ဂျက်စတင်ဘီဘာနှင့် မော်ဒယ်ဟိုင်လေဘိုဒွင်တို့ စေ့စပ်

ပြဿနာများသော ပေါ့အဆိုတော် ဂျက်စတင်ဘီဘာသည် မော်ဒယ်ဟိုင်လေ ဘိုဒွင်ကို လက်ထပ်ခွင့်တောင်းခံခဲ့သည့်အတွက် မကြာမီတွင် အိမ်ထောင်သည် အမျိုးသားတစ်ဦးဖြစ်လာတော့မည်ဖြစ်ကြောင်း  ဇူလိုင် ၈ ရက်က သတင်းများတွင် ဖော်ပြခဲ့သည်။

ဘီဘာသည် ဘိုဒွင်နှင့် ယခင်က တွဲခဲ့ဖူးပြီး နောက်ပိုင်းတွင် အဆက်အသွယ်ပြတ်သွားခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးပြန်တွဲပြီး တစ်လအကြာတွင် စေ့စပ်သည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ဘီဘာသည် ဆလီနာဂိုမက်ဇ်နှင့် ပြတ်သွားခဲ့ပြီးနောက် ယခုကဲ့သို့ ဘိုဒွင်နှင့်ပြန်တွဲခဲ့ခြင်းလည်း ဖြစ်သည်။

ကနေဒါနိုင်ငံမှ အသက် ၂၄ နှစ်အရွယ် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်သော ဘီဘာသည် ဇူလိုင် ၇ ရက်ညပိုင်းက ဘဟားမားစ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အသက် ၂၁ နှစ်အရွယ် ဘိုဒွင်ကို လက်ထပ်ခွင့်တောင်းခံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လက်ထပ်ခွင့်တောင်းခံနေပုံကို မရိုက်ကူးကြရန် ဘီဘာ၏ လုံခြုံရေးအဖွဲ့က စားသောက်ဆိုင်ထဲမှလူများကို တောင်းဆိုခဲ့သည်ဟု သိရသည်။

ယခုသတင်းကို ဘီဘာ၏ မိသားစုဝင်များက အတည်ပြုခဲ့ပြီး အဖေနှင့်အမေတို့ကလည်း  ဂုဏ်ပြုကြောင်း လူမှုမီဒီယာတွင် ရေးသားခဲ့ကြသည်။

မော်ဒယ်တစ်ဦးဖြစ်သော ဟိုင်လေဘိုဒွင်သည် ရုပ်ရှင်သရုပ်ဆောင် စတီဖင်ဘိုဒွင်၏ သမီးဖြစ်ပြီး အဲလစ်ဘိုဒွင်၏ တူမဖြစ်သည်။ ရောင်းအားအကောင်းဆုံး အဆိုတော်တစ်ဦးဖြစ်သော ဘီဘာသည် နာမည်ကျော် အမျိုးသမီးငယ်များစွာနှင့် တွဲခဲ့ဖူးသူတစ်ဦး ဖြစ်သည်။