မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ခရီးသွားလမ်းညွှန် အချက်အလက်ရှာဖွေမှုကို ရပ်ဆိုင်းကြောင်း ကမ္ဘာ့ထိပ်တန်း အရှေ့တောင်အာရှ ခရီးသွားလမ်းညွှန် Travelfish ကြေညာ

ဗြိတိန်အခြေစိုက် သတင်းစာဖြစ်သည့် The Telegraph သတင်းစာက ဖော်ပြထားသည့် သတင်းကိုတွေ့ရစဉ်

ရိုက်တာ သတင်းထောက်နှစ်ဦးအား ထောင်ဒဏ်များ ချမှတ်လိုက်သည့်အပေါ် သပိတ်မှောက်သည့် အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ခရီးသွားလမ်းညွှန် အချက်အလက်များ ရှာဖွေမှုကို ရပ်ဆိုင်းလိုက်ကြောင်း အရှေ့တောင်အာရှ ခရီးသွားလမ်းညွှန် တစ်ခုဖြစ်သည့် Travelfish က ကြေညာလိုက်ကြောင်း ဗြိတိန်အခြေစိုက် သတင်းစာဖြစ်သည့် The Telegraph သတင်းစာက ဖော်ပြခဲ့သည်။

အရှေ့တောင်အာရှ၏ ဦးဆောင် ခရီးသွားလမ်းညွှန်ဖြစ်သလို ကမ္ဘာ့ထိပ်တန်း ခရီးသွားလမ်းညွှန်ဖြစ်သည့် Travelfish ကို တည်ထောင်သူ စတူးဝပ်မက်ဒေါ်နယ်လ်က ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့်
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား အစိုးရက နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်သည့် အတွက် ၎င်းအနေဖြင့် ခရီးသွားလမ်းညွှန်စာအုပ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေမှု ရပ်တန့် သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ကြောင်း The Telegraph သတင်းစာသို့ ပြောကြားသည်။

ထို့ပြင် စတူးဝပ်မက်ဒေါ်နယ်လ်က ၎င်း၏ The Travelfish Website ကို အသုံးပြုသည့် မြန်မာနိုင်ငံအတွင်းရှိ ဟိုတယ် ဘိုကင်များမှ ရရှိလာသည့် အကျိုးအမြတ်များကို ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ မိသားစုများကို ထောက်ပံ့ လှူဒါန်းသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ကြောင်း The Telegraph သတင်းစာက ဖော်ပြခဲ့သည်။

Travelfish ခရီးသွားလမ်းညွှန် ၀က်ဘ်ဆိုဒ်နှင့် စာအုပ်သည် ၂၀၀၄ ခုနှစ်က စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများ၏ ခရီးသွားလမ်းညွှန်မှုများကို ရေးသားဖော်ပြနေသည့် ခရီးသွားလမ်းညွှန် တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အသုံးပြုသူ များပြားသည့် ၀က်ဘ်ဆိုက်ဒ် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံကို လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများမှာ နှစ်စဉ် တိုးတက်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း လာရောက် လည်ပတ်ခဲ့သည့် ကမ္ဘာလှည့်ခရီးသွားမှာ သုံးသန်းကျော် ရှိခဲ့ကြောင်း သိရသည်။

ခရီးလှည့်လည်ပြသရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများအား လုပ်ပိုင်ခွင့် စိစစ်သင့်ကြောင်းနှင့် Deposit နှုန်းထားများ ပြောင်းလဲရန် လိုအပ်ဟုဆို

မန္တလေးမြို့ရှိ ရတနာပုံ ခေတ်နှောင်းပိုင်းလက်ရာ တစ်ခုဖြစ်သော ရွှေနန်းတော်ကျောင်းအား နိုင်ငံခြား ခရီးသွားများ လေ့လာနေသည်ကို ၂၀၁၈ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ခရီးလှည့်လည်ပြသရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံခြား ကုမ္ပဏီများအား လုပ်ကိုင်ခွင့် ပြန်လည်စိစစ်သင့်ကြောင်းနှင့် Deposit နှုန်းထားများ ပြောင်းလဲသတ်မှတ်ရန်လိုကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုသင့်၊ မပြုသင့် ဇွန် ၃၀ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် တက်ရောက်လာသူ အသင်းသား အားလုံးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခရီးလှည့်လည် ပြသရေး လုပ်ငန်းများ လုပ်ကိုင်နေမှုကို ခွင့်မပြုသင့်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

“ကမ်ပိန်းတွေကတော့ လုပ်ကြတာပဲ။ ဒါတွေက အတိုင်းအတာတစ်ခု အထိတော့ ထိရောက်ပါတယ်။ စီးပွားရေး ပေါ်လစီနဲ့တော့ ကိုက်ညီအောင် လုပ်ရမယ့်အလုပ်က ထိန်းကျောင်းပေးရမှာက အရေးကြီးပါတယ်။ နိုင်ငံခြားကုမ္ပဏီ လုပ်ပိုင်ခွင့်ကို စိစစ်သင့်ပါတယ်။ ခွင့်ပြုသင့်၊ မသင့် ဆိုတာကတော့ ဆက်ဆွေးနွေးကြပေါ့။ ဒါက အမျိုးသား အကျိုးစီးပွား အတွက်ရော စဉ်းစားရမယ်။ လုပ်နိုင်တဲ့ နည်းလမ်းတွေက လာလုပ်ချင်တဲ့သူတွေကို ခွင့်ပြုမယ်။ ဒါပေမဲ့ Deposit ပေးရမယ်။ ဒေါ်လာငါးသိန်းလိုမျိုး Deposit လုပ်ခိုင်းကြည့်လိုက်။ တကယ်လုပ်မယ့်သူလောက်ပဲ လာတော့မယ်။ မလုပ်ဘဲနဲ့ ခိုးလုပ်ရင် အရေးယူမယ်။ ထောင်ချသည့် အထိရော၊ ပြည်နှင်ဒဏ်ပေးတဲ့ အထိရော အရေးယူရင် မတရားတာ မလုပ်တော့ဘူး။ အခုက ဒေါ်လာငါးသောင်းလောက်ပဲ ပေးပြီးရင် ပြန်ထုတ်လို့ရတယ်ဆိုတော့ အဲဒီလိုပဲ လာကြတာပေါ့။ ဥပဒေက အရေးကြီးတယ်” ဟု ဦးသက်လွင်တိုးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဥပဒေချမှတ်ရန် လိုကြောင်း၊ ၀န်ကြီးဌာနအား တစ်ခုတည်း မဟုတ်ဘဲ အရေးယူပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းနှင့်ပါ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“၁၉၉၂ ခုနှစ် ဥပဒေအရ အချိုးအလိုက် ခွင့်ပြုထားတယ်။ အခုလက်ရှိ MIL Law အရကျတော့ ရာနှုန်းပြည့် လုပ်ခွင့်ပေးထားတယ်။ နှစ်ခုမှာတော့ ဟနေတာရှိတယ်။ ခရီးသွားလာရေး ဥပဒေအရတော့ အချိုးအလိုက် မြန်မာနိုင်ငံသားတွေက ဘယ်လောက်အထိပါလဲ။ အဲဒီဟာတွေကိုတော့ ပြန်လည်သုံးသပ်ဖို့အတွက် ဒါတွေကို ဆွေးနွေးတာပါ။ နှစ်ခုတော့ရှိတယ်။ တစ်ချိန်တုန်းက ကျွန်တော်တို့ဆီမှာ နိုင်ငံတကာ ပိတ်ဆို့ထားတာ နှစ်ပေါင်း သုံး-လေးဆယ်လောက်ရှိတော့ လူတွေက နိုင်ငံတကာ အဆက်အသွယ်လည်း မရှိဘူး။ အတွေ့အကြုံလည်း မရှိကြဘူး။ အဲဒီအချိန်မှာ ကိုယ့်ဆီကို လူတွေလာဖို့အတွက် ဈေးကွက် လုပ်နိုင်တာက ဒီနိုင်ငံခြား ကုမ္ပဏီတွေရှိတယ်။ သူတို့အားကိုးနဲ့ ဒါကိုကန့်သတ်ချက်တစ်ခုနဲ့ ဖွင့်ခဲ့တယ်။ ဖွင့်ခဲ့တဲ့အခါ ကုမ္ပဏီ ၅၀၀ ကျော်မှာ တရားဝင်က ၃၀ လောက်ပဲရှိတယ်။ အခုဆိုရင် ကုမ္ပဏီ ၁၇၀၀ သာရှိတာ။ တရားဝင် ၄၀ ကျော်ပဲ ရှိသေးတယ်။ ဒါတွေကို လုံးဝပိတ်လိုက်ရင်လည်း ခိုးလုပ်ကြမှာပဲ။ တရားမ၀င် မှောင်ခိုလုပ်ကြမှာပဲ” ဟု ဦးသက်လွင်တိုးက ပြောကြားသည်။

နိုင်ငံခြား ကုမ္ပဏီများအား လုပ်ပိုင်ခွင့် ခွင့်ပြုသင့်၊ မပြုသင့် နည်းမှန်လမ်းမှန် စဉ်းစားသင့်ကြောင်း၊ အခြေအနေ အဘက်ဘက်မှ သုံးသပ်သင့်ကြောင်းနှင့် မြန်မာနိုင်ငံသား များသည်လည်း လုပ်ရည် ကိုင်ရည်ရှိရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံပြီးသား ကုမ္ပဏီများကို ပြန်နှင်ထုတ်ရင်လည်း လက်ရှိအာဆီယံစီးပွားရေး အသိုက်အ၀န်းမှာ ကိုယ်လည်း သူများနိုင်ငံမှာ ကုမ္ပဏီဖွင့်လို့ရတယ်။ အခုလည်း ဒီလိုပဲ။ ကိုယ့်ဆီလာလုပ်တာကိုး။ ဒါလေး အခြေအနေ အဘက်ဘက်က သုံးသပ်ဖို့လိုတယ်။ ကိုယ့်နိုင်ငံသားတွေက လုပ်ရည်ကိုင်ရည် ရှိဖို့လည်း အရေးကြီးတယ်။ လုပ်တတ်အောင်လည်း သင်ပေးရမယ်” ဟု ဦးသက်လွင်တိုးက ပြောကြားသည်။

 

ပြည်တွင်းဘုရားဖူး ခရီးသွားများ ၀င်ရောက်မှု မြင့်မားနေသော ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်ပေါ်သို့ ပြင်ပယာဉ်များ တက်ရောက်ခွင့် စတင်တားမြစ်

ဇလုံတောင်ခြေရှိ ယာဉ်နားစခန်းမှ ခရီးသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဇလုံတောင်ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း)

ပြည်တွင်းဘုရားဖူး ခရီးသွားများ ၀င်ရောက်မှု မြင့်မားနေသော ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်ပေါ်သို့ ပြင်ပယာဉ်များ တက်ရောက်ခွင့်ကို စတင်တားမြစ်လိုက်ကြောင်း  ဇလုံတောင်ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်းမှ သိရသည်။

ဇလုံတောင်ပေါ်သို့ လာရောက်သော ဘုရားဖူးခရီးသည်တစ်ဦး ဇလုံတောင်တက်လမ်းဘေး လျှိုထဲသို့ မတ် ၁၀ ရက်က ဆိုင်ကယ်ဖြင့် ပြုတ်ကျကာ အသက်သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် ဇလုံတောင်ပေါ်သို့ လာရောက်သော ပြင်ပယာဉ်များနှင့် ဆိုင်ကယ်များ ဘုရားဖူးခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ခွင့်မပြုတော့ခြင်း ဖြစ်ကြောင်း ဇလုံတောင်ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးစိန်ကျော်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပိတ်လိုက်တာကတော့ စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်းတိုင်ပင်ပြီး ပိတ်လိုက်တာပါ။ မတ် ၁၁  ရက်ကစပြီး တက်ခွင့်မပြုတော့ပါဘူး။ ဇလုံတောင်ပေါ် အတက်လမ်းက မြေသားလမ်းဖြစ်ပြီး တောင်အတက် အဆင်းတွေနဲ့ လမ်းက ကြမ်းတယ်။ လမ်းဘေးမှာလည်း လျှိုတွေ၊ ချောက်တွေနဲ့ဆိုတော့ မတော်တဆဖြစ်ရင် ဘုရားဖူးခရီးသည်တွေ အသက်အန္တရာယ်အတွက် စိုးရိမ်ရလို့ ပိတ်လိုက်တာပါ။ လမ်းရဲ့ တချို့နေရာတွေမှာ ဆိုင်ကယ်သမားတွေနဲ့ ရုတ်တရက် မျက်နှာချင်းဆိုင်တွေ့ရင် ရှောင်တိမ်းစရာ နေရာကျဉ်းတော့ ကားပေါ်ပါလာတဲ့ ခရီးသည်တွေအတွက် စိုးရိမ်ရပါတယ်။ နောက်ပြီး မှတ်တမ်းတွေအရဆိုရင် အခုနောက်ပိုင်း တစ်ရက်ကို ဆိုင်ကယ်မတော်တဆမှုတစ်ခု အနည်းဆုံး ဖြစ်နေတော့ ပိတ်လိုက်ရတာပါ” ဟု ဇလုံတောင်ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးစိန်ကျော်ဦးက ပြောကြားသည်။

 

အထက်မြန်မာပြည် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းမှ အသင်းကိုးသင်းနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ခရီးသွားအာမခံ နှစ်ဖက်သဘောတူနားလည်မှု စာချုပ် MoU ရေးထိုး

အထက်မြန်မာပြည် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းမှ ဘုရားဖူးခရီးသွားဝန်ဆောင်မှု အသင်းကိုးသင်းနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ခရီးသွားအာမခံ လုပ်ငန်းဆောင်ရွက်ရန် နှစ်ဖက်သဘောတူ နားလည်မှုစာချုပ် MoU လက်မှတ်ရေးထိုးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီတွင် ၂၆ လမ်းနှင့် ၆၈ လမ်းထောင့်ရှိ Generation Tea တွင် ပြုလုပ်ခဲ့သည်။

“ခရီးသွားလုပ်ငန်းမှာ ခရီးသွားအာမခံနဲ့ ပတ်သက်ပြီး ပြည့်စုံခြင်းမရှိသေးဘူး။ အဲ့ဒီအတွက် မြန်မာ့ခရီးသွားအာမခံလုပ်ငန်းနဲ့ ချိတ်ဆက်ပြီးတော့ ကျွန်တော်တို့ ခရီးသွားဝန်ဆောင်မှုနဲ့ လိုက်ပါစီးနင်း ဆောင်ရွက်ကြမယ့် ဘုရားဖူးခရီးသည်များ အဆင်ပြေ ချောမွေ့အောင်၊ ပြည့်စုံမှုရှိအောင် နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းနဲ့ ခရီးသွားအာမခံကို နှစ်ဖက်သဘောတူ နားလည်မှုစာချုပ် ချုပ်ဆိုတာဖြစ်ပါတယ်။ အကယ်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ရင် အလဟဿမဖြစ်အောင် ခရီးသွားများအတွက်လည်း အကျိုးရှိအောင် ကျွန်တော်တို့ ဘုရားဖူးခရီးသွားလုပ်ငန်းတွေလည်း အဆင်ပြေအောင် ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု မန်းမြို့သား ဘုရားဖူးခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ဦးအောင်ဝင်းက ပြောကြားသည်။

ပြည်တွင်းဘုရားဖူးခရီးစဉ် ယာဉ်လိုင်းများအတွက် လက်မှတ်ဝယ်ယူထားသော ခရီးသည်များသည် ဘုရားဖူးခရီးစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းတို့အတွက် အာမခံ အကာအကွက်ရရှိစေရန် ရည်ရွယ်၍ ခရီးသွားအာမခံစာချုပ်ကို ချုပ်ဆိုရခြင်းဖြစ်ကြောင်း သိရသည်။

“လှည့်လည်ခရီးသွားကို နိုင်ငံတော်ပိုင် မြန်မာ့အာမခံတစ်ခုတည်းကနေ လက်ခံဆောင်ရွက်တယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်အစိုးရကနေ ပုဂ္ဂလိက အာမခံလုပ်ငန်းတွေကိုပါ လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် အသင်းအသီးသီးတို့က သူတို့ဆန္ဒနဲ့အညီ ရွေးချယ်ခွင့် ရှိသွားပါတယ်။ အခု မြန်မာ့အာမခံလုပ်ငန်းနဲ့ ချုပ်ဆိုတဲ့ အသင်းကိုးသင်းက မနှစ်ကလည်း ချုပ်ဆိုခဲ့ပါတယ်။ တစ်နှစ်ကို တစ်ကြိမ်ချုပ်ဆိုတဲ့အခါ ဒီနှစ်လည်း ပြန်ချုပ်ဆိုကြတာပါ” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ခင်မာချိုက ဆိုသည်။

မြန်မာ့အာမခံလုပ်ငန်းဖြင့် ခရီးသွား အာမခံစာချုပ်ချုပ်ဆိုထားသော ဘုရားဖူး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ခရီးစဉ်တစ်ခု စတင်ထွက်ခွာသည့်အခါ ထိုခရီးစဉ်တွင်လိုက်ပါသည့် ခရီးသည်ဦးရေ၊ ယာဉ်နံပါတ်နှင့် ထွက်ခွာသည့် ခရီးစဉ်လမ်းကြောင်းကို အကြောင်းကြားပေးရမည်ဖြစ်ပြီး သတ်မှတ်ပရီမံယံနှုန်းထားအတိုင်း ပရီမီယံငွေကို တွက်ချက်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အာမခံ လုပ်ငန်းအနေဖြင့်လည်း ထိုခရီးစဉ်တစ်ခုအတွင်း မတော်တဆ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ပရီမီယံနှုန်းထားပေါ်မူတည်ကာ ပေးချေသွားမည်ဖြစ်ကြောင်း၊ မိုင် ၁၀၀ အောက် ခရီးသွားအာမခံကြေး ပရီမီယံကျပ် ၁၀၀ ကို ကျပ် ၂၀ သိန်း လျော်ကြေးပေးချေလျက်ရှိကြောင်း သိရသည်။