တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း

ဂီတဖြတ်သန်းမှုတစ်လျှောက်မှ တေးသီချင်းကောင်းများစွာအား သံစုံတီးဝိုင်းဖြင့် တွဲဖက်ကာ ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထားသည့် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်သည် စက်တင်ဘာ ၁၆ ရက်တွင် ကြိုတင်လက်မှတ်များအား ရောင်းချခဲ့ရာ၌ စတင်ရောင်းချသည့် တစ်နာရီအတွင်းပင် လက်မှတ်များအားလုံး ရောင်းကုန်ခဲ့သည်။ လက်မှတ်မရလိုက်သည့် ပရိသတ်များက ဖျော်ဖြေပွဲအား တစ်ရက်ထပ်တိုးရန် တောင်းဆိုကြသော်လည်း ရက်ထပ်တိုးဖြစ်မည် မဟုတ်တော့ဘဲ ဖျော်ဖြေပွဲကို အမှတ်တရ အခွေတစ်ခွေအဖြစ် ထုတ်ဝေရန်သာ စီစဉ်ထားသည်ဟု သိရသည်။ နှစ်ကာလများစွာ ကြာမြင့်သည်အထိ ပရိသတ်များ၏ သည်းသည်းလှုပ် အားပေးမှုကိုရရှိထားသည့် စိုင်းစိုင်းခမ်းလှိုင်၏ ပြီးခဲ့သောဇာတ်လမ်းအကျဉ်းဟု အမည်ပေးထားသော ဖျော်ဖြေပွဲအကြောင်း၊ ပရိသတ်များ စိတ်ဝင်စားနေသည့် Relationship နှင့် ပတ်သက်သည့် သဘောထား ခံယူချက်များအား မေးမြန်းဖြစ်ခဲ့သည်။

■ မေး – အခုလုပ်မယ့် ရှိုးပွဲကို စီစဉ်ဖြစ်ပုံလေး အရင်ပြောပြပါဦး။

ဖြေ – ရည်ရွယ်ထားတာတော့ ကြာပါပြီ။ နှစ်နှစ်၊ သုံးနှစ်လောက်ရှိပြီ။ သီချင်းဟောင်းတွေကို သံစုံတီးဝိုင်းနဲ့တီးမယ်။ ရှိုးတစ်ခုလုံးကို တီးဝိုင်းနဲ့ပဲ တီးတာမျိုး မလုပ်ဖူးပါဘူး။ မွေးနေ့ရှိုးတွေမှာ သီချင်း ၁၀ ပုဒ်လောက်ကို တီးဝိုင်းနဲ့တီးတာ၊ သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေတာရှိပေမယ့် အများစုကိုတော့ ဒီဂျေပါဖောမန့်စ်နဲ့ တီးတာများပါတယ်။ အခုပွဲမှာတော့ ကျွန်တော့်သီချင်းတွေထဲက သင့်တော်တဲ့ သီချင်းတွေ၊ အမှတ်တရရှိတဲ့ သီချင်းတွေကို ရွေးပြီးဆိုပါမယ်။ အဲဒီလို ရည်ရွယ်ထားတာ နှစ်နှစ်လောက်ရှိပေမယ့် အခုမှပဲ လုပ်ဖြစ်တာပါ။

■ မေး – ပြီးခဲ့သောဇာတ်လမ်းအကျဉ်းလို့ ရှိုးပွဲကို ဘာကြောင့်နာမည်ပေးဖြစ်တာလဲ။

ဖြေ – ပြီးခဲ့သောဇာတ်လမ်းအကျဉ်းဆိုတာက ဒိတ်ဒိတ်ကြဲထဲမှာပါဝင်တဲ့ ကျွန်တော့်သီချင်းတစ်ပုဒ် နာမည်ပါ။ ဒီသီချင်းက ကျွန်တော့်ဂီတဖြတ်သန်းမှု ဖြစ်စဉ်လေးကို ရေးထားတာပါ။ ကျွန်တော့်သီချင်းလည်းဖြစ်သလို အခုပွဲမှာလည်း ဂီတဖြတ်သန်းမှုတစ်လျှောက်လုံးက သီချင်းတွေကို ဆိုမယ်ဆိုပြီးတော့ ဒီနာမည်ကို ပေးဖြစ်တာပါ။

■ မေး – နှစ်နှစ်လောက် စိတ်ကူးခဲ့တဲ့ပွဲဆိုတော့ ဖျော်ဖြေပွဲအတွက် အကြိုစိတ်ကူး ပြင်ဆင်ထားတာတွေ ရှိမှာပေါ့။

ဖြေ – ဒီပွဲမှာတော့ ကျွန်တော့်ရည်ရွယ်ချက်က Music ကိုပဲ အဓိကထားမယ်။ ရိုးရိုးလေးပေါ့။ ဂီတသက်သက် တင်ဆက်ချင်တာပါ။ သီချင်းအပုဒ်ရေခန့်မှန်းခြေ ၁၀၀ ကျော်လောက် ရှိပါတယ်။ တချို့သီချင်းတွေက Version ပြောင်းမှာရှိသလို တီးတဲ့ Instrument ပြောင်းတာလည်းရှိတယ်။ အပုဒ် ၃၀ ဆိုပါမယ်။

■ မေး – ထိုင်ခုံအရေအတွက် အကန့်အသတ်ဖြစ်နိုင်တဲ့ အမျိုးသားဇာတ်ရုံမှာ လုပ်ဖြစ်တာကရော။

ဖြေ – အမျိုးသားဇာတ်ရုံမှာ သီချင်းဆိုချင်တာက ကျွန်တော့်ရဲ့ငယ်ဘ၀အိပ်မက်ပါ။ ကျွန်တော်ငယ်ငယ်က ပထမဆုံး သီချင်းစဆိုခဲ့ဖူးတာ အမျိုးသားဇာတ်ရုံမှာပါ။ တစ်ချိန်ကျရင် အဆိုတော်ဖြစ်ခဲ့ရင် အမျိုးသားဇာတ်ရုံမှာ ပွဲလုပ်မယ်လို့ စဉ်းစားခဲ့ဖူးတယ်။ အမျိုးသားဇာတ်ရုံက ထိုင်ခုံကတော့ နည်းနေတာပေါ့။

■ မေး – မွေးနေ့ရှိုးနဲ့ အခုပွဲနဲ့ စိတ်လှုပ်ရှားမှုက ဘယ်လိုကွာခြားလဲ။

ဖြေ – ကျွန်တော့်ဘ၀မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးက ဂီတစင်မြင့်ဖျော်ဖြေပွဲတွေပဲ။ စိတ်လှုပ်ရှားမှုက အတူတူပါပဲ။ ငါဆိုရတော့မှာဆိုပြီး ပျော်နေတာ။

■ မေး – ဒီပွဲနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားနေတဲ့ ပရိသတ်တွေကို အကြိုပြောချင်တာများ ရှိမလား။

ဖြေ – ကျွန်တော်သီချင်းဆိုလာတာလည်း သက်တမ်းတစ်ခုကြာခဲ့ပြီ။ တချို့သီချင်းအဟောင်းတွေဆို အခုလူငယ်ပရိသတ်တွေ မမီလိုက်တာရှိမယ်။ ၂၀၀၀ လောက်ကတည်းက အားပေးခဲ့တဲ့ ပရိသတ်တွေကလည်း အခုချိန်မှာ လူကြီးတွေဖြစ်နေပြီ။ သူတို့တွေအားလုံးအတွက် ဒီပွဲကိုလုပ်ဖြစ်တာပါ။ လူနည်းနည်းပဲ ကြည့်ခွင့်ရမယ်ဆိုတော့ အခွေထုတ်တာပဲဖြစ်ဖြစ် အွန်လိုင်း ဒါမှမဟုတ် တီဗွီ တစ်ခုခုမှာဖြစ်ဖြစ် ပြဖို့ကြိုးစားပါမယ်။ သေတော့မသေချာသေးဘူး။

■မေး – အခုတလောမှာ Live လွှင့်တာတွေ၊ သီချင်းဆိုပြတာတွေလုပ်တာ တွေ့ရတယ်နော်။

ဖြေ – ကျွန်တော့်ပရိသတ်တွေက ကျွန်တော်နဲ့အတူတူ အမြဲရှိနေတာဖြစ်လို့ ဂုဏ်ယူရသလို ပျော်ရပါတယ်။ တစ်ခါတလေ Live လွှင့်ပြီး သီချင်းဆိုတယ် ဆိုတာလည်း ငယ်ငယ်ကသီချင်းဆိုချင်ရင် အဆောင်ရှေ့မှာ သွားဆိုရတယ်။ ကောင်မလေးအိမ်ရှေ့တွေ ဘာတွေဂစ်တာသွားတီးတယ်။ တစ်ခါတလေ တစ်ယောက်ယောက်ကို ကြားစေချင်တာမျိုးရှိတယ်။ အခုက Facebook ရှိနေတော့ Live လွှင့်လို့ရတယ်။ အနည်းဆုံးတော့ အဲဒီအချိန်မှာ မအိပ်သေးတဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရင်ဖွင့်လို့ရတာပေါ့။ ရင်ဖွင့်တယ်ဆိုတာလည်း ခံစားချက်မဟုတ်ပါဘူး။ ဆိုချင် တီးချင်တယ်ဆိုတဲ့ ခံစားချက်ကို လုပ်ဖြစ်တဲ့သဘောပါ။

■ မေး – ပရိသတ်တွေက အသည်းကွဲနေတာလားလို့ စိတ်ပူတာတွေလည်း ရှိတယ်နော်။

ဖြေ – ကျွန်တော် အားမငယ်ရဘူးပေါ့။ အနည်းဆုံးတော့ နေကောင်းတာဖြစ်ဖြစ်၊ နေမကောင်းတာဖြစ်ဖြစ်၊ အသည်းကွဲတာဖြစ်ဖြစ်၊ စိတ်ပူဖော်ရတဲ့သူတွေ ရှိတယ်ဆိုတာက အားမငယ်ရဘူးလေ။ စိတ်လုံခြုံမှုရှိတယ်။ ကျွန်တော့်ပရိသတ်တွေရဲ့ အားပေးမှုတွေက စိတ်လုံခြုံမှု ရစေပါတယ်။

■ မေး – ကိုယ်ပိုင်မိသားစုဘ၀တစ်ခု တည်ထောင်ဖို့စိတ်ကူးတဲ့အခါ ပရိသတ်တွေကို ပြန်ငဲ့နေရတာမျိုးရှိလား။

ဖြေ – Personal Life နဲ့ Career Life နှစ်ခုကို သက်သက်စီခွဲဖို့တော့ ငယ်ငယ်ကတည်းက ကြိုးစားပါတယ်။ လောလောဆယ်အထိတော့ Career Life ထဲမှာကို လောဘကြီးပြီး အလုပ်က အတောမသတ်နိုင် ဖြစ်နေတယ်။ ဒီနှစ်စိုင်းစိုင်းရှိုးပြီးရင် နောက်နှစ်ဘာလုပ်မလဲဆိုတာကို ကြိုတိုင်ပင်ပြီးတော့ တက်ကြွနေပြီ။ အလုပ်တွေကို အရမ်းလုပ်ချင်တယ်။ သဘောတရားအရတော့ မျှမျှတတဖြစ်သင့်ပေမယ့် ဒီအချိန်ထိတော့ အလုပ်တွေဘက်ကို ပိုလုပ်ဖြစ်နေတယ်။

■ မေး – ပရိသတ်တွေ သိချင်နေတဲ့ Relationship နဲ့ပတ်သက်ပြီး ပြောပြချင်တာ ရှိမလား။

ဖြေ – ငယ်ငယ်ကတည်းက Personal Life သီးခြားထားလေ့ရှိတဲ့အတွက် Public မလုပ်ချင်ဘူး။ အဓိကပြောနိုင်တာကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ များများဆက်လုပ်ဖြစ်ပါမယ်။

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် သံစုံတီးဝိုင်း ပူးပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များ မကြာမီ ရောင်းချမည်

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် သံစုံတီးဝိုင်း ပူးပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲအား ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ အောက်တိုဘာ ၁၄ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲအတွက် လက်မှတ်များ မကြာမီရောင်းချလျက်ရှိကာ ထိုင်ခုံအရေအတွက် တစ်ထောင်ကျော်သာရှိသည့်အတွက် လက်မှတ် အရေအတွက်မှာလည်း အကန့်အသတ်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းဂီတဖျော်ဖြေပွဲတွင် Dream Lover တီးဝိုင်း၊ ဂီတကဗျာ သံစုံတီးဝိုင်းတို့က ပါဝင်ပံ့ပိုး တီးခတ်ပေးမည်ဖြစ်ကာ ပြီးခဲ့သောဇာတ်လမ်းအကျဉ်းဟု ဖျော်ဖြေပွဲ အမည်ပေးထားကြောင်း သိရသည်။

“တစ်ကိုယ်တော်ပွဲကို ထူးထူးခြားခြား အနေနဲ့ Orchestra ရယ်၊ Dream Lover Band ရယ် ပေါင်းပြီးတင်ဆက်ဖို့ ရှိပါတယ်။ ဒီပွဲကို အချိန်ယူစီစဉ်သွားမှာဖြစ်သလို ထူးခြားတဲ့ တင်ဆက်မှုတွေ၊ ဂီတအရသာတွေ ပေးစွမ်းနိုင်ဖို့ ကြိုးစားသွားမှာပါ။ ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေ မျှဝေသွားမှာပါ” ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်သည် သံစုံတီးဝိုင်းနှင့်တွဲဖက်၍ ဖျော်ဖြေပွဲပြုလုပ်မည့်အကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည်မျှဝေပေးထားသည်။ စိုင်းစိုင်းခမ်းလှိုင်သည် နှစ်စဉ်တိုင်းတွင် မွေးနေ့ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် မွေးနေ့ ဖျော်ဖြေပွဲ ကျင်းပလေ့ရှိကာ ယခုနှစ်တွင် ရန်ကုန်မြို့ Thuwunna Bhumi Event Park ၌ အစဉ်အလာ မပျက်ကျင်းပခဲ့ပြီး ဖြစ်သည်။ ယခုနှစ်တွင် ထူးထူးခြားခြား နောက်ထပ်တစ်ကိုယ်တော် ဖျော်ဖြေပွဲတစ်ပွဲအဖြစ် Dream Lover တီးဝိုင်း၊ ဂီတကဗျာ သံစုံတီးဝိုင်းတို့နှင့် တွဲဖက်တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ယခုနှစ်ပိုင်းအတွင်း တေးသံရှင်များအနေဖြင့် တစ်ကိုယ်တော် ဖျော်ဖြေပွဲများတွင် မိမိတို့သီဆိုခဲ့သည့် တေးသီချင်းများအား သံစုံတီးဝိုင်းဖြင့် ပုံစံပြောင်းလဲတီးခတ်ကာ တင်ဆက်လာခဲ့သည်။ စိုင်းစိုင်း၏ ထူးခြားသည့် တစ်ကိုယ်တော်ပွဲအတွက် ပရိသတ် စိတ်ဝင်စားမှုလည်း မြင့်တက်လျက်ရှိသည်။

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် သံစုံတီးဝိုင်းတို့ ပူးပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ အောက်တိုဘာလအတွင်း ပြုလုပ်မည်

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် သံစုံတီးဝိုင်းတို့ ပူးပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲအား ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ၌ အောက်တိုဘာလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲတွင်  Dream Lover  တီးဝိုင်း၊ ဂီတကဗျာသံစုံတီးဝိုင်းတို့က ပါဝင်ပံ့ပိုးတီးခတ်ပေးမည်ဖြစ်ကာ တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်က တေးသီချင်းများစွာအား ပါဝင်ဖျော်ဖြေတင်ဆက်မည် ဖြစ်သည်။

“တစ်ကိုယ်တော်ပွဲကို ထူးထူးခြားခြားအနေနဲ့  Orchestra ရယ်၊ Dream Lover Band ရယ် ပေါင်းပြီးတင်ဆက်ဖို့ ရှိပါတယ်။ ဒီပွဲကို အချိန်ယူစီစဉ်သွားမှာဖြစ်သလို ထူးခြားတဲ့တင်ဆက်မှုတွေ၊ ဂီတအရသာတွေ ပေးစွမ်းနိုင်ဖို့ ကြိုးစားသွားမှာပါ။ ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေ မျှဝေသွားမှာပါ” ဟု တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။

တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်သည် သံစုံတီးဝိုင်းနှင့်တွဲဖက်ကာ ဖျော်ဖြေပွဲပြုလုပ်မည့် အကြောင်းအား လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည်မျှဝေပေးထားသည်။ စိုင်းစိုင်းခမ်းလှိုင်သည် နှစ်စဉ်တိုင်းတွင် မွေးနေ့ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် မွေးနေ့ဖျော်ဖြေပွဲအား ကျင်းပလေ့ရှိကာ ယခုနှစ်တွင် ရန်ကုန်မြို့ Thuwunna Bhumi Event Park ၌ အစဉ်အလာမပြတ်ကျင်းပခဲ့ပြီး ဖြစ်သည်။  ယခုနှစ်တွင် ထူးထူးခြားခြား နောက်ထပ်တစ် ကိုယ်တော်ဖျော်ဖြေပွဲတစ်ပွဲအဖြစ် Dream Lover  တီးဝိုင်း၊ ဂီတကဗျာ သံစုံတီးဝိုင်းတို့ နှင့် တွဲဖက်တင်ဆက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယခုနှစ်ပိုင်းအတွင်း တေးသံရှင်များအနေဖြင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲများတွင် မိမိတို့သီဆိုခဲ့သည့် တေးသီချင်းများအား သံစုံတီးဝိုင်းဖြင့် ပုံစံပြောင်းလဲတီးခတ်ကာ ဖျော်ဖြေတင်ဆက်မှုများ ပိုမိုများပြားလာခဲ့သည်။ တေးသံရှင်ကျားပေါက်နှင့် Big Bag  တီးဝိုင်းတို့၏ သံစုံတီးဝိုင်းဖြင့် တွဲဖက်တင်ဆက်မှုမှာ ပရိသတ်အားပေးမှုများပြားခဲ့သည်။ ထို့ပြင် တေးသံရှင်ဝေလ၏ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင်လည်း သံစုံတီးဝိုင်းဖြင့် တင်ဆက်မည်ဖြစ်ကာ တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်သည်လည်း သံစုံတီးဝိုင်းဖြင့် တင်ဆက်မည့်အကြောင်းကို ကြေညာထားခြင်း ဖြစ်သည်။

၂၀၁၉ နှစ်ဆန်းပိုင်းတွင်လည်း တေးသံရှင်အိမ့်ချစ်မှ သံစုံတီးဝိုင်းနှင့် တွဲဖက်ကာ တစ်ကိုယ်တော်ဖျော်ဖြေပွဲတစ်ပွဲ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

 

သရုပ်ဆောင်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း

ဧပြီ ၁၀ ရက်နေ့တိုင်းတွင် ပရိသတ်များနှင့်အတူ မွေးနေ့ဖျော်ဖြေပွဲများအား ဆယ်စုနှစ်တစ်ခုကျော် ကြာကျင်းပခဲ့သည့် တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်က ယခုနှစ်မွေးနေ့ဖျော်ဖြေပွဲကိုလည်း ရန်ကုန်မြို့ Thuwunna Bhumi Event Park ၌ ကျင်းပရန်စီစဉ်ထားသည်။ ဒိတ်ဒိတ်ကြဲတစ်ကိုယ်တော် တေးစီးရီးထွက်ရှိအပြီး ငါးနှစ်ကြာမြင့်ချိန်မှသာ ထွက်ရှိလာမည့် စိုင်းစိုင်းကစိုင်းစိုင်း အယ်လ်ဘမ်သစ်ကိုလည်း ဧပြီ ၁ ရက်တွင်စတင်ထွက်ရှိမည်ဖြစ်ကာ ယင်းနေ့တွင် ပရိသတ်များနှင့်တွေ့ဆုံရန် စီစဉ်ထားပြန်သည်။ SAI Stardom ဟုအမည်ပေးထားသည့် Official Fan Club တစ်ခုကိုလည်း မကြာခင် ဖွဲ့စည်းရန်စီစဉ်ထားသည့် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့်တွေ့ဆုံ၍ စီစဉ်ထားသည့် အနုပညာဖန်တီးမှုများအကြောင်း၊ Official Fan Club များအကြောင်းတို့ကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

■ မေး- မန္တလေးမှာ ဖျော်ဖြေမယ့်ပွဲအကြောင်း အရင်ပြောပြပေးပါဦး။

ဖြေ- ကျွန်တော်မနှစ်က မွေးနေ့ရှိုးကို မန္တလေးမှာလုပ်ပြီးနောက်ပိုင်း မန္တလေးမှာ ရှိုးမဆိုဖြစ်တာ တစ်နှစ်တိတိ ရှိခဲ့ပါပြီ။ ဒါကြောင့် မတ် ၃၀ ရက်မှာ Frenzo Music Tour ကို မန္တလေးမှာလုပ်ဖို့ စီစဉ်ထားတာပါ။ ဒီပွဲမှာ ကျွန်တော်ရယ်၊ Snare ၊ ဘန်နီဖြိုး၊ G-Fatt တို့ပါဝင်ပါမယ်။ မတ် ၃၀ ရက်မှာ ၅၃ လမ်းက Golden Hotel မှာပြုလုပ်မှာပါ။ ဒီပွဲက မန္တလေးပရိသတ်အတွက် စီစဉ်ပေးတဲ့ပွဲပါ။

 

■ မေး- စိုင်းစိုင်းကစိုင်းစိုင်း အယ်လ်ဘမ်နဲ့ပတ်သက်လို့လည်း ပြောပါဦး။

ဖြေ- ဧပြီ ၁ ရက်မှာ စိုင်းစိုင်းကစိုင်းစိုင်း ခွေသစ်ထွက်ပါမယ်။ ဒိတ်ဒိတ်ကြဲကနေ အခု စိုင်းစိုင်းကစိုင်းစိုင်း ဆိုရင် ငါးနှစ်ကြာသွားပါပြီ။ ငါးနှစ်လုံးလုံး ဘာတွေလုပ်နေမိမှန်းတောင် မသိဘူး။ အချိန်တွေလည်း အကုန်မြန်လိုက်တာပေါ့။ ငါးနှစ်လုံးလုံးမှာတော့ သီချင်းတွေကိုဖန်တီးနေတယ်။ စကားလုံးတွေကို စုဆောင်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သုံးလအတွင်းမှာမှ သီချင်းအားလုံးကို တီးခတ် ရေးသား သီဆိုခဲ့တာဖြစ်ပါတယ်။ သီချင်း ၁၂ ပုဒ်လုံးရဲ့ Rap တွေအားလုံးကို ကျွန်တော်ကိုယ်တိုင် ဖန်တီးထားပါတယ်။ အများစုက Hip Hop တွေ ပါဝင်ပါတယ်။ Electro hop၊ Dance တွေလည်း ပါပါတယ်။ သီချင်းရှစ်ပုဒ်တိတိက ကျွန်တော်တစ်ယောက်တည်း တစ်ကိုယ်တော် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တစ်ပုဒ်မှာတော့ Big Bag က ကိုကျားပေါက်ရေးထားပြီးတော့ ကျွန်တော် Rap တွေကိုပြန်ဖြည့်သီဆိုထားတာ တစ်ပုဒ်ပါတယ်။ နောက်ထပ်သုံးပုဒ်ကိုတော့ ကျွန်တော့်ရဲ့ Music Producer ဖြစ်တဲ့ မောင်မောင်ပြည့်စုံက Chorus Melody ရေးထားတာကို ကျွန်တော် Rap တွေဖြည့်ပြီး ဆိုထားပါတယ်။ ကျွန်တော့်ရဲ့ စိုင်းစိုင်းကစိုင်းစိုင်း အယ်လ်ဘမ်မှာ မောင်မောင်ပြည့်စုံနဲ့ကျွန်တော်နဲ့ နှစ်ယောက်တွဲပြီး သီချင်းတွေကို Produce လုပ်ခဲ့တာပါ။ ပါဝင်သီဆိုတဲ့ ဧည့်သည်အဆိုတော်တွေက နန္ဒစိုင်း၊ ငယ်ငယ်၊ အမရာဖုန်းတို့နဲ့ တစ်ပုဒ်စီတွဲဆိုထားပြီး Frenzo Artist ခုနစ်ယောက်တိတိ ပေါင်းဆိုထားတဲ့ ‘ငါ့ရည်းစားက ပိုမိုက်တယ်’ သီချင်းလည်း ပါပါတယ်။ ဒီသီချင်းတွေကို အခွေမထွက်နိုင်တဲ့ ငါးနှစ်တာအတွင်းမှာ အခုလိုမြန်မြန်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်တာကတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလနဲ့ ဇန်န၀ါရီလတွေမှာ မြို့ကြီး ၁၄ မြို့လောက်မှာ သီချင်းတွေဆိုတဲ့အခါ အခုလို သီချင်းသစ်တွေထပ်ပြီး ဖန်တီးဖို့ ခွန်အားတွေရပါတယ်။ အဲဒီအတွက် ပရိသတ်တွေအားလုံးကို ကျေးဇူးတင်သလို ပွဲတွေစီစဉ်ပေးတဲ့ Samsung ကိုလည်း ကျေးဇူးတင်ပါတယ်။

 

■ မေး- အခွေထွက်မယ့်နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံမယ့်အစီအစဉ်ကို ပြောပေးပါဦး။

ဖြေ- ဧပြီ ၁ ရက်မှာ Junction Square မှာ ပရိသတ်နဲ့တွေ့ဆုံပွဲ စီစဉ်သွားပါမယ်။ မွန်းလွဲ ၁ နာရီစတင်ပါမယ်။ ချောကလက်ရောင် ရေခဲအိပ်မက်အခွေထွက်တုန်းက ပရိသတ်တွေနဲ့ တွေ့ဆုံမယ်ပြောတော့ ဖြန့်ချိရေးက ဘာလို့လုပ်မှာလဲလို့ မေးခဲ့ဖူးပါတယ်။ အဲဒီကနေ သူငယ်ချင်းများစွာခွေမှာ ပရိသတ်အယောက် ၃၀၀ ဘလေဇွန်ကိုလာခဲ့ပါတယ်။ အဲဒီလိုကနေ ပရိသတ်တွေများလာလိုက်တာ ဒိတ်ဒိတ်ကြဲတုန်းကဆိုရင် Junction Square တစ်ခုလုံး ပြည့်လျှံသွားခဲ့ပါတယ်။ အခုငါးနှစ်ကြာတဲ့အချိန်မှာ ကျွန်တော်မသိတော့ဘူး။ ကျွန်တော်လည်း အသက်ကြီးလာသလို ကျွန်တော့်ပရိသတ်တချို့လည်း အိမ်ထောင်တွေကျ၊ ကလေးတွေရ ဖြစ်နေပြီ။ ဧပြီ ၁ ရက်မှာ လာအားပေးမယ်၊ မပေးမယ်ဆိုတာ မမှန်းဆနိုင်ဘူး။ ကျွန်တော်ကတော့  Junction Square မှာစောင့်နေပါမယ်။ လာရောက်နိုင်သူတွေအားလုံးကို ဖိတ်ခေါ်ပါတယ်။

 

မေး- မွေးနေ့ရှိုး အစီအစဉ်နဲ့ပတ်သက်လို့လည်း ပြောပြပေးပါဦး။

ဖြေ- ဒီနှစ်မွေးနေ့ရှိုးကို ရန်ကုန်မှာလုပ်ပါမယ်။ Thuwunna Bhumi Event Park မှာ လုပ်ပါမယ်။ အဲဒီပွဲမှာလည်း Frenzo Artist တွေအပါအ၀င် သူငယ်ချင်းတွေအကုန် ၀ိုင်းဝန်းသီဆိုကြပါမယ်။ Birthday Show ကို ၂၀၀၄ တုန်းက Blazon ရယ် ဦးမီးပွားရယ်ကြောင့် လုပ်ဖြစ်ခဲ့တာပါ။ Blazon ကလည်း ကျွန်တော်နဲ့ပွဲလုပ်ချင်တယ်။ ဦးမီးပွားကလည်း အဆိုတော်အနေနဲ့ ဇာတ်ကားတစ်ကား ရိုက်ချင်တာကြောင့် ရှိုးတစ်ခု စီစဉ်ခိုင်းတယ်။ အဲဒါနဲ့ ကျွန်တော်လုပ်ဖြစ်ခဲ့တာပါ။ အဲဒီဇာတ်ကားတော့ မရိုက်ဖြစ်ခဲ့ဘူး။ ၂၀၀၄ ကစပြီး တောက်လျှောက် မွေးနေ့ရှိုးကို နှစ်စဉ် ကျင်းပနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Blazon ကိုရော ဦးမီးပွားကိုပါ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ၂၀၀၅ မှာ မွေးနေ့ရှိုး မလုပ်ဖြစ်ခဲ့တာကြောင့် မွေးနေ့ရှိုးလုပ်ခဲ့တာ ၁၄ ကြိမ်မြောက်ဖြစ်ပါတယ်။ ကျွန်တော့်မွေးနေ့ရှိုးက Theme Concert ပုံစံဖြစ်ပါတယ်။ စင်ပေါ်မှာ လက်ဝှေ့ကြိုးဝိုင်း လုပ်ခဲ့ဖူးသလို စက်ရုပ်လည်း ဆောက်ဖူးပါတယ်။ အီဂျစ်ပုံစံနဲ့ တင်ဆက်ဖူးသလို ရဲတိုက်ကြီးဆောက်ပြီး ရေနွေးငွေ့ရထားနဲ့ထွက်လာတာလည်း လုပ်ဖူးတယ်။ ဒီနှစ်မှာ ဘယ်လိုပုံစံ ထွက်လာမယ်ဆိုတာ စောင့်မျှော်အားပေးဖို့ပြောချင်ပါတယ်။ ကျွန်တော် မွေးနေ့ဖျော်ဖြေပွဲက မွေးနေ့ရှိုးဆိုတာထက် ပရိသတ်တွေ တစ်နှစ်တစ်ခါ တွေ့ဆုံကြတဲ့ Fan Gathering ဖြစ်ပါတယ်။ ဒါကြောင့် ကြွရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

 

မေး- SAI Cosmetix က အသစ်ထွက်မယ့် ကုန်ပစ္စည်းအသစ်တွေကရော။

ဖြေ- အဲဒါက နွေရာသီအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ နှုတ်ခမ်းနီအရောင် သုံးရောင်ကို မိတ်ဆက်ထားပါတယ်။ တစ်ခုကို Crush on You ၊ Merry Me ၊ Xo Xo လို့ နာမည်ပေးထားပါတယ်။ ပြီးတော့ SAI Mascara ကိုလည်း အသစ်ထပ်မံထုတ်ထားပါတယ်။ Love is in the air လို့ နာမည်ပေးထားပါတယ်။ Beauty Blogger တွေကတစ်ဆင့် မိတ်ဆက်ပါမယ်။

 

မေး- SAI Stardom official Fan Club ဖွဲ့မယ့်အကြောင်းကိုလည်း ရှင်းပြပေးပါဦး။

ဖြေ- ပရိသတ်များတောင်းဆိုမှုအရ ဒါကိုတည်ထောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော့်ပရိသတ်တွေကို ကျွန်တော့်ကိုအလင်းပေးနိုင်တဲ့ လမ်းပြပေးနိုင်တဲ့ ကြယ်ပွင့်လေးတွေလို့တင်စားပြီး SAI Stardom လို့နာမည်ပေးထားပါတယ်။ ကြယ်ပွင့်အရောင်လေးတွေကို အသုံးပြုသွားပါမယ်။ ဆောင်ပုဒ်ကိုတော့ ကျွန်တော်နဲ့ပရိသတ်တွေသုံးနေကျအတိုင်းပဲ Sentimental Relationship ပါ။ ကျွန်တော်နဲ့ပရိသတ်တွေကြားက နှစ်ပေါင်းများစွာရှိခဲ့ကြတဲ့ သံယော ဇဉ်နှောင်ကြိုးဖြစ်ပါတယ်။ အသင်းဝင်ကြေးကောက်ခံမှာဖြစ်ပါတယ်။ တစ်နှစ်လုံးအတွက် ကျပ် ၆၅၀၀ ကောက်ခံမှာဖြစ်ပါတယ်။ ဒီလိုဝင်တဲ့သူတွေအနေနဲ့ မကြာခင်ထွက်ရှိလာမယ့် စိုင်းစိုင်းက စိုင်းစိုင်းအယ်လ်ဘမ်နဲ့ Member Card ကိုအိမ်တိုင်ရာရောက် ပို့ပေးပါမယ်။ Member တွေဟာ တရားဝင်စိုင်းစိုင်းရဲ့ Membe တွေဖြစ်လာပြီး အထူးအခွင့်အရေးတွေ ရလာမှာဖြစ်ပါတယ်။ ဥပမာ-အမှတ်တရ တီရှပ်တွေထုတ်ဝေတာမျိုး၊ ရှိုးပွဲတွေမှာ အထူး Discount ပေးတာမျိုး၊ ဥပမာ- Member တွေ သီးသန့်တွေ့ဆုံတာမျိုး၊ Member သီးသန့်ပါဝင်တဲ့ ရှိုးပွဲစီစဉ်တာမျိုးစသဖြင့်ရှိလာနိုင်ပါတယ်။ SAI Stardom ကို Join မယ်ဆိုရင် www.saisaionline.com ကနေ register လုပ်ရမှာဖြစ်ပါတယ်။

ဝေလ၊ ဟန်ထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ ဘန်နီဖြိုး၊ G-Fatt၊ တင်ဇာမော်တို့ ပါဝင်မည့် The Evolution-The Best ဖျော်ဖြေပွဲ မတ် ၂၄ ရက်တွင် တောင်ကြီးမြို့၌ ပြုလုပ်မည်

တေးသံရှင်ဝေလ၊ ဟန်ထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ ဘန်နီဖြိုး၊ G-Fatt၊ တင်ဇာမော်တို့ပါဝင်မည့် The Evolution-The Best ဂီတဖျော်ဖြေပွဲကို မတ် ၂၄ ရက်တွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များအား ကျပ် ၅၀၀၀ ဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်ကာ အမိုက်စား ဖျော်ဖြေတင်ဆက်မှုများဖြင့် ဖျော်ဖြေသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

“The Evolution ဂီတဖျော်ဖြေပွဲတွေကို ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ကြီးတွေမှာ Theme နာမည်လေးတွေနဲ့ မတူကွဲပြားတဲ့ တေးသံရှင်တွေ ပါဝင်စေပြီး ဖျော်ဖြေပွဲတွေ ပြုလုပ်နေတာပါ။ ဒီတစ်ခေါက် လုပ်မှာကတော့ တောင်ကြီးမြို့မှာပါ။ အရင်ကလည်း The Evolution ပွဲတွေ ကျင်းပဖူးပါတယ်။ The Evolution-The Best ပွဲမှာ ကိုဝေလ၊ ကိုဟန်ထွန်း၊ စိုင်းစိုင်း၊ Snare၊ G-Fatt၊ ဘန်နီ၊ မတင်ဇာမော်တို့ ပါဝင်ပါမယ်။ ပါဝင်တဲ့ ဂီတအမျိုးအစားနဲ့ တေးသံရှင်တွေ မတူသလို ရော့ခ်ဂီတကိုနှစ်သက်တဲ့ ပရိသတ်တွေ၊ ဟစ်ဟော့ပ်ဂီတနဲ့ ကခုန်ချင်တဲ့ လူငယ်တွေ အားလုံးအတွက် ရင်ခုန်စရာပွဲတစ်ပွဲဖြစ်အောင် စီစဉ်ထားပါတယ်။ ဖျော်ဖြေပွဲကျင်းပမယ့် စင်မြင့်ဒီဇိုင်းကအစ အမိုက်စားတင်ဆက်မှုတွေနဲ့ ဖျော်ဖြေနိုင်အောင် ပြင်ဆင်နေပါတယ်။ လက်မှတ်တွေကိုလည်း ရောင်းချနေပါပြီ။ ဒါကြောင့် အဲဒီနေ့မှာ အားလုံးအတူတူပျော်နိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု The Evolution ဖျော်ဖြေပွဲများအား စီစဉ်သည့် Myanmar Larger Beer မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

The Evolution-The Best ဂီတဖျော်ဖြေပွဲကို ညနေ ၅နာရီဝန်းကျင်တွင် စတင်မည်ဖြစ်ပြီး ပါဝင်သည့် တေးသံရှင်တစ်ဦးချင်းစီက ထင်ရှားသည့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကာ အပိုင်းများခွဲ၍ တင်ဆက်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ The Evolution ဂီတဖျော်ဖြေပွဲများအား မြို့ကြီးများ၌ လှည့်လည်ဖျော်ဖြေလျက်ရှိရာတွင် ယခုအခါတောင်ကြီးမြို့၌ ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

စိုင်းစိုင်းခမ်းလှိုင်နှင့် သူငယ်ချင်းများ၏ ဖျော်ဖြေတင်ဆက်မှု New Year Countdown Party တွင် တင်ဆက်မည်ဖြစ်ပြီး ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်

တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်၏ ဖျော်ဖြေမှုကို တွေ့ရစဉ်

စိုင်းစိုင်းခမ်းလှိုင်နှင့် သူငယ်ချင်းများ၏ ဖျော်ဖြေတင်ဆက်မှုကို New Year Countdown Party ဖျော်ဖြေပွဲတွင် တင်ဆက်မည်ဖြစ်ပြီး ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ စိုင်းစိုင်းနှင့် သူငယ်ချင်းများ၏ ဖျော်ဖြေတင်ဆက်မှုအား ည ၁၁ နာရီ ၁၅ မိနစ်တွင် စတင်မည်ဖြစ်ပြီး Frenzo Production Artist များဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်၊ Snare ၊ ဘန်နီဖြိုး၊ G – Fatt တို့မှ ပါဝင်ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

“New Year Countdown ပွဲမှာ ကျွန်တော်တို့ စိုင်းစိုင်းနဲ့ သူငယ်ချင်းများလည်း ပါဝင်ဖျော်ဖြေပါမယ်။ နှစ်တိုင်းကလည်း နယူးရီးယားဆိုရင် ပရိသတ်တွေနဲ့အတူ သီချင်းတွေဆိုရင်း ဖြတ်သန်းနေကျပါ။ အခုနှစ်မှာ ထူးခြားတာက ကျွန်တော်တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုကို ရုပ်သံလိုင်းကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတစ်ဝန်းက ပရိသတ်များနဲ့အတူ နှစ်သစ်ကိုကြိုဆိုခွင့်ရမှာပါ။ ကျွန်တော်တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုကို အားပေးရင်းနဲ့ နှစ်သစ်ကိုကြိုဆိုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပျော်ရွှင်ဖွယ်နှစ်သစ်ချိန်ခါလည်းဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။

တေးသံရှင် G – Fatt ကလည်း “ကျွန်တော်တို့အခုနှစ်မှာ နယူးရီးယားအကြိုပွဲကို ဖြတ်သန်းရင်းနဲ့ နှစ်သစ်ကိုကြိုဆိုမှာပါ။ ကျွန်တော်တို့ ဖျော်ဖြေမှုက ည ၁၁ နာရီဝန်းကျင် လောက်စတင်ပါမယ်။ ပရိသတ်တွေနဲ့အတူ နှစ်သစ်ကို ကြိုဆိုနိုင်ကြမှာပါ။ ဒီပွဲမှာ ကျွန်တော်တို့အားလုံး ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်။ ကိုယ်တိုင်ပါဝင်ဖြတ်သန်းနိုင်သူတွေရော မဖြတ်သန်းနိုင်သူတွေလည်း ရုပ်သံလိုင်းကနေ ကြည့်ရှုရင်း ဖြတ်သန်းနိုင်မှာပါ” ဟု ဆိုသည်။

New Year Countdown Party ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ လင်းလင်း၊ ဂျီလတ်၊ Ar-T ၊ Snare ၊ ဘန်နီဖြိုး၊ ရဲရင့်အောင်၊ G- Fatt ၊ ချစ်သုဝေ၊ အိမ့်ချစ်၊ ၀ိုင်းစုခိုင်သိန်း၊ Bobby Soxer တို့ ပါဝင်တင်ဆက်မည်ဖြစ်သည်။ ဖျော်ဖြေပွဲအား ညနေ ၅ နာရီတွင် စတင်မည်ဖြစ်ပြီး အခမဲ့တင်ဆက်မည်ဖြစ်ကာ လက်မှတ်များအား 4TV Showroom ၌ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။  စိုင်းစိုင်းနှင့်သူငယ်ချင်းများသည် ယခင်နှစ်များကလည်း နှစ်သစ်အကြိုဖျော်ဖြေပွဲများ၌ ပါဝင်တင်ဆက်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဖျော်ဖြေမှုအား တိုက်ရိုက်ထုတ်လွှင့်ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။