မိုးရွာသွန်းမှုများခြင်းကြောင့် စပါးစိုက်ခင်းများ ပျက်စီးခြင်း၊ ပြည်ပသို့ ဆန်တင်ပို့မှုများခြင်း၊ သိုလှောင်ရုံတွင် စပါးလက်ကျန်နည်းနေခြင်းတို့ကြောင့် ပြည်တွင်းဆန်ဈေး မြင့်တက်နေ

ဧရာဝတီတိုင်းဒေသကြီးတွင် စပါးများစိုက်ပျိုးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

မိုးရွာသွန်းမှုများခြင်းကြောင့် စပါးစိုက်ခင်းများ ပျက်စီးခြင်း၊ ပြည်ပသို့ ဆန်တင်ပို့မှုများခြင်း၊ သိုလှောင်ရုံတွင် စပါးလက်ကျန် နည်းနေခြင်းတို့ကြောင့် ပြည်တွင်းဆန်ဈေး မြင့်တက်နေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“ဆန်က အချောရောအကြမ်းရော နှစ်မျိုးလုံး ဈေးတက်တယ်။ ပေါ်ဆန်းရှယ်တွေ အရင်က တစ်ပြည်ကို ကျပ်၂၅၀၀၊ အခုတော့ ၂၆၀၀ ကျပ်ဈေးဖြစ်သွားပြီ။အကြမ်းတွေလည်း တစ်ပြည်ကို တစ်ရာလောက်တက်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆန်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင်ဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် သိသိသာသာမြင့်တက်လျက်ရှိသကဲ့သို့ ယခင်လများနှင့်နှိုင်းယှဉ်ပါကလည်း ဆန် ဈေးနှုန်းများ မြင့်တက်နေသည်။

၂၀၁၈ခုနှစ် သြဂုတ်၁၁ရက်နေ့တွင် ဇီယာ ငါးမှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၃၃၀၀ မှ ကျပ်၂၃၅၀၀၊ ဧည့်မထငါးမှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၃၂၀၀ မှ ကျပ်၂၃၃၀၀ဈေး ရှိခဲ့ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၁၈ခုနှစ် ဧပြီ၁၁ရက်က ဇီယာ ငါးမှတ်ဆန်တစ်အိတ်လျှင်ကျပ် ၂၁၃၀၀ မှ ကျပ် ၂၂၀၀၀ ၊ ဧည့်မထငါးမှတ် ဆန်တစ်အိတ် လျှင် ကျပ်၂၁၅၀၀ မှ ကျပ် ၂၁၆၀၀ ရှိခဲ့သည်။

ဇူလိုင်လကုန်ပိုင်းက ဇီယာငါးမှတ်ဆန် တစ်အိတ်လျှင် ကျပ် ၂၁၃၀၀ မှ ကျပ် ၂၂၀၀၀၊ ဧည့်မထငါးမှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၁၅၀၀ ဈေးသာရှိခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းနှင့်လက်ရှိ အချိန်အထိကာလအတွင်း ဇီယာငါးမှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၀၀၀၊ ဧည့်မထငါးမှတ် ဆန်တစ်အိတ်လျှင် ကျပ် ၁၇၀၀ အထိ ဈေးမြင့်တက်ခဲ့သည်။

ဆန်တင်ပို့မှုအနေဖြင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင် ၂၇ ရက်အထိ ဆန်နှင့် ဆန်ကွဲပြည်ပတင်ပို့မှု တန်ချိန် ၈ ဒသမ ၀၂ သိန်းကျော် (၈၀၂၂၁၂ ဒသမ ၅၇ တန်) ရှိပြီး တန်ဖိုးဒေါ်လာ ၂၇၇ သန်းကျော် (ဒေါ်လာ ၂၇၇ ဒသမ ၇၇၅ သန်း) ရရှိခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် လေးလနီးပါးကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃၅၈၁၇၀ ကျော်၊ နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၄၄၄၀၁၄ ကျော် တင်ပို့ခဲ့ခြင်းဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ ဇူလိုင်လကုန်အထိ ရရှိသောစာရင်းများအရ စိုက်ပျိုးထားသည့်သီးနှံစိုက်ဧက ခုနစ်သိန်းကျော်အထိ ရေနစ်မြုပ်ခဲ့ပြီး ဧကသုံးသိန်းကျော် ပျက်စီးခဲ့ကာ အများစုမှာ နှမ်းနှင့် မိုးစပါးစိုက်ပျိုးထားသည့်မြေများဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန်ဦးမျိုးတင့်ထွန်းက ပြောကြားထားသည်။

ရေဘေးဒဏ် ခံထိခိုက်ပျက်စီးသည့် လယ်ယာမြေများတွင် စပါးအချိန်မီပြန်လည်စိုက်ပျိုးရေးနှင့် အထွက်နှုန်းမထိခိုက် စေရေးအတွက် ကူညီနိုင်မည့်နည်းလမ်းများကို အစိုးရဌာနဆိုင်ရာ၊ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ညှိနှိုင်းဆောင်ရွက်နေသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မြစ်ရေကြီးခြင်းကြောင့် မိုးစပါးစိုက်ဧကငါးသိန်းနီးပါး ရေ၀င်နစ်မြုပ်ခဲ့ပြီး ထိခိုက်ပျက်စီးဧက နှစ်သိန်းကျော်အထိရှိနေ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် မယင်းကျေးရွာအနီး အကျဉ်းဦးစီးဌာနပိုင်လယ်မြေတွင် ပြုလုပ်သည့် ရေကြီးနစ်မြုပ်စပါးများ စုပေါင်းပြီး ပြန်လည်စိုက်ပျိုးပွဲတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ-မောင်အေး)

ပဲခူးတိုင်းဒေသကြီးအတွင်း မြစ်ရေကြီးခြင်းကြောင့် စိုက်ပျိုးပြီး မိုးစပါးစိုက်ဧက ငါးသိန်းနီးပါးအထိ ရေ၀င်နစ်မြုပ်ခံခဲ့ရပြီး မြစ်ရေများ ပြန်လည်ကျဆင်းချိန် စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းကောက်ယူခဲ့ရာ သြဂုတ် ၈ ရက်အထိ စာရင်းအရ ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော မိုးစပါးစိုက်ဧက နှစ်သိန်းနီးပါးရှိနေကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး မှတ်တမ်းများအရ သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဇူလိုင်လ နောက်ဆုံးအပတ်အတွင်းက စစ်တောင်းမြစ်၊ ရွှေကျင်မြစ်နှင့် ပဲခူးမြစ်ရေကြီးခြင်းများကြောင့် မိုးစပါးစိုက်ဧကစုစုပေါင်း ၄၉၄၆၈၁ ဧကအထိ ရေလွှမ်းမိုးခံခဲ့ရကြောင်း သိရသည်။

မြစ်ရေများ ကျဆင်းသွားခဲ့ပြီးနောက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းကောက်ယူခဲ့ရာ သြဂုတ် ၈ ရက် အထိစာရင်းအရ ရေလွှမ်းဧက ၄၉၄၆၈၁ တွင် ၁၇၆၈၆၂ ဧကမှာ ရေလွှမ်းခံနေရဆဲဖြစ်ပြီး ပြန်ပေါ်ဧက ၃၁၇၈၁၉ ဧကရှိခဲ့ကြောင်း၊ အဆိုပါပြန်ပေါ်ဧကများအနက် ကောင်းမွန်သောမိုးစပါးစိုက်ဧက ၁၁၃၈၂၅ ဧကသာ ရှိခဲ့ပြီး ထိခိုက်ဧက ၁၃၁၁၇၄ ဧကနှင့် ပျက်စီးဆုံးရှုံးသည့်ဧက ၇၂၈၂၀ အထိရှိခဲ့ရာ စုစု ပေါင်းထိခိုက်ပျက်စီးဧက ၂၀၃၉၉၄ ဧကရှိကြောင်း ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဌာန ရုံးမှတ်တမ်းများအရ သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မြစ်ရေကြီးခြင်းကြောင့်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအား သြဂုတ် ၁၀ ရက် နံနက်ပိုင်းကတွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးသော မိုးစပါးများမှာ မျိုးစပါးများ တိုက်ရိုက် ကြဲပက်စိုက်ပျိုးသော ကြဲသားစိုက်ခင်းက ပိုမိုများပြားခဲ့ပြီး မျိုးစပါးပျိုးထောင်စိုက်ပျိုးသူ နည်းပါးကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြစ်ရေကြီးခြင်းကြောင့် ရေလွှမ်းမိုးခံရသော မိုးစပါးများအနက် ကြဲသားစိုက်ခင်းများမှာ ပျက်စီးဆုံးရှုံးမှု ပိုများကြောင်း၊ ထိုကဲ့သို့ပျက်စီး ဆုံးရှုံးသွားသောကြောင့် မျိုးစပါးစရိတ်၊ လုပ်အားခများ ဆုံးရှုံးခဲ့ရကြောင်း၊ ပျက်စီးသွားသော မိုးစပါးများနေရာတွင် အစားထိုး ပြန်လည်ဆောင်ရွက်နေကြသော်လည်း မိုးကာလ မကုန်ဆုံးသေးသောကြောင့် နောက်တစ်ကြိမ်မြစ်ရေကြီးကာ ရေ၀င်ရောက်မှု ထပ်မံကြုံတွေ့ပါက ထပ်မံပျက်စီးမှုကြုံတွေ့ ရနိုင်ပြီး နောက်တစ်ကြိမ် အစားထိုးစိုက်ပျိုးရန် မလွယ်ကူတော့ကြောင်း မိုးစပါးစိုက် တောင်သူများထံမှ သိရသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး တောင်ငူမြို့နယ် ပြသောင်ကျေးရွာမှ မိုးစပါးစိုက်တောင်သူ ဦးတင်စန်းက “ဆုံးရှုံးမှုကတော့ အကုန်ဆုံးရှုံးကုန်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပျက်စီးတဲ့နောက်တော့ဆုံးရှုံးပြီပေါ့။ ကြဲထားစိုက်ထားတာတွေ လုပ်အားခတွေအကုန်ဆုံးရှုံးပြီပေါ့။ အဲဒီတော့ ဒီရေကိုကလည်း နှစ်စဉ်နှစ်တိုင်းတော့ သမရိုးကျတော့ဖြစ်နေကြပဲ။ ဒါပေမဲ့ ဒီနှစ်က ကြဲရစိုက်ရတာက မိုးကအဆက်မပြတ်ရွာနေတဲ့ အခါကျတော့ အပင်က အရင့်မဖြစ်တော့ဘူး။ အပင်အနုဖြစ်တော့ ရေနစ်မခံနိုင်အောင် ဖြစ်ကုန်တာ” ဟု ပြောကြားသည်။

ထိုကဲ့သို့ရေလွှမ်းမိုးခံရပြီး ထိခိုက်သွားသော မိုးစပါးစိုက်ဧကများနေရာတွင် ပျိုးပင်များ အစားထိုးစိုက်ပျိုးခြင်းနှင့် ပျက်စီးခဲ့သည့် မိုးစပါးစိုက်ခင်းများအား အသစ်ပြန်လည်စိုက်ပျိုးခြင်းများတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကူညီဆောင်ရွက်လျက်ရှိကြောင်၊တောင်သူများ၏ လိုအပ်ချက်အပေါ် စာရင်းကောက်ယူပြီး လိုအပ်သော မျိုးစပါးများနှင့် ဓာတ်မြေသြဇာများ ပံ့ပိုးခြင်း၊ ထွန်ယက်ခြင်း လုပ်ငန်းများအတွက် စက်မှုလယ်ယာဦးစီးဌာန၏ အကူအညီများရယူ၍ပျက်စီးဆုံးရှုံးသွားသော မိုးစပါးများအား အစားထိုးပြန်လည် စိုက်ပျိုးနိုင်ရေးကူညီရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလေးမြင့်က “အခုချိန်ကတော့ စာရင်း အတိအကျ မရသေးပါဘူး။ ကျွန်တော်တို့ မနေ့ကအထိတော့ ပျက်စီးဧက ၂၄၀၀၀ ကျော်ကို ပျက်စီးဧကစာရင်းကောက်ပြီးဖြစ်ပါတယ်။ အဲဒီကောက်ပြီးတဲ့ စာရင်းတွေမှာ ကျွန်တော်တို့ရဲ့ မှတ်တမ်းများအရပေါ့နော် အချို့လယ်သမားတွေကျတော့ ကောက်တက်ပွားနဲ့ စိုက်တယ်။ အချို့ကျတော့လည်း ပျိုးထောင်ပြီး ဧကနောက်ကျစိုက်ပျိုးလေ့ရှိတယ်။ တဖြည်းဖြည်းနဲ့စိုက်မယ်။ တချို့ကျတော့လည်း မျိုးစပါး လိုအပ်တယ်လို့ ပြောပါတယ်။ အဲဒီအပေါ်မှာ အမြန်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမျိုးစေ့အပြင်ပေါ့နော်။ သူတို့ရဲ့ ကြိုက်တဲ့မျိုးစေ့တွေ စိုက်ပျိုးဖို့လည်း ကျွန်တော်တို့ လက်သင့်ခံပါတယ်။ ပြီးတော့မှ ပျက်စီးတဲ့ဟာအပေါ်မူတည်ပြီးတော့မှ မျိုးစပါးတွေ ပံ့ပိုးမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့က မြေသြဇာကိုတွက်ချက်ပြီးတာနဲ့ ချက်ချင်းအချိန်မီဖြန့်ဖြူးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုး ရေးဦးစီးဌာနအနေနဲ့ကတော့ တောင်သူတွေ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်လျက်ရှိပါတယ်”ဟုပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်မှ ၂၉ ရက်အထိ တစ်ပတ်အတွင်း မြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ကာ စံချိန်တင်ရေကြီးမှုများဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၃၆၀ ကျော်အား ယာယီပိတ်ထားရခြင်း၊ ရေဘေးသင့်ပြည်သူ အိမ်ထောင်စုပေါင်း ၁၅၀၀၀ ကျော်၊ လူဦးရေ ၇၀၀၀၀ ကျော်အထိ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရခြင်းတို့ ကြုံတွေ့ခဲ့ရသည့်အပြင် ချောင်းတာတမံများ၊ ဆည်တာတမံများ ကျိုးကျပျက်စီးခြင်းလည်း ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

 

ကမ္ဘာကြီးပူနွေးမှုက စပါးများကို အာဟာရလျော့ကျမှုဖြစ်စေဟု သိပ္ပံပညာရှင်များ သတိပေး

၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ဗီယက်နမ်မြို့တော် ဟနွိုင်းအပြင်ဘက်၌ စပါးစိုက်ခင်းတစ်ခုတွင် လယ်သမားတစ်ဦးကို တွေ့ရစဉ် (Photo: AFP)

ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု မြင့်တက်ပြီး ကမ္ဘာကြီး ပူနွေးမှုက စပါးများကို ပရိုတင်းနှင့် ဗီတာမင်များ  လျော့နည်းသွားစေသဖြင့် လူသန်းပေါင်းများစွာကို အာဟာရချို့တဲ့မှု ဖြစ်စေနိုင်ကြောင်း သိပ္ပံပညာရှင်များက မေ ၂၃ ရက်တွင် သတိပေးခဲ့သည်။

ဆန်ကို နေ့စဉ်အာဟာရအဖြစ် စားသုံးသော အရှေ့တောင်အာရှတွင် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိနိုင်သည်ဟု Science Advances ဂျာနယ်တွင် ဖော်ပြခဲ့သော လေ့လာမှုက ဆိုသည်။ ကမ္ဘာကြီး ပူနွေးမှုကြောင့်  လူတို့စားသုံးနေသော အပင်များ၏ အာဟာရ ဓာတ်များကို သက်ရောက်မှုရှိကြောင်း  ယင်းသုတေသနကို ပူးတွဲဆောင်ရွက်သူ အဒမ်ဒရူနောင်းစကီးက ပြောကြားခဲ့သည်။ သူသည် ၀ါရှင်တန် တက္ကသိုလ်မှ ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာရပ်၏ ပါမောက္ခ ဖြစ်သည်။

ဆန်ကို အဓိကစားသုံးသော နိုင်ငံများတွင် ဆန်မှ အာဟာရအများစုနှင့် ကယ်လိုရီ ရရှိမှု၏ ရာခိုင်နှုန်း ၇၀ ခန့်ကို ရရှိနေကြသည်။ ပရိုတင်းနှင့် ဗီတာမင်ချို့တဲ့မှုများကြောင့် ဖွံ့ဖြိုးမှု တုံ့နှေးသွားခြင်း၊ ချို့ယွင်းချက်ရှိသော မွေးဖွားမှုများဖြစ်စေခြင်း၊ ၀မ်းရောဂါ၊ ကူးစက်ရောဂါနှင့် အချိန်မတိုင်မီ သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားကဲ့သို့ သော ဂျီဒီပီအနိမ့်ဆုံးနှင့် ဆန်ကို အဓိက အကျဆုံးအဖြစ် စားသုံးသော နိုင်ငံများတွင်  ဆန်များ၌ အာဟာရလျော့ကျခြင်းက အဆိုးဆုံး သက်ရောက်မှုဖြစ်စေကြောင်း ဒရူနောင်းစကီးက ပြောကြားခဲ့သည်။ ယခုရာစုနှစ်၏ ဒုတိယတစ်ဝက်တွင် လေထုအတွင်း၌ ရှိလာနိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို ခန့်မှန်းတွက်ချက်ပြီး သိပ္ပံပညာရှင်များက တရုတ်နှင့် ဂျပန်ရှိ  လယ်ကွင်းများတွင် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့သည်။

သုတေသနများအတွက် ကာဗွန်ဒိုင်အောက်ဆိုက် ထပ်တိုးထုတ်လွှတ်မှုကို ဖြစ်စေခဲ့ပြီး လယ်ကွင်းများထဲတွင် စိုက်ပျိုးထားသော စပါးမျိုးကွဲ ၁၈ မျိုးကို ရယူခဲ့ပြီး လေ့လာခဲ့သည်။ ထို စိုက်ခင်းများမှ စပါးနမူနာများကို ရယူခဲ့ခြင်းဖြစ်သည်။ ဖန်လုံအိမ်စိုက်ခင်းထက် ယခုကဲ့သို့ လယ်ကွင်းများအတွင်းမှ နမူနာများရယူခြင်းက ပို၍တိကျသော စမ်းသပ်မှုဖြစ်စေကြောင်း တိုကျိုတက္ကသိုလ်မှ ပါမောက္ခ ကာဇူဟီကိုဘာယာရှီကပြောကြားခဲ့သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် အပင်၏ ဖွဲ့စည်းပုံနှင့် ဖွံ့ဖြိုးမှုတို့ကို သက်ရောက်စေပြီး ကာဘိုဟိုက်ဒရိတ်မြင့်တက်စေ၍ ပရိုတင်းနှင့် သတ္တုဓာတ်များကို လျော့ကျစေကြောင်း လေ့လာမှုက ဖော်ထုတ်ခဲ့သည်။

စပါးအမျိုးအစား အားလုံးတွင် အာဟာရတန်ဖိုး ညီတူညီမျှ လျော့ကျခြင်းမဟုတ်သောကြောင့် နောက်ထပ်သုတေသနများ ဆောင်ရွက်ပြီး လေထုအပြောင်းအလဲကို ပို၍ခံနိုင်ရည်ရှိသော စပါးမျိုးများကို ထုတ်လုပ်နိုင်စေမည်ဟု မျှော်လင့်ရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လတတိယပတ်အထိ နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ ဒသမ ၅ သန်းကျော်တင်ပို့ပြီး ယင်း၏ ထက်ဝက်နီးပါးခန့်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တင်ပို့ခဲ့ခြင်းဖြစ်

ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လ တတိယပတ်အထိ နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၅ သန်းတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၁၁ ဘီလျံကျော်အထိ ရရှိထားပြီး တင်ပို့မှု၏ ထက်ဝက်နီးပါးခန့်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တင်ပို့ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ်၂၃ ရက်အထိ နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ ဆန်တန်ချိန်၂၈၈၉၃၁၇ ဒသမ ၄၂၂ တန် တင်ပို့မှုမှ ဒေါ်လာ ၉၅၃ ဒသမ ၇၀၄ သန်းကို လည်းကောင်း၊ နိုင်ငံပေါင်း ၃၃ နိုင်ငံသို့ ဆန် ကွဲတန်ချိန် ၆၂၀၆၉၆ ဒသမ ၂၄၅ တန်တင်ပို့ မှုမှ ဒေါ်လာ ၁၆၀ ဒသမ ၀၉၇ သန်းကိုလည်းကောင်း၊ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃၅၁၀၀၁၃ ဒသမ ၆၉၇ တန်တင်ပို့မှုမှ ဒေါ်လာ ၁၁၁၃ ဒသမ ၈၀၁ သန်းရရှိထားသည်။

ယခုနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ဆန်တင်ပို့မှုအနေဖြင့်   တန် ၁၈၁၁၇၄၇ ဒသမ ၆၂၇ တန်တင်ပို့မှုမှ ဒေါ်လာ ၆၀၇ ဒသမ ၂၀၃ သန်းကိုလည်းကောင်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  ၁၆၉၈၂၆၆ ဒသမ ၀၇၀ တန်တင်ပို့မှုမှ ဒေါ် လာ ၅၀၆ သန်းကျော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု တွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၇၀ ကျော်အထိ များပြားခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာရာခိုင်နှုန်း ၃၀ ခန့် သာ တင်ပို့နိုင်ခဲ့သည်။

ယခုနှစ်အတွင်းတွင်မူ ပြည်ပဈေးကွက်သစ်များ တိုးချဲ့ရရှိမှုတို့ကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် မြင့်တက်လာပြီး စုစုပေါင်းဆန်တင်ပို့မှု၏ ၄၈ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

မြန်မာ့ဆန်စပါးကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်မည့် ရည်မှန်းချက်အရ လာမည့်သုံးနှစ်အတွင်း ဆန်တန်ချိန် လေးသန်းအထိ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားပြီး ၀င်ငွေ ဒေါ်လာ ၁ဒသမ၅ ဘီလျံ အထိရရှိနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

ပြည်ပသို့ ဆန်ပိုမိုတင်ပို့နိုင်ရန်အတွက် နိုင်ငံတကာဈေးကွက်များကို ပိုမိုရှာဖွေခဲ့ပြီး လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ၆၂ နိုင်ငံအထိ တိုးချဲ့နိုင်ခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ်များထက် နိုင်ငံပေါင်း ၂၂ နိုင်ငံကို တိုးချဲ့ကာတင်ပို့နိုင်ခဲ့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရသည်။

ယင်းကဲ့သို့ နိုင်ငံတကာဈေးကွက်များကို ပိုမိုရှာဖွေထားနိုင်သည့်အတွက် လာမည့်ဘဏ္ဍာနှစ်များတွင် ပြည်ပသို့ ဆန်တင်ပို့နိုင်မည့် အခြေအနေကောင်းများရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ဆန်တင်ပို့မှုတွင် လွတ်လပ်ရေးခေတ်နှင့် လွတ်လပ်ရေးနှောင်းပိုင်းကာလများအတွင်း ပြည်ပသို့ ဆန်တန်ချိန် အများ ဆုံးတင်ပို့ထားသည့်  ၁၉၅၆၊ ၁၉၅၉ နှင့် ၁၉၆၀ ခုနှစ်များတွင် ဆန်တန်ချိန် တစ်သန်းသာ တင်ပို့ခဲ့ခြင်းရှိကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။