ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ ငလျင်ကြောင့် လူသုံးဦးသေဆုံးပြီး လူ ၂၀၀ ကျော်ဒဏ်ရာရ

ဇွန် ၁၈ ရက်က အိုဆာကာစီရင်စုမြောက်ဘက် အီဘာရာကီမြို့တွင် ငလျင်ကြောင့် ပြိုကျခဲ့သော အိမ်တစ်လုံးရှေ့မှ ဖြတ်သန်းသူများကို တွေ့ရစဉ် (Photo – AFP)

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် အိုဆာကာတွင် ဇွန် ၁၈ ရက်၌ အင်အားပြင်းသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် လူသုံးဦးသေဆုံးခဲ့ပြီး လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ လူနှစ်သန်းဝန်းကျင်သွားလာနေသည့်  ရုံးတက်ချိန် နံနက် ၈ နာရီတွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ကြောင့် အဆောက်အအုံများမှာ လှုပ်ရမ်းနေကာ ရေပိုက်များလည်း ပေါက်ထွက်နေသည်ကို ရုပ်သံပြကွက်ဗီဒီယိုတွင် ပြသခဲ့သည်။

သို့သော် ပျက်စီးဆုံးရှုံးမှုကြီးကြီးမားမား မရှိခဲ့သလို ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်းလည်း မရှိခဲ့ပေ။ သေဆုံးသူများထဲမှ အသက်ကိုးနှစ်အရွယ် မိန်းကလေးမှာ အိုဆာကာမြောက်ပိုင်းရှိ တာကာဆူကီမြို့တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ ငလျင်ကြောင့် နံရံပြိုကျရာမှ ယင်းကလေးငယ်အပေါ် ပိမိ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ ကျန်သေဆုံးသူ နှစ်ဦးမှာ အသက် ၈၀ အရွယ်ရှိ အမျိုးသား နှစ်ဦးဖြစ်ပြီး တစ်ဦးမှာ နံရံပြိုကျမှုကြောင့် သေဆုံးခြင်းဖြစ်ကာ အခြားတစ်ဦးမှာ စာအုပ်စင်ပိမိခြင်းကြောင့် နေအိမ်တွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အစိုးရပိုင် မီဒီယာတစ်ခုက ပြောကြားခဲ့သည်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀၀ ကျော်ရှိကြောင်း မီးဘေးနှင့်သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။ ငလျင်ကြောင့် ကျည်ဆန်ရထားအပါအ၀င် ရထားလမ်း ပို့ဆောင်ရေးဝန်ဆောင်မှုများကို ရပ်ဆိုင်းထားရသည်။ ငလျင်ဒဏ်ကြောင့် အဏုမြူဓာတ်ပေါင်းဖိုများတွင် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း၊ သို့သော် Honda အပါအ၀င် တစ်ချို့သော ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းများအား ရပ်နားခဲ့ရကြောင်း နျူကလီးယားထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

အစိုးရအဖွဲ့သည် ပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်ဆယ်ရေးအတွက် ပထမဦးစားပေးအနေဖြင့် စည်းစည်းလုံးလုံး ကြိုးပမ်းဆောင်ရွက်နေကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သတင်းထောက်များကို ပြောကြားခဲ့သည်။

လာမည့် နှစ်ရက်၊ သုံးရက်အတွင်း နောက်ဆက်တွဲအင်အားပြင်း ငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်ဖွယ်ရှိကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒီဆူဂါက ဆိုသည်။

ဂျပန်နိုင်ငံသည် ကမ္ဘာ့အင်အားပြင်း ငလျင်များနှင့် မီးတောင်ပေါက်ကွဲမှု အများဆုံးဖြစ်သော ပစိဖိတ်၏ Ring of Fire ဟု သမုတ်ခံထားရသည့် နေရာပေါ်တွင် တည်ရှိနေသည်။ လွန်ခဲ့သော ၂၀၁၁ ခုနှစ် မတ် ၁၁ ရက်တွင် ဂျပန်နိုင်ငံအား ဖွတ်ဖွတ်ညက်ညက်ကြေစေခဲ့သည့် ပြင်းအား  ၉  အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီလှိုင်းပါဖြစ်ပွားခဲ့ရာ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ပြီး အသက်အိုးအိမ် ထောင်ပေါင်း များစွာ သေကြေခဲ့သည်။

Ref ;AFP

ငလျင်ကဲ့သို့ ကြိုတင်ခန့်မှန်း၍မရသော ဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့် တစ်ပြေးညီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေး ၀န်ကြီးဌာန ကြိုတင်ပြင်ဆင်

မတ် ၈ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် မြေငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စေတီတော်ကို တွေ့ရစဉ်

ငလျင်ကဲ့သို့ ကြိုတင်ခန့်မှန်း၍ မရသော ဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘေးအန္တရာယ်များ ဖြစ်ပွားသည့်အခါ ပြည်သူလူထုအား အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကဏ္ဍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၃ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်းနှင့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်အမျိုးမျိုး အထူးသဖြင့် ငလျင်ကဲ့သို့ ကြိုတင်ခန့်မှန်း၍ မရနိုင်သော ဘေးအန္တရာယ် ကျရောက်သည့်အခါ ပြည်သူလူထုအား အချိန်နှင့် တစ်ပြေးညီ ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက် ယခင်ရှိခဲ့သော လုပ်ငန်းလမ်းညွှန်များ၊ စီမံချက်များတွင် ရရှိခဲ့သော အတွေ့အကြုံပေါ် မူတည်၍ အသစ်ပြုပြင်ရေးဆွဲရန် ဆွေးနွေးခဲ့ပြီး အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မည့် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် သင်တန်းများပေးခြင်းနှင့် လူထုအား ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး အသိပညာတိုးမြှင့်ရေး လုပ်ငန်းများသည်လည်း အရေးကြီးကြောင်း ပြောကြားသည်။

ထို့ပြင် ဘေးအန္တရာယ် ဖြစ်စဉ်များအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော ဘဏ္ဍာငွေများကို တွက်ချက်တောင်းခံရန်၊ ဘေးအန္တရာယ်အမျိုးမျိုးကို ခံနိုင်ရည်ရှိ၍ တုံ့ပြန်ဆောင်ရွက်နိုင်သော ကျန်းမာရေးစနစ် ပေါ်ပေါက်စေရေး ဆောင်ရွက်ရန်၊ ယခင်ရေးဆွဲ ထားရှိသော ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်များနှင့် လုပ်ငန်းလမ်းညွှန်များ ရရှိနိုင်သော စွမ်းအားစု အရင်းအမြစ်များအပေါ် အခြေခံပြီး မြန်မာနိုင်ငံနှင့် သင့်လျော်သော လက်တွေ့ အကောင်အထည်ဖော်နိုင်အောင် ပြုပြင်ရေးဆွဲနိုင်ရန်နှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များ သိရှိရန်နှင့် အကြံပြုချက်များ ရရှိနိုင်ရန် ယခုလအတွင်း အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပရန် မှာကြားခဲ့ကြောင်း  သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် စစ်ကိုင်းငလျင်ပြတ်ရွေ့ပေါ်တွင် တည်ရှိပြီး လူဦးရေ ထူထပ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးမြို့ကြီးများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စီမံခန့်ခွဲမှုလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော ငလျင်လှုပ်ခတ်မှုများကြောင့် ပြည်သူလူထု စိုးရိမ်ကြောင့်ကြမှု မရှိစေရန်၊ ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ကျန်းမာရေးဌာနများ၏ လုပ်ငန်းဆောင်တာများ နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်၊ ကျန်းမာရေးဌာနများတွင် ငလျင်ဘေးအန္တရာယ် လျော့ကျစေရန်နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဖြစ်သည့် ကြိုတင်ပြင်ဆင်မှုများ၊ တုံ့ပြန်ဆောင်ရွက်မှုများနှင့် ပြန်လည်ထူထောင် တည်ဆောက်ရေး လုပ်ငန်းများတွင် နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန် ‘ငလျင်ဘေးအန္တရာယ်အပေါ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး’ ကို မတ် ၁၅ ရက်က ကျန်းမာရေးနှင့်  အားကစား ၀န်ကြီးဌာနတွင် ကျင်းပပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပြည်တွင်းကိုဗဟိုပြု၍ တစ်ရက်အတွင်း ငလျင်သုံးကြိမ်လှုပ်ခတ်

မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြုပြီး တစ်ရက်အတွင်း ငလျင်သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငလျင်များသည် ဧပြီ ၂၇ ရက်  မြန်မာစံတော်ချိန် ၉ နာရီ ၄၈မိနစ် ၃၂ စက္ကန့်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်- အနောက်မြောက်ဘက် ၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း မြိုင်မြို့၏ အနောက်မြောက်ဘက် ကိုးမိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၆၉ ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် ၉၄ ဒသမ ၇၆ ဒီဂရီ၊ အနက် ၁၃၀ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် ဧပြီ ၂၇ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၅၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း မိုင်းခတ်မြို့၏ မြောက်ဘက် ၁၈ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉ ဒသမ ၃၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက် မြန်မာစံတော်ချိန် ၁၇ နာရီ ၁၆ မိနစ် ၅၆ စက္ကန့်တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့ မြောက်ဘက် မိုင် ၉၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တွန်းဇံမြို့၏ မြောက်ဘက် ၂၅ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃ ဒသမ ၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၇၁ ဒီဂရီ၊ အနက် ၂၆ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင် တစ်ခုလှုပ်ရှားခဲ့ကြောင်း တိုင်းထွာရရှိခဲ့သည်။

ယခုလအတွင်း မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်မှု အကြိမ် ၂၀ နီးပါးရှိပြီဖြစ်သည်။

မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခု တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုမှ အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါ တွန်းတိုက်သည့်နေရာတွင် အားများ တဖြည်းဖြည်းစုစည်းလာပြီး စုစည်းမိသောအားများ ရုတ်တရက် ရုန်းကန်ပြန့်ထွက်ပြီး မြေငလျင် လှုပ်ခတ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမ ပင်လယ်ကွေ့အထိ မြောက်မှတောင်အထိရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင် ကြောကြီးတစ်ခုဖြစ်သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝအနီး တောင်- တောင်မြောက်တန်းလျက်တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက် တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့၊ အနောက်တန်းလျက်တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများဖြစ်သည်။ ငလျင်ပြတ်ရွေ့အသေး ၄၀ ခန့်ရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မရွေး ခံစားနိုင်ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံး နိုင်ငံများ စာရင်းတွင်ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို့ပြင် မကြာခဏလှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်းရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ သိရသည်။

ကလေးမြို့အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်

ကလေးမြို့၏ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ငလျင်သည် ဧပြီ ၂၄ ရက် နံနက် ၁၀ နာရီ ၃၉ မိနစ်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၁၈ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်းကလေးဝမြို့၏ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၉၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၅၅ ဒီဂရီ၊ အနက် ၁၁၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်လှုပ်ရှားသွားခြင်းဖြစ်ကြောင်း သိရသည်။

“၅ ဒသမ ၃ နဲ့ ငလျင်လှုပ်သွားတာ ဖြစ်တယ်။ အဲဒီနားက စစ်ကိုင်းပြတ်ရွေ့နဲ့ မနီးဘူး။ အနောက်ဘက်နားလောက်မှာ လှုပ်သွားတာဖြစ်တယ်။ ငလျင်လှုပ်ခတ်မှုကိုတော့ မုံရွာနဲ့ ဟုမ္မလင်းမှာ ခံစားလိုက်ရတယ်။ အဲဒီနားက အနောက်မြောက်ဘက်အခြမ်းဆိုတော့ စစ်ကိုင်းပြတ်ရွေ့နဲ့ မနီးဘူး။ ကဘော်ပြတ်ရွေ့ကလည်း အပေါ်ကျတဲ့အတွက် အဲဒီနားနဲ့လည်း မနီးဘူး” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

ဧပြီလအတွင်း ငလျင်လှုပ်ခတ်မှု ၁၄ ကြိမ်အထိရှိခဲ့ပြီး ဖြူးမြို့အနီး ဗဟိုပြုလှုပ်ခတ်မှု ခြောက်ကြိမ်ပါဝင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားထားပြီး ယခုလှုပ်ခတ်ခဲ့သည့် ငလျင်ပါထည့်သွင်းပါက ငလျင်လှုပ်ခတ်မှု ၁၅ ကြိမ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ပါက အင်အား ၁ ရစ် ခ်ျတာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ်လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ခ်ျတာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှု အနည်းအငယ်ရှိနိုင်ပြီး ရစ်ခ်ျတာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့်သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ခ်ျတာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်း အဖြစ်သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငလျင်များ လှုပ်ခတ်ရခြင်း၏ မူရင်းအကြောင်းခံမှာ အိန္ဒိယသမုဒ္ဒရာ မြေထုချပ်သည် မြန်မာမြေထုချပ်အောက်သို့ စိုက်ဝင်တွန်းတိုက်နေခြင်းကြောင့်ဖြစ်ပြီး ယင်းကြောင့် စစ်ကိုင်းပြတ်ရွေ့နှင့် အခြားငလျင်ပြတ်ရွေ့များ ဖြစ်ပေါ်လာရကြောင်း၊ မြေထုချပ်လှုပ်ရှားမှုကြောင့် ငလျင်ငယ်များ ဆက်ကာလှုပ်ရှားနေခြင်းသည် ဖြစ်ပေါ်နေသော ၀န်အား  (Strain) လျော့ကျသွားစေပြီး ငလျင်ကြီးများ ဖြစ်ပေါ်စေရန် အခွင့်အလမ်း နည်းပါးနိုင်သည်ဟု ယူဆနိုင်သကဲ့သို့ ငလျင်ကြီးတစ်ရပ်ဖြစ်ပေါ်ရန် အခြေအနေ ရှိနေသည်ဟုလည်း ယူဆနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

ကလေးဝမြို့၏ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်တာ စကေး ၅ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ကလေးဝမြို့၏ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါငလျင်သည် ဧပြီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၉ မိနစ်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၁၈ မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံ ပြည်တွင်း ကလေးဝမြို့၏ အရှေ့ တောင်ဘက် ၂၅ မိုင်ခန့်အကွာ မြောက်လ တ္တီတွဒ် ၂၂ ဒသမ ၉၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၅၅ ဒီဂရီ၊ အနက် ၁၁၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် လှုပ်ရှားသွားခြင်းဖြစ်ကြောင်းသိရသည်။

“ ၅ ဒသမ ၃ နဲ့ ငလျင်လှုပ်သွားတာ ဖြစ်တယ်။ အဲ့နားက စစ်ကိုင်းပြတ်ရွေ့နဲ့မနီးဘူး။ အနောက်ဘက်နားလောက်မှာ လှုပ်သွားတာဖြစ်တယ်။ ငလျင်လှုပ်ခတ်မှုကိုတော့ မုံရွာနဲ့ ဟုမ္မလင်းမှာ ခံစားလိုက်ရတယ်။ အဲ့နားက အနောက်မြောက်ဘက် အခြမ်းဆိုတော့ စစ်ကိုင်းပြတ်ရွေ့နဲ့မနီးဘူး။ ကဘော်ပြတ်ရွေ့ကလည်း အပေါ်ကြတဲ့အတွက် အဲ့နားနဲကလည်းမနီးဘူး” ဟု မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးကပြောသည်။

ဧပြီလအတွင်း ငလျင်လှုပ်ခတ်မှု ၁၄ ကြိမ်အထိ ရှိခဲ့ပြီး ဖြူးမြို့အနီး ဗဟိုပြု လှုပ်ခတ်မှု ၆ ကြိမ် ပါဝင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးကပြောကြား ထားပြီး ယခုလှုပ်ခတ်ခဲ့သည့် ငလျင်ပါ ထည့်သွင်းပါက ငလျင်လှုပ်ခတ်မှု ၁၅ ကြိမ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ဧပြီလတစ်လအတွင်း တစ်နိုင်ငံလုံးတွင် ငလျင်လှုပ်ခတ်မှု ၁၄ ကြိမ်အထိရှိခဲ့ပြီး ဖြူးမြို့အနီး ဗဟိုပြုလှုပ်ခတ်မှု ခြောက်ကြိမ်ပါဝင်

ဧပြီ ၁၈ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တည်နေရာပြမြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ဧပြီလတစ်လအတွင်း တစ်နိုင်ငံလုံးတွင် ငလျင်လှုပ်ခတ်မှု ၁၄ ကြိမ်အထိရှိခဲ့ပြီး ဖြူးမြို့အနီး ဗဟိုပြုလှုပ်ခတ်မှု ခြောက်ကြိမ်ပါဝင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

“ဧပြီ ၂၃ ရက်မှာ ဖြူးအနီးဝန်းကျင်ကို ဗဟိုပြုပြီးတော့ ငလျင်ထပ်လှုပ်သွားတယ်။ အဲ့ငလျင်က ယခုနှစ် ဇန်န၀ါရီမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ရဲ့နောက်ဆက်တွဲငလျင်ပဲဖြစ်တယ်။ လက်ရှိအချိန်ထိ ငလျင်လှုပ်ခတ်မှု ၁၄ ကြိမ်အထိရှိခဲ့တယ်။ လှုပ်ခတ်မှုထဲမှာမှ ဖြူးမှာ လှုပ်ခတ်ခဲ့တာက ခြောက်ကြိမ်ပါဝင်တယ်” ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

ဧပြီ ၂၃ ရက် နံနက် ၂  နာရီ ၁ မိနစ်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် ၉၈ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဖြူးမြို့၏ အနောက်တောင်ဘက် ၂၉မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈ ဒသမ ၂၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၅ ဒီဂရီ၊ အနက် ၁၇ကီလို မီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ဖြူးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်သည် ဧပြီ ၂၀ ရက်မှ ၂၃ ရက်အထိ လေးရက်ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး လဆန်းပိုင်းတွင်လည်း နှစ်ကြိမ် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ဇန်န၀ါရီ ၁၂ ရက်တွင် ဖြူးမြို့ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့် အကွာကိုဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၀ အဆင့်ရှိ လှုပ်ခတ်ခဲ့သည့် ငလျင်မှ နောက်ဆက်တွဲ ငလျင်အကြိမ် ၆၀ ကျော်ခန့် အထိလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခု တစ်ခုနှင့် တစ်ခုတွန်းတိုက်မိရာမှ တစ်ခုမှ အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါ်လာကာ အဆိုပါ တွန်းတိုက်သည့်နေရာတွင် အားများတဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသော အားများ ရုတ်တရက် ရုန်းကန်ကာ ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှ တောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခုဖြစ်သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်မြောက်တန်းလျက်တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်း လျက်တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့၊ အနောက်တန်းလျက်တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများဖြစ်ပေသည်။ ငလျင်ပြတ်ရွေ့အသေး ၄၀ ခန့်ရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မရွေးခံစားနိုင်သည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိပြီး မကြာခဏလှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများလည်း ရှိနေကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ သိရသည်။

သိသိသာသာ ခံစားရသော ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်မှုကြောင့် ရန်ကုန် ဘာတွေပြင်ဆင်သင့်နေပြီလဲ

၂၀၁၇ ခုနှစ် မတ် ၁၃ ရက်က တိုက်ကြီးမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တိုက်တာများ ပျက်စီးမှုအား တွေ့ရစဉ် (ဓာတ်ပုံ-ချမ်းဝေစိုး)

ဧပြီလလယ်မှစတင်ကာ ရန်ကုန်မြို့ အနီးတစ်ဝိုက်ကို ဗဟိုပြုပြီး အင်အား အသင့်အတင့်ရှိသည့် ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ယခုလှုပ်ခတ်ခဲ့သည့် ငလျင်များသည် အင်အားမပြင်းသော်လည်း တိုက်ခန်းများ များပြားပြီး လူနေထူထပ်နေသည့် ရန်ကုန်မြို့အတွင်း နေထိုင်သည့်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့ကြောင်း သိရသည်။

“အခုရက်ပိုင်းမှာ ရန်ကုန်အနီးတစ်ဝိုက်မှာ ငလျင်လှုပ်တဲ့ အကြိမ်အရေအတွက် နည်းနည်းများလာတယ်။ ရန်ကုန်က အခြားပြတ်ရွေ့ငယ်လေးတွေ ရှိတာရယ်၊ နောက်တစ်ခုက စစ်ကိုင်းပြတ်ရွေ့နဲ့ နီးတာရယ်၊ ၂၀၁၈ ထဲမှာဆိုရင်လည်း လှုပ်တဲ့ အကြိမ်အရေအတွက်က များလာတာဖြစ်တဲ့အတွက် စစ်ကိုင်းပြတ်ရွေ့အပြင် အခြားငလျင်ငယ်လေးတွေရယ်၊ ၁၉၃၀ ပဲခူးငလျင်ရယ် အဲဒါတွေကိုတော့ အထူးသတိပြုသင့်တယ်။ နောက်တစ်ခုက ငလျင်ဆိုတာက ကြိုတင်ခန့်မှန်းလို့ မရဘူး။ အခြားသဘာဝဘေးတွေလို မဟုတ်ဘူး၊ ရုတ်တရက် ကြုံတွေ့ရနိုင်တဲ့ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့အတွက် လှုပ်လာမယ်ဆိုရင် တွေးကြောက်နေမယ့်အစား လှုပ်ခဲ့လို့ရှိရင် ဘယ်လိုပြင်ဆင် နေထိုင်သင့်သလဲဆိုတာ သိရှိပြီးတော့ လိုက်နာ ဆောင်ရွက်မယ်။ သတိပြုပြီးတော့ နေထိုင်သင့်တယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

ငလျင်အန္တရာယ်

ငလျင်လှုပ်ခတ်မှု ဖြစ်ပွားသည့်နှင့် လူအများစု ထင်မြင်ချက်သည် စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်သည်ဟု ယူဆသည်က များပြားကြသည်။ မြန်မာနိုင်ငံတွင် အင်အား ၆ အထက်လှုပ်ခတ်ခဲ့သည့် ငလျင်ကြောကြီးငါးခုနှင့် အင်အား ၂ မှ ၅ ၀န်းကျင်အထိ လှုပ်ခတ်တတ်သည့် ငလျင်ငယ် အခု ၄၀ ခန့်ရှိပြီး ငလျင်အန္တရာယ်သည် အချိန်မရွေး ကျရောက်နိုင်သည့်နေရာဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သည် ငလျင်ကြောကြီးများ ဖြတ်သန်းမှု မရှိသော်လည်း၊ ၁၉၃၀ တွင် လှုပ်ခတ်ခဲ့ဖူးသည့် ပဲခူးငလျင်သည် ရန်ကုန်မြို့သို့ သက်ရောက်ခဲ့ပြီး လူအသေအပျောက်များ ရှိခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ငလျင်များ လှုပ်ခတ်ရခြင်း၏ မူရင်းအကြောင်းခံမှာ အိန္ဒိယသမုဒ္ဒရာ မြေထုချပ်သည် မြန်မာမြေထုချပ်အောက်သို့ စိုက်ဝင်တွန်းတိုက်နေခြင်းကြောင့်ဖြစ်ပြီး ယင်းကြောင့် စစ်ကိုင်းပြတ်ရွေ့နှင့် အခြား ငလျင်ပြတ်ရွေ့များ ဖြစ်ပေါ်လာရကြောင်း၊ မြေထုချပ် လှုပ်ရှားမှုကြောင့် ငလျင်ငယ်များ ဆက်ကာလှုပ်ရှားနေခြင်းသည် ဖြစ်ပေါ်နေသော ၀န်အား (strain) လျော့ကျသွားစေပြီး ငလျင်ကြီးများ ဖြစ်ပေါ်စေရန် အခွင့်အလမ်း နည်းပါးနိုင်သည်ဟု ယူဆနိုင်သကဲ့သို့ ငလျင်ကြီးတစ်ရပ် ဖြစ်ပေါ်ရန် အခြေအနေ ရှိနေသည်ဟုလည်း ယူဆနိုင်ကြောင်း၊ ငလျင်သည် ကြိုတင်ခန့်မှန်း၍မရသော ဘေးအန္တရာယ် တစ်ရပ်ဖြစ်ရုံသာမက ငလျင်ကြောင့် လူမသေဘဲ လူများဆောက်လုပ်ထားသော အဆောက်အအုံများကြောင့်သာ လူတို့ ထိခိုက်ပျက်စီးရသည်ဖြစ်ရာ အဆောက်အအုံများအား စစ်ဆေးပြင်ဆင်ခြင်း၊ မိသားစုတို့ နေထိုင်ရာနေရာများတွင် ပြုတ်ကျနိုင်သော ပရိဘောဂများအား စစ်ဆေးပြင်ဆင်ခြင်း၊ အရေးကြုံလျှင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် မည်သို့ တုံ့ပြန်ဆောင်ရွက်ကြမည်ကို စဉ်းစားထားခြင်း၊ အစိုးရဌာနများကလည်း မိမိတို့၏ ကာကွယ်ကူညီရေးအဖွဲ့များ ယန္တရားများကို စဉ်းစားသိရှိ သတိရှိခြင်းသည် ယခုရက်များအတွင်း ဖြစ်ပွားနေသော ငလျင်များအတွက် မှန်ကန်သော တုံ့ပြန်မှုဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ သိရသည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းမှ မုတ္တမပင်လယ်ကွေ့အထိ ကီလိုမီတာ ၁၀၀၀ ခန့် အကွာအဝေးနှင့် သွယ်တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့အနီးတွင် တည်ရှိပြီး ၁၉၃၀ ပြည့်တွင် လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၇ အဆင့်ရှိ ငလျင်ကြောင့် ပဲခူးမြို့တွင် လူဦးရေ ၅၀၀ ခန့်နှင့် ရန်ကုန်မြို့တွင် လူဦးရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း၊ ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၏ လူဦးရေသည် လေးသိန်းခန့်သာ ရှိသော်လည်း လက်ရှိအချိန်တွင် လူဦးရေ ခြောက်သန်းကျော် ရှိလာသောကြောင့် မြေငလျင်တစ်ခု လှုပ်ခတ် ဒဏ်ကိုခံစားရလျှင် ဆုံးရှုံးမှုနှင့် ပျက်စီးမှုများကို မည်သူမျှ မခန့်မှန်းနိုင်ကြောင်း သိရသည်။

ငလျင်အရှိန်သည် ငလျင်ဖြစ်ရာ အရပ်နှင့် အကွာအဝေး၊ ငလျင်ပမာဏ၊ မိမိတည်ရှိရာ မြေသားအပျော့အမာ စသည့်အချက်များအပေါ်လိုက်၍ အရှိန်ခံစားရမှု ကွာနိုင်ကြောင်း၊ ဝေးလွန်းလျှင် အရှိန်လျော့ ကာပမာဏ သေးလျှင်လည်း အရှိန်လျော့ကြောင်း၊ မြေပျော့လျှင်မူ လှိုင်းချဲ့တတ်သည့် သဘောရှိသောကြောင့် ငလျင်အရှိန် ပြန်မြင့်တက်သဖြင့် ပိုခံရနိုင်ကြောင်း၊ ငလျင်အရှိန်ပျံ့နှံ့ပုံကိုကြည့်လျှင် ရန်ကုန်တောင်ပိုင်း အရပ်များက ပို၍ခံရသည်ကို တွေ့ရကြောင်း၊ ငလျင်ခံရမှု အတန်းအစားကို မွမ်းမံ မာကယ်လီအတန်းအစား ခွဲခြားနည်းအတိုင်း ခွဲခြားကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

ငလျင်လှုပ်တိုင်း စိုးရိမ်နေရသည့် ရန်ကုန်

ဧပြီ ၁၅ ရက်နှင့် ၁၆ ရက် ငလျင်လှုပ်ခတ်ခဲ့မှုကို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များတွင် ခံစားခဲ့ရပြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီ ၁၅ ရက် နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်နှင့် ဧပြီ ၁၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်များကိုသာ ထုတ်ပြန်ခဲ့သည်။ ဧပြီ ၁၅ ရက် ညပိုင်းလှုပ်ခတ်ခဲ့သည့် ငလျင်နှင့် ဧပြီ ၁၆ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်များသည် အင်အားရစ်ခ်ျတာစကေး ၃ ကျော်ရှိခဲ့ကြောင်း ဒေသတွင်း မိုးလေ၀သဌာနများမှ ထုတ်ပြန်ခဲ့သည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ပြည်တွင်းတွင် လှုပ်ခတ်သည့် မြေငလျင်များအား အင်အားရစ်ခ်ျတာစကေး ၃ အထက် ကျော်လွန်မှသာ ထုတ်ပြန်လေ့ရှိကြောင်း သိရသည်။

လူဦးရေ ခြောက်သန်းကျော်ခန့် နေထိုင်သည့် ရန်ကုန်မြို့သည် များပြားသည့် လူဦးရေများ နေထိုင်နိုင်ရန်အတွက် အထပ်မြင့် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခဲ့ကြသည်။ သို့သော် အချို့သော အထပ်မြင့် အဆောက်အအုံများသည် အောက်ခံမြေသား ခိုင်မာမှုများကို သေချာတွက်ချက် တည်ဆောက်မှု မရှိသဖြင့် အဆိုပါတိုက်များတွင် နေထိုင်ကြသည့်သူများသည် ငလျင်လှုပ်ခတ်သည်နှင့် စိုးရိမ်နေကြကြောင်း သိရသည်။

“ကျွန်မနေတဲ့ တိုက်က နည်းနည်းလေး စောင်းနေတယ်။ အခုရက်ပိုင်းမှာလည်း ငလျင်လှုပ်တာက စိတ်လာတာကြောင့် စိုးရိမ်မကင်း ဖြစ်နေတယ်” ဟု လှိုင်မြို့နယ်အတွင်း နေထိုင်သည့် ဒေါ်ကြည်ကြည်က ပြောကြားသည်။

ရန်ကုန်မြို့တွင် ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အတွင်း တည်ဆောက်ခဲ့သည့် အဆောက်အအုံများသည် ငလျင်ဒဏ်ခံနိုင်ရည်ရှိမှုကို ထည့်သွင်းတွက်ချက် တည်ဆောက်ထားခြင်း မရှိကြောင်း ၂၀၁၆ အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြုလုပ်သည့် မြေငလျင်ဆိုင်ရာ ဖိုရမ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်နှင်းအိဝင်းက ပြောကြားသည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းမှ မုတ္တမပင်လယ်ကွေ့အထိ ကီလိုမီတာ ၁၀၀၀ ခန့် အကွာအဝေးနှင့် သွယ်တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့အနီးတွင် တည်ရှိပြီး ၁၉၃၀ ပြည့်တွင် လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ခ်ျတာစကေး ၇ အဆင့်ရှိ ငလျင်ကြောင့် ပဲခူးမြို့တွင် လူဦးရေ ၅၀၀ ခန့်နှင့် ရန်ကုန်မြို့တွင် လူဦးရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း၊ ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၏ လူဦးရေသည် လေးသိန်းခန့်သာ ရှိသော်လည်း လက်ရှိအချိန်တွင် ခြောက်သန်းခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

“မြေငလျင်ဆိုသည်မှာ ယခုအချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့် အချိန်လှုပ်မည်။ မည်သည့်နေရာတွင်လှုပ်မည်။ အင်အားပမာဏ မည်မျှနှင့်လှုပ်မည်ကို မည်သည့်ပညာရှင်မှ ခန့်မှန်းတွက်ချက်နိုင်ခြင်း မရှိသေးပါဘူး။ မြေငလျင်ကြီးများ လှုပ်ရှားပြီးတိုင်း နောက်ဆက်တွဲ မြေငလျင်ငယ်လေးများ လှုပ်လေ့ရှိပါသည်။ မြေငလျင်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းသည် အကောင်းဆုံးသော ကြိုတင်ကာကွယ်မှု ဖြစ်ပါသည်။ မိမိတို့သည် မြေငလျင်ရပ်ဝန်းအတွင်း နေထိုင်ပါက မိမိတို့နေထိုင်သော အဆောက်အအုံများအား မြေငလျင် ဒဏ်ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားခြင်းသည် အကောင်းဆုံးသော ကြိုတင်ကာကွယ်ခြင်းပင် ဖြစ်ပါသည်။ အင်အားပြင်း မြေငလျင်လှုပ်ပြီးနောက် သူ့ထက်ပိုမိုပြင်းထန်သော မြေငလျင်လှုပ်ရန် အလွန်ခဲယဉ်းလှပါသည်။ ဖြစ်တန်စွမ်းအနေဖြင့် ငါးရာခိုင်နှုန်းသာ ရှိပါသည်။ ပထမပြောခဲ့သလို မြေငလျင်သည် ခန့်မှန်း၍ မရနိုင်သောကြောင့် အခြား မည်သူပြောဆိုမှုကိုမျှ မယုံကြည်သင့်ပါဘူး” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

ဇန်န၀ါရီမှာ ဖြူးကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ငလျင်

ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံ နေရာအချို့တွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။

အဆိုပါ ငလျင်သည် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၁၂ ရက်၊ မြန်မာစံတော်ချိန် ၀၀ နာရီ ၅၆ မိနစ် ၂၃ စက္ကန့်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ မြောက်ဘက် ၁၀၇ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး (၆ ဒသမ ၀)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ခဲ့သည်။

ယင်းငလျင်လှုပ်ခတ်ခဲ့သည့် လအတွင်းတွင်ပင် နောက်ဆက်တွဲ ငလျင်ပေါင်း အကြိမ် ၆၀ ခန့် လှုပ်ခတ်ခဲ့ပြီး ယခုဧပြီလတွင်လည်း အင်အား ၄ အကျော်မှ ၅ ဒသမ ၂ အဆင့်ရှိ ငလျင် ငါးကြိမ်ခန့် လှုပ်ရှားခဲ့ကြောင်း သိရသည်။

“အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်က ဇန်န၀ါရီမှာ အင်အားရစ်ခ်ျတာ စကေး ၆ အဆင့်နဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့နောက်ဆက်တွဲငလျင်ဖြစ်တယ်။ စလှုပ်တဲ့လတုန်းကဆိုရင် အဲဒီအနီးအနားမှာ နောက်ဆက်တွဲ ငလျင်တော်တော်များများ လှုပ်ခဲ့တယ်။ အခုထိ နောက်ဆက်တွဲ ငလျင်လှုပ်နေတာ အခုလထိဆိုရင် သုံးလလောက်ရှိပြီ၊ အဲဒီငလျင်က အင်အားပြင်းပေမဲ့ အပျက်အစီး မရှိတာကြောင့် အမည်ပေးထားတာတော့ မရှိဘူး” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

ငလျင်လှုပ်တိုင်း ဆူနာမီဖြစ်နိုင်သလား

ဖျာပုံမြို့၏ အရှေ့တောင်-အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာ စကေး ၄ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုအား ရန်ကုန်မြို့တွင် သိသိသာသာ ခံစားခဲ့ရသည်။ ယင်းလှုပ်ခတ်ခဲ့သည့် ငလျင်ဗဟိုချက်ပြ မြေပုံတွင် ငလျင်သည် မြန်မာ့ပင်လယ်ပြင်အတွင်း လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူများမှ ဆူနာမီဖြစ်ပေါ်နိုင်သလားဟုဆိုကာ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် မေးမြန်းမှုများ ရှိခဲ့သည်။

ဆူနာမီသည် ပင်လယ်ဘက်တွင် လှုပ်ရှားသည့် အင်အားနှင့် အကွာအဝေးပေါ်မူတည်ပြီး ဆူနာမီ အသိပေးနှိုးဆော်ချက်၊ ဆူနာမီသတင်း၊ ဆူနာမီသတိပေးချက် ရုတ်သိမ်းခြင်းများကို မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ပေးကြောင်း၊ မြန်မာ့ကမ်းရိုးတန်းသို့ သက်ရောက်ခဲ့သည့် ဆူနာမီလေးကြိမ်ရှိကြောင်း၊ ဧပြီ ၂ ရက် ၁၇၆၂ ခုနှစ်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၃၁ ရက် ၁၈၈၁ ခုနှစ်တွင် တစ်ကြိမ်၊ နောက်တစ်ခုက ဇွန် ၂၆ ရက် ၁၉၄၁ ခုနှစ်တစ်ကြိမ်နှင့် ဒီဇင်ဘာ ၂၆ ရက် ၂၀၀၄ ခုနှစ်တွင် ဆူမားတြား ဆူနာမီတို့သည် မြန်မာ့ကမ်းရိုးတန်းကို သက်ရောက်ခဲ့ပြီး အနီးဆုံး ၂၀၀၄ တွင် ဖြစ်ပွားခဲ့သည့် ဆူနာမီကြောင့် မြန်မာနိုင်ငံတွင် လူ ၆၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းဒေသဘက်တွင် မြေငလျင် လှုပ်ခတ်မှုကြောင့် ဆူနာမီဖြစ်ပေါ်ခဲ့သည်မှာ နှစ်ပေါင်း ၂၅၀ ကျော်နေပြီဖြစ်ပြီး ထပ်မံဖြစ်ပေါ်ရန် အလားအလာများသည့်အတွက် သတိပြုသင့်ကြောင်း ပြည်တွင်းနှင့် ပြည်ပပညာရှင်များက ဆိုထားသည်။

“ဆူနာမီနဲ့ပတ်သက်ပြီးတော့ ရခိုင်က Target ပေါ့။ ၁၇၆၂ နောက်ပိုင်း မလှုပ်တာ နှစ်က ၂၀၀ ကျော် နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဒေသမှာ ငလျင်တစ်ကျော့ ပြန်လာနိုင်တယ်ဆိုတာကို မြန်မာပြည်က သာမက ကမ္ဘာ့မြေငလျင်ပညာရှင်တွေ သူတို့ကလည်း ဒီဒေသမှာ မကြာခင် အနာဂတ်ကာလမှာ မနက်ဖြန်၊ သန်ဘက်ခါလား သူတို့လည်း ရက်အတိအကျမသိဘူး။ သူတို့ပြောထားတာ မကြာခင် အနာဂတ်ကာလမှာ ငလျင်ကြီးလှုပ်နိုင်တယ်လို့ Focus ပေးထားတယ်။ အဲဒီလိုမျိုးမှာမှ ၁၇၆၂ က ဖြစ်ခဲ့တဲ့ အထောက်အထားကို ပြန်ကြည့်ရင် ဆူနာမီဖြစ်ခဲ့တယ်ဆိုတာမျိုး တွေ့ရတယ်။ ဒါ့ကြောင့်မို့ ဒီနေရာမှာ ထပ်ပြီးတော့ ငလျင်များ လှုပ်ခဲ့လို့ရှိရင် ဆူနာမီ ဖြစ်နိုင်တယ်ဆိုတာမျိုးရှိတဲ့အတွက်ကြောင့် ရခိုင်ဒေသဆိုတာ ဆူနာမီဆိုရင် ယခင်က ဖြစ်ထားတဲ့ ၁၇၆၂ ခုနှစ်က Local Source ဖြစ်တယ်။ ဒေသတွင်း ဆူနာမီဆိုရင် အချိန်မရဘူး။ မိနစ်ပိုင်းလောက်ပဲ ရတယ်။ ပြန်ပြီး တွက်ချက်တဲ့အခါမှာဆိုရင် ၀ ဒသမ ၅ မိနစ်လောက်မှာကိုပဲ လှိုင်းက ရောက်နိုင်တယ်ဆိုတာမျိုး တွေ့ရတယ်” ဟု မြန်မာနိုင်ငံငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

ယခင်က နောက်ဆုံးဖြစ်ပွားခဲ့သည့်မှာ ၁၇၆၂ ခုနှစ် ဧပြီ ၂ ရက်က ဖြစ်ပြီး ငလျင်ကြီးတစ်ခုသည် နှစ် ၁၀၀ ကျော်လျှင် တစ်ကျော့ပြန်လာနိုင်ကြောင်း၊ ယခုလက်ရှိတွင် နှစ် ၂၅၀ ကျော်နေပြီဖြစ်ကြောင်း ထို့ကြောင့် တအားနီးကပ်နေကြောင်း ဒေါက်တာယဉ်မျိုးမင်းထွေး၏ ပြောကြားချက်အရ သိရသည်။

ငလျင်လှုပ်ခတ်မှုသည် တခြားသဘာဝဘေးကဲ့သို့ မည်သည့်အချိန်တွင် မည်မျှပြင်းအားဖြင့် လှုပ်ခတ်မည်ဟု ကြိုတင်မခန့်မှန်းနိုင်ကြောင်း၊ သို့သော်ဖြစ်ပေါ်ရန် အလားအလာများ လာသည့်အတွက်ကြောင့် သတိပြုသင့်ကြောင်း ၎င်းက ဆိုသည်။

ကမ်းရိုးတန်းဒေသရှိ မြို့ ၃၀ ကို ရွေးချယ်ကာ ဆူနာမီနှင့်ပတ်သက်ပြီး ဟောပြောဆွေးနွေးမှုများကို ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ငရုတ်ကောင်းမြို့သည် ဆူနာမီရေလှိုင်း မြန်မြန်ရောက်နိုင်ပြီး လှိုင်းပိုမြင့်နိုင်သည်ကို တွေ့ရကြောင်း သိရသည်။

“ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဧရိယာ၊ တနင်္သာရီကမ်းရိုးတန်း ပင်လယ်ဘက်နဲ့ ထိစပ်နေတဲ့ နေရာဒေသက မြို့ကြီးတွေကတော့ ဆူနာမီနဲ့ ပတ်သက်တာတွေ လုပ်ရမယ်ဆိုတဲ့ဟာက တကယ့်လိုအပ်တဲ့ဟာတစ်ခုပေါ့။ ၂၀၀၄ မှာလည်းပဲ ဆူမားတြား ငလျင်ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ တော်တော်သက်ရောက်မှု ဖြစ်ထားတယ်။ တနင်္သာရီလည်း သက်ရောက်ထားတယ်။ နောက်တခါ ရခိုင်ကမ်းရိုးတန်းဘက်က ၁၇၆၂ က လှုပ်ခတ်ခဲ့တဲ့ ငလျင်က ၇ ဒသမ ၅ အထက် လှုပ်ခတ်ခဲ့တယ်လို့ ယူဆတာပေါ့။ လေ့လာတွေ့ရှိချက်တွေအရ ဆူနာမီဖြစ်ခဲ့တယ်လို့ ယူဆတာပေါ့။ နှစ်ပေါင်း ၂၀၀ ကျော်ဆိုတော့ ဘာပဲဖြစ်ဖြစ် ပြန်ပြီးတော့ ဒီအပိုင်းက လှုပ်မယ်ဆိုရင်လည်း အခွင့်အလမ်း ရှိတာပေါ့” ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

“ကုန်းတွင်းပိုင်းငလျင်တွေမှာ ဆူနာမီမဖြစ်ဖူး။ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နေထိုင်တဲ့သူတွေကြတော့ ပင်လယ်တွင်းမှာ ငလျင်ကြီးလှုပ်ပြီးတဲ့အခါမှာ ပင်လယ်ရေအောက်မှာလှုပ်တဲ့ ငလျင်ကလည်း အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၅ နဲ့အထက်၊ မြေအောက်ဗဟိုချက် အနက်ကလည်း တိမ်ရမယ်။ လှုပ်တဲ့ပင်လယ်သမုဒ္ဒရာ ရေအောက်ကြမ်းပြင်ကလည်း ကျယ်ပြန့်ရမယ်။ နောက် မြေအောက်ရွေ့လျားမှုကလည်း အထက်အောက်ဖြစ်ရမယ်။ ကုန်းတွင်းပိုင်းမှာလှုပ်တဲ့ ငလျင်တွေကလည်း စိုးရိမ်စရာမရှိဘူး။ ဆူနာမီကတော့ ကမ်းရိုးတန်းမှာ နေထိုင်တဲ့သူတွေ သတိပြုသင့်တယ်။ ကုန်းတွင်းပိုင်းမှာ နေထိုင်တဲ့သူတွေကတော့ ဆူနာမီနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး။

လေ့လာမှုများ ပြုလုပ်နေသည့် စစ်ကိုင်းပြတ်ရွေ့

စစ်ကိုင်းပြတ်ရွေ့ကြော အင်းဝအပိုင်းတွင် ငလျင်လှုပ်ခတ်ခဲ့သည်မှာ နှစ်ပေါင်းရာချီ ကြာမြင့်နေပြီဖြစ်သည့်အတွက် ထပ်မံလှုပ်ခတ်ရန် အခွင့်အလမ်းများသည့်အတွက် ယင်းနေရာတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ ပူးပေါင်းကာ လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ သိရသည်။

“စစ်ကိုင်းပြတ်ရွေ့ကတော့ Detail Mapping ပေါ့။ ဘူမိဗေဒပညာရှင်တွေ နိုင်ငံတကာနဲ့ ပေါင်းပြီးတော့ အထူးသဖြင့် ငလျင်ကြီး ကြီးမားမားလှုပ်နိုင်တဲ့ အပိုင်းတွေပေါ့။ စစ်ကိုင်းပြတ်ရွေ့ပေါ်မှာရှိတဲ့ ပဲခူးအပိုင်းကတော့ တော်တော်လေးပြီးပြီဆိုတော့ လုပ်ထားပြီးသလောက် ရှိနေပြီ။ ကျွန်တော်တို့ နောက်တနေရာ စိုးရိမ်တာက မန္တလေး၊ အမရပူရ။ အင်းဝငလျင်ဆိုတာ ၁၈၃၉ ခုနှစ်က လှုပ်ခဲ့တာ။ လှုပ်မယ်ဆိုရင် ဒီကောင်က တော်တော်လေးကို အခွင့်အလမ်း များတယ်။ အဲဒီအပိုင်းကို သိပ်မသိကြသေးဘူး။ အဲဒီအပိုင်းကို ၂၀၁၉ မှာ အဲဒီနေရာကို Focus လုပ်ပြီးတော့ လေ့လာဖို့ သဘောတူကြတယ်” ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

ယင်းကဲ့သို့ လေ့လာမှုများတွင် GPS ဖြင့် လေ့လာခြင်း၊ Air bomb lighter၊ Resolution ကောင်းမွန်သည့် ကောင်းကင်ဓာတ်ပုံရဖို့ရန် ရိုက်ကူးခြင်း၊ Seismic Survey တို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အင်းဝက နောက်ဆုံးလှုပ်ခဲ့တာ ၁၈၃၉၊ သူ့ကိုရွေးချယ်လိုက်တာက အကြမ်းဖျင်း သူ့ကိုသုတေသန လုပ်ကြည့်လိုက်တာက အင်အား ၈ လောက်အထိ ရှိခဲ့လိမ့်မယ်လို့ ယူဆတာပေါ့။ လှုပ်ခဲ့တာကလည်း ကြာနေပြီ။ နှစ်ပေါင်း ရာတောင်ချီသွားပြီ။ အခုအချိန်လှုပ်မယ် ဆိုရင်တော့ ၇ ဒသမ ၆ ပြင်းအား တစ်ခုခုပေါ့။ ဒါကြောင့် အဲ့ဒီအပိုင်းကို ပိုပြီးတော့ Focus လုပ်လိုက်တာပါ။ ဒီဘက်က ပဲခူးတို့ဘာတို့က တော်တော်လေး အတန်အသင့်လေ့လာ ပြီးသလောက် ဖြစ်သွားတာပေါ့” ဟု ဒေါက်တာမျိုးသန့်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်း ၁၀၀ ကို ငလျင်ပညာပေးများ ပြုလုပ်

ရန်ကုန်တိုင်းအတွင်းရှိ ငလျင်ဘေး ဖြစ်နိုင်ခြေအများဆုံးရှိသော ကျောင်း ၁၀၀ ကို ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၄ ရက်က ရန်ကုန်မြို့ရှိ Esperado Hotel ပြုလုပ်ခဲ့သည့် ကျောင်းများတွင် ငလျင်နှင့် ပတ်သက်၍ နားလည်သဘောပေါက်မှုရှိစေရန် အသိပညာမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

ယင်းအသိပညာပေးမှုအား ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ငလျင်ဘေးလှုပ်ခတ်မှု ဖြစ်နိုင်ခြေများသော ဒေသများဖြစ်သည့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငလျင်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဖြင့် မူလအခြေအနေသို့ ပြန်လည်ရှောက်ရှိစေခြင်း၊ ယင်းအစီအစဉ်အား ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်း၏ လုပ်ငန်း ဆောင်ရွက်မှုများအနက်မှ တစ်ခုဖြစ်သည့် သတင်း၊ အသိပညာပေးခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း လုပ်ငန်းတွင် ကြိုတင်ပြင်ဆင်ရန်၊ ငလျင်လှုပ်နေစဉ်နှင့်လှုပ်ပြီးနောက် ဆောင်ရန်၊ ရှောင်ရန်များကို ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ငလျင်ဘေးဖြစ်နိုင်ခြေ အများဆုံးဒေသရှိ ကျောင်း ၁၀၀ ကို အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပထ၀ီအနေအထားအရ ကမ္ဘာ့ငလျင်ကြောကြီးများအနက်မှ တစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့နှင့် ကဘော်ပြတ်ရွေ့ စသည့် ပြတ်ရွေ့ကြော လေးခုပေါ်တွင် တည်ရှိနေကြောင်း၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးမှတ်တမ်းများအရ နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သည့် ငလျင်ကြီးများသည် ၎င်းပြတ်ရွေ့ကြီးတစ်လျှောက်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် လူပေါင်း ၈၀ နီးပါး သေကျေပျက်စီးခဲ့သော အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခုသည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၏ မြောက်ဘက် ၁၀၀ ကီလိုမီတာအကွာ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း ဆွေးနွေးပွဲနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၁၆ ခုနှစ် ဧပြီလတွင် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့အနီး ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ လှုပ်ခတ်ခဲ့ပြီး လေးလအကြာ ၂၀၁၆ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိသော နောက်ထက် ငလျင်တစ်ခုသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် လှုပ်ခတ်ခဲ့ကြောင်း၊ ထိုငလျင်ကြောင့် ပုဂံရှိ ဘုရားများ စေတီပုထိုးများစွာ ပျက်စီးခဲ့ရကြောင်း၊ ၂၀၁၈ ခုနှစ် နှစ်ပိုင်းတွင်လည်း ထိခိုက်ဆုံးရှုံးမှုနည်းသော ငလျင်များစွာ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်တွင် လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငလျင်အန္တရာယ်သည် အချိန်မရွေး ကျရောက်နိုင်သည့် သဘာဝဘေးတစ်ခုဖြစ်ပြီး ကြိုတင်ခန့်မှန်း တွက်ချက်လို့မရပေ။ ငလျင်ကြောင့် လူမသေဘဲ လူများဆောက်လုပ်ထားသော အဆောက်အအုံများကြောင့်သာ လူတို့ ထိခိုက်ပျက်စီးရသည်ဖြစ်ရာ အဆောက်အအုံများအား စစ်ဆေးပြင်ဆင်ခြင်း၊ မိသားစုတို့ နေထိုင်ရာ နေရာများတွင် ပြုတ်ကျနိုင်သော ပရိဘောဂများအား စစ်ဆေးပြင်ဆင်ခြင်း၊ အရေးကြုံလျှင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် မည်သို့ တုံ့ပြန်ဆောင်ရွက်ကြမည်ကို စဉ်းစားထားခြင်း၊ အစိုးရဌာနများကလည်း မိမိတို့၏ ကာကွယ်ကူညီရေးအဖွဲ့များ ယန္တရားများကို စဉ်းစားသိရှိ သတိရှိခြင်းတို့ကို ဆောင်ရွက်ကာ ကြိုတင်ကာကွယ်မှုဖြင့် သတိအမြဲထားသင့်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပြည်တွင်းကိုဗဟိုပြု၍ တစ်ရက်အတွင်း ငလျင်နှစ်ကြိမ်လှုပ်ခတ်

တစ်ရက်အတွင်း မြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြု၍ ငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငလျင်သည် ဧပြီ ၂၀ ရက် မြန်မာ စံတော်ချိန် ၁၀ နာရီ ၄၅ မိနစ် ၂၂ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင် ၁၀၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖြူးမြို့၏ အ နောက်တောင်ဘက် ၂၉ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၈ ဒသမ ၃၀ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒသမ ၀၃ ဒီဂရီ၊ အနက် ၂၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျ တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၂၀ ရက် မြန်မာစံတော်ချိန် ၂ နာရီ ၅၈ မိနစ်တွင် ကသာမြေငလျင်စခန်း မှ အနောက်မြောက်ဘက် ၉၄ မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံ ပြည်တွင်း (ထမံသီ၏အရှေ့ တောင်ဘက် ၁၀ မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် ၂၅ ဒသမ ၂၇ ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် ၉၅ ဒသမ ၄၄ ဒီဂရီ၊ အနက် ၁၆၄ ကီ လိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာ စကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ဇန်န၀ါရီ ၁၂ ရက်တွင် ဖြူးမြို့  အနောက်-တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်သည့် ငလျင်မှ နောက်ဆက်တွဲ ငလျင် အကြိမ် ၆၀ ကျော်ခန့်  လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခု တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုမှ အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်း တိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါတွန်းတိုက်သည့်နေရာတွင် အားများ တဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသော အားများ ရုတ်တရက်ရုန်းကန်ပြန့်ထွက်ကာ  မြေငလျင်လှုပ်ခတ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှ တောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံးငလျင် ကြောကြီးတစ်ခုဖြစ်သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်- မြောက်တန်းလျက်တည်ရှိနေသည့် ကဘော် ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှစတင်ပြီး တောင် ကြီးမြို့အနီး တောင်မြောက်တန်းလျက်တည် ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ် မြောက်ပိုင်း အရှေ့-အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများဖြစ်သည်။ ငလျင်ပြတ် ရွေ့အသေး ၄၀ ခန့်ရှိသောကြောင့် ငလျင် ဒဏ်အား အချိန်မရွေးခံစားနိုင်သည်။ ကမ္ဘာ ပေါ်၌ မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများစာရင်းတွင်  ပါဝင်နေ ပြီး ပမာဏကြီးမားသည့် အဓိကမြေငလျင် ကြောကြီး ငါးခုရှိသည်။ ထို့ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာရှိ နေကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ သိရသည်။

 

 

ရန်ကုန်တိုင်းရှိ ငလျင်ဘေး ဖြစ်နိုင်ခြေ အများဆုံးရှိသော စာသင်ကျောင်း ၁၀၀ တွင် အသိပညာပေးမည်

ရန်ကုန်တိုင်းအတွင်းရှိ ငလျင်ဘေး ဖြစ်နိုင်ခြေ အများဆုံးရှိသော စာသင်ကျောင်း ၁၀၀ တွင် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာပေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဧပြီ ၄ ရက်က ရန်ကုန်မြို့ရှိ Esperado ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ကျောင်းများတွင် ငလျင်နှင့် ပတ်သက်၍ နားလည် သဘောပေါက်မှု ရှိစေရန် အသိပညာမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

ယင်း အသိပညာပေးမှုအား ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ မြန်မာနိုင်ငံတွင် ငလျင်ဘေးလှုပ်ခတ်မှု ဖြစ်နိုင်ခြေများသော ဒေသများဖြစ်သည့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် ငလျင်အတွက် ကြိုတင်ပြင်ဆင်ခြင်း နှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဖြင့် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိစေခြင်း၊ ယင်း အစီအစဉ်အား ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုများအနက်မှ တစ်ခုဖြစ်သည့် သတင်း၊ အသိပညာပေးခြင်းနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း လုပ်ငန်းတွင် ကြိုတင် ပြင်ဆင်ရန်၊ ငလျင်လှုပ်နေစဉ်နှင့် လှုပ်ပြီးနောက် ဆောင်ရန်၊ ရှောင်ရန်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ငလျင်ဘေး ဖြစ်နိုင်ခြေ အများဆုံးရှိသည့် ကျောင်း ၁၀၀ ကို အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။

မန္တလေးမြို့တွင် ဧရာဝတီယဉ်ကျေးမှု မြို့ပြဖွံ့ဖြိုးရေး အနာဂတ်အလားအလာများနှင့် သမိုင်းထဲက ငလျင်ခေါင်းစဉ်ဖြင့် ငလျင်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲကျင်းပ

ငလျင်နှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်မှုများ ဆွေးနွေးနေစဉ်

မန္တလေးမြို့တွင် ဧရာဝတီယဉ်ကျေးမှု မြို့ပြဖွံ့ဖြိုးရေး အနာဂတ်အလားအလာများနှင့် သမိုင်းထဲက ငလျင်ခေါင်းစဉ်ဖြင့် ငလျင်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲအား မတ် ၃ ရက်မွန်းလွဲပိုင်းက လမ်း ၈၀ နှင့် ၃၅ လမ်းထောင့်ရှိ ယခင်မန္တလေးတက္ကသိုလ်၊ ရတနာ ဘုမ္မိနယ်မြေရှိ အောင်ပင်လယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲအား သဘာဝစိမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကာ အတိတ်ကာလတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များနှင့်ပတ်သက်သည့် အကြောင်းအရာများအပါအ၀င် လေ့လာသိရှိထားသည်များနှင့် ငလျင်နှင့်ပတ်သက်ကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ မြန်မာနိုင်ငံ မြေငလျင်အသင်းမှ ဒေါက်တာမျိုးသန့်၊ မန္တလေးတက္ကသိုလ် ပထ၀ီဌာန ကထိက ဒေါက်တာ တင်မိုးလွင်၊ မန္တလေးအဝေးသင်တက္ကသိုလ်မှ ဒေါက်တာဝင်းဆွေနှင့် ဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်) တို့မှ ကြုံတွေ့ဖြစ်ပွားခဲ့သည့် ငလျင်များအကြောင်းအား ဦးဆောင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာရင် ရင်ဆိုင်နိုင်ဖို့က နည်းလမ်းနှစ်သွယ် ရှိပါတယ်။ ဘယ်လိုလိုက်လျောညီထွေ ဖြစ်အောင်နေမလဲနဲ့ ဘယ်လိုကြိုတင်ကာကွယ်မှု ပြုမလဲဆိုတာပါ။ ကြိုတင်ကာကွယ်မှုပြုပြင်ရင်း လိုက်လျောညီထွေအောင် နေထိုင်ခြင်းနဲ့ အနာဂတ်ဘ၀တွေကို ဆက်လက်ရှင်သန်နိုင်အောင် သယ်ဆောင်ကြရမှာဖြစ်တယ်။ ကြိုတင်ကာကွယ်မှုရှိနိုင်အောင်ဆိုတာ အဖွဲ့တစ်ဖွဲ့ တစ်ယောက်တည်းသိနေရုံနဲ့ မပြီးပါဘူး။ ဒီလိုလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းအပိုင်းတွေ၊ ပညာရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ရမှာပါ။ ငလျင်နဲ့ပတ်သက်ရင် ဖုန်းမက်ဆေ့ခ်ျတွေမှာလည်း အသိပေးနေတာတွေ ရှိတယ်။ မီဒီယာတွေကလည်း နှိုးဆော်ရေးသားနေတာတွေရှိတယ်။ ဒီလိုအနေအထားတွေမှာ လူထုအနေနဲ့ ဘာတွေသိထားသလဲ ဘာတွေလုပ်ဖို့လိုသလဲဆိုတာတွေ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ပေါင်းစပ်ပြီး လုပ်ငန်းလမ်းစဉ်တွေ ချမှတ်နိုင်ဖို့ရည်ရွယ်ပြီး ဒီပွဲကို စီစဉ်ကျင်းပရခြင်းဖြစ်တယ်” ဟု သဘာဝစိမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့မှ ဦးမောင်မောင်ဦးက ပြောကြားသည်။

“မန္တလေးမြို့ကလည်း ငလျင်နဲ့ပတ်သက်ပြီး အန္တရာယ်ကရှိနေတော့ ဆွေးနွေးဖြစ်တာပါ။ ဆွေးနွေးတာကတော့ ငလျင်နဲ့ ငလျင်ကြောင့် ဖြစ်တဲ့ဆိုးကျိုးများခေါင်းစဉ်နဲ့ ဆွေးနွေးမှာပါ။ အဓိကကတော့ မန္တလေးမြို့အနီးဝန်းကျင် အမရပူရ၊ အင်းဝ၊ စစ်ကိုင်းမှာ အတိတ်ကာလက လှုပ်ခတ်ခဲ့ဖူးတဲ့ ငလျင်တွေအကြောင်း ဆွေးနွေးပြီး အတိတ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွေ့အကြုံတွေနဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ငလျင်အလားအလာတွေနဲ့ တကယ်လို့ ဖြစ်ခဲ့ရင် ကြုံတွေ့ရမယ့် ဆိုးကျိုးအမျိုးမျိုးကို ဘယ်လိုလျှော့ချမလဲဆိုတာကို အဓိကထား ဆွေးနွေးတာပါ” ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

လက်ရှိတွင် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ပြည်သူများသိရှိနိုင်ရန်အတွက် လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများမှ ငလျင်ကော်မတီနှင့်ပူးပေါင်းကာ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပြီး ငလျင်လှုပ်ခတ်သည့်အခါ ပြုလုပ်ဆောင်ရွက်ရန်နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရန် နည်းလမ်းများကိုလည်း စာသင်ကျောင်းများ၊ တက္ကသိုလ်များတွင် သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးမှာ စစ်ကိုင်းပြတ်ရွေ့နှင့် နီးကပ်စွာတည်ရှိသည့်အတွက် အတိတ်ကာလလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်များအား လေ့လာသုံးသပ်မှုများအရ ငလျင်အန္တရာယ်ရှိသော မြို့တစ်ခုဖြစ်သည့်အတွက် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အနာဂတ်ငလျင်ဘေးအန္တရာယ်များကို ကြိုတင်ထည့်တွက်စဉ်းစားကာ လုပ်ဆောင်သင့်ကြောင်း ပညာရှင်များက ပြောကြားသည်။