INGO များအနေဖြင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများကို ထောက်ပံ့ကူညီရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

သန်လျင်ပြည်သူ့ဆေးရုံတွင် ဆေးကုသရန် စာရင်းပေးသွင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

INGO များအနေဖြင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများကို ထောက်ပံ့ကူညီရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်းရန် ဇွန် ၁၂ ရက်က နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် 3MDG Fund  Director Mr.Oren Ginzdurg တို့ တွေ့ဆုံစဉ် ပြောကြားသည်။

3MDG  ရန်ပုံငွေမှ Access to Health Fund အမည်ဖြင့် ထောက်ပံ့ကူညီရာတွင် အမျိုးသားကျန်းမာရေးစီမံကိန်းကို အထောက်အကူပြုနိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စုစည်းပေါင်းစပ်ပေးနိုင်ရန် နှင့် ပဋိပက္ခဖြစ်ပွားနေသော နေရာဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း နှင့် ဦးစားပေးလုပ်ငန်းကဏ္ဍများအဖြစ် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးနှင့် အခွင့်အရေး၊ အာဟာရဖွံ့ဖြိုးရေး၊ တီဘီရောဂါတိုက်ဖျက်ရေး၊ ငှက်ဖျားရောဂါ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှတဆင့် အိပ်ခ်ျအိုင်ဗွီနှင့် အခြားကူးစက်ရောဂါများ ကူးစက်မှုလျော့ချရေး၊ ကျန်းမာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်း၊ မိခင်နှင့် ကလေး ကျန်းမာရေး၊အကျဉ်းထောင်ကျန်းမာရေးတို့ ကို ဆက်လက်လုပ်ဆောင်ရန် လျာထားကြောင်း သိရသည်။

3MDG Fund  Director က “Access to Health Fund က ရန်ပုံငွေနဲ့ ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်လိုပါတယ်။ အဆိုပြုလွှာတွေ တင်ပြလာတဲ့  INGO , Local NGO များ၊ ပြည်သူလူထု အခြေပြုအဖွဲ့အစည်းများအနက်မှ ယုံကြည်စိတ်ချရသော စွမ်းဆောင်ရည်ရှိသော အဖွဲ့အစည်းများကို ရွေးချယ်စိစစ်သွားမှာပါ။ 3MDG ရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းကဏ္ဍများအနက် မည်သည့်လုပ်ငန်းကဏ္ဍတွေကို Access to Health Fund ရန်ပုံငွေနဲ့ ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက်ကူညီစေလိုပါ တယ်” ဟုပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက 3MDG ရန်ပုံငွေဖြင့် လက်ရှိဆောင်ရွက်နေသော ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအနက် အကျိုးရှိထိရောက်ပြီး မရှိမဖြစ်လိုအပ်သော လုပ်ငန်းများကို Access to Health Fund  က ရန်ပုံငွေဖြင့် ဆက်လက်ထောက်ပံ့ကူညီစေလိုကြောင်း နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများကို ထောက်ပံ့ကူညီရာတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပူး       ပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

အဆိုပါရန်ပုံငွေများကို ခက်ခဲဒေသများ၊ ပဋိပက္ခဖြစ်ပွားနေသော ဒေသများနှင့် ထိခိုက်လွယ်သော လူအုပ်စုများကိုဦးတည်၍ လူသားချင်းစာနာမှုအခြေခံဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ထောက်ပံ့ကူညီသွားရန်ရည်ရွယ်ထားကြောင်းနှင့် အထူးသဖြင့် အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပါရှိသော ရည်မှန်းချက်များနှင့်အညီ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးစနစ်မြှင့်တင်ရေး၊ အာဟာရ ဖွံ့ဖြိုးရေး၊ ကျေးရွာအခြေပြုစေတနာ့ ၀န်ထမ်းကျန်းမာရေး လုပ်သားလေ့ကျင့် ပျိုးထောင်ပေးရေးလုပ်ငန်းများတွင် 3MDG အနေဖြင့် ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးကဏ္ဍအတွက် နိုင်ငံတကာ မှ ထောက်ပံ့ပေးသော အကြီးဆုံးရန်ပုံငွေတစ်ရပ်ဖြစ်သည့် 3MDG သည် အလှူရှင်နိုင်ငံ ခုနစ်နိုင်ငံဖြစ်သော သြစတေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့်  အမေရိကန်ပြည်ထောင်စုတို့ပူးပေါင်း ပါဝင်ထားပြီး ၂၀၁၂ မှ၂၀၁၇ ခုနှစ်ထိ  အမေရိကန် ဒေါ်လာ၂၈၄ သန်း ထည့်ဝင်ထားကြောင်း နှင့်  3MDG အနေဖြင့် မွေးကင်းစ၊ ကလေး၊ မိခင်ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို အဓိက ဦးစားပေးလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်ကို သတင်းအချက်အလက်နှစ်၊ ဘဏ္ဍာနှစ် ရန်ပုံငွေများကို အကျိုးရှိစွာ ခွဲဝေသုံးစွဲသည့်နှစ်နှင့် ၀န်ထမ်းအိမ်ရာ ဦးစားပေး ဆောက်လုပ်သည့် နှစ်များအဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ကျန်းမာရေး ၀န်ထမ်းများအတွက် ဆောက်လုပ်ထားသည့် ၀န်ထမ်းအိမ်ရာများအား တွေ့ရစဉ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ၂၀၁၈ ခုနှစ်ကို သတင်းအချက်အလက်နှစ် (Year of Data and Information)၊ ဘဏ္ဍာနှစ် ရန်ပုံငွေများကို အကျိုးရှိစွာ ခွဲဝေသုံးစွဲသည့်နှစ် (Year of Budget) နှင့် ၀န်ထမ်းအိမ်ရာ ဦးစားပေး ဆောက်လုပ်သည့်နှစ် (Year of Staff Housing) ဟု သတ်မှတ်လုပ်ဆောင် နေသည့်အတွက် ဤလုပ်ငန်းများကို အထူးဂရုပြု ဆောင်ရွက်ရန် ဇွန် ၁၁ ရက်က ပြင်ဦးလွင်မြို့၌ ပြုလုပ်ခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဗဟိုအဆင့်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ၀န်ထမ်းရေးရာ၊ ဆောက်လုပ်ရေး၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ စသည့်ကဏ္ဍစုံမှ အကြီးတန်းဝန်ထမ်းများ ပါဝင်သော အဖွဲ့နှင့် ပြည်နယ်/တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူးများ တက်ရောက်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ယခုထက်ပိုမို သွက်လက်စွာ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေး အသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ ထုတ်ပြန်ထားသောလုပ်ငန်း လမ်းညွှန်များ၊ ညွှန်ကြားချက်များကို ခေတ်မီအောင် update ပြုလုပ်ခြင်းနှင့် မလိုအပ်သည်များကို ပယ်ဖျက်ခြင်း၊ ကျန်းမာရေး ၀န်ထမ်းများနှင့် လူနာများ၊ လူနာ၏ မိသားစုဝင်များအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရေး၊ ပြည်သူလူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းများကို ဖွင့်လှစ်၍ မကူးစက်သော ရောဂါနှိမ်နှင်းရေးကို အားဖြည့်ဆောင်ရွက်ရေး၊ အခြေခံကျန်းမာရေး ၀န်ထမ်းများဖြင့် ရွေ့လျားကျန်းမာရေး ဆေးခန်းများ ဖွင့်လှစ်ရေး၊ တိုင်းဒေသကြီး/ ပြည်နယ် သင်ကြားရေး အဖွဲ့များကို ပြန်လည်ဖွဲ့စည်း၍ တာဝန်ခံများ ထားရှိရေးတို့ ဖြစ်ကြောင်းနှင့် ၀န်ကြီးဌာန အနေဖြင့် ၂၀၁၈ ခုနှစ်ကို သတင်းအချက်နှစ် (Year of Data and Information)၊ ဘဏ္ဍာနှစ် ရန်ပုံငွေများကို အကျိုးရှိစွာ ခွဲဝေသုံးစွဲသည့်နှစ် (Year of Budget) နှင့် ၀န်ထမ်းအိမ်ရာ ဦးစားပေး ဆောက်လုပ်သည့်နှစ် (Year of Staff Housing) ဟု သတ်မှတ်လုပ်ဆောင်နေကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ၀န်ကြီးဌာနအနေဖြင့် ဆေးရုံ၊ ဆေးခန်းများ အသစ်ဆောက်လုပ်ခြင်းကို ခေတ္တဆိုင်းငံ့ လျှော့ချထားပြီး ဆောက်လက်စဆေးရုံ၊ ဆေးခန်းများကိုမူ ရန်ပုံငွေ ဆက်လက်ခွဲဝေချထား ဆောင်ရွက်လျက် ရှိကြောင်းနှင့် နိုင်ငံတော်မှ ခွဲဝေချထားပေးသည့် ကျန်ရှိသော ဆောက်လုပ်ရေးဆိုင်ရာ ရန်ပုံငွေများကို တစ်ပြည်လုံးရှိ ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးတွင် ၀န်ထမ်းအိမ်ရာများအား ဦးစားပေး အစီအစဉ်အလိုက် တည်ဆောက်နေကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ၀န်ထမ်းများ၏ လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အိမ်ငှားနေရခြင်းဖြင့် ငွေကြေးကုန်ကျမှုများပြား၍ လစာစုဆောင်းရရှိမှု နည်းပါးခြင်း၊ ၀န်ထမ်းအိမ်ရာများတွင် တစ်စုတစ်စည်းတည်း နေထိုင်ခြင်းအားဖြင့် လုံခြုံရေးကောင်းမွန်ပြီး ရင်းနှီးသော မိတ်ဆွေ အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်း စသည်တို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ၀န်ကြီးဌာန အနေဖြင့် မဖြစ်မနေ အသစ်တည်ဆောက်ရမည့် ဆေးရုံ၊ ဆေးခန်းနှင့် လက်ရှိ ဆောက်လုပ်ဆဲ ဆေးရုံ၊ ဆေးခန်းများမှလွဲ၍ ဆေးရုံအသစ် ဆောက်လုပ်ခြင်းကို တစ်နှစ်တာရပ်နားပြီး ပိုလျှံသော ရန်ပုံငွေကို ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဦးစီးဌာန အသီးသီးရှိ ၀န်ထမ်းများအတွက် တိုးချဲ့ဆောက်လုပ် ပေးနေကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစီးဌာန အသီးသီးရှိ ၀န်ထမ်းများအတွက် ဆောက်လုပ်ရန် လိုအပ်လျက်ရှိသော ၀န်ထမ်းအိမ်ရာ စာရင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဦးစားပေး အစီအစဉ်ဖြင့် တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများမှတစ်ဆင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တင်ပြတောင်းခံ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာနတွင် နေ့စဉ် ဆေးသွင်းကုသသည့် ကင်ဆာလူနာ ရာနှင့်ချီရှိဟုဆို

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာနတွင် အနယ်နယ်အရပ်ရပ်မှ နေ့ စဉ်လာရောက်ဆေးသွင်း ကုသသည့် ပြင်ပလူနာဦးရေ ရာနှင့်ချီရှိနေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါ ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ၊ ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်သင်းမူ၏ ပြောကြားချက်အရ သိရသည်။

“လက်ရှိမှာ လူနာဦးရေက တစ်နေ့ကို ၂၅၀ နဲ့ ၃၀၀ ကြားရှိတယ်။ ၂၅၀ နဲ့ ၃၀၀ ကြားလောက်မှာ အသစ်က ၃၀ နဲ့ ၄၀ ကြားရှိတယ်။ နေ့စဉ်ဆေးသွင်း ကုသတဲ့လူက အနည်းဆုံး ရာချီပြီးရှိတယ်။ ရာချီပြီး ရှိတဲ့အတွက်ကြောင့် ပြင်ပလူနာဌာန အနေနဲ့လည်း Day Care စင်တာနဲ့ ကုပေးတာလည်းရှိတယ်။ ရက်အများကြီးသွင်းရမယ့် သူကျတော့ ဆေးရုံပေါ်တင်ပြီး ကုတာတွေလည်း ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ဆေးသွင်း ကုသသည့် လူနာရာနှင့်ချီရှိသည့် အတွက်ကြောင့် လူနာများအနေဖြင့် ဆေးထုတ်ယူရာတွင် အချိန်ကြာ စောင့်ဆိုင်းရမှုများ ရှိနေကြောင်း သိရသည်။

“ဆေးရုံမှာ ဆရာမတွေက ဆေးသွင်းတဲ့အခါမှာ ဂရုစိုက်ပါတယ်။ လိုလေသေးမရှိပါဘူး။ ကုရတာလည်း ကုန်ကျမှု သိပ်မရှိဘူး။ ဆေးက တန်းစီပြီးစောင့်ရတယ် ဆိုတာက ပြင်ပလူနာက နေ့တိုင်းရှိတယ်။ ကြာသပတေး တစ်ရက်ပဲ မရှိတာ။ လာကြည့်စေချင်တယ်။ လူတွေက အရမ်းများတာ။ မြန်မာနိုင်ငံမှာ ကင်ဆာကုဌာနကလည်း နည်းသေးတာပေါ့။ နည်းသေးတဲ့ အခါကျတော့ လူနာအရမ်းများတယ်။ အရမ်းများတော့ စောင့်ရတာပဲလေ။ သူနာပြုဆရာမတွေလည်း မအားလပ်ရပါဘူး။ ဒါ အစ်မကိုယ်တိုင် မျက်မြင်ပေါ့နော်” ဟု ကင်ဆာဝေဒနာ ခံစားနေရသူ တစ်ဦးက ပြောကြားသည်။

လက်ရှိ ကင်ဆာဌာနတွင် တွဲဖက်ပါမောက္ခ အပါအ၀င် ဆရာဝန် ခုနစ်ဦးသာ ရှိကြောင်းနှင့် ဘွဲ့လွန်သင်တန်း တက်နေသည့် ဆရာဝန် ၃၃ ဦးရှိကြောင်း ဒေါက်တာ ခင်သင်းမူက ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာနတွင် လာရောက်ကုသသည့် ကင်ဆာလူနာ တစ်နှစ်လျှင် ပျမ်းမျှ ၃၀၀၀ နှင့် ၄၀၀၀ ကြားရှိကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီး၏ စာရင်းဇယားများအရ အမျိုးသမီးများတွင် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ စသည့် ကင်ဆာ အဖြစ်များပြီး အမျိုးသားများတွင် အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ စသည့် ကင်ဆာရောဂါများ အဖြစ်များကြောင်းနှင့် ကင်ဆာရောဂါကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နှစ်စဉ်လာရောက် ပြသသောလူနာ ထက်ဝက်ကျော်မှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

 

အကျဉ်းထောင်များအတွင်း အသည်းရောင်အသားဝါ၊ အိပ်ခ်ျအိုင်ဗွီ၊ တီဘီရောဂါ စစ်ဆေးကုသခြင်း အပါအ၀င် ကျန်းမာရေး အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းများ 3MDG က လုပ်ဆောင်နေ

အင်းစိန်အကျဉ်းထောင်ဝင်းအတွင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

အကျဉ်းထောင်များအတွင်း အသည်းရောင်အသားဝါ၊ အိပ်ခ်ျအိုင်ဗွီ၊ တီဘီရောဂါများ စစ်ဆေးကုသခြင်း အပါအ၀င် လိုအပ်သော ကျန်းမာရေး အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းများကို ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ အဖွဲ့မှ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များနှင့် အလုပ်စခန်းများမှ ထိခိုက်အလွယ်ဆုံးဖြစ်သည့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ပေးနိုင်ရန် အင်းစိန်၊ မြစ်ကြီးနား၊ လားရှိုးနှင့် မန္တလေး အကျဉ်းထောင်များရှိ ကျန်းမာရေးအခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့ကို ၂၀၁၇ ခုနှစ်အတွင်းက စတင်တည်ဆောက်ပေးလျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် 3MDG ၏ မိတ်ဖက်အဖွဲ့အစည်း တစ်ခုမှ အကျဉ်းထောင်အတွင်း နာတာရှည်ရောဂါ စီမံခန့်ခွဲရေး၊ အသည်းရောင်အသားဝါ ဘီပိုးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးပေးခြင်း၊ အိပ်ခ်ျအိုင်ဗွီပိုးနှင့် တီဘီရောဂါ စစ်ဆေးကုသပေးခြင်း၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

3MDG သည် အဆိုပါ အကျဉ်းထောင်များတွင် ကျန်းမာရေးအခြေခံ အဆောက်အအုံများ တည်ဆောက်ရေးနှင့် အင်းစိန်ထောင်တွင် ဓာတ်ခွဲခန်း တိုးချဲ့ပြင်ဆင်ခြင်းတို့အတွက် ရန်ပုံငွေပံ့ပိုးပေးလျက်ရှိပြီး အဆိုပါ အဆောက်အအုံများသည် အကျဉ်းသားများနှင့် အကျဉ်းထောင် ၀န်ထမ်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုရရှိနိုင်ရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အကျဉ်းထောင်စနစ်တွင် လူ့စွမ်းအား အရင်းအမြစ် လိုအပ်မှုနှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များရှိနေကာ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ကြီးမားနေပြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရန် 3MDG သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမျိုးသား  ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံကိန်း၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းနှင့် ပြည်ထဲရေး ၀န်ကြီးဌာန၏ အကျဉ်းဦးစီးဌာနတို့နှင့် ပူးပေါင်းကာ UNODC, UNAIDS, WHO နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လက်ရှိ လားရှိုး အကျဉ်းထောင်တွင် တည်ဆောက်လျက်ရှိသော ဆေးခန်းမှာ ၂၀၁၈ ခုနှစ် ဇွန်လတွင် ပြီးစီးမည်ဟု ခန့်မှန်းထားပြီး အဆိုပါ ကျန်းမာရေးအခြေခံ အဆောက်အအုံများကို အမျိုးသား၊ အမျိုးသမီးသီးသန့် ဆောက်လုပ်ထားမည်ဖြစ်ပြီး စီမံခန့်ခွဲရေး ရုံးခန်းလည်း ပါဝင်မည် ဖြစ်ကြောင်း၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း၏ ဦးဆောင်မှုဖြင့် အင်းစိန်နှင့် မန္တလေး အကျဉ်းထောင်များတွင် တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်းနှင့် ယင်းသို့ဆောင်ရွက်ရန် အခြေခံအဆောက်အအုံ မြှင့်တင်ခြင်း လုပ်ငန်းများမှာလည်း ဦးစားပေး အစီအစဉ်တွင် ပါဝင်ကြောင်း သိရသည်။

ထို့ပြင် 3MDG သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အကျဉ်းထောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အကျဉ်းထောင်ရှိ အကျဉ်းသား ၃၅၀၀ ခန့်နှင့် ရဲဘက်စခန်း နှစ်ခုရှိ အကျဉ်းသား ၂၀၀ ခန့်အတွက် သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းများနှင့် လက်တွဲ၍ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် 3MDG အဖွဲ့ကို ရန်ပုံငွေ ပံ့ပိုးပေးလျက်ရှိကြောင်းနှင့် ၎င်းလုပ်ငန်းများကို ရှေ့ပြေးစမ်းသပ် ဆောင်ရွက်ခြင်းဖြစ်ပြီး အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အပြည့်အ၀ လွှမ်းခြုံ နိုင်ရန် ကြိုးစားနေဆဲအချိန်တွင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ သက်ဆိုင်ရာ  ကျန်းမာရေး အဖွဲ့အစည်းများနှင့် လက်တွဲ၍ ယာယီဖြည့်ဆည်း ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ ထိခိုက်အလွယ်ဆုံးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများမှ အလှမ်းဝေးကွာနေသော သူများထဲတွင် မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ အကျဉ်းသားများ ပါဝင်ပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှု မရရှိကြခြင်းကြောင့် အကျဉ်းသားများအတွက် ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် အကျဉ်းထောင်အတွင်း လိုအပ်နေသော ကျန်းမာရေး အခြေခံ အဆောက်အအုံလေးခုကို တည်ဆောက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း 3MDG ရန်ပုံငွေအဖွဲ့မှ သိရသည်။

 

အသက် ၁၃ နှစ်မှ ၁၅ နှစ်အကြား ကျောင်းသားလူငယ်ထုအတွင်း ဆေးလိပ်၊ ကွမ်းယာစားသုံးမှုနှုန်း မြင့်မားနေသည့်အတွက် ကျန်းမာရေးနှင့် ပညာရေး ၀န်ကြီးဌာနများ ပူးပေါင်း၍ အထူးစီမံချက်ချ ဆောင်ရွက်မည်

ဆေးလိပ်၊ ကွမ်းယာ လက်လီရောင်းချသည့် အရောင်းဆိုင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၁၃ နှစ်မှ ၁၅ နှစ်အကြား ကျောင်းသား လူငယ်ထုအတွင်း ဆေးလိပ်၊ ကွမ်းယာ စားသုံးမှု မြင့်မားနေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနတို့ ပူးပေါင်း၍ အထူးစီမံချက်ချ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်က ပြုလုပ်သော စစ်တမ်းအရ မြန်မာနိုင်ငံတွင် နေ့စဉ်ဆေးလိပ်သောက်သုံးသူ အမျိုးသားမှာ ၃၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၇ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး နေ့စဉ်ဆေးရွက်ကြီးပါသော ကွမ်းစားသူ အမျိုးသား ၆၂ ရာခိုင်နှုန်းနှင့် အမျိုးသမီးမှာ ၂၄ ရာခိုင်နှုန်းရှိသဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးသူ ရာခိုင်နှုန်းမှာ အလွန်များသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော Global Youth Tobacco Survey အရ အသက် ၁၃ နှစ်မှ ၁၅ နှစ်အကြား ကျောင်းသား လူငယ်ထုအတွင်း ဆေးလိပ် သို့မဟုတ် ကွမ်းယာ စားသုံးသူ ယောက်ျားလေးများတွင် ၂၆ ရာခိုင်နှုန်းနှင့် မိန်းကလေးများတွင် လေးရာခိုင်နှုန်း ရှိသဖြင့် ယင်းအချက်များသည် လက်မခံနိုင်သော အခြေအနေ ဖြစ်နေသည့်အတွက် အထူးစီမံချက်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုမှာ တစ်နေ့တခြား တိုးတက်လျက် ရှိသည့်အပြင် ပစ္စည်းအမျိုးအစား စုံလင်ပြီး ထုတ်လုပ်မှု အရေအတွက် တိုးပွားလာသကဲ့သို့ ပစ္စည်းတန်ဖိုးမှာလည်း အာဆီယံနိုင်ငံများ အကြားတွင် အနည်းဆုံးဈေးဖြင့် ၀ယ်ယူရရှိနိုင်ကြောင်း၊ ပြည်တွင်း၌ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခါအားလျော်စွာ အခွန်တိုးမြှင့်  ကောက်ခံသည့်တိုင်အောင် တက်လာသည့်ဈေးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးလျက် ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှစ၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် သုံးစွဲမှု လျော့နည်းကျဆင်းရေးအတွက် ဥပဒေထုတ်ပြန်ပြီး ထိန်းချုပ်မှုများ ဆောင်ရွက်နေသော်လည်း အရေးယူမှု အားနည်းနေကြောင်း သိရသည်။

မူးယစ်ဆေးဝါးမှတစ်ဆင့် အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်မှုနှုန်း ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ

နယ်စည်းမခြား ဆရာဝန်အဖွဲ့၊ သာကေတဆေးခန်းတွင် လာရောက် ဆေးကုသနေသည့် အိပ်ခ်ျအိုင်ဗွီလူနာ တစ်ဦးအား သွေးဖောက်စစ်ဆေးနေစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးမှတစ်ဆင့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်မှုနှုန်း ၁၈ ရာခိုင်နှုန်း အထိ မြင့်တက်လာကြောင်း အမျိုးသား ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေး အစီအစဉ်၏ အချက်အလက်များအရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ပြဿနာနှင့် ပတ်သက်၍ စိုက်ပျိုးမှုပြဿနာ၊ ထုတ်လုပ်မှု ပြဿနာ၊ သယ်ဆောင် ရောင်းဝယ်မှု ပြဿနာနှင့် သုံးစွဲမှု ပြဿနာတို့ကို ရင်ဆိုင်နေရပြီး ၂၀၁၇ ခုနှစ်တွင် စိုက်ပျိုးမှုအနေဖြင့် ၂၅ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုအနေဖြင့် ၁၄ ရာခိုင်နှုန်း သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုအပိုင်းတွင် ဖမ်းဆီးရမိမှု ဖြစ်စဉ်များအရ စိတ်ကြွရူးသွပ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်မှုများသည် ပြည်တွင်း ပြည်ပတွင် မြင့်တက်လာကြောင်းနှင့် သုံးစွဲမှု အပိုင်းတွင် ဘိန်း၊ ဘိန်းဖြူ သုံးစွဲမှု ပြဿနာများ၊ ဘိန်းဖြူ ထိုးသွင်းခြင်းကြောင့် ဖြစ်ရသည့် အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်မှု ပြဿနာများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၃၀ ပြည့်နှစ်တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားမှုကို ပြည်သူ့ကျန်းမာရေး ကပ်ရောဂါအဖြစ်မှ အဆုံးသတ်ရန် လုပ်ဆောင်မည်ဖြစ်ရာ လက်ရှိတွင် ခုခံအားကျဆင်းမှုရောဂါ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀) ကို ရေးဆွဲလုပ်ဆောင် လျက်ရှိသည်။

မဟာဗျူဟာသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ကတိက၀တ်နှင့် ယခင်က ချမှတ်ခဲ့သည့် အမျိုးသား မဟာဗျူဟာ စီမံကိန်း (၂) ၏ အောင်မြင်မှုများအပေါ် အခြေခံရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ အကျိုးသက်ရောက်မှု အကြီးမားဆုံး ရရှိစေရန်အတွက် ပထ၀ီဝင်/ဒေသဆိုင်ရာ လူဦးရေနှင့် ဦးစားပေး ဆောင်ရွက်ချက်များ သတ်မှတ်၍ ဦးတည်ဆောင်ရွက်နိုင်ရန်လည်း လမ်းညွှန်ပြသထားကြောင်းနှင့် မဟာဗျူဟာသည် အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံထားရသူများ၊ မူးယစ်ဆေး ထိုးသွင်းသုံးစွဲသူများ၊ အမျိုးသားအချင်းချင်း လိင်ဆက်ဆံကြသူများ၊ လိင်အလုပ်သမားများနှင့် ၎င်းတို့နှင့် လိင်ဆက်ဆံဖက်များ အပါအ၀င် ဦးတည်အုပ်စုများနှင့် ရောဂါပိုး၏ ဆက်နွှယ်ထိခိုက်မှုကို ခံစားနေရသည့် သူများ၏ လူ့အခွင့်အရေးနှင့် ကျား/မ တန်းတူညီမျှမှုကို ကာကွယ်ရန်နှင့် မြှင့်တင်ပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အမျိုးသား ကျန်းမာရေး စီမံကိန်းတွင် အဓိကဦးစားပေး တိုက်ဖျက်ရမည့် ရောဂါများ စာရင်းတွင် ထည့်သွင်းပြီး ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် အေအာတီနှင့် အခြားသော ဆေးပစ္စည်းများ အပါအ၀င် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုကို ကုသရန်အတွက် ဒေါ်လာ ၁၅ သန်းနှင့် မက်သဒုန်း စုဆောင်းရန်အတွက် ဒေါ်လာတစ်သန်း သုံးစွဲခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

 

အသည်းရောင်အသားဝါ ‘စီ’ ရောဂါလူနာများအား ဆေးကုသမှုစီမံချက်ကို ပြည်သူ့ဆေးရုံကြီး ခုနစ်ရုံအပြင် မြစ်ကြီးနား၊ မော်လမြိုင်ဆေးရုံတို့တွင် တိုးချဲ့လုပ်ဆောင်မည်

အသည်းရောင်အသားဝါစီရောဂါ လူနာများအား ကုသပေးသည့်အစီအစဉ်တွင် တစ်ခုအပါအ၀င်ဖြစ်သော ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

အသည်းရောင်အသားဝါ  ‘စီ’  ရောဂါလူနာများအား အခမဲ့ကုသပေးနေသည့် အမျိုးသား အသည်းရောင် အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး ခုနစ်ရုံအပြင် ယခုနှစ်အတွင်း မြစ်ကြီးနားနှင့်မော်လမြိုင်ဆေးရုံတို့တွင် တိုးချဲ့လုပ်ဆောင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနမှ သိရသည်။

“လူနာတစ်ဦးကို ကုန်ကျစရိတ်အားဖြင့် သိန်း၂၀ လောက်ကုန်တယ်။ အခုအစီအစဉ်မှာ  ရန်ကုန်ကဆေးရုံငါးရုံ၊ နေပြည်တော်၊ မန္တလေးကဆေးရုံတွေလည်း ပါတယ်။ ရန်ကုန်မှာဆို အထွေထွေရောဂါကုဆေးရုံကြီး၊ ခုတင် ၅၀၀၊ မြောက်ဥက္ကလာပဆေးရုံ၊ သာကေတ ဆေးရုံ၊ မင်္ဂလာဒုံဆေးရုံလည်းပါတယ်။ နေပြည်တော်နဲ့ မန္တလေးဆေးရုံကြီးလည်းပါတယ်။ ဆေးကုသမှုခံယူလိုသူတွေအနေနဲ့ ဒီဆေးရုံတွေမှာ ဆက်သွယ်ပြီး ရောဂါစစ်ဆေးမှုတွေ လာလုပ်ဖို့ လိုပါတယ်။ လူနာတွေက ဆေးရုံတက်ကုသဖို့မလိုတဲ့အတွက် လူနာရဲ့ ရောဂါဖြစ်ပွားမှုအခြေအနေပေါ်မူတည်ပြီးတော့ ဆေးဝါးတွေကို တစ်လစာ၊ သုံးလစာဆိုပြီး ပေးတာပါ”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတို့ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ နိုင်ငံပိုင်ပြည်သူ့ဆေးရုံကြီး ခုနစ်ရုံမှ အသည်းရောင်အသားဝါစီပိုး ကူးစက်ခံထားရသူလူနာများကို ၂၀၁၇ ခုနှစ် ဇွန်လလယ်ပိုင်းမှစ၍ Pilot Program အဖြစ် အခမဲ့ကုသမှုပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလကုန်အတွင်း အသည်းရောင်အသားဝါ စီပိုးလူနာဦးရေ ၂၀၉၉ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၁၇၃၀ ကုသမှု ကာလပြည့်မြောက်ခဲ့ပြီ ဖြစ်ကာ ၇၂၄ ဦး အသည်းရောင်အသားဝါစီပိုး လုံးဝပျောက်ကင်းခဲ့ကြောင်းနှင့် ယခင်က ဆေးကုသစရိတ်များစွာ ကုန်ကျခဲ့သည့် အသည်းရောင် အသားဝါစီပိုးကုသမှုသည် ယခုအခါ ကာလတိုနှင့် ကုန်ကျစရိတ်သက် သာစွာ ကုသနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကုသပေးရာတွင် အသုံးပြုသည့် ဆေးများအနက် Daclatasvir  ဆေးကို အမေရိကန် နိုင်ငံအခြေစိုက် AmeriCares ကုမ္ပဏီက CHAI အဖွဲ့မှတစ်ဆင့် လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ကျန်ဆေးတစ်မျိုး Sofosbuvir နှင့် စမ်းသပ်မှုပစ္စည်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရန်ပုံငွေမှ ကျပ်လေးဘီလျံခန့် အသုံးပြုပြီး  ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထပ်မံ၍ ၂၀၁၇-၂၀၁၈ ခုနှစ်အတွက်လည်း အသည်းရောင်အသားဝါစီပိုး ကုသရန် ဆေးဝါးများ ထပ်မံဝယ်ယူထားပြီး သက်ဆိုင်ရာ ကုသမှုဌာနများကို ဖြန့်ဖြူးနိုင်ရန် ၀န်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေကြောင်းနှင့် လက်ရှိဆေးရုံကြီး ခုနစ်ရုံအပြင် မြစ်ကြီးနား နှင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးများကိုပါ ကုသမှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စီမံချက်အရ နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့များမှ လေးနှစ်တာ ထောက်ပံ့ကူညီရန် နိုင်ငံပေါင်း ၁၅ နိုင်ငံ ရွေးချယ်ရာတွင် မြန်မာနိုင်ငံ ပါဝင်

ဆေးလိပ်၊ ကွမ်းယာ လက်လီရောင်းချသည့် အရောင်းဆိုင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း  စီမံချက်အရ နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့များမှ လေးနှစ်တာ ထောက်ပံ့ကူညီရန် နိုင်ငံပေါင်း ၁၅ နိုင်ငံ ရွေးချယ်ရာတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ သိရသည်။

FCTC အဖွဲ့ကြီးမှ FCTC ၂၀၃၀ စီမံချက်ဝင် နိုင်ငံများအဖြစ် နိုင်ငံပေါင်း ၁၅ နိုင်ငံကို ရွေးချယ်ရာတွင် မြန်မာနိုင်ငံပါဝင်ပြီး ယင်းနိုင်ငံများတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် အထူးပံ့ပိုးမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ FCTC အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေး လုပ်ငန်းများ ခိုင်မာစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယခင်ကထက် ပိုမိုအားကောင်းစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ FCTC သည် ဆေးရွက်ကြီးအသုံးပြုမှု လျှော့ချရေးအတွက် ကမ္ဘာ့နိုင်ငံများ စုပေါင်းအားထုတ်မှုပင်ဖြစ်ပြီး FCTC အရ အဖွဲ့ဝင်နိုင်ငံများသည် ဆေးရွက်ကြီး လျှော့ချမှုနှင့် ဆေးလိပ်ငွေ့ရှူရှိုက်မှုကို လျှော့ချနိုင်ရန် တိကျခိုင်မာသော သာဓကများရှိသည့် လုပ်နည်း လုပ်ဟန်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် FCTC ကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

FCTC တွင် ပါဝင်သော အဓိကအချက်များမှာ ပြည်သူ့ကျန်းမာရေး ပေါ်လစီများကို ဆေးရွက်ကြီး ကုမ္ပဏီများ၏ နှောင့်ယှက်ဟန့်တားမှုမှ အကာအကွယ်ပေးရန်အတွက် အဖွဲ့ဝင်နိုင်ငံများအား အကောင်အထည်ဖော် ဆောင်ရွက်ရမည့် Guidelines များကို အကြံပြု တိုက်တွန်းထားကြောင်း၊ ဈေးနှုန်းနှင့် အခွန်အကောက် မြှင့်တင်ခြင်းသည် ဆေးရွက်ကြီးသုံးစွဲမှုကို လျော့နည်းစေသော (ထိရောက်ပြီး အရေးပါသည့်) နည်းလမ်းများ ဖြစ်သည့်အတွက် အမျိုးသား ကျန်းမာရေး ရည်မှန်းချက်များအဖြစ် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်တိုးမြှင့် ကောက်ခံခြင်းနှင့် ဈေးနှုန်းမြှင့်တင်ခြင်း ပေါ်လစီကို ထည့်သွင်းဆောင်ရွက်ရန် တိုက်တွန်းထားကြောင်းနှင့် ထိရောက်သော အမျိုးသားအဆင့် ဆေးလိပ်ငွေ့ ကင်းစင်ရေး နည်းဥပဒေကို ရေးဆွဲအကောင်အထည်ဖော်ရန်လိုပြီး အလားအလာရှိသော တိုင်း၊ ပြည်နယ်များတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ဥပဒေကို မိမိတို့ဒေသအလိုက် ပြုစုအကောင်အထည်ဖော်ရန် အားပေးရမည် ဖြစ်ကြောင်း ပါဝင်သည်။

ထို့ပြင် ဆေးရွက်ကြီးထွက် ပစ္စည်းများနှင့် ၎င်းတို့မှ ထွက်လာသော အခိုးအငွေ့များတွင် ပါဝင်သော ပစ္စည်းများကို အဖွဲ့ဝင်နိုင်ငံများက စည်းကြပ်ထိန်းချုပ်ရမည်ဖြစ်ကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီးထွက် ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများက ၎င်းတို့ပစ္စည်းပေါ်တွင် မမှန်မကန်လှည့်စား အဓိပ္ပာယ်ဆောင်သည့် စကားလုံးများ ရေးသားဖော်ပြခြင်းများကို တားမြစ်ရမည် ဖြစ်ကြောင်းနှင့် မိမိနိုင်ငံ၏ အခြေခံဥပဒေနှင့်အညီ ဆေးလိပ်ဆေးရွက်ကြီးထွက် ပစ္စည်းများ ကြော်ငြာခြင်း၊ ရောင်းအား မြှင့်တင်ရန် ပရိုမိုးရှင်းလုပ်ခြင်း၊ စပွန်ဆာပေးခြင်းတို့ကို တားမြစ်ရမည်ဖြစ်ပြီး ပြည်တွင်းသာမက နယ်စပ်ဖြတ်ကျော် ပြုလုပ်ထားသော အလားတူ ကိစ္စရပ်များကို တားမြစ်ပိတ်ပင်ရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအပါအ၀င် အာရှပစိဖိတ်ဒေသများတွင် တရားမ၀င် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချမှု မြင့်မားနေပြီး တရားမ၀င် ကုန်သွယ်နေသည့် စီးကရက် အလိပ်ရေပေါင်း ၂၉၁ ဘီလီယံထိ ရှိနေကြောင်း၊ ကမ္ဘာ့အကောက်ခွန် သတင်းများအရ ကမ္ဘာပေါ်တွင် စီးကရက် ၁၀ လိပ် သောက်သုံးတိုင်းတွင် တစ်လိပ်မှာ တရားမ၀င် ကုန်သွယ်မှုမှရလာသည့် စီးကရက်များ ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာမက ဖွံ့ဖြိုးဆဲနိုင်ငံများမှာပါ တရားဝင်ထုတ်လုပ်မှု၏ ရာခိုင်နှုန်း ၅၀ နှင့် အထက်မှာ တရားမ၀င် ကုန်သွယ်မှုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ပြည်တွင်းမှ ထုတ်လုပ်သည့် စီးကရက်များ သာမက အခြားအိမ်နီးချင်း နိုင်ငံများမှ တစ်ဆင့်ခံ ကုန်သွယ်နေသည့် တရားမ၀င် စီးကရက်များ၊ တံဆိပ်တုများလည်း ၀င်ရောက်လျက်ရှိကြောင်း သိရသည်။

 

လူမှုဖူလုံရေးအဖွဲ့က အကျုံးဝင် အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အဆင့်မြှင့်တင်နေပြီး ပြင်ပလူနာကုသမှု (OPD CARE) အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာကုသဌာနကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ပြင်ပလူနာကုသမှု (OPD CARE) အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပူးပေါင်းဆောင် ရွက်လိုသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို ဖိတ်ခေါ်ထားကြောင်းနှင့် လူမှုဖူလုံရေး အဖွဲ့သည် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံ အလုပ်သမားများ မမာမကျန်းမှု၊ မီးဖွားမှု၊ အလုပ်ခွင် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု စသည့်လူမှုဒုက္ခများ ကြုံတွေ့ရသည့်အခါ အာမခံအလုပ်သမားများနှင့် မှီခိုသူမိသားစုများ လူမှုရေး အခက်အခဲ မဖြစ်ပေါ်စေရန်အတွက် ဆေးကုသပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့် ပြုခြင်းတို့ ကို ဆောင်ရွက်ပေးနေသော ‘လူမှုရေးအရ ၀န်ဆောင်မှုပေးသော အဖွဲ့အစည်းတစ်ခု’ ဖြစ်ကြောင်း သိရသည်။

လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် မကျန်းမာမှုဖြစ်သော အချိန်တွင် ဆေးကုသမှုပေးခြင်း၊ ၀င်ငွေမရှိသော အချိန်တွင် ၀င်ငွေရှိလာရန် ထောက်ပံ့ကူညီပေးခြင်း၊ အလုပ်ကြောင့် ရောဂါဖြစ်ခဲ့ပါက ဆေးရုံတက် ကုသခွင့်ပေးခြင်း၊ မီးဖွားမှုအတွက် ထောက်ပံ့မှုများပေးခြင်း၊ လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခဲ့ပါက ကျန်ရစ်သူ အကျိုးခံစားခွင့်များ ထောက်ပံ့ပေးခြင်းများကို လုပ်ဆောင်ပေးလျက် ရှိကြောင်းနှင့် လူမှုဖူလုံရေးစနစ် အာမခံထားရှိရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ ကျန်းမာရေး စစ်ဆေးမှုခံယူရန်၊ ခန့်အပ်သည့် အလုပ်ကို စွမ်းဆောင်နိုင်ဖွယ် မရှိလျှင် လည်းကောင်း၊ နာတာရှည်ရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိလျှင်လည်းကောင်း လူမှုဖူလုံရေးဆေးရုံကြီး (သို့မဟုတ်) သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးဌာနသို့ ရောဂါရှာဖွေနိုင်ရန် စေလွှတ်ခြင်း၊ ကုန်ကျစရိတ်ကို လုပ်ငန်းဌာန၏ အလုပ်သမားအတွက် ဖြစ်ပါက အလုပ်ရှင်ကသော် လည်းကောင်း၊ မိမိဆန္ဒအလျောက် အာမခံထားသူ ဖြစ်ပါက ကိုယ်တိုင်ကျခံရန်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ၏ ရည်ရွယ်ချက်များနှင့်အညီ လူမှုဖူလုံရေးစီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လူမှုဖူလုံရေးဥပဒေ၏ အခန်း (၃) ပုဒ်မ (၄) (က) အရ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အား အဖွဲ့ဝင် ၂၈ ဦးဖြင့် နိုင်ငံတော် သမ္မတရုံး၏ သဘောတူ ခွင့်ပြုချက်အရ ၀န်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် (၅၄/၂၀၁၃) ဖြင့် ၂၀၁၃ ခုနှစ် ဇွန် ၁၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ ၀န်ကြီးဌာနများ၊ ဦးစီးဌာနနှင့် အဖွဲ့အစည်းများ ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းခြင်းများ ရှိပါသဖြင့် ပြောင်းလဲနေသည့် အခြေအနေများနှင့်အညီ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အဖွဲ့သစ်ကို အဖွဲ့ဝင် ၂၀ ဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၉၁/၂၀၁၇) ဖြင့်ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

မြန်မာ အပါအ၀င် မဟာမဲခေါင်ဒေသ၌ ငှက်ဖျားရောဂါကင်းဝေးရေး အရှိန်မြှင့်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဒေါ်လာ ၉၇ သန်းကျော် ထောက်ပံ့

ငှက်ဖျားရောဂါနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင် ဖတ်ရှုနေသူ တစ်ဦးအား တွေ့ရစဉ်

၂၀၃၀ ပြည့်နှစ်အတွင်း မြန်မာအပါအ၀င် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၌ ငှက်ဖျားရောဂါ ကင်းဝေးရေး အရှိန်မြှင့် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေ အဖွဲ့က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း ဆက်လက် ထောက်ပံ့ရန်ရှိကြောင်း သိရသည်။

မဟာမဲခေါင်ဒေသတွင်း လွန်ခဲ့သော ငါးနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုကို ၈၆ ရာခိုင်နှုန်းနှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးနှုန်း ကို ၉၁ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည်လည်း WHO Global Technical Strategy and Strategy for Malaria Elimination in the Greater Mekong Subregion ကိုအခြေခံပြီး အမျိုးသား     ငှက်ဖျားရောဂါ ကင်းဝေးရေး စီမံချက် ရေးဆွဲပြီးလုပ်ငန်းများ စတင်လျက်ရှိကြောင်း၊ ငှက်ဖျားရောဂါ လျော့နည်းကျဆင်း လာသော်လည်း ဝေးလံခက်ခဲသည့်နေရာများ၊ နယ်စပ်ဒေသများ၊ ရွှေ့ပြောင်းနေထိုင်သူများတွင် ဖြစ်ပွားမှု ရှိနေဆဲဖြစ်ပြီး

ငှက်ဖျားဆေး ယဉ်ပါးမှုနှင့် အာတီမီ ဆီနင်းငှက်ဖျား ဆေးပေါင်းကို ဆေးယဉ်ပါးမှုများသည်လည်း မဟာမဲခေါင်ဒေသတွင်း နိုင်ငံများကို ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အိပ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ဆက်လက် ထောက်ပံ့ပေးရာတွင် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၀၄ သန်း၊ အိပ်ခ်ျအိုင်ဗွီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၂၉ ဒသမ ၉၆သန်းနှင့် ငှက်ဖျားရောဂါ ကင်းဝေးရေးအတွက် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၄၄ သန်း ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်း ငှက်ဖျားရောဂါဖြစ်ပွားမှု ရှိနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားနှုန်း၏ ၈၅ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း၏ ၉၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနခွဲ၊ အမျိုးသား ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်းမှာ ၂၀၁၂ ခုနှစ် ဖြစ်နှုန်း၏ ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး ယခင်က မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ခြောက်သိန်းရှိကြောင်းနှင့် ၂၀၁၆ ခုနှစ် စာရင်းများအရ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း လျော့ကျလာပြီး လက်ရှိ လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်း ဖြစ်ပွားလျက်ရှိပြီး သေဆုံးနှုန်းမှာ လူဦးရေ တစ်သိန်းလျှင် ၀ ဒသမ ၀၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားနှုန်း၏ ၈၅ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း၏ ၉၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးကို ဦးတည်လုပ်ဆောင်ရန် ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ငှက်ဖျားရောဂါ ကူးစက်မှုရှိနိုင်သော နေရာများအဖြစ် သတ်မှတ်ထားကြောင်း၊ အာရှ-ပစိဖိတ် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွန်ရက်က ပြုလုပ်သော ငှက်ဖျားရောဂါ ရက်သတ္တပတ် လှုပ်ရှားမှု အစည်းအဝေးမှ သိရသည်။

အာရှနှင့် ပစိဖိတ်ဒေသအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုသည် ၂၀၁၅ ခုနှစ်တွင် ၈၆ ရာခိုင်နှုန်းမှ ၂၀၁၆ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုပေါင်း ၁၁၀၁၄၆ ခုနှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုပေါင်း၂၁ ခုသာ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ကိန်းဂဏန်း အချက်အလက်များနှင့် နှိုင်းယှဉ်ပါ က ငှက်ဖျားရောဂါ ဖြစ်ပွားမှုပေါင်း ၇၇ ရာခိုင်နှုန်းနှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုပေါင်း ၉၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ သိရသည်။