NBC ရုပ်သံ၏ အမှုဆောင်အရာရှိဟောင်း ဂျန်နီဖာဆယ်ကေအား အမေဇုန်စတူဒီယို၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု စွပ်စွဲချက်များကြောင့် ရွိုင်းပရိုက်စ်သည် အမေဇုန်စတူဒီယိုဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် လေးလခန့်အကြာတွင် NBC အမှုဆောင်အရာရှိ ဂျန်နီဖာဆယ်ကေအား ယင်းစတူဒီယို၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်ဟု အမေဇုန်ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ် ဇူလိုင်မှစပြီး NBC Entertainment တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် Salke သည် This Is Us အပါအ၀င် အမ်မီဆုဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲများစွာကို ဦးစီးခဲ့မှုအတွက် ချီးမွမ်းခံခဲ့ရသည်။ Salke သည် ရုပ်သံဇာတ်လမ်းတွဲများတွင် အမျိုးသမီးဒါရိုက်တာများ တိုးတက်ရေးကို အထောက်အကူပြုရန်အတွက် NBC ၏ပဏာမခြေလှမ်းတစ်ခုဖြစ်သော Female Forward ကိုလည်း စတင်ခဲ့သူ ဖြစ်သည်။

အနုပညာနယ်ပယ်တွင် သြဇာကြီးသည့် အမျိုးသားများက လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ကျူးလွန်ခဲ့သည်ဆိုသော ဖော်ထုတ်မှုဖြစ်ပေါ်လာစေသည့် ဟောလိဝုဒ်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်း၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများထွက်ရှိခဲ့ပြီးနောက် ပရိုက်စ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် အမေဇုန်စတူဒီယိုဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့သည်။

ပရိုက်စ်သည်လည်း ၂၀၁၅ ခုနှစ်တွင် ထုတ်လုပ်သူ အိုင်ဆာဟက်ကတ်အား ကာမဆက်ဆံရန် ညစ်ညမ်းသောစကားများကို ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

“ဒီလိုထူးခြားတဲ့ စီးပွားရေးလုပ်ငန်းကို ဦးဆောင်ဖို့ အခွင့်အရေးရတဲ့ အတွက်ကြောင့် ဂုဏ်ယူဝမ်းမြောက်မိတယ်” ဟု အမေဇုန်စတူဒီယို၏ ဥက္ကဋ္ဌအသစ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆယ်ကေသည် တီထွင်ဖန်တီးမှုကို အသားပေးမှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် အပြစ်အနာအဆာကင်းသော ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့သူဟု အမေဇုန်က ထုတ်ပြန်ခဲ့သည်။

အနုပညာနယ်ပယ်တွင် သြဇာကြီးအမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ထွက်ရှိလာခဲ့ပြီးနောက် ထိပ်တန်း အက်ရှင်သရုပ်ဆောင် စတီဗင်ဆီးဂဲလ်ကို တိုင်ကြားထားသည့် အမှုကိုစစ်ဆေးနေသည်ဟု လော့စ်အိန်ဂျလိစ်ခရိုင်ရှေ့နေရုံးက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Arrested Development သရုပ်ဆောင် ပိုတီယာဒီရော့စီက ဆီးဂဲလ်သည် ၎င်းကို အစမ်းသီဆိုသရုပ်ဆောင်နေစဉ်အတွင်း မဖွယ်မရာလုပ်ရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ဟောလိဝုဒ်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းကို တိုင်ကြားထားသည့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုသုံးမှုကိုလည်း စုံစမ်းစစ်ဆေးနေပြီဟု လော့စ်အိန်ဂျလိစ်အစိုးရရှေ့နေများက ပြောကြားခဲ့သည်။