ယခုနှစ်မိုးရာသီ စပါးစိုက်ချိန်တွင် ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ယခင်နှစ်များထက် စိုက်ပျိုးစရိတ်ကုန်ကျမှု ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရ

မန္တလေးတိုင်းဒေသကြီး ကျေးလက်တစ်ခုရှိ မိုးစပါး လုပ်ကွက်များတွင် တောင်သူများ စိုက်ပျိုးနေစဉ်

ယခုနှစ်မိုးရာသီ စပါးစိုက်ပျိုးခြင်းများကို ၀ါဆိုလမှစ၍ စိုက်ပျိုးလျက်ရှိရာ ယခု ၀ါခေါင်လအတွင်း အပြီးသတ် စိုက်ပျိုးခြင်းများ ပြုလုပ်လျက်ရှိပြီး လက်ရှိတွင် ဓာတ်မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်းများ အပါအ၀င် အလုပ်သမားစရိတ် မြင့်တက်လာခြင်းများကြောင့် လယ်တစ်ဧက စိုက်ပျိုးစရိတ်ကုန်ကျမှုမှာ ယခင်နှစ်များထက် သုံးပုံ တစ်ပုံခန့် မြင့်တက်လျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

“ပထမဆုံးအချက်က စက်မှုလယ်ယာဆိုတော့ ဆီဈေးမြင့်သွားတယ်။ နောက်တစ်ချက်က အလုပ်သမားဈေး မြင့်သွားတယ်။ နောက်ထပ်စပါးစိုက်တဲ့အခါ ပံ့ပိုးရတဲ့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ ဈေးတွေကလည်း မြင့်တက်သွားတယ်။ ခါတိုင်းနှစ်မှာ နှစ်သိန်းလောက် ကုန်တာက ဒီနှစ်မှာ သုံးသိန်း အေးအေး လောက်ကုန်တယ်။ အလုပ်သမား စရိတ်ဆိုရင် အရင်နှစ်က ကောက်စိုက်သမ တစ်ဦးကို ၃၀၀၀ ပေးရတာကနေ ဒီနှစ်ဆိုရင် ၄၀၀၀ ပေးရတယ်။ ဒါတောင် အလုပ်သမားက မရှိဘူး။ ဓာတ်မြေသြဇာ ဆိုရင်လည်း အခုဒေါ်လာဈေး တက်တာတွေကြောင့် တစ်အိတ်ကို အနည်းဆုံး ၅၀၀၀ ကျော်ကျော်ကနေ ၁၀၀၀၀ လောက်အထိ သူ့အစားစားအလိုက် ဈေးတက်ကုန်တယ်။ ဓာတ်မြေသြဇာကလည်း လယ်တစ်ဧကကို သုံးအိတ်ကနေ လေးအိတ်ကြားမှာ သုံးရတယ်။ ဒါကြောင့်မို့ ဒီနှစ်စိုက်ပျိုးစရိတ်က အရင်ထက်စာရင် ပိုကုန်တယ်” ဟု မန္တလေး ပုသိမ်ကြီးမြို့နယ်ရှိ စပါးစိုက်တောင်သူ ဦးစိုးမင်းက ပြောကြားသည်။

မိုးစပါး စိုက်ပျိုးခြင်းအဖြစ် မန္တလေးအနီးဝန်းကျင်တွင် မတ္တရာနှင့် ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်တွင် အများဆုံး စိုက်ပျိုးကာ ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးလျာထား စိုက်ဧက ၂၃၉၀၀ ရှိပြီး စပါးမျိုးများအဖြစ် ပြည်တော်ရင်၊ ဧရာမင်း၊ မနောသုခ၊ မဂျမ်းတော၊ ရွှေသွယ်ရင် စသည့်စပါးမျိုးများကို စိုက်ပျိုးကာ ပြည်တွင်းစားသုံးမှုများသော မဂျမ်းစပါးမှာ ဈေးကွက်ရရှိမှုရှိကြောင်း သိရသည်။

“အခု စပါးဈေးက လက်ရှိပေါက်ဈေး ငါးသိန်းလောက်ရှိတယ်။ ငါးသိန်းဆိုရင် စပါးမထွက်ရင် အခုစိုက်စရိတ်နဲ့က ရှုံးနိုင်တယ်။ စပါးတင်းတစ်ရာ ကျော်ကျော်လောက် ထွက်မှရမယ်။ အခုစိုက်တဲ့ ကောက်ကြီးစပါး (မိုးစပါး) ပေါက်ဈေးက ပြီးခဲ့တဲ့နှစ်က ကြမ်းခင်းဈေး ခြောက်သိန်းလောက်ကနေ စတာက ရှစ်သိန်းအထိ ဖြစ်သွားတယ်။ အခုအချိန်ထိ အဲဒီဈေးပဲ မဂျမ်းတောဆိုတဲ့ ဆန်အနု ခေါ်တာပေါ့။ အခုစိုက်တဲ့ စပါးက သက်တမ်းရက် ၁၂၀ စပါးဖြစ်တာကြောင့် နိုဝင်ဘာလောက်မှာ ရိတ်သိမ်းနိုင်မယ်” ဟု ဦးစိုးမင်းက ဆက်လက်ပြောကြားသည်။

နိုင်ငံခြားသားများ ပြည်တွင်းတွင် စပါးလာရောက်ဝယ်ယူနေမှုများကို ဥပဒေအရ ခွင့်ပြုထားခြင်းမရှိသဖြင့် ထိထိရောက်ရောက် တားဆီးကာကွယ်ရန် လိုအပ်နေဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ပျိုးမှုလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

နိုင်ငံခြားသားများက ပြည်တွင်းတွင် စပါးလာရောက်ဝယ်ယူနေမှုများကို ဥပဒေအရ ခွင့်ပြုထားခြင်းမရှိသဖြင့် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းကာ ထိထိရောက်ရောက် တားဆီးကာကွယ်ရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က မတ် ၁၀ ရက်က အသင်းချုပ်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့က စပါးကို တရားမ၀င် သွားနေတဲ့ကိစ္စမှာ နိုင်ငံတော် အစိုးရကိုယ်တိုင်ကလည်း လက်မခံဘူး။ စီးပွား/ ကူးသန်းဝန်ကြီးဌာနကလည်း လက်မခံဘူး။ ဒါပေမဲ့ မျိုးစေ့ဆိုတဲ့ အနေအထားတစ်ခုနဲ့ ခွင့်ပြုပေးရတဲ့ဟာတွေရှိတယ်။ ဒါကလည်း မျိုးစေ့လာထုတ်တဲ့ တချို့ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ မျိုးစေ့လာထုတ်တယ်၊ သူတို့ မျိုးစေ့လာထုတ်ပြီးတော့ မျိုးစေ့ကို မျိုးစေ့အဖြစ် ပြန်ပြီးရောင်းတယ်။ ဒါပေမဲ့ ဒီနေရာမှာလည်း မျိုးစေ့မဟုတ်တဲ့စပါးကို မျိုးစေ့ဆိုပြီးသွားတာ မျိုးမဖြစ်အောင် ဒါလည်းဖြစ်တယ်လို့ အသံတွေလည်း ကြားတယ်။ ဒါတွေ မဖြစ်အောင် တစ်ဖက်ကလည်း ထိထိရောက်ရောက် တားဆီးရမယ့် အပိုင်းပေါ့နော်။ နောက် အခြေအနေတစ်ခုကတော့ ခုနကအချက်တွေက ဈေးကွက်အပေါ်မှာ သက်ရောက်မှုရှိတယ်။ ကျွန်တော်တို့ ဆန်စက်လုပ်ငန်းရှင်တွေ တော်တော်များများ စိုးရိမ်ကြပါတယ်။ ဒီလိုစိုးရိမ်တာတွေ ရှိတဲ့အတွက် နိုင်ငံတော်အစိုးရကလည်း ထိထိရောက်ရောက်နဲ့ တားဆီးကာကွယ်ဖို့ ပြောထားတာတွေရှိတယ်။ သူတို့လည်း ထိထိရောက်ရောက် တားဆီးကာကွယ် နေတာတွေလည်း ရှိပါတယ်။ ဒါက ရှေ့လျှောက်ဒီ Issue က ရှိနေမှာဖြစ်တဲ့အတွက် အစိုးရနဲ့ ပုဂ္ဂလိကတို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့နဲ့ နိုင်ငံတော်အစိုးရနဲ့ ထိထိရောက်ရောက် တားဆီးဖို့လိုပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

“နိုင်ငံခြားသားတွေ တိုင်းပြည်မှာ လာဝယ်တဲ့ကိစ္စကို လတ်တလော ဥပဒေမှာ ခွင့်ပြုမထားဘူး။ ဥပဒေအရ ခွင့်ပြုမထားသေးတဲ့ ကိစ္စတစ်ခုကို ဆောင်ရွက်တဲ့နေရာမှာ ဥပဒေနဲ့ခွင့်ပြုထားတဲ့ကိစ္စတွေမှာတောင်မှ လိမ်လည်မှုတွေဖြစ်နေတာ။ ဥပဒေနဲ့ မညီတဲ့ ကိစ္စတွေမှာဆိုရင် တိုင်းပြည်မှာ လူတွေမှာ ပိုပြီးနစ်နာနိုင်တယ်။ ဒါတွေကို ရေတိုကို မကြည့်ဘဲ ရေရှည်ကိုကြည့်ရမယ့်အပိုင်းတွေလည်း ရှိပါတယ်။ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့ လုပ်ရမယ့်အပိုင်းတွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် တရားမ၀င်ကုန်သွယ်မှုသည် ဆန်စပါးကဏ္ဍသာမကဘဲ အခြားကဏ္ဍများတွင်လည်း ရှိနေသဖြင့် တရားမ၀င် ကုန်သွယ်မှုကို တားဆီးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်မှ ကုန်သည် အချို့ ဧရာဝတီတိုင်းဒေသကြီးအထိဆင်းကာ ယင်းဒေသမှထွက်ရှိမည့် ဆန်များကို ပေါက်ဈေးထက်ပိုသော ဈေးနှုန်းဖြင့် ကြိုတင်ငွေပေးချေကာ ၀ယ်ယူလျက်ရှိကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။