မွေးမြူရေးထွက်ကုန်များအပေါ် ထောက်ခံချက်ထုတ်ပေးရာတွင် ပေးဆောင်ရမည့်နှုန်းထားများ တိုးမြှင့်သတ်မှတ်ကောက်ခံပါက ကြက်မွေးမြူရေးလုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ဆွေးနွေး

မွေးမြူရေးထွက်ကုန်များအပေါ် ထောက်ခံချက်ထုတ်ပေးရာတွင် ပေးဆောင်ရမည့်နှုန်းထားများနှင့် ပတ်သက်၍ ဆွေးနွေးနေစဉ်

မွေးမြူရေးလုပ်ငန်းထွက်ကုန်များအပေါ် ထောက်ခံချက်လက်မှတ်ထုတ်ပေးရာတွင် ကောက်ခံသည့်နှုန်းထားများကို လာမည့်ဧပြီ ၁ ရက်မှစတင်ကာ တိုးမြှင့်ပြောင်းလဲကောက်ခံရန် ထုတ်ပြန်ထားရာ ယင်းပြောင်းလဲသတ်မှတ်သော နှုန်းထားများအတိုင်း ကောက်ခံပါက အဓိက ကြက်မွေးမြူရေးလုပ်ငန်းများအပေါ် ထိခိုက်လာနိုင်ပြီး မွေးမြူရေးလုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ကြက်မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထောက်ခံချက်ထုတ်ပေးရာတွင် ကောက်ခံမည့်နှုန်းထားအသစ်များမှာ ယခင်ကောက်ခံနေသည့် နှုန်းထားများထက် မြင့်တက်သွားသည့်အတွက် ဈေးနှုန်းပြင်ဆင်သတ်မှတ်ခြင်းနှင့်ပတ်သက်ကာ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်-မန္တလေးတိုင်းဒေသကြီးနှင့် ကြက်ဥ၊ ကြက်သားမွေးမြူထုတ်လုပ် ရောင်းချသူများအသင်းမှ မန္တလေးမြို့တွင် မတ် ၂၀ ရက်က ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

“မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ဖို့နဲ့ ထုတ်လုပ်တဲ့အဆင့်တွေ လျှော့ချနိုင်ဖို့ ကြိုးစားနေရဆဲအခြေအနေမှာ ရှိပါတယ်။ ဒီလိုမျိုး မလျှော့ချနိုင်ရင် အိမ်နီးချင်းနိုင်ငံတွေကနေ ၀င်ရောက်နေတဲ့ တရားမ၀င်ကြက်၊ ဘဲ၊ ငုံးနဲ့ ၎င်းတို့ရဲ့ထွက်ကုန်ပစ္စည်းတွေ ၀င်ရောက်လာပြီး မွေးမြုရေးလုပ်ငန်းတွေ အရှုံးပေါ် ပိုထိခိုက်ပျောက်ကွယ်သွားနိုင်ပါတယ်။ လက်ရှိမှာလည်း ကြက်မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ အစာဈေးမြင့်တက်မှုတွေကြောင့် အခက်အခဲဖြစ်ပေါ်နေတာတွေရှိတယ်။ ဒီလိုအချိန်မှာ ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးထုတ်ကုန်တွေကို တိုးမြှင့်ကောက်ခံမယ်။ အထပ်ထပ်အခါခါ ကောက်ခံခြင်းပြုမယ်၊ အဆင့်ဆင့်ဆောင်ရွက်ရမယ်ဆိုရင် မွေးမြူသူတွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေမှာပါ။ ဒါကြောင့် ဒီကုန်တွေအပေါ် ကောက်ခံတဲ့နှုန်းထားတွေကို နှစ်ဦးနှစ်ဖက် မျှခြေရှိတဲ့နှုန်းပဲသတ်မှတ်ပေးဖို့နဲ့ ကုန်စည်စီးဆင်းမှုကို မနှောင့်နှေးတဲ့နည်းစနစ်တွေနဲ့ ဆောင်ရွက်ပေးစေလိုပါတယ်” ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောကြားသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးရာတွင် ကြက်၊ ဘဲ သားပေါက်တစ်ကောင်လျှင် ငါးကျပ်နှုန်း၊ ကြက်၊ ဘဲ (မီးလွတ်/ ဈေးပို့) တစ်ကောင်လျှင် ၁၀ ကျပ်နှုန်း၊ ငုံးသားပေါက်တစ်ကောင်လျှင် တစ်ကျပ်နှုန်း၊ ငုံး (မီးလွတ်/ ဈေးပို့) တစ်ကောင်လျှင် နှစ်ကျပ်နှုန်း၊ ကြက်ဥ၊ ဘဲဥတစ်လုံးလျှင် တစ်ကျပ်နှုန်း၊ ငုံးဥတစ်လုံးလျှင် တစ်ကျပ်နှုန်းဖြင့် ဧပြီ ၁ ရက်မှစတင်ကာ ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ပေးသွင်းရမည်ဆိုပါက ကြက်မွေးမြူရေးလုပ်ငန်းများအနေဖြင့် နေ့စဉ်ထွက်ရှိသည့် ကြက်ဥများအပေါ် အခွန်ဆောင်သကဲ့သို့ ပေးရမည်ဖြစ်ကာ လိုအပ်ချက်အရ ပေးသွင်းရမည်ဆိုပါကလည်း သင့်တင့်သည့်နှုန်းထားများနှင့် ပေးသွင်းရမည့်ငွေကြေးအား သက်ဆိုင်ရာဘဏ်စာရင်းသို့ တိုက်ရိုက်ပေးသွင်းသည့်စနစ်ဖြင့်သာ ကောက်ခံပေးရန်လိုအပ်ကြောင်း၊ ယခုသတ်မှတ်ထားသည့် နှုန်းထားများကိုလည်း ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အတိုးနှုန်း ကိုးရာခိုင်နှုန်းဖြင့် ကျပ် သိန်း ၂၀၀ မှ သိန်း ၅၀၀၀ အထိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေထုတ်ချေးမည်

စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ စီးပွားရေးလုပ်ငန်းများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်း ကိုးရာခိုင်နှုန်းဖြင့် ဘဏ်ချေးငွေထုတ်ပေးမည်ဖြစ်ပြီး အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ချေးငွေရယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဇန်န၀ါရီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုသို့ ချေးငွေထုတ်ချေးပေးမည့် လုပ်ငန်းများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ စီးပွားရေးလုပ်ငန်းများဖြစ်သည့် မျိုးစေ့သန့်စင်စက်၊ အခြောက်ခံစက်၊ သိုလှောင်ရုံ၊  အစာစပ်စက် ၊ သီးနှံကြိတ်ခွဲစက်၊ ဆန်စက်၊ ဆီစက်၊ အရည်အသွေးမြင့်ထုတ်ကုန်ထုတ်လုပ်သည့် စက်ရုံများ၊ ထုပ်ပိုးစက်၊ နှစ်တို နှစ်လတ် သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ အထူးသဖြင့် ပို့ကုန်တိုးမြှင့် ထုတ်လုပ်နိုင်သည့်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာအသင်းချုပ်များ၏ ထောက်ခံတင်ပြသည့် လုပ်ငန်းများကို ဦးစားပေးထုတ်ချေးသွားမည်ဖြစ်သည်။

ထိုသို့ ချေးငွေထုတ်ချေးရာတွင် နှစ်တို ချေးငွေအဖြစ် သက်တမ်းသုံးနှစ်၊ နှစ်လတ် ချေးငွေအဖြစ် သက်တမ်းငါးနှစ် သတ်မှတ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ကိုးရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ချေးငွေပမာဏမှာ လုပ်ငန်းနှင့် အာမခံပစ္စည်းအပေါ် မူတည်၍ ကျပ် သိန်း ၂၀၀ မှ ကျပ် သိန်း ၅၀၀၀ အထိ ထုတ်ချေးပေးမည်ဖြစ်သည်။

ချေးငွေရယူနိုင်ရန် တင်ပြရန်လိုအပ်သည့် အာမခံပစ္စည်းများမှာ လယ်ယာလုပ်ကိုင်ခွင့်ပုံစံ(၇)၊ လန-၃၉(သို့မဟုတ်) လယ်ယာမြေဥပဒေပုဒ်မ ၃၀ (က)နှင့် (ခ)အရ အခြားသုံးစွဲခွင့် သို့မဟုတ် မြေငှားလိုင်စင်/ ဂရန် သို့မဟုတ် ဘိုးဘွားပိုင်မြေ၊ မြေသုံးစွဲခွင့်ပြုမိန့် မူရင်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ချေးငွေအာမခံအဖြစ် တင်သွင်းရန် လိုအပ်ပြီး ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို

လည်း ချေးငွေအာမခံအဖြစ် ပေးအပ်နိုင်မည်ဖြစ်သည်။ အာမခံပစ္စည်းမပေးနိုင်သူများအနေဖြင့် လုပ်ငန်းကောင်းမွန်ပါက ချေးငွေအာမခံအဖွဲ့အစည်းနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ချေးငွေအာမခံ အဖွဲ့အစည်းနှင့် ချိတ်ဆက်ဆောင်ရွက်ပါက ချေးငွေပမာဏကို အများဆုံး ကျပ် သိန်း ၂၀၀ အထိ ထုတ်ပေးမည်ဖြစ်သည်။

ထိုသို့ ချေးငွေထုတ်ချေးပေးပြီးပါက ချေးငွေပြန်လည်ပေးဆပ်ရန် သုံးနှစ်သက်တမ်းရှိသော နှစ်တိုချေးငွေအတွက် ဆိုင်းငံ့ကာလတစ်နှစ်နှင့် ကျသင့်အတိုးကို သုံးလတစ်ကြိမ်ကောက်ခံပြီး အရင်းပေးဆပ်မှုကို နှစ်နှစ်အတွင်း ခြောက်လတစ်ကြိမ်ဖြင့် လေးရစ် ပေးဆပ်ရန် သတ်မှတ်ထားသည်။

ငါးနှစ်သက်တမ်းရှိသော ချေးငွေအတွက် ဆိုင်းငံ့ကာလ နှစ်နှစ်၊ ကျသင့်အတိုးကို သုံးလတစ်ကြိမ်ဖြင့် ကောက်ခံပြီး အရင်းပေးဆပ်မှုကို သုံးနှစ်အတွင်း ခြောက်လ တစ်ကြိမ်ဖြင့် ခြောက်ရစ်ပေးဆပ်ရမည်ဖြစ်ကြောင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။