မောင်းသူမဲ့ကားများအတွက် အဓိကကျသော 3D မြေပုံကို တည်ဆောက်ရန် ဂျပန်က ကြိုးပမ်း

မေ ၃၁ ရက်က တိုကျိုရှိလမ်းတစ်လမ်းတွင် 3D မြေပုံစနစ်ထည့်သွင်း၍ မောင်းနှင်သော ကားတစ်စီးကို တွေ့ရစဉ် (Photo : AP)

မောင်းသူမဲ့ကားများအတွက် တိကျစွာ လမ်းညွှန်နိုင်သော ဒစ်ဂျစ်တယ်မြေပုံ တည်ဆောက်ရေးကို ဂျပန်နည်းပညာ ကုမ္ပဏီများက အပြိုင်အဆိုင် တည်ဆောက်နေကြသည်။ မစ်ဆူဘီရှီ အီလက်ထရစ် ကော်ပိုရေးရှင်းက ဦးဆောင်သော 3D မြေပုံကုမ္ပဏီ Dynamic Map Platform ကို ဂျပန်အစိုးရက အားပေးထောက်ခံနေသည်။

သစ်ပင်များနှင့် လမ်းသွားလမ်းလာများ ကဲ့သို့သော အသေးစိတ်ကို ပုံဖော်နိုင်သည့် ယင်း 3D မြေပုံသည် ၉ ဒသမ ၈ လက်မ (၂၅ စင်တီမီတာ) အတွင်းအထိ တိတိကျကျ လမ်းညွှန်နိုင်မည်ဖြစ်သည်။ သင်္ဘောများ၊ လေယာဉ်များနှင့် ယာဉ်မောင်းများက မိုဘိုင်းဖုန်းများမှတစ်ဆင့်ပို၍ အသုံးပြုလာသော ဂြိုဟ်တုအခြေပြု GPS စနစ်အတွက် 3D မြေပုံတိုးတက်မှုကြီးလည်း ဖြစ်မည်ဖြစ်သည်။ GPS စနစ်သည် ၆၅ ပေ (မီတာ ၂၀) အတွင်းကို အထူးသဖြင့် အဆောက်အအုံများ အတွင်းနှင့် မြေအောက်တွင် လမ်းညွှန်မှု မရနိုင်ပေ။

တိုးတက်လာသော မြေပုံနည်းပညာကို ဂိုဒေါင်များကဲ့သို့သော သီးခြားနေရာများတွင် ယာဉ်များအတွက် ဦးစွာအသုံးပြုဖွယ်ရှိကြောင်း မြေပုံကို တည်ဆောက်သူများက ပြောကြားခဲ့သည်။

ထို့ပြင် အလုံးစုံမောင်းသူမဲ့ မဟုတ်သော ယာဉ်များတွင် ယင်းမြေပုံစနစ်ကို အသုံးပြုကောင်း ပြုနိုင်ဖွယ်ရှိသည်။ Uber ၏မောင်းသူမဲ့ယာဉ် တစ်စီးသည် ပြီးခဲ့သည့် မတ်လက အမေရိကန်တွင် လမ်းသွားလမ်းလာ တစ်ဦးကို တိုက်မိခဲ့ပြီးနောက် မောင်းသူမဲ့ယာဉ်များအတွက် စိန်ခေါ်မှုများနှင့် အန္တရာယ်က အထူးကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်။

မောင်းသူမဲ့ယာဉ်များသည် လူသားယာဉ်မောင်းများက ဆောင်ရွက်နိုင်သော အရှိန်ထိန်းခြင်း၊ ဘရိတ်ဖမ်းခြင်းနှင့် လမ်းကြောင်းထိန်းခြင်းတို့ကို ဆောင်ရွက်ရန်အတွက်  အာရုံခံကိရိယာများ၊ ရေဒါများ၊ ကင်မရာများနှင့် ကွန်ပျူတာဆော့ဖ်ဝဲများ လိုအပ်မည်ဖြစ်သည်။ လမ်းများသာမက လမ်းပြင်ဆင်နေမှုများ၊ အချက်ပြမီးများ၊ လမ်းဖြတ်ကူးမှုများ၊ အဆောက်အအုံများနှင့် ပတ်သက်၍ တိကျသော သတင်းအချက် အလက်များ ရရှိရန် မောင်းသူမဲ့ ယာဉ်များအတွက် အရေးကြီးမည်ဖြစ်သည်။

ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် အမှတ်အသားများဖြင့် သုံးဘက်မြင် ပုံဖော်ထားသော မြေပုံများတွင် သစ်ပင်များ၊ လမ်းများ၊ အချက်ပြ ဆိုင်းဘုတ်များ၊ အဆောက်အအုံများ၊ ကားများနှင့် လူသွားလူလာများကို ထည့်သွင်းထားမည်ဖြစ်သည်။ အာရုံခံ ကိရိယာများနှင့် ကင်မရာများ တပ်ဆင်ထားသော အထူးယာဉ်များက အချက်အလက်များကို စုဆောင်းမည်ဖြစ်သည်။ လတ်တလောတွင် အချက်အလက် စုဆောင်းသည့် ကားများပေါ်၌ ယာဉ်မောင်းများ ပါဝင်နေဦးမည် ဖြစ်သော်လည်း နောင်တစ်ချိန်တွင် မောင်းသူမဲ့ယာဉ်များက အချက်အလက် ကောက်ယူမှုကို ဆောင်ရွက်မည်ဖြစ်သည်။

“မောင်းသူမဲ့ ယာဉ်တွေအတွက် သုံးဘက်မြင် မြေပုံတွေက အလွန်ပဲ အရေးကြီးမှာပါ။ ကားတွေက သူတို့ရဲ့ တည်ရှိရာကို တိတိကျကျသိပြီး ရှေ့ခရီးမှာ ဘာတွေရှိသလဲ ဆိုတာကိုလည်း သိခွင့်ရမှာပါ” ဟု မစ်ဆူဘီရှီ အီလက်ထရစ်၏ အကြီးတန်းမန်နေဂျာ ယာဆူဟီဒေရှီဘာတာက ပြောကြားခဲ့သည်။

ဂျပန်သည် ယမန်နှစ်က လွှတ်တင်ခဲ့သော ဂြိုဟ်တုသုံးစင်း အပါအ၀င် အစိုးရ၏ ဂြိုဟ်တုများမှနေ၍ တည်နေရာ အချက်အလက်များကို နိုဝင်ဘာလတွင် စတင်ရရှိမည်ဖြစ်သည်။

တိုကျိုအိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ ပြည့်နှစ်မတိုင်မီတွင် မောင်းသူမဲ့ကားများ အသုံးပြုနိုင်ရန် ဂျပန်က လိုလားနေသည်။ ဂျပန်သည် ၁၉၆၄ တိုကျိုနွေရာသီ အားကစားပွဲတော်တွင် ၎င်းတို့၏ ကျည်ဆန်ရထား နည်းပညာကို ကမ္ဘာကို ပြသခဲ့သူဖြစ်သည်။

သို့သော်လည်း မြေပုံနည်းပညာများကို ကမ္ဘာနှင့်အ၀န်း ဆောင်ရွက်နေကြပြီဖြစ်သည်။ ဂျပန်ကား ကုမ္ပဏီများကပင် ပြည်တွင်းထက် နိုင်ငံတကာ ကုမ္ပဏီများ၏ မြေပုံနည်းပညာများကို ပူးပေါင်းဆောင်ရွက် နေကြသည်။ ဂျပန်မြေပုံထုတ်လုပ်ငန်း Zenrin သည် အမ်စတာဒမ်တွင် အခြေစိုက်သော Tom Tom  နှင့် ပူးပေါင်းဆောင်ရွက်နေသည်။

ဟွန်ဒါကားကုမ္ပဏီသည် ကယ်လီဖိုးနီးယား အခြေစိုက် Deep Map နှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ဂျပန်ကား လမ်းညွှန်ကိရိယာ ထုတ်လုပ်မှုလုပ်ငန်း Pioneer က ပြီးခဲ့သည့်နှစ်တွင် HERE မြေပုံလုပ်ငန်းနှင့် ဖက်စပ်သဘောတူညီချက် လက်မှတ်ရေးထိုးထားသည်။

ဂျပန်အစိုးရက ကျောထောက်နောက်ခံ ပေးထားသော 3D မြေပုံလုပ်ငန်းကို မစ်ဆူဘီရှီ၏ အီလက်ထရွန်နစ် လုပ်ငန်းခွဲက ဦးဆောင်နေခြင်းဖြစ်ပြီး တိုယိုတာ၊ ဟွန်ဒါနှင့် နစ်ဆန်းတို့ အပါအ၀င် ဂျပန်ကားကုမ္ပဏီ များကလည်း ထည့်ဝင်ရင်းနှီးမြှုပ်နှံထားသည်။

Ref : AFP

စောင်းကောက်တစ်လက်ရဲ့ငွေနားကွပ်

The Burmese Harp (၁၉၅၆) ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း

“ဂျပန့်ခေတ်တုန်းကပေါ့ကွာ ..ဂျပန့် ခေတ်တုန်းကပေါ့ကွာ..” နဲ့ ငယ်စဉ်ကလေးဘ၀တုန်းက ဘကြီး ခဏခဏပြောခဲ့တဲ့ စကားတွေကိုပြန်သတိရတိုင်း အခုအချိန်ထိ ကြက်သီးမွေးညင်းတွေထရဆဲပါ။ ကြောက်စရာလန့်စရာ ကောင်းလှတဲ့ ဘကြီးပြောပြတဲ့ ဇာတ်လမ်းတွေကို အသေးစိတ် ပြန်ပြောပြ မနေချင်တော့ပါဘူး။ ဂျပန့်ခေတ်တုန်းက မြန်မာနိုင်ငံ ခံစားခဲ့ရတဲ့ဝေဒနာတွေကို သိရှိသွားအောင် ကမ္ဘာကျော် သေမင်းတမန်လမ်း မကြီးအကြောင်းကိုပဲ အကျဉ်းချုံးပြီး နည်းနည်းပြောပြချင်ပါတယ်။ မြန်မာနဲ့ထိုင်းနိုင်ငံအကြား ကားလမ်းနဲ့ရထားလမ်းဖောက်ဖို့ ၁၈၈၅ ခုနှစ်လောက်ကတည်းက အဲဒီတုန်းက မြန်မာပြည်ကိုအုပ်စိုးထားတဲ့ ဗြိတိသျှတွေက ကွင်းဆင်းပြီးမြေတိုင်းခဲ့ကြတာပါ။ တောင်ကုန်တွေကလည်းပေါ မြစ်တွေကလည်း များပြီး တောတွေကလည်း ထူလွန်းသမို့  ဆက်မလုပ်နိုင်တော့လို့ ဗြိတိသျှတွေ လက်လျှော့သွားခဲ့ကြပါတယ်။ တောကလည်း ဘယ်လောက် တောင်ထူသလဲဆိုရင် တချို့ကြိမ်တောတွေရှိ တဲ့နေရာတွေမှာဆိုရင် ဓားတွေနဲ့ခုတ်ပြီး တစ်နေကုန်တောထွက်တာတောင်မှ ကိုက်ငါးရာထက် ပိုခရီးမပေါက်နိုင်ခဲ့ပါဘူး။ အဲဒီနောက် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလမှာ ဗြိတိသျှတွေရဲ့ အတောင့်တင်းဆုံးခံတပ်လို့ဆိုနိုင်တဲ့ စင်ကာပူက Fort Canning Hill ခံတပ်ကို ဂျပန်တွေ သိမ်းလိုက်နိုင်ပြီးတဲ့အခါမှာတော့ ဂျပန်တပ်တွေဟာ မြန်မာပြည်ထဲကို အလွယ်တကူ ထိုးဖောက် ၀င်ရောက်လာနိုင်ကြပါပြီ။ ၁၉၄၂ ခုနှစ် နှစ်ဦးပိုင်းမှာပဲ ဂျပန်တွေဟာ ဗြိတိသျှတပ်တွေကို မြန်မာပြည်တောင်ပိုင်းကနေ မြောက်ပိုင်းကိုစတင်ပြီး မောင်းထုတ်နိုင်ခဲ့ကြပါတယ်။ အဲဒီ နောက်လိုက်စစ်ဆင်နေတဲ့ ဂျပန်တပ်တွေကို အစတုန်းကတော့ ဂျပန်ပြည်မှာရှိတဲ့ စစ်ဌာနချုပ်က ရေကြောင်းကနေ ထောက်ပံ့ဖို့ပါပဲ။ ဒါပေမဲ့ ၁၉၄၂ ခုနှစ် ဇွန်လမှာ ပစိဖိတ်သမုဒ္ဒရာအလယ်ကောင် တည့်တည့်မှာရှိတဲ့ ‘မစ်ဝေး’ ကျွန်းစုတိုက်ပွဲမှာ ဂျပန်တွေအရှုံးကြီးရှုံးသွားခဲ့ပြီးကတည်းက ဂျပန်ရေတပ်အင်အား ချည့်နဲ့သွားတဲ့အတွက် ရန်ကုန်ကို ထောက်ပံ့ရေးသင်္ဘောတွေ စေလွှတ်ရင် အလွန်ကျဉ်းမြောင်းတဲ့ မလက္ကာရေ လက်ကြားကိုဖြတ်ပြီး စေလွှတ်ရမှာမို့ ဒါကို မလုပ်ရဲတော့ပါဘူး။ ဒါ့ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ဘုရားသုံးဆူအထိ ၁၈၉ မိုင်၊ ဘုရားသုံးဆူကနေ သံဖြူဇရပ်ထိ ၆၉ မိုင် အကွာအဝေးကိုပဲ ရထားလမ်းဖောက်ဖို့ စိုင်းပြင်းခဲ့ကြတာပါ။ ဒီရထားလမ်းကို ၁၉၄၃ ခု နှစ်ထဲမှာ အသုံးပြုနိုင်ခဲ့ပြီး အပြေးအလွှား ဖောက်လုပ်ခဲ့ရတဲ့အတွက် မီးရထားလမ်း  ဖောက်ကြရတဲ့ မြန်မာချွေးတပ်သား ၉၀၀၀၀ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ နောက်ပိုင်း ရောက်တော့ မြန်မာချွေးတပ်သားတွေရဲ့ အလောင်းတွေကို မြေမမြှုပ်နိုင်တော့လို့ လမ်းဘေးမှာ ဒီအတိုင်းပစ်ထားခဲ့ကြရတဲ့အထိ အဖြစ်ဆိုးခဲ့ရတာပါ။ ဒီလောက်ဆိုရင် ဂျပန်တွေရဲ့ဒဏ်ကို မြန်မာတွေ ဘယ်လောက်ခံခဲ့ကြရသလဲဆိုတာကို သိနိုင်လောက်ပါပြီ။ နောက် ဂျပန်တွေဟာ ဆုတ်ပြေးသွားကြတဲ့ ဗြိတိသျှတပ်တွေနောက်ကိုလိုက်ရင်းနဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်ထဲက တောင်မြောက်အထက်အောက်တန်းနေတဲ့ ‘အင်ဖား’ Ubogak မြို့နဲ့ ‘ကိုဟီးမား’ Kohima မြို့တို့ကို ၁၉၄၃ ခုနှစ် မတ်လမှာ စပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲဒါ မေလ လောက်ကစပြီး စစ်ရေးချိန်ခွင်လျှာက ဗြိတိသျှတို့ဘက်ကို စောင်းသွားလိုက်တာ ဇူလိုင်လ ရောက်တော့ ဂျပန်တွေဟာ နောက်ကျတဲ့ဖနောင့် သစ္စာဖောက်ဆိုတဲ့ဘ၀ကို ရောက်သွားရပါပြီ။ ဘယ်လောက်ထိ ပုံပျက်ပန်း ပျက်ဆုတ်ခဲ့ရသလဲဆိုရင် အထက်ဌာနချုပ်က လက်အောက်ကို ရိက္ခာခဲယမ်းထောက်ပံ့ မပေးနိုင်တော့တဲ့အပြင် ဆက်သွယ်မှုရအောင်တောင် ကောင်းကောင်းမလုပ်နိုင်တော့တဲ့အတွက် ဂျပန်တပ်တွေဟာ များသောအားဖြင့်တော့ ဘယ်သူနဲ့မှအဆက်အသွယ် ယူမနေတော့ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြုံသလို အောက်ပြည်အောက်ရွာရောက်အောင် အမြန်ဆုံးဆုတ်ခွာကြပါတော့တယ်။ ဒါ့ကြောင့်လည်း မြန်မာပြည် စစ်မြေပြင်ကို မူလက ဂျပန်စစ်သား ၂၃၆၀၀၀ စေလွှတ်ခဲ့ရာ မှာ ၁၆၄၀၀၀ဟာ ဂျပန်ပြည်ကို  ပြန်ရောက် မလာနိုင်ကြတော့တာ ဖြစ်ပါတယ်။

ဒီအကြောင်းတွေပြန်စဉ်းစားရင်း ဂျပန်မိတ်ဆွေတစ်ယောက်က ‘မြန်မာ့စောင်း’ The Burmese Harp  ဆိုတဲ့ဝတ္ထုကို သူကျောင်းသားဘ၀က ဂျပန်ပြည်မှာ တွေ့ဖူးကြောင်း အလွန်နာမည်ကြီးတဲ့ စာအုပ်ဖြစ်ကြောင်း၊ နာမည်ကြီးစာရေးဆရာ ‘မီချီယိုတာကဲယာမ’ Michio Takeyama က သူ မြန်မာပြည်ကို မရောက်ဖူးပေမယ့် မြန်မာပြည်က ပြန်လာကြတဲ့ ဂျပန်စစ်သားတွေကိုမေးပြီး ဂျပန်လိုရေးထားတာဖြစ်ကြောင်း၊ ၁၉၆၆ ခုနှစ်မှာ အင်္ဂလိပ်ဘာသာပြန် ထွက်ခဲ့ကြောင်း ပြောပြခဲ့တာကို သတိရမိပါတယ်။ ဒီစာအုပ် ဘယ်လောက် ကောင်းသလဲဆိုရင် စာဖတ်သူဟာ  မြန်မာနိုင်ငံထဲရောက်နေသလိုခံစားလိုက်ရပြီး စာအုပ်ဖတ်ရင်းနဲ့ ပျော်တောင်လာတယ်လို့ သူက ဆိုပါတယ်။ ဒါနဲ့ပဲ အဲဒီတုန်းကတည်းက ၁၉၅၆ ခုနှစ်မှာ ပေါ်ထွက်ခဲ့တဲ့ The Burmese Harp ‘မြန်မာ့စောင်း’ရုပ်ရှင်ကိုကြည့်ဖြစ်ခဲ့သလို ၀တ္ထုကိုလည်းဖတ်ဖြစ်တဲ့အခါမှာ သူ အပိုတွေပြောခဲ့တာမဟုတ်ဘူးဆိုတာကို သိလာခဲ့ရပါတယ်။ ကိုယ့်ဘ၀ရှေ့ရေးကို မေ့ထားပြီး ရဲဘော်ရဲဘက်တွေအတွက် အမွန်မြတ်ဆုံးသော ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ပေးသွားခဲ့တဲ့  ဒီဇာတ်ကားထဲက အညတရ ဂျပန်စစ်သည်လေး တပ်ကြပ်’မီဇူရှီးမား’ ရဲ့ မျက်နှာလေးကိုလည်း ခုချိန်ထိ မျက်စိထဲမှာ မြင်ယောင်နေဆဲပါ။ ‘မြန်မာ့စောင်း’ကို စိတ်ရှိလက်ရှိ ဖွဲ့နွဲ့ရေးလိုက်ရရင် ၀တ္ထုလတ်တစ်ပုဒ်လောက်တော့ အသာလေးဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့  ဆက်စပ်နေတဲ့အခြားအကြောင်းအရာတွေကိုလည်း ပြောပြဖို့ရှိနေသေးလို့ဇာတ်လမ်းကို အကျဉ်းချုံးပြီးတော့ပဲ ပြောပြပါတော့မယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခါနီးမှာ မြန်မာပြည်စစ်မြေပြင်ကိုရောက်နေတဲ့ တပ်ကြပ် ‘မီဇူရှီးမား’ Shoji Yasui တို့တပ်ခွဲဟာ ရွာလေးတစ်ရွာမှာ စခန်းချနေကြပါတယ်။ ဒီတပ်ခွဲဟာ အထက်ကပြောခဲ့တဲ့ ‘အင်ဖား’ ‘ကိုဟီး မား’ကနေ အပြးအလွှား ဆုတ်လာခဲ့ကြတဲ့ ဂျပန်တပ်တွေရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပြီး သူတို့ဟာ မန္တလေးနဲ့မိတ္ထီလာကို ခဏလေးနဲ့ ရောက်လာကြပါတယ်။ ဒီအထိ အခြေအနေ သိပ်မဆိုးသေးပေမယ့် မဟာမိတ်တွေက မန္တလေးကိုကွေ့ပတ်ပြီး မိတ္ထီလာကို အရင်သိမ်းပိုက်လိုက်တဲ့အခါမှာတော့ ဂျပန်တွေဟာ အခုခေတ် စစ်သားစကားနဲ့ပြောရရင် ပြာကိုင်သွားကြရတော့တာပေါ့။ ရန်သူဟာ ကိုယ်ဆုတ်မယ့်လမ်းကြောင်းပေါ် ကြိုရောက်နေပြီဆိုရင် ဘယ်စစ်သားမဆို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတတ်ကြတာဟာ ဓမ္မတာပါပဲ။ မန္တလေးတောင်နဲ့နန်းတွင်းမှာ ခံစစ်ယူထားတဲ့ ဂျပန်တွေကို အထက်ဌာနချုပ်က တစ်ယောက်မှ မကျန်တော့တဲ့အထိ ခုခံရမယ်လို့ အမိန့်ထုတ်ထားပါတယ်။ ဒါပေမဲ့ မိတ္ထီလာကနေ ရန်သူဖြတ်ထားလို့ ဘာစစ်ကူမှ မလာနိုင်ဘူး။ ဒါ့ကြောင့် မန္တလေးတောင် ချက်ချင်း ကျသွားကြပါတယ်။ နန်းတွင်းကစစ်သည်တွေကတော့ အချိန်နည်းနည်းပိုရသွားလို့ ပြေးသာသွားတဲ့အတွက် အသက်ချမ်းသာရာရသွားကြပါတယ်။ ဒါပေမဲ့ နန်းတွင်းကျသွားပြီးကတည်းက ဂျပန်စစ်သည်တွေရဲ့ဆုတ်ခွာ မှုဟာ စနစ်တကျ မရှိတော့ပါဘူး။ အဲဒီအထဲမှာ  မီဇူရှီးမားတို့ တပ်ခွဲလည်း အပါအ၀င်ပေါ့။ ပထမထရပ်ကားတွေနဲ့ ပြေးကြပါတယ်။ နောက်လှည်းတွေနဲ့ပြေးရပါတယ်။ လှည်းတွေကို ချောဆွဲလို့မရနိုင်တော့တဲ့ အခါကျတော့ နှစ်ဘီးကားနဲ့ ပြေးရတာပေါ့။

မီဇူရှီးမားဟာ သံဓာတ်ဆီပုံးခွံတစ်ခုကို ဖြတ်ပြီး သားရေနဲ့ ကြက်လိုက်တဲ့အခါ လက်လုပ်ဗုံတစ်လုံး ဖြစ်သွားပါတယ်။ နောက် ၀ါးပိုးဝါးတစ်ခုနဲ့ ၀ါးဆစ်ပိတ်ကောက်ကောက် တစ်ခုကိုဆက်ပြီး စောင်းကောက်တစ်ခု မဖြစ် ဖြစ်အောင်လည်း သူလုပ်ပါတယ်။ စောင်းကြိုးကတော့ အလူမီနီယံ ကြေးနီနဲ့ သံမဏိကြိုး တွေနဲ့ လုပ်ပါတယ်။ ပိုးကြိုးတော့မရှိလို့ မလုပ်နိုင်ပါဘူး။ ဒီဂျပန်တပ်ခွဲဟာ တစ်တောဝင် တစ်တောထွက်၊ တစ်တောင်တက် တစ်တောင်ဆင်း ပြေးလွှားရင်းနဲ့ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေနဲ့တွေ့သည်ဖြစ်စေ ပျော်ရွှင်စရာတွေနဲ့ တွေ့သည်ဖြစ်စေ ဒီလက်လုပ် တူရိယာတွေကို တီးခတ်ပြီး သီချင်းဆိုလေ့ရှိကြတာပါ။ ဒါဟာ ဒီတပ်ခွဲရဲ့ထူးခြားချက်ဖြစ်ပြီး မီဇူရှီးမားကတော့ ပင်တိုင်အဆိုတော်လည်းဟုတ်၊ စောင်းဆရာဆိုရင်လည်းဟုတ် ပေါ့။ မီဇူရှီးမားရဲ့ရုပ်သွင်ဟာလည်း ဘာမှ စကားမပြောဘဲနေရင် ဂျပန်လား ဗမာလား ခွဲခြားမရနိုင်တဲ့ ရုပ်မျိုးဖြစ်နေပါတယ်။ သူဟာ မြန်မာလယ်သမားလိုဝတ်ပြီး တပ်ခွဲရှေ့ကနေ တစ်ယောက်တည်း အရင်သွားလေ့ရှိပါတယ်။ ရန်သူရှိရင် စောင်းသံကိုတစ်မျိုး၊ မရှိရင်တစ်မျိုး တီးခတ်လေ့ရှိပါတယ်။ တပ်ခွဲကတော့ သူ့ စောင်းသံကိုနားထောင်ပြီး နောက်ကနေ လိုက်ကြရတာပေါ့။ အခု မီဇူရှီးမားတို့ရောက် နေတဲ့ရွာလေးရဲ့အလယ်မှာ ကွက်လပ်လေးတစ်ခုရှိပါတယ်။ အဲဒီကွက်လပ်လေးထဲမှာပဲ ဂျပန်စစ်သားတွေကို ရွာသားတွေက စေတနာ အပြည့်နဲ့ နေ့လယ်စာထမင်းကျွေးကြပါတယ်။ ဟိုဘက်ရွာကသွားယူလာခဲ့တဲ့ ထန်းရည်တောင်မှ ပါလိုက်သေး။ ဒါပေမဲ့ ခဏတာ အတွင်းမှာပဲ ရွာသားတွေ အလျှိုလျှိုနဲ့ပျောက် သွားကြပါတယ်။ တကယ်တော့ ဒါဟာ တိုက်ပွဲဖြစ်တော့မယ့် လက္ခဏာပါပဲ။ တကယ်လည်း ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗြိတိသျှတပ်တွေက ရွာကို ၀ိုင်းထားလိုက်ကြလို့ပါပဲ။

ဒီလို ဂျပန်တပ်ခွဲကို မဟာမိတ်တပ်တွေ ၀ိုင်းထားရတာဟာလည်း မီဇူရှီးမားတို့ကို တိုက်ခိုက်ချေမှုန်းဖို့ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မီဇူရှီးမားတို့သာ မသိကြသေးပေမယ့် ဂျပန်က ချွင်းချက်မရှိလက်နက် ချလိုက်ပြီး စစ်ကြီးပြီးသွားလို့ပဲဖြစ်ပါတယ်။ မီဇူရှီးမားတို့ဟာ အင်္ဂလိပ်တွေ ၀ိုင်းထားတာကို မသိချင်ယောင်ဆောင်ပြီး စောင်းကောက်ကိုတီးပြီး  သီချင်းဆိုကြပါတယ်။ အင်္ဂလိပ်တွေကလည်း သေနတ်နဲ့ပစ်မယ့်အစား Home Sweet Home ဆိုတဲ့သီချင်းကို ပြန်ဆိုကြပါတယ်။ ဒါနဲ့ပဲ အင်္ဂလိပ်တပ်တွေဟာ ဂျပန်တွေ နဲ့ ပစ်ခတ်မှု မဖြစ်လိုက်ရဘဲ ရွာထဲကိုဝင်လာနိုင်ကြပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့သုံးရက်ကပဲ စစ်ကြီးပြီးသွားပြီဆိုတဲ့အကြောင်း ဂျပန်တွေယုံကြည်အောင် အင်္ဂလိပ်တွေက ပြောပြနိုင်လို့ ဂျပန်တွေ လက်နက်ချလိုက်ကြပါတယ်။ နောက်တစ်နေ့မှာတော့ ဂျပန်တပ်ခွဲဟာ လက်နက်မကိုင်ရတော့ဘဲ သုံ့ပန်းအသွင်နဲ့လမ်းလျှောက်ကြရပါတယ်။ ရဲဘော်တွေရဲ့ စိတ်ထဲမှာတော့ အတွေးတွေမျိုးစုံလို့ပါ။ ငါတို့ကို သူတို့ဘာလုပ်ကြဦးမလဲမသိဘူး။ ထားမှာလား သတ်မှာလား နှိပ်စက်ကြမှာလား အင်းလေ ခုမှတော့ ကြောက်နေလို့လည်းအပိုပါပဲ။ စစ်ဆိုတာ သူများက ကိုယ့်ကိုလာတိုက်တယ်ဆိုတာထက် ကိုယ့်အသွေးတွေအသားတွေထဲမှာရှိတဲ့ မာန်မာနတရားတွေက ခုန်ထွက်လာပြီး စစ်ပွဲကိုဖန်တီးခဲ့ကြလို့သာ အခုလို ငါတို့ ဒီလိုနေရာကို ရောက်နေကြတာပဲ မဟုတ်လား။ ဒါ့ကြောင့် ခုမှ ဘာကိုကြောက်နေဖို့ လိုသေးလို့လဲ၊ ဖြစ်ချင်ရာဖြစ်ပစေတော့ပေါ့ လို့ တွေးနေသူတွေလည်း ရှိကြပါတယ်။

တပ်ခွဲ မုဒုံဘက်ဆီကို ချီတက်သွားတဲ့ အချိန်မှာ မီဇူရှီးမားတစ်ယောက်ကတော့ မဟာမိတ်တပ်တွေနဲ့အတူ ကျောက်တောင်ကြီးတစ်ခုဆ်ီကို ချီတက်နေရပါတယ်။ အဲဒီ တောင်ကုန်းပေါ်မှာ စစ်ကြီးပြီးသွားပြီဆိုတာ ကိုမသိသေးတဲ့ ဂျပန်တပ်ခွဲတစ်ခွဲခြေကုပ်ယူထားပါတယ်။ မီဇူရှီးမားက  တောင်ကုန်းပေါ် တစ်ယောက်တည်းတက်သွားပြီး အဲဒီ ဂျပန်တပ်ခွဲကို စစ်ကြီးပြီးသွားပြီဆိုတဲ့အကြောင်း ပြောပြပြီး လက်နက်ချဖို့ သွားရှင်းပြရမှာပါ။ အချိန်နာရီဝက်ရပါတယ်။

ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အခါ စစ်ကြီးအတွင်းက သူတို့ ဂျပန်စစ်သည်တွေကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်စဉ်းစားမနေချင်ကြဘူး။ ရင်နာလွန်းလို့ဖြစ်တယ်။ ဒါပေမဲ့ ထူးထူးခြားခြား ဒီမြန်မာ့စောင်းနဲ့ ပတ်သက်တဲ့အကြောင်းတွေကိုတော့ သူတို့က အမြဲသတိရနေလေ့ရှိ ကြတာပါ။ ဘယ်အချိန်ပြန်ပြောပြော နားထောင်ချင်ကြတယ်။ ‘‘မည်းမှောင်နေသော တိမ်တိုက်များတွင် ငွေနားကွပ်လေးများရှိကြသည်’’ဆိုတဲ့စကားအတိုင်း ‘‘ဒီမြန်မာ့စောင်းဇာတ်လမ်းဟာ ဂျပန်စစ်သည်တော်တွေအ တွက်လွမ်းမောစရာကောင်းလှတဲ့ ငွေနားကွပ်လေးတစ်ခုဖြစ်နေတာကို တွေ့ကြရပါတယ်။ ဒါ့ကြောင့်မို့ ဒီအကြောင်းကို မကြာခင်အချိန်အတွင်းမှာ ဆက်ပြီးပြောကိုပြောပြရဦးမှာပါပဲ။

ဆံနီနဲ့ ဆံနက်

Hell in the Pacific (1968) ရုပ်ရှင်ဇာတ်ကား ပိုစတာ

ငယ်စဉ် တက္ကသိုလ်ကျောင်းသားဘ၀တုန်းက သူငယ်ချင်းတွေနဲ့ ငြင်းခုံကြရင်းနဲ့ ဌေးအောင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က “အဏုမြူဗုံးကို ဆံပင်နက်တဲ့ လူတွေအပေါ်မှာမို့လို့ ချတာကွ၊ ဆံပင်နီတဲ့လူတွေအပေါ်မှာဆို မချဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဆံပင်နီ တဲ့လူတွေက သူတို့နဲ့ ဆွေမျိုးမကင်းကြလို့ပဲ” လို့ အမှတ်မထင်ပြောခဲ့ဖူးပါတယ်။ သူပြောတာကို နားထောင်အပြီး အမေရိကန်နိုင်ငံဆိုတာက ရှေးတုန်းကတည်းက တည်ရှိခဲ့တဲ့နိုင်ငံ မဟုတ်ဘဲ၊ နောက်ပိုင်း ဥရောပတိုက်က ဆံပင်နီတဲ့ လူတွေပြောင်းရွှေ့ရောက်ရှိလာတဲ့ အခါကျမှ ဖြစ်ပေါ်လာတဲ့နိုင်ငံဆိုတာကို ပြန်သတိရသွားပါတယ်။ ဒါ့ကြောင့် ဌေးအောင် ပြောသလို သူတို့နဲ့ ဆွေမျိုးမကင်းတဲ့ဂျာမနီ နိုင်ငံပေါ်မှာ တကယ် မချခဲ့တာများလားလို့ သံသယတောင်ဖြစ်သွားရပါတယ်။

ဒါ့ကြောင့် အဏုမြူဗုံးနဲ့ ဆက်စပ်ပတ်သက်နေသူတွေရဲ့ ဆံပင်အရောင်တွေကို လိုက်စုံစမ်းကြည့်တဲ့အခါမှာ အဏုမြူဗုံးရဲ့ ဖခင်လို့ခေါ်ဆိုနိုင်တဲ့ ရူပဗေဒသိပ္ပံပညာရှင် ကြီး ‘အဲလ်ဘတ် အိုင်းစတိုင်း’ (၁၈၇၉- ၁၉၅၅) ရဲ့ ဆံပင်အရောင်ဟာ နောင်အသက် ကြီးသွားတဲ့အခါကျမှသာ အဖြူရောင်လှိုင်းတွန့်ကြီးတွေလိုဖြစ်လာခဲ့ပေမဲ့ နဂိုမူလအရောင်ကတော့ အနက်ပဲဖြစ်တယ်ဆိုတာကို သိလာရပါတယ်။ အဏုမြူဗုံးနှစ်လုံးကို ချဖို့ အမိန့်ပေးခဲ့သူ အမေရိကန်သမ္မတ ‘ဟယ်ရီ အက်စ်ထရူးမင်း’ (၁၈၈၄-၁၉၇၂) ရဲ့ဆံပင်ဟာလည်း အညိုရောင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဌေးအောင် ပြောတာတွေကို လိုက်စဉ်းစားရင်းနဲ့ ဦးနှောက်တောင် ခြောက်လာပါတယ်။ ဒါ့ကြောင့် ဒီအဖြေကိုသိချင်ရင် ဒုတိယကမ္ဘာစစ်ကြီးတစ်ခုလုံးကို ပြန်လေ့လာကြည့်မှဖြစ် တော့မယ်ဆိုတာကိုသိလာရပါတယ်။ အဲဒီလိုအချိန်မျိုးမှာ အရင်တုန်းကကြည့်ခဲ့ဖူးတဲ့ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းက ကျွန်းလေးတစ်ကျွန်းပေါ်မှာ ဆံနီနဲ့ဆံနက် နှစ်ယောက်တည်း လာဆုံကြတဲ့ အကြောင်းရိုက်ကူးထားတဲ့ Hell in the Pacific (1968) ဆိုတဲ့ဇာတ်ကားကို သတိရသွားလို့ ပြန်ကြည့်ဖြစ်ခဲ့မိပါတယ်။  ဒီ ဇာတ်ကားထဲမှာ ပြန်ပြောပြချင်စရာ အကွက် လေးတစ်ကွက်ပါလာလို့ အဏုမြူဗုံးအကြောင်း ဆက်မပြောခင် ဒီဇာတ်ကားရဲ့ဇာတ်လမ်းကို အကျဉ်းချုံးပြီး အရင်စပြောပြချင်ပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်လေးတစ်ကျွန်းပေါ်မှာ သောင်တင်နေတဲ့ ဂျပန်စစ်သားတစ်ယောက် Toshiro Mifune ဟာ ကမ်းစပ်ကတောထဲမှာ သူဆောက်ထားတဲ့ တဲထဲကထွက်ပြီး ပင်လယ်ဘက်ကို မှန်ပြောင်းနဲ့ လိုက် ကြည့်လိုက်တဲ့အခါ ပင်လယ်ထဲမှာ ဘာမှ မတွေ့ပေမဲ့ မလှမ်းမကမ်းက ကမ်းခြေတစ် နေရာမှာ အမေရိကန်စစ်လေယာဉ်မှူးတွေ ကိုင်တဲ့ လက်သုံးကိရိယာတွေကို ထုတ်ထား တဲ့ ပလတ်စတစ်အထုပ်တစ်ထုပ်ကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် မကြာခင်မှာ အဲဒီ အမေရိကန်စစ်သား Lee Marvin နဲ့လည်း ထိပ်တိုက်ရင်ဆိုင် တွေ့လိုက်ရတော့တပါပဲ။ ဒီနေရာမှာ ပြောရလွယ်အောင် ဂျပန်စစ်သားကို ‘ပန်’လို့ခေါ်ပြီး အမေရိကန်စစ်သား ကိုတော့ ‘ကန်’လို့ နာမ်စားအဖြစ်နဲ့ သုံးစွဲခေါ်ဝေါ်သွားချင်ပါတယ်။ တကယ်တော့ ကန်ဟာ အနီးအနားတစ်ဝိုက်မှာ မကြာခင်ကမှ လေယာဉ်ပျက်ကျပြီး ရောက်လာခဲ့တာပါ။ နောက်ပိုင်းမှာ ပန်က ကန့်ကိုလိုက်ဖမ်းတဲ့အခါ ကန် ထွက်ပြေးပြီး ရေငတ်လို့ လဲကျနေတုန်း ပန်ဖမ်းတာကိုခံလိုက်ရပြီး ပန့်ရဲ့သုံ့ပန်း ဖြစ်သွားပါတယ်။ နောက်တစ်ခါ ကန်လွတ်သွားပြီး ပန့်ကို ပြန်ဖမ်းနိုင်လိုက်လို့ ပန်ဟာ ကန့်ရဲ့သုံ့ ပန်းပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ အဆင်မပြေပါဘူး။ ကျွန်းပေါ်မှာ နှစ်ယောက်တည်း ရှိတာ ဒီသုံ့ပန်းကို နေ့နေ့ညည စောင့်ကြည့်နေရတာနဲ့ စားရေးသောက်ရေး ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး။ ဒါ့ကြောင့် ကန် ဟာ အရဲစွန့်ပြီး ပန့်ကိုလွှတ်ပေးလိုက်ပါတယ်။ ပြီးမှ လက်ဟန်ခြေဟန်နဲ့ ၀ိုင်းလုပ်ဝိုင်းစား အတူနေသွားကြရအောင်လို့ ပြောတဲ့အခါ ပန်က လက်ခံလို့ အတော်ဟန်ကျသွားပါ တယ်။ နောက်တော့ သူတို့နှစ်ဦးဟာ ၀ါးဖောင်တစ်ခုလုပ်ပြီး ပင်လယ်ထဲကိုထွက်လာကြပါတယ်။ အဲဒီအခါ ရက်အနည်းငယ်အတွင်းမှာ ကျွန်းကြီးတစ်ကျွန်းကိုတွေ့ကြရပြီး ကျွန်းပေါ် တက်ကြည့်တဲ့အခါ ဂျပန်စစ်စခန်းပျက်တစ်ခု ကို တွေ့ကြရပါတယ်။ စခန်းပျက်မှာတွေ့တဲ့ ‘ဆာကေ’ဂျပန်အရက်တွေကို သောက်ပြီး သူတို့နှစ်ဦး ပျော်ရွှင်မြူးထူးနေကြပါတယ်။ ခဏအကြာမှာ ပန်ဟာ သီချင်းတစ်ပုဒ်ကို အော်ဆိုပါတယ်။ သီချင်းဆိုအပြီးမှာ သူတို့ရှိနေတဲ့ တိုက်ပျက်ကြီးပေါ်ကို ဘယ်ကပစ်လိုက်မှန်းမသိတဲ့ ဧရာမဗုံးကြီးတစ်လုံး တည့်တည့်ကျ ရောက်ပေါက်ကွဲပြီး တစ်စစီ လွင့်စဉ်သွားတဲ့ တိုက်ပျက်ကြီးနဲ့အတူ ကန်ရော ပန်ပါကျဆုံး သွားတဲ့အချိန်မှာ ရုပ်ရှင်လည်း ပြီးသွားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ဇာတ်သိမ်းပုံကို ကြည့်ပြီး ဒါရိုက်တာဟာ ဒုတိယကမ္ဘာစစ်ကြီး နဲ့ ပတ်သက်ပြီး ဂျပန်ကိုရော အမေရိကန်ကိုပါ သိပ်ကျေနပ်ပုံမရဘူးလို့ ရုပ်ရှင်သုတေသီတချို့က မှတ်ချက်ပြုကြပါတယ်။

ဒါ့ကြောင့် ဘယ်သူတွေမှာ ဘာချို့ယွင်းချက်တွေရှိနေလို့ ဒီဒါရိုက်တာက မကြိုက်ရတာလဲဆိုတာကိုသိရအောင်  ဒုတိယကမ္ဘာစစ်ကြီး စဖြစ်ခဲ့ပုံအကြောင်းတွေကို လိုက်လေ့လာမိပါတယ်။ အဲဒီအခါမှာ ဂျပန် စစ်ထဲ ၀င်လာ ရခြင်းရဲ့အကြောင်းရင်းတချို့ကို တွေ့လာရ ပါတယ်။ ပထမအချက်ကတော့ သယံဇာတ အရင်းအမြစ်မရှိတဲ့ ဂျပန်ဟာ အစဉ်စိတ်အေးရအောင် တရုတ်ပြည်အရှေ့မြောက်ပိုင်း ဒေသက သယံဇာတပေါကြွယ်ဝတဲ့ ‘မန်ချူးရီးယား’ကို ၁၉၃၁ ခုနှစ်မှာဝင်တိုက်ပြီး သိမ်းပိုက်ထားလိုက်ပါတယ်။ နောက် ၁၉၃၇ ခုနှစ် ဇူလိုင်လမှာ တရုတ်ပြည်ကို နောက်တစ်ကြိမ် ကျူးကျော်ပါတယ်။ တရုတ်ကို လက်နက်ခဲယမ်းနဲ့ အခြားကုန်ပစ္စည်းတွေကို အမေရိကန် မပို့နိုင်အောင် လမ်းကြောင်းကိုဖြတ်တဲ့အနေနဲ့ အဲဒီတုန်းက ပြင်သစ်လက်အောက်မှာရှိနေတဲ့ ဗီယက်နမ်ကို ၀င်တိုက်ပါတယ်။ ဒီတော့အမေရိကန်က လောင်စာဆီ နှစ်နှစ်စာလောက်ပဲကျန်တော့တဲ့ ဂျပန်ကို ကုန်သွယ်မှု ပိတ်ပင်ဖို့ အမြန်စိုင်းပြင်းလာပါတယ်။ ဒုတိယအချက်က အရှေ့တောင်အာရှကို ဂျပန်တွေ သိမ်းယူ တဲ့အခါ အမေရိကန် ရေတပ်ကလာပြီး အနှောင့်အယှက်မပေးနိုင်အောင် ဖြစ်ပါတယ်။ တတိယအချက်ကတော့ ဂျပန်တွေက  အမေရိကန်ဟာ တစ်နေ့မဟုတ်တစ်နေ့ သူတို့ကို စတိုက်လာလိမ့်မယ်လို့ ယုံကြည်နေကြပါ တယ်။ ဒါကလည်း ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တရုတ်ကိုတိုက်ပြီးရင် အရှေ့တောင်အာရှကို ဂျပန်ဟာ သေချာပေါက် နယ်ချဲ့လာလိမ့်မယ်ဆိုတာကို ကြိုသိနေလို့ တစ်ခုမဟုတ်တစ်ခု မဖြစ်မနေလုပ်ဖို့ အမေရိကန်က စိတ်ပိုင်းဖြတ်ထားပြီးဖြစ်နေလို့ပါပဲ။ ဒါ့ကြောင့် အမေရိကန်က ဂျပန်ကို တိုက်ဖို့ စစ်သင်္ဘောကြီးတွေ တစ်စင်းပြီးတစ်စင်း တည်ဆောက်နေခဲ့တာလည်း ဖြစ်ပါတယ်။ စစ်သင်္ဘောတွေအများကြီးကိုပိုင်ဆိုင်လာပြီး အမေရိကန်က စတိုက်လာတဲ့အခါကျမှ ဂျပန်က ပြန်တိုက်ရင် မနိုင်နိုင်တော့ပါဘူး။ ဒါကို ကြောက်လို့ အမေရိကန်ဆီမှာ စစ်သင်္ဘော တွေသိပ်များမလာခင် ဂျပန်က အရင်စတိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်မယ်တိုက်တော့လည်း စစ်သင်္ဘောတွေအားလုံးနီးပါး ပုလဲဆိပ်ကမ်းမှာ စုပြုံ ကျောက်ချရပ်နားနေစဉ်မှာ တိုက်ခဲ့တာပါပဲ။ ဒီလိုတိုက်လိုက်လို့ အထိနာသွားရင် အမေရိကန်တွေဟာ အောက်ကြေးနဲ့ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဖို့ လာကမ်းလှမ်းလိမ့်မယ်လို့လည်း ဂျပန်တွေက အမှန်တကယ် ယုံကြည်ခဲ့ကြတာပါ။ စတုတ္ထအချက်ကတော့ ဂျပန့် သမိုင်းမှာတစ်သက်နဲ့တစ်ကိုယ် စစ်ရှုံးတယ်ဆိုတာတစ်ခါမှ မရှိဖူးခဲ့ပါဘူး။ ဒါ့ကြောင့် ဂျပန်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ စစ်တိုက်ရင်သူတို့ပဲနိုင်မယ်လို့ အရိုးထဲမှာ စွဲမြဲယုံကြည် နေကြတဲ့အတွက်ဖြစ်ပါတယ်။ ပဉ္စမအချက်ကတော့ ဂျပန်မှာ ၁၈၆၈ ခုနှစ်ကစခဲ့တဲ့ မေဂျီ ပြုပြင်ပြောင်းလဲရေးအပြီးမှာ စက်မှုနည်းပညာတစ်ဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ ဒီလိုတိုးတက်လာလို့ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးမှာ ဂျပန်ဟာ လေယာဉ်တင်သင်္ဘော ၁၀ စင်းနဲ့ ရေငုပ်သင်္ဘော ၆၅ စင်း တောင်ပိုင်ဆိုင် လာနိုင်ခဲ့တာဖြစ်တယ်။ ဒါ့ကြောင့် ငါမှငါဆိုတဲ့လူမျိုးကြီးစိတ်ဓာတ်တွေ ငယ်ထိပ်ထိတက်လာလို့ ဒုတိယကမ္ဘာစစ်ကြီးထဲကို ဂျပန်တွေ ၀င်တိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

နောက်တစ်ခါ အမေရိကန်နဲ့ပတ်သက်တာတွေကို တင်ပြပေးတဲ့နေရာမှာ ပုလဲဆိပ်ကမ်းကို ၇.၁၂.၁၉၄၁ ရက်နေ့ မနက်မှာ ဂျပန်တွေ စဗုံးကြဲခဲ့တဲ့အကြောင်းကစ ပြောပြချင်ပါတယ်။ ပုလဲဆိပ်ကမ်းတိုက်ပွဲမဖြစ်ခင်  ချိန်ကိုက်ပြီး ဂျပန်စစ်ကြေညာခဲ့ပေမဲ့ စစ်ကြေညာစာတမ်းကို ၀ှက်စာဖော်တာနောက်ကျသွားလို့ တိုက်ပွဲပြီးမှ ဒီကြေညာစာတမ်းကို ၀ါရှင်တန်ကရလို့ ဒီတိုက်ပွဲမှာ အမေရိကန်တွေ အငိုက်ခံလိုက်ရသလိုဖြစ်သွားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဂျပန်တိုက်လေယာဉ် ၃၅၃ စင်း နဲ့ ၁၁၀ မိနစ်ကြာအောင် ဗုံးကြဲတိုက်ခိုက်အပြီးမှာ အမေရိကန်ဘက်က စစ်သင်္ဘောမျိုးစုံ ၁၈ စင်းနဲ့ လေယာဉ် ၃၄၄ စင်းပျက်စီးသွားခဲ့ရတာဖြစ်တယ်။ ဒါ့အပြင် စစ်သည်ကျဆုံးတာလည်း ၂၃၃၆ ယောက်တောင် ရှိသွားခဲ့လို့ အမေရိကန်တွေဟာ အဲဒီအချိန်ကတည်းက စပြီး ဂျပန်တွေကို တော်တော်ကြောက်သွားခဲ့ကြတာဖြစ်တယ်။ နောက်ထပ်တစ်ခါ ဂျပန်တွေဟာ ဟာဝေယီကျွန်းပေါ်တက်လာပြီး မလွဲမသွေသိမ်းပိုက်ထားလိုက်ကြမယ်၊ ပြီးရင် ဟာဝေယီကိုခြေကုပ်ယူပြီး အမေရိကန်အနောက်ဘက်ကမ်းခြေတစ်လျှောက်က မြို့ကြီးတွေကတစ်ဆင့် ကုန်းတွင်းပိုင်းကို ၀င်လာကြ လိမ့်မယ်လို့ထင်ပြီး ပတ်တုတ်လို့မရအောင် ကြောက်ကုန်ကြတာပါ။ သမ္မတကြီး ‘ဖရန့်ကလင်ရုဇဗဲ့’ကတောင်မှ “တကယ်ကြောက်စရာကောင်းတာက ခင်ဗျားတို့ရင်ထဲမှာရှိတဲ့ ကြောက်စိတ်ပဲဗျ’’လို့ ပြည်သူတွေကို ပြောယူ ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒုတိယအနေနဲ့ ဒီဇာတ်ကားရဲ့ ဇာတ်သိမ်းခန်းလေးအကြောင်း ပြောပြချင်ပါတယ်။ ဒီဇာတ်ကားပြီး ဆုံးခါနီးမှာ ပန်သီဆိုသွားခဲ့တဲ့သီချင်းထဲက သီချင်းစာသားလေးတွေက “ပင်လယ်ကို ငါ ထွက်လာပြီးနောက် ငါဟာ ရေထဲမှာ မျောနေတဲ့ အလောင်းတစ်လောင်းဖြစ်သွားတယ်၊ ငါ့အလောင်းပေါ်မှာလည်း ရေညှိတွေတက်လို့။ တောင်ကုန်းတွေပေါ်ကို ငါတက်သွားတဲ့ အခါမှာလည်း ငါ့ရဲ့အလောင်းမှာရေညှိတွေ တက်လို့ပါပဲ၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ ၀ိညာဉ်ဟာ ဘုရင်ကြီးရဲ့အပါးမှာ ခစားခွင့်ရ နိုင်ဦးမယ်ဆိုရင်တော့ ငါ့ဘ၀ဘာဖြစ်ဖြစ် ပျော်နိုင်မှာပါပဲ’’လို့ ဖြစ်ပါတယ်။ ဒီစာသားတွေကိုကြည့်ပြီး ဒုတိယကမ္ဘာစစ်ပြီးခါနီး ကိုယ်ကျဆုံးဖို့ သေချာသလောက်ဖြစ်နေတဲ့ တိုက်ပွဲတွေကို ဆင်နွှဲခါနီးမှာ ဂျပန်စစ်သည် တော်တွေဟာ ကဗျာတွေစပ်ပြီး နောက်တန်း ကိုပြန်ပို့ကြလေ့ ရှိပါတယ်။ ဒါဟာ နောက်ဆုံး သူတို့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင် ခဲ့ပြီးဖြစ်တဲ့အကြောင်း အထက်ဌာနကို သတင်းပို့ကြတာ ဖြစ်တဲ့အပြင် တိုင်းပြည်နဲ့ ဘုရင်ကြီးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြ တာလည်းဖြစ်လို့ ဆက်သွယ်ရေးစက်သမား တွေကလည်း ဒီကြေးနန်းတွေကိုဂရုတစိုက် ဖမ်းပြီး အထက်ကို တင်ပြကြလေ့ရှိပါတယ်။

ပြောရရင်တော့ ဂျပန်စစ်သည်တော် တွေဟာ စစ်ပွဲကိုဆင်နွှဲရင်း သေရတာကို ဂုဏ်ရှိတယ်လို့ခံယူထားကြတဲ့အတွက် ဂျပန် တွေဟာ လက်နက်မချဘဲ အသက်သာ အ သေခံသွားကြလေ့ရှိတာဖြစ်တယ်။ တကယ်တော့ အမေရိကန်တွေက ဒါကိုပဲကြောက်ကြတာပါ။ တကယ်လို့ အဏုမြူဗုံးမချဘဲ ဂျပန် ကျွန်းပေါ်တက်ပြီး မြေသိမ်းတိုက်ပွဲ ဆင်နွှဲရင် အမေရိကားက ရှိရှိသမျှ လူရွယ်တွေ အကုန် ကုန်သွားမယ်၊ ဒါ့အပြင် စစ်ကြီးဘယ်တော့ ပြီးမယ်ဆိုတာကိုလည်း ခန့်မှန်းလို့ရမှာမဟုတ် တော့ဘူးဆိုပြီး သမ္မတ အကြံပေးတွေက ထရူးမင်းကိုအကြံပေးခဲ့ကြလို့ ဆံနက်တွေအပေါ်မှာ အဏုမြူဗုံးကို ချဖြစ်ခဲ့ကြတာဖြစ်တယ်။ ဆံနီအပေါ်မှာ မချဖြစ်တာကတော့ ဂျာမနီက ၈.၅.၁၉၄၅ ရက်နေ့မှာ အကြွင်းမဲ့ လက်နက်ချလိုက်ပြီး ပထမဆုံး အဏုမြူဗုံးက ၁၆.၇.၁၉၄၅ ရက်နေ့ကျမှ စမ်းသပ်အောင် မြင်လို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော စစ်စဖြစ်တာကလည်း တစ်ဖက်လူကို တအားကြောက်လို့၊ ရန်သူကို များများသေအောင် သတ်ချင်စိတ် ဖြစ်ပေါ်ရတာဟာလည်း အကြောက်ကြီးလို့ပဲ ဖြစ်တယ်ဆိုတာကို ငြင်းလို့ မရပါဘူး။ ကန်နဲ့ ပန်တို့လို တစ်ယောက်ကို တစ်ယောက် ကြောက်မနေကြတော့ဘဲ တစ်ဖက်လူကို ကိုယ်ကစပြီး ယုံနိုင်လိုက်မှသာ လူတိုင်းလူတိုင်း အေးအေးဆေးဆေး ရှာဖွေစားသောက်နိုင်ကြမှာ ဖြစ်ပါတယ်။