ပခုက္ကူမြို့နယ် ကမ္မမြို့နှင့် အနီးတစ်ဝိုက် ကျေးရွာများတွင် ကလေးခိုးယူခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားနေသည့်အတွက် ဒေသခံများစိုးရိမ်နေ

ပခုက္ကူမြို့နယ် ကမ္မမြို့နှင့်အနီးတစ်ဝိုက် ကျေးရွာများတွင် ယခုသြဂုတ်လဆန်းပိုင်းမှစ၍ ကလေးခိုးယူခံရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများ စိုးရိမ်နေပြီး သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သြဂုတ် ၄ ရက်၊ ၁၃ ရက်နှင့် ၁၆ ရက်များတွင် ပခုက္ကူမြို့နယ် ကမ္မမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် ကလေးခိုးယူမှု သုံးကြိမ်ဖြစ်ပွားရာ မိဘများနှင့် ပတ်ဝန်းကျင်မှ အချိန်မီ သိရှိသည့်အတွက် ကလေးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

သြဂုတ် ၄ ရက် ညနေ ၃ နာရီခန့်က ပခုက္ကူမြို့နယ် ကမ္မမြို့ အမှတ် (၈) ရပ်ကွက်နေ ဦးလှထွန်း ဒေါ်သန်းဆင့်တို့၏ လေးလသားအရွယ် မိန်းကလေးအား အမျိုးသမီးတစ်ဦးက ခိုးယူထွက်ပြေးမှုဖြစ်ပွားရာ ဒေ သခံများက ကလေးခိုးယူသူအား ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကလေးခိုးယူသူ မခင်သန်းနွဲ့ (ခ) မပိန် (၂၃)နှစ်အား ကမ္မရဲစခန်းတွင် (ပ)၄၄/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သြဂုတ် ၁၃ ရက် ည ၉ နာရီခန့်က ပခုက္ကူမြို့နယ် ချောင်းဆုံကျေးရွာတွင် ဦးမင်းကို နေအိမ်၌ မိသားစုအိပ်မောကျစဉ် လေးနှစ်အရွယ် သားဖြစ်သူအား အမျိုးသားတစ်ဦးက ခိုးယူသွားရာ မိဘများသိရှိပြီး ရွာခံများနှင့် လိုက်လံရှာဖွေရာ ကလေးခိုးသူက ကလေးအား ရွာပြင်တွင်ချထား၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၆ ရက် ည ၈ နာရီခွဲခန့်က ပခုက္ကူမြို့နယ် အနောက်တောကျေးရွာတွင် တစ်နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦးအား လူတစ်ဦးက ပွေ့ချီထွက်ပြေးရာ မိဘများ သိရှိသွားပြီး နောက်မှလိုက်ရာ ကလေးအား ချထား၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ပထမဖြစ်စဉ်မှာ အမျိုးသမီးမိတယ်။ အမှုဖွင့်တယ်။ နောက်အမှုမှာ အမျိုးသား ဖြစ်သွားတယ်။ အဖွဲ့လိုက်ဖြစ်နေပြီလားဆိုတာ အသေးစိတ်သိမှရတော့မယ်။ စုံစမ်းရတော့မယ်။ ဒီတိုင်းထားလို့ မရပါဘူး။ ရဲတပ်ဖွဲ့ကလည်း လှည့်ကင်းတွေနဲ့ ပတ်ရမယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းဆောင်ရွက်ရမယ်။ ကလေးခိုးကိစ္စကို ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး လှည့်ကင်းတွေလိုအပ်ရင် ကင်းပုန်းဝပ် စောင့်ရမယ်” ဟု ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ပြောကြားသည်။

မြင်းခြံဆေးရုံမှ သုံးရက်သားအရွယ် ကလေးငယ်အား ခိုးယူလာသည့် အမျိုးသမီးကို အမြန်လမ်း ၁၁ မိုင်၌ ဖမ်းမိ

သုံးရက်သားကလေးငယ်ကို ခိုးယူခဲ့သည့် အမျိုးသမီးအား တွေ့ရစဉ် (ဓာတ်ပုံ -U Ko Ni Facebook)

မန္တလေးတိုင်းဒေသကြီး မြင်းခြံပြည်သူ့ဆေးရုံမှ သုံးရက်သားအရွယ် ကလေးငယ်ကို ခိုးယူလာသည့် အမျိုးသမီးအား အမြန်လမ်း ၁၁ မိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၁၁ ရက်က မြင်းခြံအမှတ်(၁)ရဲစခန်းမှ သိရသည်။

ကလေးငယ်ကို ခိုးယူသည့် အမျိုးသမီးအား ဇွန် ၁၁ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အမြန်လမ်း ၁၁ မိုင်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် ခိုးယူခံရသည့်ကလေးငယ်မှာ မြင်းခြံဆေးရုံ၌ မွေးဖွားပြီးသည်မှာ သုံးရက်သာရှိသေးပြီး ဇွန် ၁၀ ရက်က အခိုးခံရခြင်းဖြစ်ကြောင်း သိရသည်။

“ဇွန် ၁၀ ရက်က ဖြစ်တာပါ။ ကလေးက မွေးပြီးတာ သုံးရက်ပဲ ရှိသေးတယ်လို့ သိရတယ်။ ကလေးခိုးယူသွားတဲ့လူက ခရီးသည်တင်ယာဉ်တစ်စီးနဲ့ ရန်ကုန်ဘက်ကို သွားတယ်လို့သိရတော့ ကျွန်တော်တို့ မြင်းခြံမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အခု သူ့ကိုတော့ အမြန်လမ်း ၁၁ မိုင်ကနေ မြင်းခြံကိုပြန်ပြီး ခေါ်လာတယ်လို့ သိရတယ်” ဟု မြင်းခြံအမှတ်(၁)ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကလေးငယ်ကို ခိုးယူခဲ့သည့် အမျိုးသမီးမှာ ပခုက္ကူမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး အသက် ၄၅ နှစ်ခန့်ရှိကာ ၎င်းကို လက်ရှိတွင် အမြန်လမ်း ၁၁ မိုင်မှ မြင်းခြံမြို့သို့ ပြန်လည်ခေါ်ယူလာကြောင်းနှင့် ခိုးယူသွားသည့် ကလေးငယ်ကို မိဘများထံသို့ ပြန်လည်အပ်နှံထားပြီဖြစ်ကြောင်း သိရသည်။

“မြင်းခြံရဲစခန်းကနေ ကလေးခိုးလာတဲ့ အမျိုးသမီးတစ်ဦးက ခရီးသည်တင်ယာဉ်တစ်စီးနဲ့ ရန်ကုန်ဘက်ကိုလိုက်လာတယ်လို့ သတင်းရလို့ ရှာဖွေပိတ်ဆို့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဖမ်းဆီးရမိတဲ့ အမျိုးသမီးကို မြင်းခြံရဲစခန်းကို လွှဲလိုက်ပါပြီ” ဟု အမှတ်(၃) လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ သုံးရက်သားအရွယ် ကလေးငယ်ကို ခိုးယူသွားခဲ့သည့် အမျိုးသမီးအား မြင်းခြံမြို့အမှတ် (၁)ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ထားပြီး ခိုးယူခဲ့သည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၅ ရက် နံနက် ၂ နာရီခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပဆေးရုံကြီးတွင် မြောက်ဥက္ကလာပ မြို့နယ် (ည) ရပ်ကွက်နေ မ….(၃၅ နှစ်) ဆိုသူ၏ မွေးကင်းစအရွယ် ကလေးငယ်တစ်ဦး အခိုးခံခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို မြောက်ဥက္ကလာပမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ထားကာ ခိုးယူသူကို လက်ရှိအချိန်တွင် ဖမ်းဆီးရမိ စစ်ဆေးဆောင်ရွက်နေကြောင်း ဇွန် ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။