ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တည်ရှိရာ ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်တွင် နေပူခံ စကျင်ကျောက်ပြားများ အစားထိုးလျက်ရှိ

ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်တွင် နေပူခံစကျင်ကျောက်ပြားများ ခင်းနေသည်ကိုတွေ့ရစဉ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီး တည်ရှိရာ ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်၌ စေတီတော်ကြီးသို့ လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန် ရင်ပြင်တော် တစ်ခုလုံးကို နေပူခံ စကျင်ကျောက်ပြားများဖြင့် အစားထိုး မွမ်းမံလျက်ရှိကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ (ယာယီ) ထံမှ သိရသည်။

ယခင်က ရင်ပြင်တော်ပေါ်၌ ခင်းထားသော ကျောက်ပြားများမှာ အမျိုးအစား သုံးမျိုးခန့်ရှိကြောင်း၊ နေ့ခင်းဘက် အပူချိန်ကို တိုင်းတာကြည့်ပါက ၄၀ ဒီဂရီစင်တီဂရိတ် ကျော်အထိ ရှိနေတတ်ကြောင်းနှင့် ယခုအစားထိုး လဲလှယ်မည့် စကျင်ကျောက်ပြားများမှာ အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်အောက်သာ ရှိသည့်အတွက် နွေရာသီတွင် ဘုရားဖူး လာမည့်သူများအတွက် သက်သောင့်သက်သာ ဖြစ်စေမည် ဖြစ်ကြောင်း ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ (ယာယီ) မှ ဦးစိုးနောင်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အရင်ခင်းထားတဲ့ ကျောက်ပြားတွေမှာ အညိုရောင်တွေ၊ အနက်ရောင်တွေရှိတယ်။ စကျင်ကျောက်ပြားတွေလည်းရှိတယ်။ အညိုရောင်တွေ၊ အပွင့်တွေနဲ့ဆိုရင် နေ့ခင်းဘက်မှာ ခြေထောက်နင်းလို့ မရအောင်ကို တအားပူတာ။ လက်ရှိမှာ ကျောက်ပြားအသစ် ပြန်ခင်းနေတာ ရာခိုင်နှုန်း ၃၀ ကျော်လောက်တော့ ပြီးနေပါပြီ” ဟု ပြောကြားသည်။

ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ပေါ်၌ နေပူခံ စကျင်ကျောက်ပြားများ အစားထိုး လဲလှယ်နေခြင်းနှင့်အတူ ရင်ပြင်တော်ရှိ ရေမြောင်းများကိုလည်း ပြန်လည်ပြုပြင်လျက်ရှိရာ လက်ရှိအချိန်၌ ရေမြောင်းပြင်ဆင်မှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဦးစိုးနောင်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ နေပူခံစကျင်ကျောက်ပြားများ အစားထိုး ပြင်ဆင်မှုအတွက် ကုန်ကျစရိတ်ကို အလှူရှင်များ၏ သီးသန့်လှူဒါန်းငွေအပြင် လိုအပ်သည်များကို ဘုရားဘဏ္ဍာတော်ငွေမှ ထုတ်ယူသုံးစွဲသွားမည် ဖြစ်ကြောင်း၊ စုစုပေါင်း ကျပ်သိန်း ၃၀၀၀ ကျော်ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ၏ အရှည်ကြာဆုံး ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်သည့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲသို့ နှစ်စဉ် ပြည်တွင်း၊ ပြည်ပဘုရားဖူး သုံးသန်းကျော် လာရောက်လေ့ရှိကြောင်းနှင့် ဒီဇင်ဘာလ၊ ဇန်န၀ါရီလနှင့် ဧပြီလများအတွင်း ဘုရားဖူး လာရောက်သူများ အလွန်များပြား လေ့ရှိကြောင်း ဂေါပကအဖွဲ့၏ ပြောကြားချက်များအရ သိရသည်။

 

တစ်နှစ်ပတ်လုံး ခရီးသွားများသည့် ကျိုက်ထီးရိုးစေတီတော်၏ အင်္ဂဘို၊ မိုးဘောလမ်းကို ရှုခင်းသစ်ခံစား၍ လေးလမ်းသွား၊ ကေဘယ်တပ်ဆင်မှုအတွက် သစ်တောမြေ ငှားရမ်းလုပ်ကိုင်ခွင့်ပြုရန် KNU နှင့် ကုမ္ပဏီတို့ အဆိုပြုတင်ပြ

ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဖူးမြော်သည့် ခရီးသွားဧည့်သည်များကို တွေ့ရစဉ်

တစ်နှစ်ပတ်လုံး ခရီးသွားလာမှုများသည့် ကျိုက်ထီးရိုး စေတီတော်ကို သွားနေကျ ကင်မွန်းစခန်းမှမဟုတ်ဘဲ ကျိုက်ထီးရိုးလေးလမ်းခွဲ၊ အင်္ဂဘို၊ မိုးဘောနတ်စင် လမ်းကြောင်းရှိ ရှုခင်းသစ်များကို ခံစား၍ အချိန်တိုစေရန် လေးလမ်းသွား၊ ကေဘယ်တပ်ဆင်မှုတို့အတွက် သစ်တောမြေဧက ၁၅၀ နီးပါးကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုရန် KNU တပ်မဟာ (၁)နှင့် JEWEL GOLDEN EYE (JGE) တို့ပူးပေါင်းသည့် Kyaiktiyo Great Green (KGG) ကုမ္ပဏီက မွန်ပြည်နယ် အစိုးရအဖွဲ့သို့ ဖေဖော်ဝါရီ ၂၀ ရက်က ပဏာမအဆိုပြု တင်ပြခဲ့ကြောင်း သိရသည်။

ယင်းအဆိုပြုတင်ပြမှုတွင် တက်ရောက်ခဲ့သော မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ၀န်ကြီးဒေါက်တာမင်းကြည်ဝင်းက “ပြည်နယ် အစိုးရနဲ့တွေ့တော့ ၀န်ကြီးချုပ်က ဒီအတိုင်း သဘောထား မပေးသေးဘူး။ ပြည်နယ်အစိုးရ သဘောတူမှ ပြည်ထောင်စုအစိုးရကို တက်ရမှာ၊ အဆင့်ဆင့် ဖြတ်ရဦးမယ်။ ပြည်ထောင်စုသဘောတူမှ သစ်တောကနေ အငှားလုပ်မှာပေါ့။ အငှားလုပ်မယ်ဆိုရင် သူတို့ လျှောက်သလောက် ပေးချင်မှ ပေးမှာပေါ့။ လိုအပ်သလောက် အငှားပေးမှာပေါ့။ သူက ဧက ၁၅၀ ပေါ့၊ သူ့ Proposes ပေါ့လေ။ ပြည်နယ်အစိုးရက Clear မဖြစ်သေးဘူး။ ပြည်နယ်အစိုးရ သဘောတူမှ ကျန်တဲ့လုပ်ငန်းတွေ သူတို့ဆက်လုပ်သွားမှာလေ။ တစ်နေရာတည်း ပြီးတာမဟုတ်ဘူး။ ကုမ္ပဏီလုပ်ချင်တာကို ပဏာမ တင်ပြတာဖြစ်တယ်” ဟုပြောကြားသည်။

ကျိုက်ထိုမြို့ခံ ဦးသိန်းလှိုင်က ရန်ကုန်-ကျိုက်ထိုကားလမ်း၊ ကျိုက်ထိုမရောက်မီ ကျိုက်ထီးရိုးလေးလမ်းရှိရာ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က ဒေသခံများ နွားလှည်းဖြင့် ဘုရားဖူးတက်သည့် လမ်းဟောင်းဖြစ်ပြီး KNU ထိန်းချုပ်နယ်မြေတွင် တည်ရှိ၍ ၎င်းတို့ ခွင့်ပြုသောနှစ်တွင် အသွားအလာများကာ၊ ကျန်နှစ်များတွင် သွားလာမှု မရှိခဲ့ကြောင်း၊ ရေတံခွန်များ ရှုခင်းများဖြင့် လှပမှုရှိကြောင်း၊ ယခု KNU ဦးစီး၍လမ်းဖောက်ခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း၊ ကေဘယ်လမ်းလုပ်မည် ဆိုပါက ကင်မွန်းစခန်း တစ်ခုတည်းတွင် ဘုရားဖူးများအနေဖြင့် စုပြုံတိုးရမည့်ဒုက္ခ၊ ရင်ပြင်ပေါ် ဘုရားဖူးပြည့်ကျပ်ခြင်းဒုက္ခများ ကင်းသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးမှု ရရှိလာမည်ကြောင်း ပြောကြားသည်။

သက်ဆိုင်ရာက ခွင့်ပြုမည်ဆိုပါက တစ်နှစ်ခွဲအတွင်း ကျိုက်ထီးရိုးနယ်မြေ အင်္ဂဘို၊ မဲရုံးလေး၊ မဲရုံကြီး၊ ကဒိုင်ဒွတ်၊ မိုးဘော-နတ်စင်၊ ကျောက်ဖျာ၊ ခေါင်းဆေးကန်အထိ လေးလမ်းသွား ကွန်ကရစ်လမ်း ဖောက်လုပ်မည်ဖြစ်ပြီး လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်၍ အခမဲ့ တည်းခိုခန်း၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ တည်ဆောက်ပြီး သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း လုပ်ငန်းအစီအမံတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Cable Car ဖြစ်သည့် ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကြိုးရထား စတင်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Cable Car ဖြစ်သည့် ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကြိုးရထား (Cable Car) အား ဒီဇင်ဘာလ (၁၅) ရက် နံနက် (၉) နာရီအချိန်က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကြိုးရထား (Cable Car) ဖွင့်ပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကျိုက်ထိုမြို့ နယ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ Sky Asia ကုမ္ပဏီလီမိတက်နှင့် ရတနာရွှေဆင်ကြီး ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Cable Car လုပ်ငန်းအား အောင်မြင်စွာ တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးကို ပြည်တွင်းပြည်ပ ခရီးသွား ဘုရားဖူးများနဲ့ ဒေသခံ ပြည်သူများ သက်တောင့်သက်သာ စီးနင်း၍ ရေမြေတောတောင် သဘာဝများကို ခံစားပြီးတော့ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးအား ဖူးမြော်ကြည်ညိုနိုင်မှာ ဖြစ်ပါတယ်။ ဒီ Cable Car လုပ်ငန်းစီမံကိန်း အောင်မြင်ပြီးစီးခဲ့ပြီးဖြစ်လို့ မွန်ပြည်နယ်ရဲ့ အထင်ကရ နေရာတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်တော့မှာလည်း ဖြစ်ပါတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် Sky Asia Co.Ltd မှ Managing Director Yoo Sun Ha မှ စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီးနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့မှ Cable Car စတင်လည်ပတ်ရန် စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် ယင်းနောက် Cable Car ဖွင့်ပွဲသို့ တက်ရောက်လာသူများမှ Cable Car အား စီးနှင့်၍ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

“ဒီစီမံကိန်းကို ကျွန်တော်တို့ (၂၀၁၅) ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့မှာ MIC ရဲ့ ခွင့်ပြုချက်နဲ့ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသ ဖြစ်တာရယ်၊ Cable Car တည်ဆောက်တဲ့ နည်းပညာကလည်း မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်တာရယ်၊ မြန်မာအင်ဂျင်နီယာတွေ အနေနဲ့ကလည်း အတွေ့ အကြုံ မရှိသေးတော့ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ရာသီဥတု အခြေအနေကလည်း ရှိသေးတယ်။ ဒါပေမယ့် မြန်မာအင်ဂျင်နီယာတွေကို ပြင်သစ်က Cable Car ကုမ္ပဏီဖြစ်တဲ့ Poma ကုမ္ပဏီက လာပြီးတော့ သင်တန်းတွေ ပေးပါတယ်။ အဲ့ဒီလို သင်တန်းတွေပြီးမှ Cable Car တည်ဆောက်မှုကို လက်တွေ့ အကောင်အထည် ဖေါ်ရတဲ့အတွက်ကို အချိန်နည်းနည်း ပိုကြာသွားတာပါ” ဟု ကျိုက်ထီးရိုးကောင်းကင် ကေဘယ်ကြိုးရထား (Cable Car) စီမံကိန်းမှ အဆောက်အဦးပိုင်းကို တာဝန်ယူ တည်ဆောက်ပေးခဲ့သည့် ရတနာရွှေဆင်ကြီး ကုမ္ပဏီမှ Construction Director ဦးနောင်ရဲအောင်က ပြောကြားသည်။

Cable Car စီးနှင်းခနှုန်းထားအဖြစ် တစ်ဦးလျှင် အတက် (၃၀၀၀) ကျပ်နှုန်း၊ အဆင်း (၃၀၀၀) ကျပ်နှုန်း သတ်မှတ်ထားပြီး နိုင်ငံခြားသား တစ်ဦးလျှင် အတက် (၁၀) ဒေါ်လာ၊ အဆင်း (၁၀) ဒေါ်လာ သတ်မှတ်ထားကြောင်း၊ Ticket တွေမှာလည်း ခရီးသွားအာမခံ ပါဝင်ပြီး IKBZ နှင့် ချိတ်ဆက်ကာ အာမခံအတွက် စီစဉ်ပေးထားကြောင်း၊ Cable Car ပေါ်မှတဆင့် ကျိုက်ထီးရိုးတောင်တော် အနီးဝန်းကျင် ရှုခင်းများအား ကြည်ရှု့ ခံစားကြရမည် ဖြစ်ကြောင်း ဦးနောင်ရဲအောင်က ဆက်လက်ပြောကြားသည်။

“Cable Car စီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး ရှိပါတယ်။ ပြည်တွင်း ပြည်ပက ဘုရားဖူးတွေအားလုံး ဒီ Cable Car စီးရင်းနဲ့ သဘာဝအလှတွေကို ခံစားကြည့်ဖို့ Cable Car စီးကြည့်ဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ဘုရားဖူ တစ်ဦးဖြစ်သူ ဦးစိုးသီဟက ပြောကြားသည်။

အဆိုပါစီမံကိန်းအား Sky Asia Co, Ltd  မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး၊ စီမံကိန်းမှာ အမေရိကန်ဒေါ်လာ သန်း (၂၀) ကျော်ကုန်ကျမည်ဖြစ်ရာ၊ MIC မှ နှစ် (၅၀) B.O.T စနစ်ဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားကြောင်း၊ Main Station ကနေ Return Station အထိကို (၉၅၅.၃၈) မီတာရှည်ကြောင်း၊ Main Station မှာ တာဝါတိုင် (၂) တိုင်၊ Return Station မှာတာဝါတိုင် (၂) တိုင်၊ အလယ်မှာ တာဝါတိုင် (၇) တိုင်ဖြင့် တည်ဆောက်ထားကြောင်း၊ ရသေ့တောင်မှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အနီးသို့ ပြေးဆွဲမည့် ကောင်းကင်ကေဘယ်ကြိုးရထား (Cable Car) အတွဲ (၄၄) တွဲ အနက် (၄၃) တွဲ ပြေးဆွဲမည်ဖြစ်ပြီး (၁) တွဲအား အရံအဖြစ် ထားရှိသွားမည်ဖြစ်ကြောင်း၊ (၁) တွဲလျှင် လူ (၈) ယောက်ခန့်စီးနိုင်ပြီး အများဆုံး ကြာချိန်မှာ (၈) မိနစ် မှ (၁၅) မိနစ်အတွင်း ဖြစ်၍ လူအနည်းအများအပေါ် မူတည်၍ အချိန်အား ထိန်းညှိပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထီးရိုး Cable Car စီမံကိန်းအား (၂၀၁၅) ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်အမှတ် (၈၈၆/၂၀၁၅) ဖြင့် (၂.၁.၂၀၁၅) ရက်စွဲပါ ခွင့်ပြုချက်ဖြင့် Sky Asia ကုမ္ပဏီလီမိတက်မှ သစ်တောဦးစီးဌာနရှိ မြေ (၁၃.၅) ဧကကို တစ်နှစ်လျှင် တစ်ဧက ကျပ် (၁) သိန်းနှုန်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း သိရသည်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်တော်ဖွင့်ပွဲမှ အလှူငွေ ကျပ်သိန်း ၈၈၀ ကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ကျပ်သိန်း ၇၀၀ ကျော် ပိုမိုရရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်တော်ဖွင့်ပွဲမှ အလှူငွေ ကျပ်သိန်း ၈၈၀ ကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ကျပ်သိန်း ၇၀၀ ကျော်ပိုမိုရရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ် တောင်တော်ဖွင့်ပွဲတွင် အလှူတော်ငွေ ကျပ် ၁၂၇ သိန်းရရှိပြီး ယခု ၂၀၁၇-၂၀၁၈ ခုနှစ် တောင်တော်ဖွင့်ပွဲတွင် အလှူငွေ ကျပ် ၈၈၉ သိန်းကျော် ရရှိခဲ့သောကြောင့် ကျပ် ၇၆၂ သိန်းကျော် ပိုမိုရရှိခဲ့ကြောင်း၊ ယခင် ၂၀၁၅-၂၀၁၆ ခုနှစ် ရွှေဆိုင်းအရောင်းလုပ်ငန်းအား ကန်ထရိုက်စနစ် ကျင့်သုံးစဉ်က လေလံကြေး တစ်နှစ်စာ ကျပ် ၆၃၈ သိန်းကျော် ရရှိခဲ့ကြောင်း၊ ဂေါပကအဖွဲ့သစ်၏ ကြီးကြပ်မှု ဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၁၀ ရက်အထိ ခြောက်ရက်အတွင်း ရွှေဆိုင်းရောင်းချခဲ့ရာ အမြတ်ငွေ ကျပ် ၃၃၆ သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရင်ပြင်တော် အလှူခံပုံးများ၌ ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တစ်နှစ်စာ ကျပ် ၄၁၁ သိန်းကျော် ရရှိခဲ့ပြီး ယခုနှစ် ဂေါပကအဖွဲ့သစ် တာဝန်ယူသည့် အောက်တိုဘာ ၅ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ကျပ် ၁၁၉ သိန်းကျော် ရရှိခဲ့ကြောင်း၊ ဆည်းလည်း အရောင်းလုပ်ငန်းကို ကန်ထရိုက်စနစ် ကျင့်သုံးစဉ်က ကျပ် ၁၆၇ သိန်းကျော် ရရှိခဲ့ပြီး ယခုနှစ် ဂေါပကအဖွဲ့သစ် ကြီးကြပ်မှုဖြင့် ခြောက်ရက်တာ ကာလအတွင်း ရောင်းချခဲ့ရာ ကျပ် ၇၂ သိန်းကျော် ရရှိခဲ့ကြောင်း၊ ဂေါပကအဖွဲ့သစ် တာဝန်ယူသည့် ၂၀၁၆ ခုနှစ် အောက်တိုဘာမှ ၂၀၁၇ ခုနှစ် သြဂုတ်လအထိ ကျိုက်ထီးရိုးစေတီတော်ကြီးသို့ ပြည်တွင်းဘုရားဖူး ၂ ဒသမ ၆ သန်းကျော်နှင့် ပြည်ပဘုရားဖူး ၁ ဒသမ ၁ သိန်းကျော် လာရောက်ဖူးမြော် ကြည်ညိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်တွင် ဂေါပကအဖွဲ့သစ် အနေဖြင့် ရွှေသင်္ကန်း ကန်ထရိုက်လုပ်ငန်း၊ အလှူခံပုံး စသည့် ကန်ထရိုက်စာချုပ် စနစ်များကို ပယ်ဖျက်ပြီး ဘက်စုံပဒေသာပင် အလှူခံဌာန တစ်ခုတည်းသာ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ရင်ပြင်တော်ရှိ တည်းခိုဆောင် ကန်ထရိုက်စနစ်ကို ပယ်ဖျက်ပြီး ဂေါပကအဖွဲ့သစ်က တိုက်ရိုက်စီမံ ကြီးကြပ်ပြီး ဘုရားဖူး ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေးအတွက် အခမဲ့ တည်းခိုနိုင်ရေးနှင့် သက်သာသော နှုန်းထားဖြင့် တည်းခိုနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ခြင်း၊ စီးပွားရေးဆန်သော အနှစ် ၂၀၊ အနှစ် ၃၀ ရေရှည်ကန်ထရိုက် စာချုပ်ပေါင်း ၁၄ မျိုးကို ပယ်ဖျက်ခြင်း စသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ရှိ တိဿဓမ္မာရုံ (ပထမထပ်)၊ ဆီးမီး ၉၀၀၀ ဓမ္မာရုံ စသည်တို့ရှိ အခန်း ၂၉ ခန်းတွင် ဘုရားဖူး ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ ၁၂၆၇ ဦးအား အခမဲ့ တည်းခိုနိုင်ရေးနှင့် တိဿဓမ္မာရုံ (ဒုတိယ၊ တတိယ၊ စတုတ္ထထပ်)၊ ပေ ၄၀ ဓမ္မာရုံ စသည့်ဓမ္မာရုံများနှင့် တည်းခိုဆောင်တို့ရှိ အခန်း ၃၇၃ ခန်းတွင် ဘုရားဖူး ၁၄၄၀ တို့အား အခပေး တည်းခိုနိုင်ရေးတို့ကို စီမံဆောင်ရွက် ပေးခဲ့ကြောင်း၊ အခပေး တည်းခိုဆောင်များတွင် တည်းခိုရာ၌ Aircon၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်များ ၀န်ဆောင်မှုပေးပြီး တစ်ဦးလျှင် ကျပ် ၅၀၀၀၊ ကျပ် ၁၀၀၀၀၊ ကျပ် ၁၅၀၀၀ စသည်ဖြင့် ယခင်နှုန်းထားများထက် များစွာလျော့နည်း သက်သာသော နှုန်းထားများ သတ်မှတ်ပြီး တည်းခိုနိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထီးရိုးစေတီတော်သို့သွားရာ ယခင်လမ်းဟောင်းကို ပြန်လည်ဖော်ထုတ်ပြီး တစ်မိုင်အလိုတွင် ဆင်ဖြင့်ပို့ဆောင်ရန် ကုမ္ပဏီတစ်ခုတင်ပြ၍ ဆင်များထားရှိရန် မြေနေရာ မေးမြန်းထားဟုဆို

ကျိုက်ထီးရိုး စေတီတော်သို့ ဘုရားဖူး လာရောက်ကြသူများအား တွေ့ရစဉ် (ဘိုဘိုမြင့်)

ကမ္ဘာ့အံ့ဖွယ် ကျိုက်ထီးရိုးစေတီ၏ ယခင်လမ်းဟောင်းဖြစ်သည့် ကျိုက်ထိုမရောက်မီ အင်္ဂပူလမ်းကို ဖော်ထုတ်ပြီး ဘုရားမရောက်မီ တစ်မိုင်အလိုတွင် ဆင်ဖြင့်ပို့ဆောင်ရန် ကုမ္ပဏီတစ်ခုက တင်ပြထားရာ၊ ဆင်များထားသိုမည့် မြေပြင်အနေအထားကို ပြန်လည်မေးမြန်းထားကြောင်း၊ ၀န်ကြီး-ဒေါက်တာ မင်းကြည်ဝင်း (မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန)က ပြောကြားသည်။

“ကျိုက်ထီးရိုးက လမ်းဟောင်းရှိတဲ့ နေရာကနေ ဖော်ထုတ်ဖို့ လုပ်နေတယ်။ ဘုရားမရောက်ခင် တစ်မိုင်အလိုလောက်ကနေ ဆင်တွေနဲ့ ပို့ဆောင်မယ့် အစီအစဉ်ကို ကုမ္ပဏီတစ်ခုက တင်ပြထားပါတယ်။ ဌာနက သစ်မဆွဲတော့တဲ့ ဆင်တွေနဲ့ပေါ့၊ အဲဒါကို ဆင်တွေ ထိန်းကျောင်းမယ့် မြေနေရာ ပြန်လည်တင်ပြဖို့ အကျောင်းကြား ထားပါတယ်” ဟု ၀န်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

ကျိုက်ထိုမြို့ မရောက်မီ ငါးမိုင်ခန့်အကွာ ရန်ကုန်-မော်လမြိုင် ကားလမ်းနံဘေးရှိ၊ အင်္ဂပူရွာတည်ရှိပြီး ၎င်းမှတစ်ဆင့် ယခင်က ဘုရားပေါ်တက်ခဲ့သည့် တောလမ်းရှိကြောင်း၊ စစ်တောင်း၊ ကျောက်ထပ်ကြီးမှ မိုးဘော်ရေတံခွန်သို့ရောက်၍ ယင်းမှ တစ်မိုင်ခန့်အလိုတွင် အလောင်းတော် ကဿပကဲ့သို ဆင်နှင့်ပို့ဆောင်ပါက ကျိုက်ထီးရိုးစေတီသို့ နှစ်လမ်းသွားဖြစ်ကာ ရှုခင်းသစ်များ၊ ပိုတွေ့ရှိခံစားနိုင်ကြောင်း၊ ကျိုက်ထို-ကင်မွန်းစခန်းလမ်းတွင် စုပြုံကျပ်ကျပ်တည်းတည်း သွားနေရမှုကို ပြေလည်သွားသည့်အပြင် ဖွံ့ဖြိုးမှုနည်းသည့် စစ်တောင်း၊ သိမ်ဇရပ်ဒေသ ဖွံ့ဖြိုးမှုရှိလာကာ၊ ရန်ကုန်မှလာမည့် ဘုရားဖူးများအတွက် ရွေးချယ်ခွင့် ပိုရလာမည်ဖြစ်ကြောင်း ကျိုက်ထိုမြို့ခံ ဦးစိန်မြင့်က ပြောကြားသည်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်-ဇီးပြောင်း-မိုးဘော-ကျွဲခေါင်း-ကျီးပါးစပ်လမ်း-အင်္ဂဘိုရွာမှ-လေးမိုင်ခန့် ကျေးလက်လမ်းကို ယခုနှစ် ပွင့်လင်းရာသီတွင် ကတ္တရာခင်းရန်ရှိကြောင်း၊ ယင်းပတ်ဝန်းကျင်တွင် ရန်ကုန်မြို့မှ လုပ်ငန်းရှင်များ ၀ယ်ယူရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြပြီး ဘုရားဖူးများကိုဆင်နှင့် ပို့ဆောင်မည့် အစီစဉ်ကို ကျိုက်ထိုမြို့နယ်ရှိ ကုမ္ပဏီတစ်ခုက လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။