စစ်ကိုင်း ဂီတာလုပ်ငန်းများတွင် ဂီတာအရည်အသွေးပိုင်းဆိုင်ရာ တိုးမြှင့်ခြင်း၊ ဂီတာအမျိုးအစားသစ်များ ပြုလုပ်ရောင်းချလာ

ပြည်ပနိုင်ငံများမှ ဂီတာများ ၀င်ရောက်မှုများလာသောကြောင့် စစ်ကိုင်းဂီတာထုတ်လုပ်ငန်းများတွင် ဂီတာ အရည်အသွေးပိုင်းဆိုင်ရာ တိုးမြှင့်ခြင်း၊ ဂီတာအမျိုးအစားသစ်များ ပြုလုပ်ရောင်းချလာကြောင်း ဂီတာ လုပ်ငန်းရှင်များထံမှ သိရသည်။

တရုတ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျာမနီ စသည့် နိုင်ငံများမှ ဂီတာများ ပြည်တွင်းသို့ ၀င်ရောက်လာခြင်းကြောင့် စစ်ကိုင်း ဂီတာ ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် အရေအတွက်ကို ဦးစားပေးထုတ်လုပ်မှု မရှိတော့ဘဲ နိုင်ငံတကာမှ ထုတ်လုပ်နေသည့် ဂီတာများနှင့် အရည်အသွေး တန်းတူဖြစ်အောင် နည်းပညာ၊ စက်ပစ္စည်းများဖြင့် အရည်အသွေးဆိုင်ရာများကို တိုးမြှင့်ခြင်း၊ ဂီတာအမျိုးအစားသစ်များ ထုတ်လုပ်ရောင်းချလာကြကြောင်း သိရသည်။

“တရုတ်က အများဆုံးဝင်တယ်။ တရုတ် ဂီတာတွေက အနိမ့်ဆုံး နှစ်သောင်းတန်ကနေ တစ်သိန်း နှစ်သိန်းကျော်တန်အထိ လာတယ်။ ပြည်ပက ၀င်လာတဲ့ ဂီတာတွေထက်သာအောင် အရည်အသွေးပိုင်းကို မြှင့်ထုတ်လုပ်ရပါတယ်။ ထုတ်လုပ်မှုအားက ဒီအတိုင်းပဲ။ ဟိုလွန်ခဲ့တဲ့ နှစ်တွေက တစ်လကို  ဂီတာ အလုံးသုံးရာဆိုရင်  ဒီနှစ်တွေလည်း ဒီလောက်ပဲ။ ထုတ်လုပ်မှုကတော့ တက်မလာဘူး။ ကျွန်တော်တို့ထုတ်နေတာ Export Quality ဖြစ်သွားပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာလည်း နည်းပညာတွေ တိုးတက်လာပါတယ်။ အရင်တုန်းက နည်းပညာတိုးတက်မှုဆိုတာ သူတို့ဆီမှာပဲရှိတာ။ အများကြီး ကွာနေတာ။ အခု အဲဒီလို မဟုတ်တော့ပါဘူး။ နည်းပညာတိုးတက်မှုကိုလည်း လိုက်လာနိုင်တယ်။  စက်ပစ္စည်းတွေ ၀င်လာတာကိုး။ အဲဒါကြောင့် လိုက်ပြီး ဖန်တီးမှုလေးတွေ လုပ်လာနိုင်တယ်။  ဒါကြောင့် ပြည်ပက ၀င်လာတဲ့ ဂီတာနဲ့ ယှဉ်နိုင်ပါတယ်။ ခု ဂီတာအမျိုးအစားသစ်တွေလည်း ထပ်ထုတ်နေရတယ်။ ဒီနှစ်ပိုင်း Ukulele တီးခတ်သူများလာတော့ Ukulele တွေ ထုတ်လုပ်ရောင်းချရတယ်” ဟု စစ်ကိုင်းမြို့ မင်းစံရပ်ဟိန်း မင်းဂီတာလုပ်ငန်းမှ လုပ်ငန်းရှင် ကိုဇော်နောင်ဟိန်းက ပြောကြားသည်။

အရေအတွက်ကို ဦးစားပေး ထုတ်လုပ်မှုမရှိခြင်း၊ အရည်အသွေး ကောင်းမွန်မှုအပိုင်းကို ဦးစားပေးထုတ်လုပ်မှုကြောင့် ကုန်ကျစရိတ်မှာလည်း ယခင်ကထက် ပို၍ကုန်ကျလာရကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းမှ တီးခတ်သူများအနေဖြင့် စစ်ကိုင်းဂီတာကို ယုံကြည်နှစ်ခြိုက်စွာ အားပေးနေ ခြင်းကြောင့် ဂီတာထုတ်လုပ်ရောင်း ချရမှုမှာ တစ်နှစ်ထက်တစ်နှစ် ပို၍ ထုတ်လုပ်ရောင်းချရကြောင်း ဂီတာ လုပ်ငန်းရှင်များထံက သိရသည်။

စစ်ကိုင်း ဂီတာလုပ်ငန်းကို ၁၉၇၀ ပြည့်နှစ်မှ စတင်လုပ်ကိုင်ခဲ့ကြပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀ ခန့်ရှိပြီဖြစ်ကာ လက်ရှိစစ်ကိုင်းမြို့ မင်းစံ၊ ထုံးဘိုရပ်ကွက်များတွင် ဂီတာထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်း ၂၀ ကျော်ရှိပြီး ထိုအလုပ်ရုံ ၂၀ ကျော်မှ လစဉ် ဂီတာအလုံးရေ ၃၀၀၀ ကျော် ထုတ်လုပ်လျက်ရှိ ကြောင်း ဂီတာလုပ်ငန်းရှင်များထံမှ သိရသည်။

စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားစဉ်ပွဲများ၏ ပထမဆုံးပွဲဖြစ်သော ဆွမ်းဦးပုညရှင်ဘုရားပွဲ ကျင်းပ

စစ်ကိုင်းမြို့၏ ဝါတွင်းကာလဘုရားစဉ်ပွဲများ၏ ပထမဆုံးပွဲဖြစ်သော ဆွမ်းဦးပုညရှင်ဘုရားပွဲအား ယနေ့ ဇူလိုင်၂၇ ရက် (ဒုတိယဝါဆိုလပြည့်နေ့) တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၀ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ နံနက် ၄ နာရီအချိန်မှစတင်ကာ ပင့်သံဃာ ဆရာတော် အပါး ၇၀၀ တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝထ္တု အစုစုလှူဒါန်းခြင်း၊ ဆွမ်းတော်ကြီးဝတ်အသင်များမှ ဆွမ်းဦးပုညရှင်စေတီတွင် ဆွမ်းကြီးလောင်းလှူခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၏ ဝါတွင်းကာလဘုရားစဉ်ပွဲအား ယခုနှစ်ဒုတိယဝါဆိုလပြည့်နေ့မှ စတင်ကာကျင်းပခြင်းဖြစ်ပြီး ဘုရားစဉ်ပွဲ၏ ပထမဆုံးပွဲဖြစ်သော စစ်ကိုင်းတောင်၊ ဆွမ်းဦးပုညရှင်ဘုရားပွဲသို့ စစ်ကိုင်းမြို့ပေါ် ရက်ကွက်များ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၊ အနယ်နယ်အရပ်ရပ်မှ စစ်ကိုင်းတောင်ရိုးသို့ ဝါဆိုသင်္ကန်း လာရောက်ကပ်လှူသူများ၊ ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

ဆွမ်းဦးပုညရှင်ဘုရားသို့ သွားရာ စစ်ကိုင်းတောင်ရိုး အတက်လမ်း/အဆင်းလမ်းတစ်လျှောက် ဘုရားဖူး ခရီးသွားကား၊ ဆိုင်ကယ်များ များပြားသောကြောင့် ယာဉ်ကျောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များမှ လမ်းရှင်းခြင်းများ ပြုလုပ်ခဲ့ရကာ စစ်ကိုင်းတောင်ပေါ်သို့ စောင်းတန်းများမှခြေလျင်တက်ရောက်သူများလည်း များပြားခဲ့ကြောင်း သိရှိရပြီး လမ်းတစ်လျှောက်တွင်လည်း စစ်ကိုင်းမြို့ခံများ၏ စတုဒီသာကျွေးမွေးခြင်းများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ပေါ်ရှိ ဆွမ်းတော်ကြီး ဝတ်အသင်းများက “ပုံ၊ တောင်၊ ဇေ၊ ချမ်း၊ ဥ၊ နန်း၊ နံ၊ လေး၊ ပ၊ ထူ၊ ရှင်၊ ငါး၊ အောင်၊ကောင်း”ဟူသည့် အတိုင်း ဆွမ်းဦးပုညရှင်၊တောင်ဖီလာ၊ဇေတဝန်၊ချမ်းသာကြီး၊ဥမင်သုံးဆယ်၊ ရှင်ပင်နန်းဦး၊ ရှင်ပင်နံကိုင်း၊လေးကျွန်းမာန်အောင်၊ပတ္တမြား စေတီ၊ ထူပါရုံ၊ ရှင်ဖြူရှင်လှ၊ ငါးထပ် ကြိး၊ အောင်မြေလောက၊ ကောင်းမှုတော်ဘုရားများသို့ နှစ်စဉ်ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့အထိ ဝတ်ဖြူစင်ကြယ်ဝတ်ကာ ရာဇာဝင်း၊ရှေ့ဝင်းနောက်ဝင်း၊ပုဂံဝင်း၊ စစ်ကိုင်းဝင်းများခင်းပြီး အတီး အမှုတ်များဖြင့် အလှည့်ကျ ဘုရားစဉ်အလိုက် အာရုဏ်ဆွမ်းကပ် လှူလေ့ရှိပြီး နယ်ဆွမ်းတော်ကြီးအသင်းများကမူ ”ကောင်း၊ ပု၊ရှင်၊မင်၊မြား၊ဖီ၊မီ၊ဗော၊ချမ်း၊ နန်း၊စေ၊လဲ၊ကောင်း”ဟူသည့် စာချိုးအတိုင်း ကောင်းမှုတော်၊ ဆွမ်းဦးပုညရှင်၊ရှင်ဖြူရှင်လှ၊ဥမင်သုံးဆယ်၊ ပတ္တမြားစေတီ၊တောင်ဖီလာ၊ ရွှေမြင်းမိ၊ဗောဓိကျိုက်ပဒိုင်း၊ ချမ်းသာကြီး၊ရှင်ပင်နန်းဦး၊အောင်မြေလောက၊ လဲကျောင်းသိမ်ဘုရားများသို့ဝတ်ဖြူစင်ကြယ်များ ဝတ်ဆင်ကာ အတီးအမှုတ်အကခုန်များနှင့် အလှည့်ကျဘုရားစဉ်များအလိုက် အာရုဏ်ဆွမ်း ကပ်လှူလေ့ရှိကြောင်း သိရှိရသည်။

ကမ္ဘာ့စက်ဘီးစီးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့တွင် စုပေါင်း စက်ဘီးစီး လှုပ်ရှားမှု ပြုလုပ်

ကမ္ဘာ့စက်ဘီးစီးနေ့ ( World Bicycle Day) အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့တွင် စုပေါင်း စက်ဘီးစီးပွဲအား ဇွန်လ ၃ ရက် ၊ ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက်တွင်ကျရောက်သော ကမ္ဘာ့စက်ဘီးစီးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့ခံ စက်ဘီးစီးဝါသနာရှင် ၁၀၀ ကျော်သည် နံနက် ၆ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့ ၌ စုရပ်ပြုလုပ်ကာ ဆင်တူဝတ်စုံများ ဝတ်ဆင်ပြီး စက်ဘီး စတင်စီးနင်းထွက်ခွာခဲ့ကြောင်း သိရသည်။

အသင်္ခယာစောယွမ်း အဝိုင်း၊ စစ်ကိုင်းနှစ်(၇၀၀)ပြည့်ကွင်း၊ ကားကြီးကွင်း၊ စစ်ကိုင်းကမ်းနားလမ်းမှ တစ်ဆင့် တာရိုးလမ်းလမ်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်းပန်းခြံထိ  စုပေါင်း စက်ဘီးစီး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

” World Bicycle Day နေ့ အထိမ်းအမှတ်အဖြစ် လူထု စက်ဘီးစီးနင်းပွဲ ကျင်းပတာပါ။ စက်ဘီးကို လူတွေသွားလာရေး ယာဉ်အဖြစ် ပြန်လည်အသုံးချရေး၊ လူထုကျန်းမာရေး လှုပ်ရှားမှု တစ်ခုအနေနဲ့ရော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက်ပါ အထောက်အကူဖြစ်စေတဲ့အတွက် ခုလို စုပေါင်းစက်ဘီးစီးနင်းပွဲလေးတွေကို ပြုလုပ်ရတာပါ”ပါ ဦးဆောင်လှုပ်ရှားသူ ကိုထွန်းထွန်းဦးက ပြောကြားသည်။

စစ်ကိုင်းမြို့ခံ စက်ဘီးစီးဝါသနာရှင်များသည် လစဉ်နောက်ဆုံးပတ်၏ တနင်္ဂနွေနေ့တိုင်းတွင်လည်း စုပေါင်း စက်ဘီးစီးနင်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်းသိရပြီး စစ်ဘီးစီးပြိုင်ပွဲများအဖြစ် ကလေး၊ လူကြီး အတန်းစုံ ပြိုင်ပွဲများ ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။

စစ်ကိုင်းတောင် အတက်လမ်းဘေး မြေခုနစ်ဧကကျော်အား တစ်ဦးတည်း ဂရန်ချထားပေးမှုကို ပြန်လည်စိစစ်ပေးရန် တင်ပြထား

စစ်ကိုင်းတောင်တက်လမ်း တစ်နေရာကို တွေ့ရစဉ်

စစ်ကိုင်းတောင်အတက်လမ်းဘေး မြေခုနစ်ဧကကျော်အား တစ်ဦးတည်းဂရန်ချထားပေးမှုကို ပြန်လည်စိစစ်ပေးရန် ဒေသခံများက စစ်ကိုင်းမြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီထံ တင်ပြထားကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ ဆန်းသစ်ရပ် စစ်ကိုင်းတောင်အတက်လမ်း (ဆွမ်းဦးပုညရှင်အတက်လမ်း) ဘေးရှိ ကွင်းအမှတ် (၇၈၈) ဦးပိုင်အမှတ် ၁၉/၁ မြေ ၁ ဒသမ ၀၂ ဧက နှင့်  င်္၅၄ ဧရိယာ မြေ ၆ ဒသမ ၅၁ အား ၂၀၁၀ ပြည့်နှစ်တွင် စစ်ကိုင်းခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ကောင်းမြန်မာအောင်ကုမ္ပဏီအား ပန်းပုလက်ရာ အရောင်းပြခန်းပြုလုပ်ရန် နှစ် ၃၀ မြေငှားဂရန်ချထားပေးခဲ့ကြောင်း၊ ယခု လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း မပြုဘဲ သံဆူးကြိုးများ ကာရံခတ်ထားသောကြောင့် ဒေသခံများက အဆိုပါမြေနေရာအား ဂရန်ချထားပေးမှုအပေါ် ပြန်လည်စိစစ်ပေးရန် တင်ပြထားကြောင်း သိရသည်။

“လုပ်ငန်းအကောင်အထည်ဖော် ဆောင် ရွက်ခြင်းမရှိဘဲ သံဆူးကြိုးတွေကာထားတယ်။ ဒီမြေနေရာက အရင်က ယာမြေတွေပေါ့။ န၀တအစိုးရလက်ထက် သစ်တောပိုင်မြေဖြစ် သွားတယ်။ ဒီနေရာကို ဓမ္မစကြာဥယျာဉ်လုပ်ဖို့ လျာထားကြပေမယ့် ကံတလူနားကို ဓမ္မစကြာ ဥယျာဉ်ရောက်သွားတော့ သစ်တောက ကိုးခရိုင်စိမ်းလန်းစိုပြေရေးဆိုပြီး ဆက်လက်ထိန်းသိမ်းခဲ့တယ်။၂၀၁၀ နောက်မှာ တစ်ဦး တည်းကို ချထားပေးလိုက်တယ်လို့ သိခဲ့တယ်။ ဒီနေရာက စစ်ကိုင်းတောင်ကို စတက်တဲ့နေရာကောင်းပေါ့။ ဒေသခံတွေအတွက် နစ်နာတယ်။ဒါကြောင့် မြို့နယ်ကိုတင်ပြထားပါတယ်။ ဒီနေရာက အစိုးရရဲ့ စီမံခန့်ခွဲမှု အောက်ပဲ ရှိသင့်တဲ့မြေနေရာပါ” ဟု သောတာပန်ရပ်ကွက်မှ ဦးကျော်ဆန်းက ပြောကြားသည်။

သံဆူးကြိုးခတ်ထားသော မြေနေရာထဲ၌ ယာမြေနှစ်ဧက ပါဝင်သောကြောင့် မြေယာပိုင်ဆိုင်သူနှစ်ဦးကလည်း ပြန်လည်စိစစ်ပေးရန် စစ်ကိုင်းမြို့နယ် လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီထံ တင်ပြထားကြောင်း သိရပြီး  အဆိုပါမြေနေရာသည် စစ်ကိုင်းတောင်သို့ န၀တ၊ နအဖအစိုးရအဖွဲ့ဝင်များ လာရောက်သည့်အခါ ဟက်စကီးကွင်းအဖြစ် အသုံးပြုခဲ့သောမြေနေရာဖြစ်ကြောင်း သိရသည်။

“ဒေသခံတွေတင်ပြချက်ကို ပြန်လည်စိစစ်တော့ ဒီမြေနေရာက စီမံကိန်းအကောင် အထည်မဖော်ခြင်း၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းမရှိခြင်း၊ ဒေသအကျိုးစီးပွား မဖြစ်ထွန်းခြင်း၊ အငြင်းပွားဖွယ်မြေယာပိုင်သူရှိ နေခြင်းတွေကိုတွေ့ရှိရတယ်။ ခရိုင်နဲ့ တိုင်းကိုဆက်တင်ပြထားပါတယ်”  ဟု စစ်ကိုင်းမြို့နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ  အဖွဲ့ဝင် ဦးခင်မောင်လတ်က ပြောကြားသည်။