ဘားအံမြို့နယ်အတွင်း မူးယစ်ဆေးဝါးအကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့အစည်းအချို့က ပြန်ပေးဆွဲငွေညှစ်မှုဖြစ်ပေါ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသူအား ပြန်လွှတ်မပေးသေး

ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၃ နာရီ ၄၅ မိနစ်က မူးယစ်ဆေးဝါးကိုအကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖွဲ့ပူးပေါင်းပြီး ပြန်ပေးဆွဲငွေညှစ်တောင်းခံကာ ဦးကောင်ကြီး (ခေါ်) သန်းထိုက် အသက် ၃၆ နှစ်အား ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယနေ့တိုင် ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်ချိုလက်က ပြောကြားသည်။

“သူတို့က ကျွန်မယောက်ျားဆီမှာ စိတ်ကြွဆေးပြား ၁၅ ပြား ၀ယ်ယူတယ်လို့ပြောတယ်။ ဒါကြောင့် အိမ်မှာ ဆေးပြားတွေရှိမှာပဲဆိုပြီး အိမ်ပေါ်မှာ ၀င်ရောက်ရှာဖွေတယ်။ အဲဒီအဖွဲ့က ဘာမှမတွေ့တော့ အိမ်မှာရှိတဲ့ ငွေတစ်သိန်းရှစ်သောင်းနဲ့ ဖုန်းနှစ်လုံး ဆိုင်ကယ်တစ်စီးကိုသိမ်းယူပြီး ကျွန်မယောက်ျားကို သိန်းလေးဆယ်နဲ့ လာရောက်ရွေးယူဖို့ ပြောသွားတယ်” ဟု ဒေါ်ချိုလက်က ပြောကြားသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့သည် ဘားအံမြို့နယ် ကံခရဲကျေးရွာအုပ်စု ကျွန်းကြီးရွာအနီးက ဇိုင်းဘက်ရှိ ရော်ဘာခြံအခြေပြု စခန်းချသည့် လက်နက်ကိုင်အဖွဲ့နှင့် ဘားအံမြို့နယ် အိန္ဒုအခြေပြုစခန်းချသည့် လက်နက်ကိုင်အဖွဲ့တို့ဖြစ်ပြီး စုစုပေါင်း ခုနစ်ဦးဖြစ်ကြောင်း သိရသည်။

နောက်ဆက်တွဲသတင်းအရ အဆိုပါလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဦးကောင်ကြီးအား ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ် မဲသိမ်ကုန်းစခန်းသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားပြီး ဖုန်းဖြင့် ဇနီးဖြစ်သူ ဒေါ်ချိုလက်ထံသို့ ငွေကိစ္စအဆင်ပြေလားဟု မေးမြန်းခဲ့ကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီက ကျွန်မဆီဖုန်းဆက်လာတယ်။ ငွေကိစ္စအဆင်ပြေလားပေါ့။ ကျွန်မက ခြံလိုက်ပေါင်တာ ငွေ ၁၅ သိန်းပဲရတယ်။ ကျွန်မတို့ တောသူတောင်သားတွေအနေနဲ့ ဒီလောက်ပဲတတ်နိုင်တယ်လို့ ပြောလိုက်တယ်” ဟု ဒေါ်ချိုလက်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကဲ့သို့ ဖေဖော်ဝါရီတတိယပတ်က ဘားအံမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးကို အကြောင်းပြကာ ငွေသိန်း ၅၀ မပေးပါက မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ငွေတောင်းခံခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်၌ ငါးရက်အတွင်း စိတ်ကြွဆေး ၆၇၀၇၄၀ ပြား ဖမ်းမိ

မောင်တောမြို့နယ်အတွင်း ဖေဖော်ဝါရီ ဒုတိယအပတ် ငါးရက်အတွင်း စိတ်ကြွရူးသွပ် ဆေးပြား ၆၇၀၇၄၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီ ၂၀ မိနစ်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် နတ်မြစ်အတွင်း ဦးစောလှကျွန်း၏ မြောက်ဘက်တွင် ရှောင်ရှူးအာလောင်အား လက်ခတ်လှေနှင့်အတူတွေ့ရှိ ရှာဖွေရာ လှေပေါ်၌ အထုပ်နှစ်ထုပ်တွေ့ရှိရ၍ မူးယစ်တပ်ဖွဲ့စု (၄၆) မောင်တောမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာ ကျပ် ၁၉၀၉ ဒသမ ၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၄၉၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ရှောင်ရှူးအာလောင် (၂၈ နှစ်) အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ ဖေဖော်ဝါရီ ၉ ရက်ညပိုင်းတွင် မောင်တောမြို့အနီးရှိ နတ်မြစ်အတွင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့၏ မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာ၌ မသင်္ကာဖွယ် လက်ခတ်လှေတစ်စင်းအား တွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူစဉ် လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ တက်ချောင်းဝနေရာ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းရေတပ်က လာအိုနိုင်ငံသားတစ်ဦးထံမှ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား ၁၁ သန်းကို ‘၀’ အဖွဲ့ကထုတ်လုပ်သည်ဟူသော ဖော်ပြချက်များသည် မဟုတ်မှန်ဘဲ ငြင်းဆိုကန့်ကွက်ကြောင်း UWSP/UWSA ဖြေရှင်း

ထိုင်းရေတပ်က လာအိုနိုင်ငံသားတစ်ဦးထံမှ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား ၁၁ သန်းကို ‘၀’အဖွဲ့က ထုတ်လုပ်သည်ဟူသော ဖော်ပြချက်များသည် မဟုတ်မှန်ဘဲ ငြင်းဆိုကန့်ကွက်ကြောင်း ‘၀’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA ) ၏ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်း၏ Facebook စာမျက်နှာမှတစ်ဆင့် ဇန်န၀ါရီ ၂၈ ရက်တွင် ပြန်လည်ဖြေရှင်းထားသည်။

ဦးညီရန်း၏ Facebook စာမျက်နှာတွင် “လူမှုကွန်ရက် Facebook နှင့် Media ၌ ပြန့်နှံ့လျက်ရှိသော ၉၉၉ တံဆိပ် စိတ်ကြွဆေးယာဘတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၁၀၀ နှင့် လာအိုနိုင်ငံသားတစ်ဦးတို့အား ထိုင်းမြစ်ကြောင်းကင်းလှည့်တပ်ဖွဲ့မှ ဖမ်းဆီးရမိ၊ ‘၀’ တပ်ဖွဲ့ထုတ်လုပ်ဟူသော သတင်းရှင်းလင်းချက်’ ဟု ဖော်ပြထားသည်။

အဆိုပါရှင်းလင်းချက်တွင် ၉၉၉ တံဆိပ် ဖမ်းမိတိုင်း ‘၀’ တပ်ဖွဲ့ဟုစွပ်စွဲ၍မရကြောင်း၊ ဖမ်းမိသည့် လာအိုနိုင်ငံသားသည် မိမိတို့ တပ်ဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ရေးသားထားသည်။

ထို့ပြင် ထိုင်းနှင့် လာအိုနိုင်ငံနယ်စပ် မဲခေါင်မြစ် Nakhon Phanom ဆိပ်ကမ်းသည် UWSP/UWSA တပ်ဖွဲ့များထိန်းချုပ်ရာ ကုန်းတွင်းဒေသနှင့်သော်လည်းကောင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုအမည်ဆိုးဖြင့် ကျော်ကြားသည့် ရွှေတြိဂံဒေသနှင့်သော်လည်းကောင်း၊ မဲခေါင်မြစ်ကြောင်းအတိုင်း ရေမိုင် ၅၀၀ ခန့်နှင့် အဖြောင့်တိုင်း ကုန်းမိုင် ၆၅၀ ခန့်ကွာဝေးကြောင်း၊ မြန်မာနိုင်ငံနှင့် ထိစပ်နေသော ရှည်လျားသည့် မဲခေါင်မြစ် ကြောင်းတစ်လျှောက်အား UWSA တပ်ဖွဲ့များမှ ထိန်းချုပ်ခြင်းလုံးဝမရှိကြောင်းလည်း  ရှင်းလင်းချက်တွင်ပါရှိသည်။

မဲခေါင်မြစ်ရေပြင်ကို မြန်မာ၊ တရုတ်၊ လော (လာအို)၊ ထိုင်း လေးနိုင်ငံတပ်ဖွဲ့များမှ မြစ်တွင်းကင်းလှည့်ရေယာဉ်များသည် မျက်ခြည်မပြတ် ပူးတွဲကင်းလှည့်ခြင်းများနှင့်အတူ ဆက်စပ်မြေပြင်ဒေသများအား ဒေသခံပြည်သူ့စစ်၊ ယခင် ဘိန်းဘုရင် ခွန်ဆာ၏ နောက်လိုက် SURA ဗိုလ်ကြီးနော်ခမ်း (တရုတ်ပြည် သေဒဏ်ကွယ်လွန်) လက်ကျန်မူးယစ်ဂိုဏ်းဝင်များနှင့် အခြားနိုင်ငံစုံမှ မူးယစ်ကုန်သည်များ လှုပ်ရှားနေဆဲဖြစ်ကြောင်းလည်း ‘၀’ အဖွဲ့က ပြန်လည်ဖြေရှင်းထားသည်။

ရွှေတြိဂံဒေသမှ ရေမိုင် ၅၀၀ ခရီးတွင် မူးယစ်ကိစ္စများ၌ နာမည်ဆိုးနှင့် ကျော်ကြားသော ထိုင်းနှင့် လော (လာအို) နိုင်ငံများကို ကျော်ဖြတ်ရမည်ဖြစ်သောကြောင့် ၉၉၉ တံဆိပ်ယာဘဆေးလုံးရေ ၁၁ သန်း (၃၇ အိတ်) သည် ‘၀’ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့မှ ထုတ်လုပ်ခြင်းဟူသော သက်သေခိုင်လုံမှုမရှိ၊ အခြေအမြစ်မရှိ တစ်ဖက်သတ် စွပ်စွဲချက်သတင်းများသာဖြစ်ကြောင်းနှင့် မဟုတ်မှန်ကြောင်း ခိုင်မာစွာ ငြင်းဆိုကန့်ကွက်ကြောင်း ပြန်လည်ရှင်းလင်းထားသည်။

ဘားအံ-သထုံ ကားလမ်း၌ အမျိုးသမီးတစ်ဦးထံမှ ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ကျော်ရှိ WY စိတ်ကြွဆေးပြား ၁၈၆၁၀၀၊ ICE ၈၆၀ ဂရမ်နှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ကရင်ပြည်နယ်တွင် ဇန်န၀ါရီ ၃ ရက် နံနက်ပိုင်းက ဘားအံ-သထုံ ကားလမ်းတွင် သတင်းအရ တာဝန်ရှိသူများက စောင့်ဆိုင်း ဖမ်းဆီးရာမှ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ အမျိုးသမီးတစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဇန်န၀ါရီ ၅ ရက် နံနက်ပိုင်းက ၎င်းနေထိုင်သည့် ရန်ကုန်ရှိ နေအိမ်အား ဆက်လက်ရှာဖွေရာမှ စိတ်ကြွဆေးအပါအ၀င် ICE ပုံဆောင်ခဲများပါ ထပ်မံရှာဖွေတွေ့ရှိခဲ့ရာ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ခြောက်ထောင်ကျော်ရှိ WY စိတ်ကြွဆေးပြား ၁၈၆,၁၀၀ နှင့် ICE ၈၆၀ ဂရမ်၊ မတ်တူးယာဉ်တစ်စီး အပါအ၀င် လက်ကိုင်ဖုန်းတစ်လုံးနှင့် မြန်မာငွေရောရာ ကျပ်သုံးသိန်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၃ ရက် နံနက် ၁၁ နာရီခန့်တွင် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဘားအံမြို့နယ် ဘန်ဂျီကျေးရွာအနီး ဘားအံ-သထုံ ကားလမ်းတွင် စောင့်ဆိုင်းနေစဉ် သထုံဘက်မှ မောင်းနှင်လာသည့် မတ်တူးအမျိုးအစား အဖြူရောင်ယာဉ် တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းမှာ မနန်းဘိုင်ခမ်း ၅၃ နှစ် အမှတ် (၁) ရပ်ကွက် လားရှိုးမြို့ ရှမ်းပြည်နယ်နေသူဖြစ်ကြောင်း သိရပြီး ယာဉ်အား သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးရာ ယာဉ်ရှေ့ခန်းနှင့် နောက်ခန်းတို့ အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၆၁,၀၀၀ (ကာလတန်ဖိုး ကျပ် ၄၈၃, ၀၀၀, ၀၀၀ ခန့် )၊ အမဲရောင်လက်ကိုင်ဖုန်းတစ်လုံး မြန်မာငွေရောရာ ကျပ် ၃၀၀,၀၀၀ အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ပူးပေါင်းအဖွဲ့သည် သုဝဏ္ဏနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ကိုကိုဦးစီးအဖွဲ့နှင့်အတူ မနန်းဘိုင်ခမ်း ငှားရမ်းနေထိုင်သော ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ(၂၉) ရပ်ကွက် နေအောင်လမ်းရှိအိမ်အား သက်သေများနှင့်အတူ ဇန်န၀ါရီ ၅ ရက် နံနက် ၂ နာရီတွင် ဆက်လက်ရှာဖွေရာ ၎င်းနေအိမ်ရှိ ဗီရိုအတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၅၁၀၀ ပြား (ကာလတန်ဖိုး ကျပ် ၈၇,၈၅၀,၀၀၀ ခန့်) ၊ ICE ဟု ယူဆရသော အဖြူရောင်အခဲ အလေးချိန် ၈၆၀ ဂရမ် (ကာလတန်ဖိုး ကျပ် ၆၈,၈၀၀,၀၀၀ ခန့်) တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မနန်းဘိုင်ခမ်းအား ဘားအံမြို့မရဲစခန်းနှင့် သုဝဏ္ဏနယ်မြေ ရဲစခန်းတို့တွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။