရန် လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာများ ဖူလုံစွာ ရရှိရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စုအစိုးရက အသိပညာ၊ နည်းပညာများ အထောက်အပံ့ အကူအညီပေးပြီး GAP (Good Agricultural Pratice) နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အဆိုကို အမျိုးသားလွှတ်တော်က မေလအတွင်းက အတည်ပြုခဲ့ကြောင်း သိရသည်။

 

ငါးနှစ်အတွင်း စားနပ်ရိက္ခာဖူလုံမှု၊ လုပ်ကွက်ငယ်တောင်သူများ ၀င်ငွေပိုမို မြင့်မားလာခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ ရပိုင်ခွင့်များ ပိုမိုခိုင်မာစေရန် ဆောင်ရွက်မည်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း စားနပ်ရိက္ခာဖူလုံမှု၊ လုပ်ကွက်ငယ် တောင်သူများ ၀င်ငွေပိုမိုမြင့်လာခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ ရပိုင်ခွင့်များ ပိုမိုခိုင်မာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ ရေးဆွဲဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အရေးပါသည့်အတွက် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) ကို ရေးဆွဲရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို အစိုးရ-တောင်သူလယ်သမား-ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ထားကြောင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၏ မဏ္ဍိုင်ကြီး သုံးရပ်တို့ကို အခြေခံ၍ စီမံကိန်းများ၊ လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို (၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ) အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး မ,တည်ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော် ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အောက်ရှိ စီမံကိန်း လုပ်ငန်းစဉ်များကို ပုံသေသတ်မှတ်ထားခြင်း မရှိဘဲ လာမည့် အနာဂတ် ကာလတွင် ဖြစ်ပေါ်လာနိုင်သော စီမံကိန်း လိုအပ်ချက်များအရ ပြောင်းလဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြင့် စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံမှု တိုးတက်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ကျခြင်း၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများနှင့် ကျေးလက်နေ ပြည်သူများ ၀င်ငွေပိုမို မြင့်မားလာခြင်းနှင့် သာတူညီမျှမှု ရှိလာခြင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာမှုနှင့် လယ်သမားများ၏ ရပိုင်ခွင့်များ ပိုမိုခိုင်မာလာမှုစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာသည် အဓိက ထပ်ဆင့်ရလဒ်သုံးခု၊ ချက်ချင်းရလဒ် ၂၇ ခု၊ လုပ်ဆောင်ချက် ၂၇၀ တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနအောက်ရှိ တက္ကသိုလ်နှစ်ခု အပါအ၀င် ဦးစီးဌာန ၁၂ ခု မှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သိရသည်။

ဒေါ်လာ ၂၂၂ သန်း တန်ဖိုးရှိ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှာ မြေပိုင်ဆိုင်မှုနှင့် မြေအသုံးချမှုအတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ မပြည့်စုံသဖြင့် လွှတ်တော်က မှတ်တမ်းအဖြစ် ထားရှိသင့်ကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ တင်ပြ

ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး မစတင်မီ တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (၂၀၁၈-၂၀၂၁) အား မှတ်တမ်းအဖြစ်သာ ထားရှိသင့်ကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက မေ ၁၅ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၂၇ ရက်မြောက်နေ့) တွင် လွှတ်တော်သို့ တင်ပြသည်။

ထိုသို့ တင်ပြခြင်းမပြုမီ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အနေဖြင့် စီမံကိန်းနှင့် သက်ဆိုင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း ဒေါ်နွယ်နွယ်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ဘဏ္ဍာရေးနှင့် စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ တင်ပြချက်များအရ စီမံကိန်းပြုလုပ်မည့် မြေနေရာများရှိ လယ်မြေများမှာ ပုံစံ (၇) ရရှိထားသော်လည်း လယ်မြေများအား အခြားနည်းဖြင့် သုံးစွဲခွင့် မရှိသေးသည့်မြေများ ဖြစ်နေသည်ကို တွေ့ရသည်ဟု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ထို့ပြင် စီမံကိန်းအတွက် လိုအပ်သော လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ကဏ္ဍများတွင်လည်း လိုအပ်ချက်များ ရှိနေကြောင်း၊ ယင်းလိုအပ်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို ဖြည့်စွက်ပြီးမှသာလျှင် လွှတ်တော်သို့ ပြန်လည်တင်ပြသင့်ကြောင်း ဒေါ်နွယ်နွယ်ဝင်းက ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လယ်ယာမြေပိုင်ဆိုင်ခွင်နှင့် ၎င်းလယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့် ရရှိစေရန် ပထမအဆင့် ခွင့်ပြုပေးသင့်ကြောင်းနှင့် ထိုမှတစ်ဆင့် ဥပဒေနှင့်အညီ စက်မှုစီးပွားဂရန်များ ပြုလုပ်ပေးသင့်ပါသည်။ ထို့ပြင် အဆိုပါ လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော လျှပ်စစ်မီးရရှိစေရန်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုရရှိစေရန် အခြားလိုအပ်သော Infrastructure များအား အဓိကထား ဆောင်ရွက်ပေးသင့်ကြောင်း၊ ထိုသို့ ဥပဒေ၊ နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်း အဆင့်ဆင့် စနစ်တကျ ဆောင်ရွက်ပေးပြီး စီမံကိန်းများ စတင်အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်သည့် အချိန်မှာသာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ပြန်လည်တင်ပြ ပေးသင့်ပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး တိုးတက်ရေး စီမံကိန်း (၂၀၁၈-၂၀၂၁) တတိယမူကြမ်းအား  လွှတ်တော်မှ မှတ်တမ်းအဖြစ်သာ ထားရှိသင့်ပါသည်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ပြောကြားသည်။

ယင်းစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၂၂ ခုတွင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရပြီး ယင်းမြို့နယ်များမှာ တွံတေး၊ သုံးခွ၊ သန်လျင်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒလ၊ မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ ထန်းတပင်၊ ကွမ်းခြံကုန်း၊ ခရမ်းမြို့နယ်၊ ဆိပ်ကြီးခနောင်တိုနှင့် အင်းစိန်မြို့ နယ်တို့ဖြစ်ကြောင်း သိရသည်။

ကော်မတီက စီမံကိန်းများနှင့် ပတ်သက်၍ တွေ့ရှိချက်များ တင်ပြရာတွင် တွံတေးမြို့ နယ်တွင် Myanmar Agribusiness Service Company Limited မှဆောင်ရွက်မည့် ASC Project အား MAPCO မှ ဆောင်ရွက်မည်ဖြစ်၍ တွံးတွေး၊ သုံးခွမြို့နယ်မှ ဒေသခံတို့နှင့် ပူးပေါင်းပြီး မျိုးစေ့ထုတ်လုပ်ငန်း အဓိက လုပ်ဆောင်ရန် တင်ပြခြင်းဖြစ်ကြောင်း၊ ထိုသို့ လုပ်ငန်းလုပ်ဆောင်မည့် တွံတေးမြို့နယ်ရှိ ၁၇ ဒသမ ၄၉ ဧကမှာပုံစံ (၇) ရရှိပြီးသား အခြေအနေသာရှိပြီး လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် အခြေအနေ မရှိသေးသည့်အတွက် လက်ရှိအချိန်တွင် စက်ရုံတည်ဆောက်ရန် အခြေအနေ မဖြစ်နိုင်သေးသည်ကို တွေ့ရှိရကြောင်း၊ သုံးခွမြို့နယ်ရှိ ကုမ္ပဏီပိုင် (၂၅) ဧကပေါ်တွင် စက်ရုံတည်ဆောက်နေသည့် အခြေအနေသာရှိပြီး လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် လျှောက်ထားဆဲ အခြေအနေ ရှိကြောင်းနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တွင်လည်း အကောင်အထည်ဖော်မည့် မြေနေရာတွင် မြေပိုင်ဆိုင်မှု မရရှိသေးကြောင်း တွေ့ရှိရကြောင်း တင်ပြခဲ့သည်။

ထို့ပြင် တွံတေးမြို့တွင် ဆောင်ရွက်မည့် မြန်မာ့သြဘာကုမ္ပဏီမှ ဓာတ်မြေသြဇာစက်ရုံသည် မြေဧက ၆၀ မှာ ပုံစံ (၇) ရရှိထားပြီး လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် လျှောက်ထားဆဲ အခြေအနေတွင်သာရှိကြောင်း၊ လှည်းကူးမြို့နယ်နှင့် မှော်ဘီမြို့နယ်တွင် မြတ်မင်းကုမ္ပဏီမှ ဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မြင့် အသားတိုးဝက် မွေးမြူရေးလုပ်ငန်း လုပ်ဆောင်မည့် မြေဧက ၆၇ ဒသမ ၃၅ မှာ ပုံစံ (၇) ရရှိပြီး လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် လျှောက်ထားဆဲဖြစ်ကာ စက်မှုစီးပွားဂရန် ရရှိရန် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တင်ပြခဲ့သည်။

ထို့အတူ လှည်းကူးမြို့နယ်တွင် Myanmar Belle Company မှ ဆောင်ရွက်မည့် အအေးခန်း ကွန်တိန်နာ ဘောက်စ်များတွင် ထည့်သွင်းအသုံးပြုသော UPS Panel ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်ရန် အတွက် မြေ၀ယ်ယူရန် ၀န်ကြီးဌာနနှင့် ဆွေးနွေးသည့် အခြေအနေသာ ရှိသေးကြောင်း တင်ပြခဲ့သည်။

အလားတူ ဆိပ်ကြီးခနောင်တို မြို့နယ်တွင် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း လီမိတက်မှ ဆောင်ရွက်မည့် Agro-based food Park Project မြေနှင့်ပတ်သက်၍ လယ်သမားများအား နစ်နာကြေး ပေးဆောင်ရန် အစိုးရမှ ညှိနှိုင်းဆောင်ရွက်ပြီးမှသာ စီမံကိန်း အကောင်အထည် ဖော်သင့်ကြောင်း အကြုံပြု တင်ပြခဲ့သည်။

ယင်းစီမံကိန်း တတိယမူကြမ်းအား ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းကိုယ်စား ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ဒေါ်လာ၂၂၂  သန်းတန်ဖိုးရှိ စီမံကိန်းဖြစ်ကြောင်း သိရသည်။

 

ယခင်နှစ်ပေါက်ဈေးထက် ဈေးနှုန်းကွာခြားမှုမရှိဘဲ စပါးအမျိုးအစားပေါ်မူတည်၍ နွေစပါး တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းခွဲ ၀န်းကျင်ရှိပြီး စပါးဈေးထက် ဆန်ကြမ်းဈေး ကျဆင်းလျက်ရှိကြောင်း ဆန်စပါးအသင်းချုပ် ဒု/ဥက္ကဋ္ဌ ပြောကြား

ယခင်နှစ်ပေါက်ဈေးထက် ဈေးနှုန်းကွာခြားမှုမရှိဘဲ စပါးအမျိုးအစားပေါ် မူတည်၍ နွေစပါး တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းခွဲ ၀န်းကျင်ရှိကာ စပါးဈေးထက် ဆန်ကြမ်းဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဒု/ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းဈေးကွက်၌ စားသုံးမှုမြင့်တက်လျက်ရှိပြီး ဆန်ကြမ်း အမျိုးအစားဖြစ်သည့် ရတနာတိုး၊ ဇီယာ၊ မနောသုခနှင့် ဆင်းသွယ်လတ် အမည်ရှိ နွေစပါး တင်းတစ်ရာလျှင် ကျပ်ငါးသိန်းခွဲမှ ခြောက်သိန်းခွဲကြား ပေါက်ဈေးရှိကြောင်း သိရသည်။

“ဆန်ကြမ်းအမျိုးအစား နွေစပါးက တင်းတစ်ရာကို ကျပ်ငါးသိန်းခွဲကနေ ခြောက်သိန်းခွဲကြားထိ ပေါက်ဈေးရှိတယ်။ မနှစ်က ဈေးနဲ့ဆိုရင် ထူးထူးခြားခြား ကွာခြားမှုမရှိပါဘူး။ ပုံမှန်ဈေးအတိုင်းပါပဲ။ အခုနှစ်က စပါးဈေးထက် ဆန်ကြမ်းဈေးက ပိုကျတယ်။ တစ်အိတ်ကို အမျိုးအစားပေါ် မူတည်ပြီးတော့ ပျမ်းမျှ ကျပ် ၂၀၀၀ ကနေ ၃၀၀၀ ကြားထိ ဈေးကျတယ်။ အခု ချိန်စပါးဝယ်ပီး ဆန်ကျိတ် ရောင်းရင်ရှုံးတယ်။ နွေစပါးက အခုလောလောဆယ် ဈေးအများကြီး မကျန်တော့ပါဘူး။ တောင်သူတွေ လက်ထဲမှာလည်း သိပ်မရှိတော့ဘူး။ လာမယ့်မိုးစပါးကလည်း ဈေးအများကြီးကျဖို့ မရှိဘူးလို့ မြင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒု/ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

နေရာဒေသနှင့် စပါးအမျိုးအစားပေါ် မူတည်ကာ နွေစပါးဈေးနှုန်း ကွဲပြားမှုများရှိပြီး တောင်သူများအနေဖြင့် ဈေးကွက်ကြိုက်မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း စပါးဈေးအနေဖြင့်လည်း တင်းတစ်ရာလျှင် ကျပ် လေးသိန်းခွဲအထက် ရရှိနိုင်မှသာ တောင်သူများအတွက် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ သုံးသပ်ပြောကြားသည်။

“စပါးဈေးကောင်းတယ်၊ မကောင်းဘူး ဆိုတာက အမျိုးအစားပေါ်လည်း မူတည်တယ်။ တောင်သူတွေ အနေနဲ့ကလည်း ဈေးကွက်ကြိုက်မျိုးတွေကို ရွေးချယ်စိုက်ပျိုးသင့်တယ်။ စပါးအရည်အသွေးပေါ် မူတည်ပြီးတော့ ဈေးတွေကလည်း ကွဲသွားတာပါ။ တောင်သူတွေကလည်း ကိုယ့်စပါးမျိုးကို သန့်အောင်လုပ်သင့်တယ်။ ဒါမှလည်း ဈေးကောင်းရမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

ဈေးကွက်၌ စပါးဈေးနှုန်း ကောင်းမွန်စေရန် အဓိက စပါးဈေးနှုန်းပေါ်တွင် လွှမ်းမိုးနိုင်သည့် အချက်သုံးချက်ရှိပြီး အဆိုပါ  အချက်များမှာ (၁) ဈေးကွက်မှ လိုအပ်သည့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရန် (၂) တောင် သူများအတွက် တွက်ခြေကိုက်သည့် စပါးမျိုးကို ရွေးချယ်သင့်ရန် (၃) ကမ္ဘာ့ကုန်သွယ်မှု အဆင်မပြေ ဖြစ်ပေါ်လာပြီး ဈေးကွက် ကမောက်ကမ ဖြစ်ပေါ်လာပါက ဥပဒေပြဋ္ဌာန်းချက်အရ အစိုးရအနေဖြင့် ၀င်ရောက်ညှိနှိုင်းပေးရန်ဆိုသည့် အချက်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အခြေခံစပါးဈေးနှုန်းအား မတ်လအတွင်းက သတ်မှတ်ခဲ့ပြီး အခြေခံဈေးနှုန်းအား တင်းတစ်ရာလျှင် ကျပ်ငါးသိန်း သတ်မှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်ကြမ်းအမျိုးအစားများကို ပြည်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေပြီး အာဖရိက၊ ဘယ်ဂျီယံ၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ စပိန် အပါအ၀င် ပြင်သစ်၊ မလေးရှားနှင့် ကနေဒါ စသည့် နိုင်ငံများသို့လည်း တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၄ သန်းတင်ပို့ထားပြီး လက်ရှိဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် သုံးသန်းတင်ပို့ရန် မျှော်မှန်းထားကြောင်း ဦးစိုးထွန်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် တရုတ်က မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို ပုံမှန်ဝယ်ယူလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်လုပ်ငန်းများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကာလလတ် သုံးနှစ်စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ

ရန်ကုန်တိုင်းဒေသကြီးရှိ ပဲစိုက်ခင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

စိုက်ပျိုးရေးအခြေခံစားသောက်ကုန်လုပ်ငန်းများကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကာလလတ်သုံးနှစ်စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကိုယ်စား ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က မတ် ၃၀ က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၀ ရက်မြောက်) တွင် တိုင်းဒေသကြီးလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

ယခုစီမံကိန်းအဓိက ရည်မှန်းချက်သည် တောင်သူလယ်သမားများ အပါအ၀င် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်ပါဝင်သော Stakeholder များ၏ အကျိုးစီးပွား တိုးတက်စေရေးအတွက် ဦးစားပေး ဖော်ဆောင်ရန်ဖြစ်ပြီး စားသုံးသူပြည်သူများအတွက် ဘေးဥပါဒ်ကင်းသော စိုက်ပျိုးရေး ထွက်ကုန်များကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ၀ယ်ယူစားသုံးနိုင်ရေးအတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ၀န်ကြီးဦးဇော်အေးမောင်က ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးရဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အထိ ဘဏ္ဍာရေးအရ သုံးနှစ် ပြက္ခဒိန်နှစ်အရဆိုရင် လေးနှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် မူဝါဒများ၊ ရည်ရွယ်ချက်များ၊ မဟာဗျူဟာများနှင့် အကြံပြုတဲ့လုပ်ငန်းစဉ်များ ပါဝင်တယ်။ ဒါ့အပြင် စီမံကိန်းကာလအတွင်း ဦးစားပေးအကောင်အထည် ဖော်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်များနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊ ပုဂ္ဂလိက        အစိုးရ ပူးပေါင်းဆောင်ရွက်မယ့် (PPP) စီမံကိန်းများကိုလည်း ရေးဆွဲထားပါတယ်” ဟု ၀န်ကြီးက ပြောကြားသည်။

ယင်းအပြင် ယခုပြုစုထားသော စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် ထည့်သွင်းသင့်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လိုအပ် ချက်များ၊ ၀န်ကြီးဌာနမှ အကြံပြုချက်များ၊ ပညာရှင်များ၏ အကြံပြုချက်များနှင့် Stakeholder များ၏ စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ထားကြောင်း၊ အကြံပြုချက်များတွင်လည်း စိုက်ပျိုးရေး ကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ရေတိုရေရှည်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကိုလည်း တင်ပြထားကြောင်း၊လက်တလောကာလအတွင်း အလေးပေး လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်များကို ရွေးချယ်တင်ပြထားကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို အလျင်အမြန် အကောင်အထည်ဖော်ခြင်းအားဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကို မြင်တွေ့ရမည့်အပြင် အားလုံးပါဝင်သည့် အခြေအနေတစ်ရပ်ကိုလည်း ဖန်တီးနိုင်မည်ဟု ယုံကြည်ကြောင်း ၀န်ကြီးဦးဇော်အေးအောင်က ပြောကြားသည်။