မဟာသင်္ကြန် အကျနေ့နှင့် အကြတ်နေ့တွင် မဏ္ဍပ်များ၌ ရေကစားနေသူများဆီက ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိ

Photo: Yangon Police

မဟာသင်္ကြန် အကျနေ့နှင့် အကြတ်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိ ရေကစားမဏ္ဍပ်များ၌ ရေကစားနေသူများထံမှ ခါးပိုက်နှိုက်မှု ကျူးလွန်နေသူများကို  ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ရေကစားမဏ္ဍပ်များ၌ ရေကစားနေသူများထံမှ ခါးပိုက်နှိုက် ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) တွင် အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်ရှိ အမှတ်(၄) ရပ်ကွက် SKY NET ရေကစားမဏ္ဍပ်ရှေ့တွင် ရေကစားနေသူထံမှ ရွှေပြည်သာမြို့နယ်နေ မင်းသူ (ခ) ကရင် (ခ) ဖားကြီး (၄၈) နှစ်က ငွေ(၉၀၀၀)ကျပ်၊ MY TEL ရေကစားမဏ္ဍပ်တွင် ရေကစားနေသူများထံမှ ဒလမြို့နယ် နေသူများဖြစ်သည့် ဇွဲကိုဦး(ခ) နိုင်ဇော်(၁၇)နှစ်က ငွေ(၅၄၅၀)ကျပ်၊ အောင်အောင်(ခ) ဆင်မ (၁၇) နှစ်က ရေစိုခံအိတ် တစ်လုံး၊ စစ်နိုင် (၂၈)နှစ်နှင့် ဇော်ဝင်းထွဋ် (၂၁) နှစ်တို့က WAVE အမျိုးအစား အပြာရောင် လက်ကိုင်ဖုန်း တစ်လုံးနှင့် Hopo အမျိုးအစား ငွေမှင်ရောင် လက်ကိုင်ဖုန်း တစ်လုံး၊ ထက်အောင်စန်း (၁၉)နှစ်က ငွေ(၁၀၀၀၀)ကျပ်၊ ကြည့်မြင်တိုင်မြို့နယ်နေ ကိုမင်း(၂၁)နှစ်က ငွေ(၅၀၀၀)ကျပ်တို့အား နှိုက်ယူနေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

အလားတူ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်ထိပ် ရေကစားမဏ္ဍပ်တွင် ရေကစားနေသူထံမှ လှိုင်သာယာမြို့နယ် နေသူများဖြစ်သည့် တင်ထူး(၂၅)နှစ်နှင့် သီဟကျော်(၂၂)နှစ်တို့က ငွေ(၁၂၀၀၀)ကျပ်အား နှိုက်ယူနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး သင်္ကြန်အကျနေ့ ကာလအတွင်း ကျောက်တံတားမြို့နယ်မှ နှစ်မှု၊ လသာမြို့နယ်မှ ၁၀ မှု၊ လှိုင်သာယာမြို့နယ်မှ တစ်မှု စုစုပေါင်း ခါးပိုက်နှိုက်မှု ၁၃ မှု ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မဟာသင်္ကြန် အကြတ်နေ့ဖြစ်သောာ ဧပြီ ၁၅ ရက်နေ့တွင် ခါးပိုက်နှိုက် ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ MY TEL ရေကစားမဏ္ဍပ်တွင် ရေကစားနေသူများထံမှ လက်ကိုင်ဖုန်းနှင့် ငွေများအား လိုက်လံနှိုက်ယူနေသူ မင်းဇော်နှင့် သူရအောင်တို့ထံမှ နှိုက်ယူရရှိခဲသော Honnor အဖြူရောင် လက်ကိုင်ဖုန်း တစ်လုံးအား လည်းကောင်း၊ ၎င်းမဏ္ဍပ်၌ပင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ခင်ညွန့်၊ အသက်(၂၈)နှစ်အား တွေ့ရှိစစ်ဆေးရာ ၎င်းထံမှ ငွေကျပ်(၁၀၅၀၀)အားနှင့် ယာဘက်လက်အတွင်းမှ ပလိတ်ဓား တစ်ချောင်းအား တွေ့ရှိရပြီး အဆိုပါငွေများအား ရေကစားနေသူ အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးထံမှနှိုက်ယူခဲ့ကြောင်း နှင့် စောရန်နိုင်၊ အောင်ကိုလတ်တို့အား တွေ့ရှိစစ်ဆေးရာ အောင်ကိုလတ် လွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ခါးပိုက်နှိုက်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် ပလိတ်ဓား(၆)ခု၊ ငွေကျပ် (၁၀၀၀၀)တို့နှင့် Nokia လက်ကိုင်ဖုန်းတို့အား တွေ့ရှိရပြီး ၎င်းပစ္စည်းနှင့် ပတ်သက်၍ စစ်မေးရာ ရေကစားနေသူ အမျိုးသားထံမှ နှိုက်ယူ ရရှိခဲ့ကြောင်း၊ အလားတူ လှိုင်မြို့နယ်ရှိ
SPY ရေကစားမဏ္ဍပ်အတွင်း၌ ရေကစားနေသူများထံမှ MI အမျိုးအစား လက်ကိုင်ဖုန်းနှင့် Huawei လက်ကိုင်ဖုန်းတို့အား နှိုက်ယူနေသူ ညီညီအောင်(ခ)ကတုံးနှင့် မျိုးကြီး(ခ)မျိုးမင်းအောင်တို့အား ဖမ်းဆီး အရေးယူခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် အနောက်ပိုင်းခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များက ကျောက်တံတားမြို့နယ်၊ ဗဟိုမဏ္ဍပ်ရှေ့တွင် ခါးပိုက်နှိုက်မှု ကျူးလွန်သူ သောင်းထွန်းအား လည်းကောင်း၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များက ရန်ကုန်-ပုသိမ် လမ်းဘေးရှိ ရေးကစားမဏ္ဍပ်တွင် ခါးပိုက်နှိုက်ပြစ်မှု ကျူးလွန်သူ ထွန်းထွန်းအားလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သော YBS 20 ပေါ်တွင် အမျိုးသမီးတစ်ဦးအား ဆဲဆိုကြိမ်းမောင်းသည့် ခါးပိုက်နှိုက်အဖွဲ့မှ သုံးဦးကို ဖမ်းဆီးရမိ

လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော YBS 20 ပေါ်တွင် အမျိုး သမီးတစ်ဦးအား ဆဲဆိုကြိမ်းမောင်းခဲ့သည့် ခါးပိုက်နှိုက်အဖွဲ့မှ သုံးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဇန်န၀ါရီ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးရမိသူများမှာ စိုးလင်းထိုက် (၃၂ နှစ်)၊ ကျော်လင်းထက် (၂၁ နှစ်) နှင့် ၀င်းကျော်ကျော် (၄၁ နှစ်) တို့ဖြစ်ပြီး ၎င်းတို့ကို ဇန်န၀ါရီ ၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီး (ဃ)ဈေးမှတ်တိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေပြီးတော့ လင်းယုန်စီမံချက်နဲ့ ဘတ်စ်ကားပေါ်မှာ အသွင်ယူလိုက်လာပြီး ဖမ်းဆီးလိုက်တာပါ။ သုံးဦးကို ဖမ်းဆီးရမိပါတယ်။ ဆက်လက်ပြီး ဆောင်ရွက်စရာရှိတာ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ  ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် စိုးလင်းထိုက် (၃၂ နှစ်)၊ ကျော်လင်းထက် (၂၁ နှစ်) နှင့် ၀င်းကျော်ကျော် (၄၁ နှစ်) တို့မှာ မြင့်နိုင်၊ ထွန်းထွန်းနှင့် အခြားအမျိုးသားသုံးဦးသည် ကြည့်မြင်တိုင်မြို့နယ် ကျောင်းရှေ့မှတ်တိုင်မှ မြေနီကုန်းဘက်သို့ သွားသည့် YBS 20 ပေါ်၌ လိုက်ပါစီးနင်းလာခဲ့ကြောင်း၊ ယင်းသို့ လိုက်ပါစီးနင်းလာစဉ် ၎င်းတို့က ခရီးသည်အမျိုးသမီးတစ်ဦးအား ခါးပိုက်နှိုက်နေစဉ် အဆိုပါအမျိုးသမီးက သိရှိသဖြင့် ယာဉ်၏ယာဉ်မောင်းနှင့် ယာဉ်အကူတို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ဓမ္မစေတီလမ်းနှင့် အင်းလျားလမ်းထိပ်မီးပွိုင့်တွင် ၎င်းတို့ထဲမှ နှစ်ဦးမှာ ယာဉ်ပေါ်မှ ဆင်းသွားပြီး ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခါးပိုက်အနှိုက်ခံရသည့် အမျိုးသမီးအား ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း သိရသည်။

“ခရီးသည်အမျိုးသမီးက ခါးပိုက်အနှိုက်ခံရတာကို သိလို့ ယာဉ်မောင်းနဲ့ယာဉ်အကူကို ပြောတာပါ။ ခါးပိုက်နှိုက်ခံရတယ်ဆိုပေမဲ့ ဘာပစ္စည်းမှ ပါသွားခြင်း မရှိပါဘူး။ ကျန်တဲ့လူတွေကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဆဲဆိုကြိမ်းမောင်းသည့်ကိစ္စ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့ခဲ့ကြောင်း၊ ထို့နောက် အဆိုပါဖြစ်စဉ်အား ရဲတပ်ဖွဲ့က စစ်ဆေးရာ ဖြစ်ပွားသည့် YBS 20 ပေါ်မှ စီစီတီဗွီမှတ်တမ်းများကို ပြန်လည်ကြည့်ရှုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် စိုးလင်းထိုက်မှာ သာကေတမြို့နယ်အတွင်း ဓားကိုင်ဆောင် သောင်းကျန်းသဖြင့် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့် ထောင်ကျခဲ့ဖူးသူဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၄ ခုနှစ်က ကျောက်တန်း-တာမွေသို့ ပြေးဆွဲသည့်ယာဉ်လိုင်းများကို အုပ်စုဖွဲ့ မိုက်ကြေးခွဲကာ ခြိမ်းခြောက်ငွေတောင်းသဖြင့် ထောင်တစ်နှစ်ကျခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှ ကျုးလွန်သူများအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။