အင်ဒိုနီးရှား လန်ဘော့ကျွန်းတွင် တတိယမြောက် ငလျင်ကြီးတစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြီး သေဆုံးသူ ၃၁၉ ဦးအထိ မြင့်တက်လာ

သြဂုတ် ၉ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ လန်ဘော့ကျွန်း၌ ငလျင်ကြောင့် ပျက်စီးနေမှုကို တွေ့ရစဉ် (Photo: AP)

အင်ဒိုနီးရှားနိုင်ငံ လန်ဘော့ကျွန်းတွင် သြဂုတ် ၉ ရက်၌ တတိယအကြိမ်မြောက် ငလျင်ကြီးတစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြီး အစောပိုင်းက လှုပ်ခတ်ခဲ့သည့်ငလျင်မှစ၍ သေဆုံးသူမှာ ၃၁၉ ဦးအထိ မြင့်တက်ခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိသော ငလျင်ကြီး ထပ်မံလှုပ်ခတ်ခဲ့မှုကြောင့် စိုးရိမ်ထိတ်လန့်နေကြပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးငလျင်သည် လန်ဘော့ကျွန်း အရှေ့မြောက်ဘက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲ ဆူနာမီဖြစ်ပွားနိုင်သည့် အလားအလာမရှိကြောင်း အင်ဒိုနီးရှား ဘူမိဗေဒပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။ လူများသည် လမ်းမများပေါ်တွင် ကြောက်လန့်တကြား ပြေးလွှားနေကြပြီး အဆောက်အအုံများမှာလည်း ပျက်စီးနေကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပါဝူနူ ဂရိုဟိုက ဆိုသည်။

သြဂုတ် ၅ ရက်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ အဆင့်ရှိသော ပထမငလျင်မှစ၍ ယခုအချိန်အထိ သေဆုံးသူ ၃၁၉ ဦး ရှိနေပြီဖြစ်ကြောင်း ခရိုင်ဒေသတွင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အကြီးအကဲ ညှိမန်ဆီဒီကာယာက အေပီသို့ ပြောကြားခဲ့သည်။ အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေးအေဂျင်စီမှ သြဂုတ် ၈ ရက်တွင် ထုတ်ပြန်လိုက်သည့် သေဆုံးသူအရေအတွက် ၁၃၁ ဦးထက် ပိုမိုများပြားလာသော သေဆုံးမှုများကို သတင်းဌာနများစွာက ထုတ်ပြန်ကြေညာခဲ့ကြသည်။ ထိုထုတ်ပြန်ကြေညာခဲ့ကြသော သေဆုံးသူ အရေအတွက်ကို သဘာဝဘေးလျော့ပါးရေးအေဂျင်စီက မှန်ကန်ကြောင်း အတည်ပြုခဲ့ခြင်းမရှိသော်လည်း သေဆုံးသူအရေအတွက်မှာ တိုးလာမည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ကြက်ခြေနီအဖွဲ့ကမူ အထောက်အပံ့ မရသေးသည့် ကျွန်းမြောက်ဘက်စွန်းဒေသမှ လူ ၂၀၀၀၀ ခန့်အား ကယ်ဆယ်ရန်အတွက် အထူးအလေးပေး လုပ်ဆောင်နေကြောင်း ပြောကြားထားသည်။ သြဂုတ် ၅ ရက် ငလျင်လှုပ်ခတ်မှုအတွင်းတွင် လူနေအိမ်ထောင်ပေါင်းများစွာ ပျက်စီးပြိုကျခဲ့ပြီး လူပေါင်း ၁၅၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးဆုံးရှုံးသွားသော ပမာဏကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း အစောပိုင်း ငလျင်နှစ်ခုလှုပ်ခတ်မှုကြောင့် အဆောက်အဦးနံ ရံများနှင့် အမိုးများကွဲအက်ပြီး ပြိုကျကုန်ကြကြောင်း သိရသည်။ ငလျင်ဒဏ်သင့်ပြည်သူများသည် သန့်ရှင်းသောရေနှင့် မိုးရေခံဖျင်များ လိုအပ်နေကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့မှ ရေတင်ဆောင်လာသော ကုန်တင်ကားအစီး ၂၀ ကို ဝေးလံသော ဒေသများသို့ ပို့ထားပေးကြောင်း ပြောခွင့်ရပုဂ္ဂိုလ် အရီဖန်ဟာဒီက ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံသည် မီးတောင်များနှင့် ပြတ်ရွေ့ကြောများရှိနေသော ပစိဖိတ်အတွင်းရှိ မီးကွင်းနယ်နိမိတ်အတွင်း၌ ရှိနေသောကြောင့် ငလျင်လှုပ်ခတ်မှုများ မကြာခဏ ဖြစ်ပွားသည်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ပြင်းအား ၉ ဒသမ ၁ အဆင့်ရှိသည့် ငလျင်ကြီးတစ်ခု ဆူမတ်တြားကျွန်းအလွန်၌ လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ဆူနာမီလှိုင်းပါ ရိုက်ခတ်ခဲ့ရာ နိုင်ငံပေါင်းတစ်ဒါဇင်မှ လူ ၂၃၀၀၀၀ သေဆုံးခဲ့သည်။

Ref: AP

မြိုင်မြို့၏ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ် (ခ်ျ) တာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်

 

မြိုင်မြို့၏ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အားရစ်(ခ်ျ)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ် မတ် ၂၅ ရက် မြန်မာစံတော်ချိန် ၀၁ နာရီ ၁၁ မိနစ်၊ ၃၀ စက္ကန့်အချိန်တွင် ညောင်ဦးမြေငလျင် စခန်းမှ မြောက်-အနောက်မြောက်ဘက် ၃၈ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း  (မြိုင်မြို့၏ အနောက်မြောက်ဘက် ၁၁ မိုင် ခန့်အကွာ) အင်အားရစ်(ခ်ျ)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားခြင်း ဖြစ်သည်။

“ငလျင်ကို အခုအချိန်ထိ ကမ္ဘာပေါ်မှာ မည်သည့်အချိန်လှုပ်မယ်၊ မည်သည့်နေရာတွင်လှုပ်မယ်၊ အင်အားပမာဏမည်မျှ လှုပ်မှာကို မည်သည့်ပညာရှင်မှ ခန့်မှန်းတွက်ချက်နိုင်ခြင်း မရှိသေးပါဘူး။ ငလျင်ကြီး လှုပ်ပြီးတိုင်း နောက်ဆက်တွဲ ငလျင်ငယ်လေးများ လှုပ်လေ့ရှိပါတယ်။ မိမိတို့သည် ငလျင်ရပ်ဝန်း အတွင်းနေထိုင်ပါက မိမိတို့နေထိုင်သော အဆောက်အအုံများအား ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားခြင်းသည် အကောင်းဆုံးသော ကြိုတင်ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ အင်အားပြင်းငလျင်လှုပ်ပြီးနောက် သူ့ထက်ပိုမိုပြင်းထန်တဲ့  ငလျင်လှုပ်ရန် အလွန်ခဲယဉ်းလှပါတယ်” ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။