ရန်ကုန်မြစ်အတွင်း သမ္ဗန်တစ်စင်း တိမ်းမှောက်ပြီးနောက် စီးနင်းသူများ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် ရေကြောင်းရဲတပ်ဖွဲ့မှ လက်ကမ်း ကြော်ငြာစာများ ဖြန့်ဝေ

ရေကြောင်းရဲတပ်ဖွဲ့က လက်ကမ်းကြော်ငြာများ ဖြန့်ဝေနေစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်မြစ်အတွင်း သမ္ဗန်စီးနင်းသူများ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် ရေကြောင်းရဲတပ်ဖွဲ့မှ ဇွန် ၂၇ ရက်တွင် လက်ကမ်း ကြော်ငြာများ ဖြန့်ဝေခဲ့သည်။

ရေကြောင်းရဲတပ်ဖွဲ့မှ ရဲတာဝန်ရှိသူများမှ ဇွန် ၂၇ ရက် ညနေ ၃ နာရီကျော်မှ စတင်ကာ ရန်ကုန်မြစ် တစ်လျှောက်ရှိ ဒလဘက်သို့ ကူးမည့် ဗိုလ်တထောင် သမ္ဗန်ဆိပ်ကမ်း၊ ပန်းဆိုးတန်း သမ္ဗန်ဆိပ်ကမ်း၊ စဥ့်အိုးတန်း သမ္ဗန်ဆိပ်ကမ်းနှင့် ၀ါးတန်း သမ္ဗန်ဆိပ်ကမ်းများရှိ ခရီးသည်များထံသို့ လက်ကမ်းကြော်ငြာများ လိုက်လံဝေငှခဲ့သည်။

“လှေစီးတဲ့ ခရီးသည်တွေ အသက်အန္တရာယ်နဲ့ မကြုံတွေ့ရအောင် ရေကြောင်း ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အချက် ငါးချက်ပါတဲ့ အသိပညာပေး စာရွက်လေးတွေ ဖြန့်ဝေတာပါ။ ပြီးတော့ အဲဒီထဲမှာ ရေကြောင်းအတွင်း အန္တရာယ် တစ်စုံတစ်ခု ဖြစ်ပေါ်ရင် ရေကြောင်းရဲတပ်ဖွဲ့ကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပါတဲ့ လိပ်စာကတ်လေးပါ ထည့်ပေးထားပါတယ်။ အချက် ငါးချက်ထဲမှာ သမ္ဗန်မောင်းသူတွေ သောက်စားမူးယစ်နေရင် ခရီးသည်တွေက တိုင်ကြားဖို့လည်း ပါဝင်ပါတယ်။ ပြီးတော့ ခရီးသည်တွေအနေနဲ့ လှေပေါ် အတက်အဆင်း ဂရုစိုက်ဖို့နဲ့ အသက်ကယ်အကျီ ၀တ်ဆင်ဖို့လည်း ပါရှိပါတယ်။ နောက်တစ်ချက်က ရာသီဥတု ဆိုးတဲ့အချိန်နဲ့ လှိုင်းကြီးချိန်တွေမှာ သွားလာဖို့ကို အလျင်မလိုစေချင်ပါဘူး။ ရာသီဥတု ကောင်းတဲ့အထိ စောင့်စေချင်ပါတယ်။နောက်ဆုံးအချက်ကတော့ ရေယာဉ်အချင်းချင်း တိုက်မိနိုင်ရင် မောင်းတဲ့သူကို သတိပေးဖို့နဲ့ အခြားရေယာဉ်တစ်စီး အန္တရာယ်ကြုံတွေ့တာကို မြင်ရင် ရေကြောင်းရဲတပ်ဖွဲ့ကို ဖုန်းဆက် သတင်းပေးစေလိုပါတယ်” ဟု ရေကြောင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇွန် ၁၃ ရက် ညပိုင်းက ဆိပ်ကမ်းမြို့နယ် စဥ့်အိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်သို့ သွားသည့် သမ္ဗန်တစ်စင်း တိမ်းမှောက်ခဲ့ပြီး လေးဦး ပျောက်ဆုံးခဲ့သည်။ နှစ်ရက်အကြာတွင် အမျိုးသမီးတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့သည်။

ဖျာပုံမြို့နယ်အတွင်း စက်လှေပျောက်ဆုံးမှုကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှ ယခင်ခိုးယူခဲ့သည့် စက်လှေ ၃၈ စင်းအား စစ်ဆေးဖော်ထုတ်နိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံတာမြစ်ကမ်းဘေးတွင် ရပ်ထားသည့် သံခွံစက်လှေတစ်စင်း ပျောက်ဆုံးခဲ့ကြောင်း ဖျာပုံမြို့မရဲစခန်းတွင် လာရောက်အမှုဖွင့် တိုင်ကြားမှုကြောင့် စုံစမ်းဖမ်းဆီးခဲ့ရာမှ ယခင် ခိုးယူထားသည့် စက်လှေ ၃၈ စင်းအား စစ်ဆေးဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မတ် ၁၉ ရက်က စက်လှေပိုင်ရှင် ဦးဝင်းနိုင်သည် ကျုံတာမြစ်ကမ်းနဘေးတွင် ရပ်ထားသည့် စပါး ၈၀၀ ဆံ့ သံခွံစက်လှေတစ်စင်း ပျောက်ဆုံးသွားသဖြင့် ဖျာပုံမြို့စခန်းသို့ လာရောက်အမှုဖွင့်ခဲ့ရာ ဖျာပုံခရိုင် မှုခင်းနှိမ်နင်းရေးနှင့် ဖျာပုံမြို့မစခန်းတို့မှ ပူးပေါင်းဖော်ထုတ်ခဲ့ရာ တရားခံမင်းဇော်အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ခဲ့ရာ ၎င်းတို့ယခင် ခိုးယူထားသည့် သစ်သားခွံစက်လှေ ၂၈ စင်း သံခွံစက်လှေ ငါးစင်း၊ ဖိုက်ဘာစက်လှေ ငါးစင်းကို ထပ်မံစစ်ဆေးဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်ထံမှ သိရသည်။

“မြောင်းမြမြို့နယ်ထဲမှာ ပျောက်ဆုံးသွားတဲ့ တစ်စင်းတွေ့တယ်လို့ သတင်းရတော့ စုံစမ်းတဲ့အခါမှာ ပျောက်ဆုံးတဲ့ စက်လှေတစ်စင်းကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ခိုးမှုနဲ့ပတ်သက်တဲ့ စက်လှေတွေသိမ်းပြီး လာရောက်ရောင်းချတဲ့ မင်းဇော်နဲ့ မျိုးဝင်းကို သတင်းရရှိခဲ့ပြီး မင်းဇော်ကို မအူပင်တက္ကသိုလ်အနီးမှာ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက် စစ်ဆေးဖော်တဲ့အခါမှာ စက်လှေ ၃၃ စင်းကို ထပ်မံသိမ်းဆည်းရမိပါတယ်” ဟု ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

သိမ်းဆည်းရမိခဲ့သည့် စက်လှေများတွင် အချို့ စက်လှေများမှာ ပျောက်ဆုံးအမှု ဖွင့်ထားသည့် စက်လှေများပါရှိပြီး အချို့မှာ အမှုဖွင့်အရေးယူဆောင်ရွက်ထားခြင်း မရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ စက်လှေပျောက်ဆုံးခဲ့သည့် ပိုင်ရှင်များ အနေဖြင့် သက်ဆိုင်ရာတာဝန်ကျစခန်းနှင့် ဆက်သွယ်ပြီး မိမိတို့စက်လှေများ ပြန်လည်ထုတ်ယူရန် ညွှန်ကြားထားကြောင်း သိရသည်။