မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ KTV သို့ လာရောက်သူနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀ ကျော် ဖမ်းဆီးရမိ

မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက်ရှိ အကယ်ဒမီ KTV စားသောက်ဆိုင်တွင် ဧပြီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်က ဆိုင်သို့လာရောက်သူနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ ရဲအုပ်ကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြိုင်သာယာနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကျော်မိုးနှင့် တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် တိုင်းရင်းဆေးရုံလမ်းရှိ အကယ်ဒမီ KTV ဆိုင်သို့ မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်စစ်ဆေးရှာဖွေရာ အခန်းအမှတ် (VIV-1) အတွင်းရှိ မော်လမြိုင်မြို့ မောင်ငံရပ်ကွက် ဆီဆုံရပ်နေ ဇင်ကိုအောင် (၃၄) နှစ် (ဘ) ဦးအောင်မြင့်နှင့် မော်လမြိုင်မြို့ မောင်ငံရပ်ကွက် အောင်တော်မူ (၃) လမ်းနေ မဇူလိုင်ဦး (၃၁) နှစ် (ဘ) ဦးမြင့်ဝင်းတို့နှစ်ဦးအား အသင့်တွေ့ရှိရပြီး ရှာဖွေရာ ၎င်းတို့ နှစ်ဦးထိုင်နေသည့် ဆိုဖာဆက်တီနောက် အမှီပေါ်ရှိ တစ်ရှူးဘောက်စ်အတွင်းတွင် ဖယောင်းစက္ကူဖြင့် ပါကင်ထုပ်ပြုလုပ်ထားပြီး အဆိုပါ အထုပ်အတွင်း အပြာရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၂၀၀၊ WY စာတန်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၈၅ ပြား စုစုပေါင်း ၉၂၈၅ ပြား (တန်ဖိုးကျပ်- ၄၆၄၂၅၀၀၀) သိမ်းဆည်းရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများနှင့်အတူ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့ကိုပါ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့သူ နှစ်ယောက်ကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ ဒီမူးယစ်ဆေးဝါးတွေကို ဧပြီ ၂၅ ရက် မနက် ၈ နာရီလောက် ကျိုက်မရောမြို့နယ် ခုနစ်ခွေတောင်တက်လမ်းမှာ ကရင်လူမျိုးတစ်ယောက်က လာရောက်ပို့ဆောင်ပေးခဲ့ပြီးတော့ ပြန်လည်ရောင်းချဖို့ ၀ယ်ယူထားရှိတယ်ဆိုပြီး စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်ခဲ့တဲ့သူတွေကိုလည်း ဖမ်းဆီးရမိနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇင်ကိုအောင်နှင့် မဇူလိုင်ဦးတို့နှစ်ဦးအပေါ် မြိုင်သာယာနယ်မြေရဲစခန်းမှ မယ (ပ) ၇/၂၀၁၈၊ မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မ- ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ်တွင် ဆိုင်ကယ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် ဘင်္ဂါလီလူငယ်နှစ်ဦးအား ဖမ်းဆီးရမိ

မောင်တောမြို့နယ်တွင် ဆိုင်ကယ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် ဘင်္ဂါလီလူငယ်နှစ်ဦးကို ဧပြီ ၆ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၆ ရက် ညနေ ၅ နာရီတွင် မူးယစ်တပ်ဖွဲ့စု (၄၆) မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် လဘော်ဇားရဲကင်းတံတားထိပ်တွင် မာမောက်ဟာဆောင်း မောင်းနှင်ပြီး ဂျာဖော်အာလောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရှာဖွေရာ တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၉၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် မာမောက်ဟာဆောင်း (၁၉ နှစ်) နှင့် ဂျာဖော်အာလောင် (၁၉ နှစ်) တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် နေရပ်စွန့်ခွာသွားခြင်းမရှိသည့် ဘင်္ဂါလီမွတ်စလင်တချို့ ပါဝင်ပတ်သက်မှုရှိနေကြောင်း ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မတ် ၂၇ ရက်ကလည်း မောင်တောမြို့နယ် နတ်မြစ်အတွင်း ငွေကျပ် ၃၅၂၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၆၄၀၀ ပြားကို ဘင်္ဂါလီသုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ မတ် ၂၃ ရက် နံနက်ပိုင်းက မောင်တောမြို့အနီး ပင်လယ်ပြင်အတွင်း ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ဘင်္ဂါလီငါးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချသူနှစ်ဦးထံမှ ကျပ်သိန်းပေါင်း ၁၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများကို ရှာဖွေစစ်ဆေးနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ်တွင် ဧပြီ ၇ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချသူ နှစ်ဦးထံမှ ကျပ်သိန်းပေါင်း ၁၃၉၀ တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၇ ရက် နံနက် ၉ နာရီက မူးယစ်ဆေးဝါးသတင်းအရ ပင်လည်ဘူးမြို့မရဲစခန်းက မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မစခန်းမှူးတို့ ဦးဆောင်ညွှန်ကြားပြီး ဒုရဲအုပ်ဖြိုးဝေလင်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသတွင်းဖွဲ့စည်းထားသည့် မိုးသောက်ကြယ် မူးစိတ်တားအဖွဲ့တို့ ပူးပေါင်းကာ ပင်လည်ဘူးမြို့နယ် ကသောအုပ်စု အောင်းကုန်းကျေးရွာရှိ မောင်နိုင် (ခ) အောင်နိုင်ဦး၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ကြောင်း၊ ထိုသို့ရှာဖွေရာတွင် မောင်နိုင်၏နေအိမ်သို့ အလည်ရောက်ရှိနေသည့် အောင်အောင် (ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် လွယ်ကန်ရွာနေသူ) တို့ကို အတူတွေ့ရှိခဲ့ကြောင်း၊ အဆိုပါနေအိမ်အတွင်းသို့ ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အောက်ထပ် မြေကြီးအတွင်း၌တူးကာ မြှုပ်နှံထားသည့် ပလတ်စတစ်ပုံးအတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား၂၇၈၀၀၊ ကာလတန်ဖိုးငွေ ကျပ်သိန်း ၁၃၉၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

“ဒီတစ်ခါဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးက ပမာဏများသလို ကာလတန်ဖိုးကလည်း ကျပ်သိန်းပေါင်း ၁၃၉၀ ရှိပါတယ်။ တရားခံနှစ်ဦးကိုတော့ ပင်လည်ဘူးမြို့မရဲစခန်းမှာ မူးစိတ်တားဥပဒေတွေနဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်” ဟု မိုးသောက်ကြယ် မူးစိတ်တားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၈၀၀ နှင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၃၉၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် တရားခံမောင်နိုင်နှင့် အောင်အောင်တို့ကို ပင်လည်ဘူးမြို့မရဲစခန်းက မယ(ပ)၄၄/ ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်မှာ မူးယစ်ဆေးဝါးများကို ထုတ်လုပ်ခြင်းမရှိသော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဘက်များမှ နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်လျက်ရှိပြီး ပင်လည်ဘူးမြို့နယ်ကို အခြေချဗဟိုပြု၍ အခြားမြို့နယ်ဒေသအသီးသီးသို့ ဖြန့်ချိရောင်းချမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိအချိန်တွင် ဒေသခံများက ဒေသအတွင်း မူးယစ်ဆေးဝါး လျော့ပါးပျောက်ကွယ်ရေးအတွက် ဒေသဆိုင်ရာအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးရောင်းချသူများအား ပုံစံမျိုးစုံဖြင့်ဖမ်းဆီးခြင်း၊ လက်ကားဒိုင်များကို ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ပျံ့နှံ့နေမှု၊ လက်ကားဒိုင်ကြီးများဖြင့် ဖြန့်ချိရောင်းချနေမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပင်လည်ဘူးဒေသခံလူငယ်များက မိုးသောက်ကြယ်အမည်ဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ပင်လည်ဘူးမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ပျံ့နှံ့ရောင်းချနေသည့်အပြင် သုံးစွဲသူများလည်း အများအပြားရှိနေဆဲဖြစ်ကြောင်း သိရပြီး ကျောင်းသားအချို့ပါ မူးယစ်ဆေးဝါး သုံးစွဲလာမှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက လူမှုစီးပွားဘ၀များပါ ထိခိုက်မှုများစွာဖြစ်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။

မောင်တောမြို့တွင် ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး နောက်ဆက်တွဲ ဘင်္ဂါလီအမျိုးသမီးတစ်ဦးနှင့်အတူ စိတ်ကြွဆေးပြား အကြေမှုန့်များ ထပ်မံဖမ်းဆီးရမိ

မောင်တောမြို့တွင် ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး နောက်ဆက်တွဲ ဘင်္ဂါလီအမျိုးသမီးတစ်ဦးနှင့်အတူ စိတ်ကြွဆေးပြား အကြေမှုန့်များ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် မောင်တောမြို့ မြို့မတောင်ရပ်ကွက် မီးစက်ကြီးရှေ့လမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းမြင့်ထွန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သက်သေများနှင့် စောင့်ဆိုင်းနေကြစဉ် မောင်နီရွာဘက်မှ အဖြူရောင်ဆာလာအိတ် တစ်အိတ်အားထမ်းလျက် လမ်းလျှောက်လာသူ မောင်နီကျေးရွာနေ အာမီနူရ် (၃၅ နှစ်) (ဘ) ကာလာမျှာနှင့်အတူ တစ်ရွာတည်းနေ ဇာဖေါ့ အာမတ် (၅၀ နှစ်) (ဘ) ဆီးဒီးအာမတ်တို့အား တွေ့ရှိရာ မသင်္ကာသဖြင့် သက်သေများရှေ့တွင် စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့စစ်ဆေးရာတွင် ဆာလာအိတ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးပြားဟု ထင်ရသော WY/R စာတမ်း ရောရာပါ ပန်းရောင်ဆေးပြားစုစုပေါင်း ၁၁၅၀ ပြား၊ ကာလတန်ဖိုး ကျပ် ၂၃၀၀၀၀၀ ခန့်အား တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာမီနူရ်မှ ၎င်းဆေးပြားများမှာအတူ ပါလာသူ ဇာဖေါ့အာမတ်၏ ဆေးပြားများဖြစ်ကြောင်း ပြောပြသိရှိခဲ့ရသဖြင့် ဆေးပြားလက်ဝယ်တွေ့ရှိသူ အာမီနူရ်နှင့် ဇာဖေါ့အာမတ်တို့အား မောင်တောမြို့မရဲစခန်း မယ (ပ) ၁၉/၂၀၁၇ မူး/စိတ်ပြောင်း ပုဒ်မ ၁၅/၁၉ (က)/၂၁ အရ အမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးရမိသော တရားခံနှစ်ဦးမှ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မြို့မတောင်ရပ်ကွက် (အလယ်) ရွာနေသူ ဟာရုံ (၃၂ နှစ်) (ဘ) အဒူကော်ဖူးထံမှ ၀ယ်ယူလာခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် ညနေ ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မြို့မတောင်ရပ်ကွက် (အလယ်ရွာ) နေသူ ဟာရုံ (၃၂ နှစ်) (ဘ) အဒူကော်ဖူး၏ နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ရာ ဟာရုံအား နေအိမ်တွင်မတွေ့ရှိဘဲ ၎င်း၏ဇနီးဖြစ်သူ ရှောင်ရှီတာဘေဂေါင် (၂၅ နှစ်) (ဘ) အဘူ ကာလာမ်အား တွေ့ရှိသဖြင့် နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်နောက်ဖေးခန်းအတွင်း အရှည်ခြောက်ပေခန့်ရှိ ကြက်သောင်းဝါးအတွင်း ထည့်ထားသော ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် အလေးချိန် တစ်ကီလိုခွဲကျော်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါအမှုအား မောင်တောမြို့မရဲစခန်း မယ (ပ) ၂၀/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။