ကုလသမဂ္ဂလုံခြုံရေးကောင်စီက သြဂုတ် ၂၈ ရက် တံခါးပိတ် အစည်းအဝေး၌ မြန်မာနိုင်ငံ ရခိုင်အရေးနှစ်ပတ်လည် အထိမ်းအမှတ် ပြုလုပ်မည်

ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေခဲ့သည့် မြန်မာနိုင်ငံ၏ အကြမ်းဖက် နှိမ်နှင်းမှု တစ်နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယခုလအနှောင်းပိုင်းတွင် ကျင်းပမည့် တံခါးပိတ်အစည်းအဝေးပွဲတစ်ရပ်၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

သြဂုတ်လအတွက် ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ဗြိတိန်သံအမတ်ကြီး ကာရင်ပီးယားစ်က သြဂုတ် ၁ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်၌ ရခိုင်အရေးကို လူမျိုးစုလိုက် သုတ်သင်မှုဟု ခေါ်ဆိုခဲ့သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်သည် တံခါးပိတ် အစည်းအဝေးပြုလုပ်စဉ် မိန့်ခွန်းတိုတစ်ရပ် ပြောကြားလိမ့်မည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။

“ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး ယုံကြည်ရတဲ့ အစီအစဉ်တစ်ရပ် ချမှတ်ဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့တွေနှင့်အတူ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကုလသမဂ္ဂရဲ့ ဒုက္ခသည်နှင့် ဖွံ့ဖြိုးရေးအေဂျင်စီတွေအတွက် မြန်မာနိုင်ငံကို ခြွင်းချက်မရှိ ၀င်ရောက်ခွင့်ရရေးကို သြဂုတ် ၂၈ ရက် အစည်းအဝေးမှာ အဓိကထားဖို့ ဗြိတိန်နိုင်ငံက လိုလားပါတယ်” ဟု ပီးယားစ်က ပြောကြားခဲ့သည်။

ယင်းသည် ၎င်းတို့ ပြန်သွားပါက ဘင်္ဂါလီမွတ်စလင်များအနေဖြင့် အသက်မွေးမှုနှင့် နေထိုင်ရန်နေရာများ ရရှိရေးအတွက် မူတည်နေသော အဓိက အကြောင်းအရာတစ်ရပ် ဖြစ်ကြောင်း ပီးယားစ်က ပြောကြားခဲ့သည်။

ပီးယားစ်က အခြားအဓိက အကြောင်းအရာနှစ်ရပ်ဖြစ်သော ဖြစ်ပျက်ခဲ့သမျှကို တာဝန်ခံရန်နှင့် ဘင်္ဂါလီမွတ်စလင်များအား နိုင်ငံသားဖြစ်ခွင့်ပေးရန်တို့ကိုလည်း ရည်ညွှန်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ် သြဂုတ် ၂၅ ရက်က ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများက မြန်မာလုံခြုံရေးတပ်များကို တိုက်ခိုက်ခဲ့ရာမှ နောက်ဆုံးပဋိပက္ခ စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတပ်မတော်သည် အကြမ်းဖက်မှု နှိမ်နင်းမှု စစ်ဆင်ရေးဖြင့် တုံ့ပြန်ခဲ့ပြီး ဘင်္ဂါလီမွတ်စလင်ရွာများကို မြေလှန်ရှင်းလင်းပစ်ခဲ့သည်။

ယင်းတွင် မုဒိမ်းကျင့်ခြင်း၊ လူသတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဘင်္ဂါလီမွတ် စလင်တို့၏ အိမ်များကို မီးရှို့ပစ်ခြင်းတို့အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်ဟု စွပ်စွဲမှုများ ရှိသည်။ လူများထောင်ချီလျက် သေဆုံးခဲ့သည်ဟုလည်း ယုံကြည်ရသည်ဟုဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဇိရာအက်အယ်ဟူစိန်က ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်ခဲ့ခြေရှိခြင်းမှာ အမှန်တကယ်ဖြစ်ကြောင်းနှင့် ယင်းကိစ္စကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးသင့်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင်တို့၏ အတိဒုက္ခများကို လုံခြုံရေးကောင်စီက လွှဲပြောင်းပေးရမည် ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် အပြုသဘောဆောင်သော ဆုံးဖြတ်ချက်တစ်ရပ် ရရှိခြင်းမရှိရန် ရာနှုန်းပြည့်သေချာနေကြောင်း ပီးယားစ်က ပြောကြားခဲ့သည်။

မြန်မာအစိုးရနှင့် နီးကပ်သောဆက်ဆံရေးရှိပြီး လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသည့် အဖွဲ့ဝင်တစ်ဦးဖြစ်သော တရုတ်နိုင်ငံသည် ယခုကိစ္စအား ICC သို့ လွှဲပြောင်းပေးခြင်းကို သေချာပေါက် ကန့်ကွက်လိမ့်မည်ဟု ဆိုသည်။

သို့သော် ပီးယားစ်က “ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်စခန်းတွေမှာ ဆက်လက်ဖြစ်ပွားနေတဲ့ သက်သေအထောက်အထားတွေ စုဆောင်းထားတာ အများကြီး ရှိပါတယ်။ တာဝန်ခံမှု လုပ်ငန်းစဉ်တစ်ရပ် ရှိလာရမှာကို ဆန့်ကျင်တဲ့နေ့မှာ အဆင့်မြင့် စုံစမ်းစစ်ဆေးမှု စံနှုန်းတွေအတွက် လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိပြီး ဒါက တရားမျှတမှု ပုံစံတချို့ဆီ ဦးတည်သွားစေနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

သူက ယင်းကို လွတ်လပ်သော ဥပဒေပညာရှင်များက ဆောင်ရွက်ရမည်ဖြစ်ပြီး သက်သေအထောက်အထား စုဆောင်းရန် တရားဝင်လုပ်ငန်းစဉ်များ ပို၍ရှိလာမည် လားဟူသည့်ကိစ္စအား လာမည့်သီတင်းပတ်များအတွင်း ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။

ဖြစ်နိုင်ခြေတစ်ရပ်သည် ကုလသမဂ္ဂ အထွေထွေညီလာခံဆီသို့ ဦးတည်နေသည်။ ဗီတို သုံးပိုင်ခွင့်မရှိဘဲ အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂအထွေထွေညီလာခံသည် ဖြစ်နိုင်ဖွယ်ရှိသော စစ်ရာဇ၀တ်မှုများနှင့် လူသားဆန်မှုကို ချိုးဖောက်သော ရာဇ၀တ်မှုများ အပါအ၀င် ဆီးရီးယား၌ ဖြစ်ပွားခဲ့သော နိုင်ငံတကာ ဥပဒေကို အပြင်းထန်ဆုံး ချိုးဖောက်မှုများအား မှတ်တမ်းတင်ရန်နှင့် တရားစွဲဆိုရန် အထောက်အကူပြုရေးအတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းခဲ့ဖူးသည်။

သြဂုတ် ၂၈ ရက် လုံခြုံရေးကောင်စီ အစည်းအဝေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်များ၏ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုဆိုင်ရာ အနေအထားကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သိရသည်။

Ref: AFP

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် ဇွန်လတွင် ပထမဆုံးခရီးစဉ် လာရောက်မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် ခရစ်စတင်းရှရန်နာဘာဂျီနာသည် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည် အကျပ်အတည်းဆိုင်ရာ ဆွေးနွေးပွဲများအတွက် လာမည့်လတွင် နေပြည်တော်သို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းအရစ်အမြစ်များက မေ ၂၃ တွင် ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး ဖြစ်ခဲ့ဖူးသော ရှရန်နာဘာဂျီနာသည် ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံသို့ သွားခဲ့ပြီးနောက် အထူးကိုယ်စားလှယ်က ဇွန်လတွင် ပထမအကြိမ် အစည်းအဝေးများကို ကျင်းပရန် လာရောက်မည်ဖြစ်သည်။

ရှရန်နာဘာဂျီနာသည် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၀၉ ခုနှစ် မှ ၂၀၁၅ ခုနှစ်ထိ ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသော အချက်အလက်ရှာဖွေရေးမစ်ရှင်ကို မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ပြုရန် ငြင်းဆိုထားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ရန်ဟီးလီကိုလည်း တားမြစ်ပိတ်ပင်ထားသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့်ပတ်သက်၍ ရက်အတိအကျကို ကုလသမဂ္ဂ သတင်းအရင်းအမြစ်က မပြောကြားခဲ့သော်လည်း ခရီးစဉ်ကို မြန်မာအစိုးရက သဘောတူထားကြောင်း ပြောကြားသည်။

ရှရန်နာဘာဂျီနာသည် ဘင်္ဂါလီမွတ်စလင် အကျပ်အတည်းကို ဆွေးနွေးရန်အတွက် အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် နှင့် မေ ၂၂ ရက်က တွေ့ဆုံခဲ့သည်။

အသက် ၅၄ နှစ်အရွယ် ဘာဂျီနာ၏ ခင်ပွန်းသည်လည်း သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ဘာဂျီနာ၏ ၂၅ နှစ်တာ သံတမန်ရေးရာ အတွေ့အကြုံများက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် တာဝန်အတွက် သင့်တော်မှုရှိသူဖြစ်စေကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် စတက်ဖနီဒူဂျာရစ်က ပြောကြားထားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ခရစ်စတင်းရှရန်နာ ဘာဂျီနာကို ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဧပြီလအတွင်းက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား ရခိုင်ပြည်နယ်၌ ပြုလုပ်သည့် စစ်ဆင်ရေးကို အဆုံးသတ်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်တစ်ရပ်၌ အထူးသံတမန်တစ်ဦး ခန့်ထားရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာကပြုလုပ်ခဲ့သည့် အထွေထွေညီလာခံက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အား တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က မေလဆန်းတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့်ခရီးစဉ်အပြီး၌ ဘင်္ဂါလီတို့ကို ဖိနှိပ်မှုစွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံက မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးပေးရမည်ဟု တောင်းဆိုခဲ့သည်။

ဗြိတိန်ပါလီမန် အမတ်များက ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် မြန်မာအစိုးရကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) လွှဲပြောင်းပေးရန် တောင်းဆို

မေ ၁ ရက်က နေပြည်တော်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က နှစ်ရက်ကြာခရီးစဉ်၏ သုံးသပ်ချက်ကို ပြောကြားစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

ဗြိတိန်နိုင်ငံ နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးရေး ရွေးချယ်မှုကော်မတီအဖွဲ့မှ ပါလီမန်အမတ်များက ရခိုင်ပြည်နယ်ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) သို့ လွှဲပြောင်းရေးအတွက် အားထုတ်မှုများကို ထောက်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဗြိတိန်နိုင်ငံအခြေစိုက် The Guardian သတင်းစာ၏ ၀က်ဘ်ဆိုက်က မေ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

ဗြိတိန်နိုင်ငံ နိုင်ငံတကာတိုးတက်ဖွံ့ဖြိုးရေး ရွေးချယ်မှုကော်မတီက ဗြိတိန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသို့  ပေးနေသည့် ၂၀၁၈ ခုနှစ်အတွက် ပေါင်သန်း ၁၀၀ တန်ဖိုးရှိ အကူအညီများကိုလည်း အပြည့်အ၀ ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့သည်။ ၎င်းတို့က ယင်းအကူအညီများသည် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည်ဟု ယူဆထားသောအချိန်က သဘောတူခဲ့ခြင်းသာဖြစ်ကြောင်း ထောက်ပြခဲ့သည်။

အဆိုပါကော်မတီက ယင်းကဲ့သို့သော ကူးပြောင်းမှုမျိုး မရှိကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်နေခြင်းမရှိကြောင်း ကောက်ချက်ချခဲ့ပြီး ၎င်းတို့အနေဖြင့် ဗြိတိန်က အကူအညီပေးနေသည့် စီမံချက်များအား သွားရောက်ကြည့် ရှုရန်လည်း ပိတ်ပင်ခြင်းခံရကြောင်း၊ ၎င်းတို့၏ ပြည်ဝင်ခွင့်ဗီဇာသည် နောက်ဆုံးအချိန်ကျမှ မြန်မာနိုင်ငံ၏ အမြင့်ဆုံးအဆင့် အာဏာပိုင်များ၏ ငြင်းပယ်ခြင်းကိုခံရကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရအား အရေးယူရန် သဘောထားကို လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာ သုံးခွင့်ရထားသည့် တရုတ်က ကန့်ကွက်သောကြောင့် ကုလသမဂ္ဂတွင် ရပ်ဆိုင်းခံထားရသည်။

သို့သော် ဗြိတိန်နှင့် မဟာမိတ်နိုင်ငံများ အနေဖြင့် လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ICC သို့ လွှဲပြောင်းရန်နှင့် ဖော်ထုတ်၍ ရရှိသော အဓိကလူများအားလုံးကို ပစ်မှတ်ထားလျက် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန် ၀ိုင်းဝန်းထောက်ခံအားပေးသင့်သည်ဟု  အဆိုပါကော်မတီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ICC ကို လက်မှတ်ထိုးထားသည့် နိုင်ငံမဟုတ်သော်လည်း ICC မှ တရားစွဲဆိုသူ ဖာတူးဘင်ဆူဒါက ဘင်္ဂါလီမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ မောင်းထုတ်ခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခွင့်အတွက် ဆုံးဖြတ်ပေးရန် ICC သို့ တောင်းဆိုထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ သံတမန်များ လွန်ခဲ့သည့်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရေးကို တောင်းဆိုခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလည်း အသိအမှတ်ပြုခဲ့သည်။

ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒတို့အား ထိန်းချုပ်ထားဆဲဖြစ်သော တပ်မတော်ကို နှစ်သိမ့်ရန် လိုအပ်မှုကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ်လူးသာလွန့်သာသော အခွင့်အရေးကို မည်သည့်အတိုင်းအတာအထိ ပေးသင့်သည်ဟူသည်နှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေးရုံးအတွင်း တင်းမာမှုတစ်ရပ် ရှိခဲ့သည်။

သို့သော် ဗြိတိန်ပါလီမန်ကော်မတီက  ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် ပြဿနာ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်လာသည်ဟု ပြောကြားခဲ့သည်။ အဆိုပါကော်မတီက  ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ငြင်းဆိုရန် လမ်းကြောင်း၌ ရေရှည်ရပ်တည်ခဲ့ကြောင်း၊ တရားမျှတမှုနှင့် တာဝန်ခံမှုရှိရေး လုပ်ဆောင်ချက်များကို ပိတ်ဆို့ရန် ကြိုးပမ်းခဲ့ကြောင်းနှင့် အကောင်းမြင်သောမိန့်ခွန်း၊ သည်းခံမှုနှင့်ထိန်းချုပ်မှုရှိရန် မက်ဆေ့ခ်ျများမှတစ်ဆင့် အမုန်းတရား ပြောကြားမှုများကို တန်ပြန်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံက အကူအညီပေးရေး နောက်ဆုံးစီမံချက်ကို ပြင်ဆင်ခဲ့ပြီးနောက်ပိုင်း လူမျိုးစုလိုက်သုတ်သင်မှု၊ အပစ်အခတ် ရပ်စဲရေးချိုးဖောက်မှု၊ မီဒီယာလွတ်လပ်ခွင့်များကို ကန့်သတ်မှုနှင့် ဂျာနယ်လစ်များကို နှိပ်ကွပ်မှုအပါအ၀င် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ပိတ်ပင်မှု၊ ဘာသာရေးလွတ်လပ်ခွင့်ကို လျှော့ချမှုတို့ ရှိခဲ့ကြောင်း ဗြိတိန်ပါလီမန်အမတ်များက ထောက်ပြခဲ့သည်။

ယင်းကဲ့သို့ အားရဖွယ်မရှိသော လုပ်ဆောင်ချက်များကြောင့် ဗြိတိန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် လေသံနှင့် ပြုမူချက်များသည် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခြင်း အပါအ၀င် သိသိသာသာ ပြောင်းလဲရန် လိုအပ်သည်ဟု ဗြိတိန်ပါလီမန်ကော်မတီက ပြောကြားခဲ့သည်။

ယင်းကော်မတီက “သူ့တပ်မတော်ရဲ့ လုပ်ဆောင်ချက်နဲ့ သူ့အစိုးရနဲ့ သူ့လူ့အဖွဲ့အစည်းရဲ့ အရေးယူဆောင်ရွက်မှု မရှိခြင်းတွေအတွက် ဥပဒေကြမ်းတစ်ရပ် ရှိနေတာ  မြန်မာနိုင်ငံအနေနဲ့ သိမြင်ရပါမယ်။ မြန်မာနိုင်ငံက အနေအထားတွေကို သိသိသာသာ ပြောင်းလဲခြင်းတွေကသာ ဗြိတိန်နိုင်ငံရဲ့ မူဝါဒကို သိသိသာသာ ပြောင်းလဲဖို့ တွန်းအားပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရအနေဖြင့် မြန်မာအစိုးရနှင့်ပတ်သက်၍ ကုန်သွယ်ရေးဆက်သွယ်မှုများ မြှင့်တင်ခြင်းနှင့် နည်းပညာအထောက်အပံ့များပေးခြင်းကို ဆက်လက်ဆောင်ရွက်နေကြောင်းနှင့် သိသာသည့် မူဝါဒအပြောင်းအလဲအဖြစ် မြန်မာလက်နက်ကိုင်တပ်များအား ထောက်ပံ့နေခြင်းကို ရပ်ဆိုင်းလိုက်ခြင်းသာဖြစ်ကြောင်း အဆိုပါကော်မတီက ပြောကြားခဲ့သည်။

“ဗြိတိန်နိုင်ငံမှာ အခွန်ဆောင်နေသူတွေရဲ့ ငွေတွေဟာ လူသားဆန်မှုကို ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ထားတယ်လို့  စွပ်စွဲခံထားရတဲ့ အစိုးရတစ်ရပ်ကို ထောက်ပံ့နေတာ မဟုတ်ကြောင်း သေချာရမှာဖြစ်ပါတယ်။ အစီရင်ခံထားတာ ဘာမှမရှိဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီအစီအစဉ်တွေကို ရပ်ဆိုင်းထားဖို့ အကြံပြုပါတယ်” ဟု အဆိုပါ ကော်မတီ၏ဥက္ကဋ္ဌ စတီဖင်တွစ်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှ ထွက်ပြေးခဲ့ရသော ဒုက္ခသည်များ၏ အတိဒုက္ခများနှင့်ပတ်သက်၍ ယခင်က နှစ်ကြိမ်တိုင်တိုင် အစီရင်ခံခဲ့ဖူးသည့် အဆိုပါကော်မတီက မုတ်သုံရာသီ ချဉ်းကပ်လာချိန်၌ ဘင်္ဂလားဒေ့ရှ်ရှိ ၀ရုန်းသုန်းကားနှင့် ပျက်စီးလွယ်သော ဘင်္ဂါလီတို့၏ နားခိုရာများအပေါ် ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ယခုအခါ ၎င်းတို့အနေဖြင့် အကြီးအကျယ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

Ref ; The Guardian

ဘင်္ဂါလီတို့ကို ဖိနှိပ်မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံက မှန်မှန်ကန်ကန်စုံစမ်းစစ်ဆေးပေးရမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ ပြောကြား

မေ ၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

ဘင်္ဂါလီတို့ကို ဖိနှိပ်မှုစွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံက မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးပေးရမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က မေ ၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းမှု စစ်ဆေးရေးများအတွင်း မြန်မာ့တပ်မတော်သည် ဘင်္ဂါလီတို့ကို ပစ်မှတ်ထားသော စနစ်တကျ မုဒိမ်းကျင့်မှုများ၊ လူသတ်မှုများ၊ ရွာမီးရှို့မှုများ ဆောင်ရွက်ခဲ့သည်ဟု ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောကြားထားသည်။

ယမန်နှစ် သြဂုတ်က ဖြစ်ပွားခဲ့သော ယင်းပဋိပက္ခကြောင့် ဘင်္ဂါလီအမြောက်အမြားသည် ဘင်္ဂလားဒေ့ရှ်သို့ အစုအပြုံလိုက် ထွက်ပြေးခဲ့ကြသည်။

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ်တွင် ကုလသမဂ္ဂကိုယ်စားလှယ်များသည် ရခိုင် ပြည်နယ်သို့ သွားရောက်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

“တာဝန်ခံမှုရှိဖို့ဆိုရင် မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမှုရှိရပါမယ်” ဟု ဗြိတိန်၏ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး ကာရင်ပီယာ့စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အပြည့်အ၀ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နိုင်ရန် နည်းလမ်းနှစ်ခုရှိကြောင်း၊ တစ်ခုသည် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးသို့ လွှဲပြောင်းပေးမှုဖြစ်ပြီး အခြားနည်းလမ်းတစ်ခုမှာ မြန်မာအစိုးရက ကိုယ်တိုင် ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ပီယာ့စ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) ၏ အဖွဲ့ဝင် မဟုတ်ပေ။ ICC ၏ ရှေ့နေချုပ်က ခုံရုံး၏ တရားစီရင်ရေးကို မြန်မာနိုင်ငံအတွက် ချဲ့ထွင်နိုင်ခြင်း ရှိ မရှိ စဉ်းစားရန် ICC တရားသူကြီးများအား ပြီးခဲ့သည့်လတွင် တောင်းဆိုခဲ့သည်။

မှန်မှန်ကန်ကန်စုံစမ်းစစ်ဆေးပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့ကြောင်း ပီယာ့စ်က ပြောကြားခဲ့သည်။

“ပြည်တွင်းကပဲဖြစ်ဖြစ်၊ အပြည်ပြည်ဆိုင်ရာကပဲဖြစ်ဖြစ် ဘယ်လိုစုံစမ်းစစ်ဆေးမှုဖြစ်ဖြစ် ယုံကြည်စိတ်ချရမှုရှိဖို့ပဲ အရေးကြီးပါတယ်”ဟု ပီယာ့စ်က ထပ်မံပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ဧပြီ ၃၀ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံရန် စီစဉ်နေဟုဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ဧပြီ ၃၀ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန်စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက  The Daily Eleven သတင်းစာကို ဧပြီ ၂၆ ရက်က ပြောကြားသည်။

ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ (UNSC) သည် မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ဧပြီ ၂၆ ရက်တွင် သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

“ကျွန်တော်တို့ အခု နယူးယောက်မှာရှိတဲ့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံ ထိုင်းရယ်၊ လာအိုရယ်၊ အိန္ဒိယရယ်၊ အာဆီယံ Chair လက်ရှိလုပ်နေတဲ့ စင်ကာပူရယ်၊ လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက အမြဲတမ်းကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကိုလာဖို့ရှိပါတယ်။ သူတို့ကတော့ ၃၀ ရက် (ဧပြီ ၃၀) နေ့လယ် လောက်ရောက်ပါမယ်။ ရောက်ပြီးတော့ ၁ ရက် (မေ ၁ ရက်) ညနေမှာ ပြန်ထွက်ပါမယ် ခင်ဗျ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် စီစဉ်နေကြောင်းနှင့် ကိုယ်စားလှယ်အဖွဲ့ကိုလည်း ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ သိရှိနိုင်ရန်အတွက် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောကြားသည်။

“သူတို့တွေကို ဒီမှာ ကျွန်တော်တို့ ဒီ ၃၀ ရက်မှာ နေပြည်တော်မှာ Call တွေတွေ့ဖို့ လုပ်ထားပါတယ်။ ပြီးရင် ကျွန်တော်တို့ ၁ ရက်မှာ ရခိုင်ဘက်ကို ခေါ်သွားဖို့ရှိပါတယ်ဗျ။ ကျွန်တော်တို့ လောလောဆယ် စီစဉ်နေတာပေါ့နော်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ Call တော့ စီစဉ်နေပါတယ်။ Confirm တော့ မဖြစ်သေးပါ ဘူး။ စီစဉ်နေပါတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးတွေနဲ့ပေါ့နော်။ သူတို့ဘက်ကလည်း တွေ့ဆုံဖို့ Request လုပ်ထားတယ်ပေါ့” ဟု ဦးကျော်မိုးထွန်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက “ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့တော့ မြန်မာနိုင်ငံက ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ်ပေါ့နော်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မယ့်ဥစ္စာမြန်မာနိုင်ငံ နိုင်ငံခြားရေး မူဝါဒရဲ့ အုတ်မြစ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်တော့ ကုလသမဂ္ဂနဲ့ ကဏ္ဍစုံမှာတော့ ပူးပေါင်းဆောင်ရွက်လျက်ရှိတာပေါ့နော်။ သူတို့ ဒီလာတဲ့ဥစ္စာလည်း ဒီရဲ့အခြေအနေလေးကို သိချင်တယ် ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ ကြည့်ရှုဖို့အတွက် လိုက်လံပြသတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့၏ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် အလုပ်သဘောခရီးစဉ်သည် ဧပြီ ၂၆ရက်မှ မေ ၂ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ဧပြီ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။