မြိတ်မြို့နောက်လယ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ ( ၃ ) တွင် ဓားရှည်ကိုင်ဆောင်ပြီး ဘဏ်ဝန်ထမ်းများအား ခြိမ်းခြောက်ကာ ကျပ်ငါးသိန်း လုယက်ထွက်ပြေးသူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

လုယက်မှုဖြစ်ပွားခဲ့သည့် မြိတ်မြို့နောက်လယ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ (၃)အား တွေ့ရစဉ်

 

မြိတ်မြို့ နောက်လယ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ (၃)တွင် ဓားရှည်တစ်ချောင်းပြကာ ငွေများ လုယက်သွားသူအား ရဲတပ်ဖွဲ့ဝင်များ မှနာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၄ ရက် နေ့လည် ၁၂ နာရီတွင် နောက်လယ်ရပ်ကွက်၊ ပိတောက်ရွှေ ၀ါလမ်းမကြီးနှင့် ၉ လမ်းထောင့်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲ(၃)အတွင်းသို့ ဓားရှည်ကိုင်ထားသည့် အမျိုးသားတစ်ဦး ၀င်ရောက်လာပြီး ဘဏ်ဝန်ထမ်းများအား ခြိမ်းခြောက်ကာငွေ ငါးသိန်းလုယူကာဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဘဏ်ဝန်ထမ်းများအား ခြိမ်းခြောက်ကာ ငွေငါးသိန်းလုယူသွားသူကို တွေ့ရစဉ်

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ချက်ချင်းဆောင်ရွက်ခဲ့ရာ မွန်းလွဲ၂ နာရီခန့်တွင် မြိတ်မြို့မြိတ်တောင်နယ်မြေ ရွှေယင်းမာလမ်းသွယ်အတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်ဖြစ်ပြီးတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ချက်ချင်းပဲ လိုက်လံစုံစမ်းခဲ့တယ်။ ထွက်ပြေးသွားတဲ့လမ်းကြောင်း အတိုင်းနေရာတွေ ဖြန့်ခွဲပြီး စုံစမ်းမှုတွေလုပ်ခဲ့ရာမှာ ရွှေယင်းမာလမ်းထဲကို ဆိုင်ကယ်တစ်စီး အရှိန်ပြင်းပြင်းနှင့် မောင်းဝင်သွားတာတွေ့ကြောင်း တာဝန်သိပြည်သူတွေက ပြောပြခဲ့တယ်။ တပ်ဖွဲ့ဝင်တွေကလမ်းထဲကို စုံစမ်းဖို့ ၀င်သွားတဲ့အချိန်မှာ ပြစ်မှုကျုးလွန်သူလို့ယူ ဆရတဲ့သူက ထွက်ပြေးတယ်။ အဲဒီမှာခရိုင် မှုခင်းအကူအဖွဲ့မှ ရဲအုပ်ခင်မောင်အေးနှင့် အဖွဲ့က လုံးထွေးပြီး ဖမ်းဆီးခဲ့ရတယ်အခုပြစ်မှု ကျူးလွန်သူကို မြို့မရဲစခန်းမှာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ဆေးနေပါတယ်” လို့ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး တင်ထွန်းမှပြောကြားခဲ့သည်။ ဘဏ်အတွင်း ဓားရှည်ပြကာငွေများ လုယက်သွားသူမှာ မင်းမင်းစိုး ၂၈ နှစ် (ဘ)  ဦးတင်ထွန်း (ခ) စိန်မာဒင် မြိတ်တောင်နယ် မြေမြို့သစ် ၇ ရပ်ကွက် ရွှေယင်းမာလမ်းသွယ်တွင် နေထိုင်သူဖြစ်ပြီး မြိတ်မြို့မရဲစခန်းမှ (ပ) ၁၁၈၇/၂၀၁၈၊ လုယက်မှုရာဇသတ်ကြီး ပုဒ်မ ၃၉၂ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ မြိတ်မြို့တွင် ပြီးခဲ့သည့် နှစ်ကလည်း ကန်ဖျားရပ်ကွက်ရှိ KBZ မီနီဘဏ်တွင် သေနတ်ပြငွေလုယက်မှုဖြစ်ပွားခဲ့ပြီး တစ်နှစ်အကြာတွင် ယခုကဲ့သို့ KBZ ဘဏ်ကို ထပ်မံလုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခင်ဖြစ်ပွားခဲ့သည့် လုယက်မှုတွင် ပြစ်မှုကျူးလွန်သူအား ယနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ယခုဖြစ်ပွားသည့် ဖြစ်စဉ်တွင် နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။     ဇော်မိုးဦး

ကမ္ဘောဇဘဏ်၏ အတိုးနှုန်းလျှော့ချခြင်းနှင့် စပ်လျဉ်း၍ ကနဦးထုတ်ပြန်ချက်သည် ဗဟိုဘဏ်၏ ငွေကြေးမူဝါဒများမှ သွေဖည်သွားနိုင်ပြီး ဘဏ်လုပ်ငန်းကဏ္ဍနှင့် နိုင်ငံ့စီးပွားရေး ထိခိုက်စေနိုင်သောကြောင့် ညွှန်ကြားချက်များ တိကျစွာလိုက်နာရန် ဗဟိုဘဏ်အသိပေး

ကမ္ဘောဇဘဏ်လီမိတက်၏ ဘဏ်ခွဲတစ်ခုတွင် ငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

ကမ္ဘောဇဘဏ်လီမိတက်၏ အတိုးနှုန်းလျှော့ချခြင်းနှင့် စပ်လျဉ်း၍ ကနဦးထုတ်ပြန်ချက်သည် ဗဟိုဘဏ်၏ ငွေကြေးမူဝါဒများမှ သွေဖည်သွားနိုင်ကာ ဘဏ်လုပ်ငန်းကဏ္ဍနှင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေနိုင်သောကြောင့် ညွှန်ကြားချက်များ တိကျစွာလိုက်နာရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားကြောင်း သိရသည်။

အဆိုပါ အသိပေးချက်ကို ၂၀၁၈ ခုနှစ် မေ ၂ ရက်တွင် ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌထံ စာအမှတ်၊ မဗဘ/ဘဏ်စိစစ်/ ထွေ (၂၂၆/၂၀၁၈) ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်မိုးမိုးက ပေးပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပါ အဓိကရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို အောင်မြင်စေရန်အတွက် ငွေကြေးမူဝါဒနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီးပွားရေး အဆောက်အအုံတစ်ခုလုံးအပေါ် အဆိုပါမူဝါဒများ၏ သက်ရောက်နိုင်မှုကို ထည့်သွင်းစဉ်းစား၍ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားနှင့် သင့်လျော်နိုင်သည့် ငွေကြေးမူဝါဒနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မူဝါဒများကို အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု ဗဟိုဘဏ်က ဆိုသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပါ လုပ်ပိုင်ခွင့်များအား ကျင့်သုံး၍ ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ညွှန်ကြားချက်အမှတ် (၁၀/၂၀၁၁) နှင့် ညွှန်ကြားချက်အမှတ် (၁၁/၂၀၁၁) အရ ဗဟိုဘဏ်၏ အတိုးနှုန်းအား တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

ထို့အတူ ဘဏ်အတိုးနှုန်းများကို ငွေစုဘဏ်အပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှပေးရမည့် အပ်ငွေတို့အပေါ်တွင် ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက် နှစ်ရာခိုင်နှုန်း (၁၀%-၂%=၈%) ထက်မနည်းစေရန်၊ ချေးငွေများ၊ စာရင်းပို ထုတ်ချေးငွေများအပေါ်တွင် တောင်းခံနိုင်သည့် အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းထက် သုံးရာခိုင်နှုန်း (၁၀%+ ၃%=၁၃%) ထက် မကျော်လွန်စေရန် သတ်မှတ်ထားခြင်းဖြစ်သည်။

အဆိုပါညွှန်ကြားချက်အရ ဘဏ်များအနေဖြင့် သတ်မှတ်ဘောင်အတွင်း အတိုးနှုန်းကို ပြင်ဆင်ပြောင်းလဲမှု ပြုလုပ်နိုင်သော်လည်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ရယူရန်နှင့် ခွင့်ပြုချက်ရရှိမှသာ ပြင်ဆင်ပြောင်းလဲရန် ညွှန်ကြားထားသည်။

ကမ္ဘောဇဘဏ်လီမိတက်၏ အတိုးနှုန်းလျှော့ချခြင်းနှင့် နောက်ဆုံးထုတ်ပြန်ချက်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖြစ်သော်လည်း ကနဦးထုတ်ပြန်ချက်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသော ငွေကြေးမူဝါဒများမှ သွေဖည်သွားနိုင်ကာ ဘဏ်လုပ်ငန်းကဏ္ဍကို ထိခိုက်နိုင်ပြီး ထိုမှတစ်ဆင့် နိုင်ငံ၏စီးပွားရေးကိုပါ ထိခိုက်စေနိုင်သောကြောင့် ကမ္ဘောဇဘဏ်လီမိတက်အနေဖြင့် အပ်ငွေနှင့် ချေးငွေအပေါ် ထားရှိရမည့် အတိုးနှုန်းများကို သတ်မှတ်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန် ဗဟိုဘဏ်က အကြောင်းကြားထားကြောင်း သိရသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်က စုငွေစာရင်း (Saving Account) အတိုးနှုန်းများအား ၀ ဒသမ ၂၅ ရာခိုင်နှုန်း၊ စာရင်းသေအပ်ငွေ (Fixed Deposit Account) အတိုးနှုန်းကို ၁ ရာခိုင်နှုန်းမှ ၃ ဒသမ ၂၅ ရာခိုင်နှုန်းအထိ တစ်ဦးချင်းနှင့် အဖွဲ့အစည်း ငွေစာရင်းများအလိုက် လျှော့ချခဲ့ကြောင်း ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဇဘဏ်၏ အပ်ငွေအတိုးနှုန်း လျှော့ချပြင်ဆင်ထားသော်လည်း အပ်ငွေအတိုးနှုန်း အမြင့်ဆုံး ၁၀ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ပေးနေရသဖြင့် ချေးငွေအတိုးနှုန်း လျှော့ချပေးနိုင်ခြင်း မရှိသေး

ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲတစ်ခုတွင် ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုပေးအပ်နေခြင်းအား တွေ့ရစဉ်

ကမ္ဘောဇဘဏ်၏ အပ်ငွေအတိုးနှုန်းများကို လျှော့ချပြင်ဆင်ထားသော်လည်း လက်ရှိတွင် အပ်ငွေအတိုးနှုန်းများအပေါ် အမြင့်ဆုံး ၁၀ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ပေးနေရသဖြင့် ချေးငွေအတိုးနှုန်းများကို လျှော့ချပေးနိုင်ခြင်း မရှိသေးကြောင်း ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်မျိုးက ပြောကြားသည်။

“အခုလောလောဆယ် ကျွန်တော်တို့ အပ်ငွေအပေါ် ပေးနေတဲ့အတိုးနှုန်းက ရှစ်ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းဖြစ်တယ်။ အဲဒီအပြင်ကို ကျွန်တော်တို့က ထူးခြားတဲ့ နှုန်းထားလေးတစ်ခုပေါ့။ စာရင်းသေအပ်ငွေကို သုံးနှစ်လည်းအပ်ဦးမယ်။ ငွေကြေးကလည်း သိန်း ၅၀၀၀ အနည်းဆုံးဖြစ်ဦးမယ်ဆိုရင် အတိုးနှုန်းကို ၁၀ ဒသမ ၇၅ ရာခိုင်နှုန်း အထိပေးဖို့ စီစဉ်ထားပါတယ်။ သဘောကတော့ အတိုးနှုန်းတွေကို ရှစ်ရာခိုင်နှုန်းကနေ ၁၀ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ပေးထားတဲ့အတွက် ချေးငွေအတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းကနေ လျှော့လို့မရသေးပါဘူး။ ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတော့ ကုန်သည်တွေ ငွေချေးသူတွေက တင်ပြတောင်းဆိုနေတာ အတိုးနှုန်း လျှော့ချပေးဖို့ တောင်းဆိုနေတာတွေ ကြားနေရပါတယ်။ အဲဒီတော့ ဗဟိုဘဏ်က အတိုးနှုန်းနဲ့ပတ်သက်ပြီး လွတ်လပ်ခွင့်ပေးလိုက်ရင်တော့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကျွန်တော်တို့ KBZ မှာကို JICA ကနေ ရရှိလာတဲ့ငွေတွေကို ပြန်ချေးပေးပါတယ်။ အဲဒီပြန်ချေးပေးတဲ့ Two Step Loan ဟာ အတိုးနှုန်း ရှစ်ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါကြောင့်မို့လို့ ဘဏ်တွေဟာ Interest Expense သက်သာလေ ကိုယ့်ဆီကနေ ပြန်ချေး မယ့်သူတွေအပေါ်ကောက်ယူမယ့် အတိုးနှုန်းတွေကိုလည်း လျှော့ပေးနိုင်ခြေ ရှိပါတယ်” ဟု ဦးအောင်ကျော်မျိုးက ပြောကြားသည်။

ကမ္ဘောဇဘဏ်အနေဖြင့် မေ ၁ ရက် တွင်စတင်မည့် အပ်ငွေအပေါ် အတိုးနှုန်းပြောင်းလဲမှုများအဖြစ် Corporate များအတွက် ပြောင်းလဲလိုက်သော စာရင်းသေအပ် ငွေအတိုးနှုန်းများမှာ သုံးလဆိုပါက ခြောက်ရာခိုင်နှုန်း၊ ခြောက်လဆိုပါက ၆ ဒသမ ၂၅ ရာခိုင်နှုန်း၊ ကိုးလဆိုပါက ၆ ဒသမ ၅ ရာခိုင်နှုန်း၊ တစ်နှစ်ဆိုပါက ၆ ဒသမ ၇၅ ရာခိုင်နှုန်း၊ နှစ်နှစ်ဆိုပါက ခုနစ်ရာခိုင်နှုန်း ၊ သုံးနှစ်ဆိုပါက ရှစ်ရာခိုင်နှုန်းသာ ပေးအပ်မည် ဖြစ်သည်။

ထို့ပြင် Individual များအတွက် ပြောင်းလဲလိုက်သော စာရင်းသေအပ်ငွေ အတိုးနှုန်းများမှာ တစ်လဆိုပါက ရှစ်ရာခိုင်နှုန်း၊ သုံးလဆိုပါက ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခြောက်လဆိုပါက ၈ ဒသမ ၅၀ ရာခိုင်နှုန်း၊ ကိုးလဆိုပါက ၈ ဒသမ ၇၅ ရာခိုင်နှုန်း၊ တစ်နှစ်ဆိုပါက ကိုးရာခိုင်နှုန်း၊ နှစ်နှစ်ဆိုပါက ၁၀ ရာခိုင်နှုန်း၊ သုံးနှစ်ဆိုပါက ၁၀ ဒသမ ၇၅ ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။

လက်ရှိတွင် ဗဟိုဘဏ်၏ အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပြည်တွင်းဘဏ်များအနေဖြင့် အပ်ငွေအပေါ် အနည်းဆုံးအတိုး နှုန်းအဖြစ် တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေအပေါ် အများဆုံးအတိုးနှုန်းအဖြစ် တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်း ထားရှိရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားပြီး လက်ရှိတွင် အပ်ငွေအပေါ် အတိုးနှုန်းပြောင်းလဲမှုမှာ ဗဟိုဘဏ်စည်းမျဉ်းနှင့် ကိုက်ညီသည်ဟု ဦးအောင်ကျော်မျိုးက ဆိုသည်။

“ဗဟိုဘဏ်ရဲ့ စည်းမျဉ်းမှာ Saving အပ်ငွေကိုပဲ ပါပါတယ်။ Saving နဲ့ ပတ်သက်ရင် ရှစ်ရာခိုင်နှုန်း ပေးထားပါတယ်။ အခုနကပြောတဲ့ Corporate Customer တွေကို နိုင်ငံတကာမှာတော့ အတိုးရတဲ့အပ်ငွေကို လက်ခံပေးလေ့ မရှိပါဘူး။ ကျွန်တော်တို့ဆီမှာသာ Corporate Customer တွေ အနေနဲ့ အတိုးရတဲ့အပ်ငွေကို ယူနေတာပါ။ အဲဒီတော့ ကျွန်တော်တို့က သူတို့ကိုလည်း သုံးနှစ်သက်တမ်းဆို အတိုး ရှစ်ရာခိုင်နှုန်းပေး ထားပါတယ်။ အဓိကရည်ရွယ်ချက်က ဗဟိုဘဏ်က မြန်မာနိုင်ငံမှာ သုံးနှစ်သက်တမ်း ချေးငွေ ထုတ်ချေးခွင့် ပြုလိုက်ပါပြီ။ ပြုလိုက်တော့ ကျွန်တော်တို့ဘဏ်တွေအနေနဲ့ သုံးနှစ်ကာလအပ်ငွေ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ သုံးနှစ်သက်တမ်းအပ်ငွေအတွက် စာရင်းသေအပ်ငွေရဖို့အတွက် အတိုးနှုန်းကို အမြင့်ဆုံးပေးထားပါတယ်။ အဲဒါကတော့ ၁၀ ဒသ မ ၇၅ ရာခိုင်နှုန်းပါ။ Corporate တွေကိုတော့ စည်းမျဉ်းနဲ့ညီအောင် ရှစ်ရာခိုင်နှုန်း အမြင့်ဆုံးပေးထားပါတယ်။ ကျွန်တော်တို့ဖော်ပြတဲ့ အထဲမှာတော့ သုံးလ၊ ခြောက်လတို့ ပါသွားတာပေါ့။ ဒါပေမဲ့ လတ်တလောမှာတော့ အဲဒီ Corporate တွေကို လက်ခံဖို့ မရှိသေးပါဘူး။ ရေရှည်အတွက် ရည်ရွယ်ထားတာပေါ့။ အခုတော့ သုံးနှစ်သက်တမ်း Fixed Deposit ကို Corporate တွေ လက်ခံပေးဖို့ လုပ်ထားပါတယ်” ဟု ဦးအောင်ကျော်မျိုးက ဆက်လက်ပြောကြားသည်။